အခန်း ၈၄
Vol. 9 Ch. 84
🍅 Chapter 84
“ယောင်းမက အလုပ်ကြိုးစားတယ်၊ ရိုးသားပြီး စိတ်ထားလည်း ကောင်းတယ်ဆိုတော့ မသန်မစွမ်းဖြစ်လာမယ့်အချိန်မှာ သူ့ကိုပြုစုဖို့ အသင့်တော်ဆုံးသူပဲ”
ထိုစကားများ ထွက်ပေါ်လာပြီးနောက် အားလုံးတိတ်ဆိတ်သွားကြသည်။ ဝူယွီလန်၏လုပ်ရပ်များမှာ တကယ့်ကို ပုံမှန်မဟုတ်လွန်းနေပေ၏။
“ကလေးတွေရဲ့အဖေ၊ ဝူယွီလန်က သူ့ကိုယ်သူထိန်းချုပ်လာပြီး နားလည်စာနာတတ်လာပြီဆိုတော့ ရှေ့လျှောက် ငါတို့တွေ မကြာခဏ သွားလည်ကြတာပေါ့”
ဝမ်ကျုံးအနေဖြင့် သူ့သမီးအရင်းကို မည်သို့လုပ်၍ ဂရုမစိုက်ဘဲ နေနိုင်မည်နည်း။ သို့သော် ယခင်က ဝူယွီလန်၏လုပ်ရပ်များမှာ တကယ့်ကို လွန်ကျူးလွန်းခဲ့သည်။
အကယ်၍ သူမသာ အနည်းငယ်မျှ ဆင်ခြင်ခဲ့မည်ဆိုပါက သူတို့သည်လည်း အဆက်အသွယ်ဖြတ်တောက်ရန်အထိ ရက်စက်ခဲ့ကြမည်မဟုတ်ပေ။
“အခြေအနေကို စောင့်ကြည့်ကြတာပေါ့၊ ဒီအဘွားကြီးက သူ့နေရာသူသိတယ်ဆိုရင် အားတဲ့အချိန်တွေမှာ ငါတို့ သွားလည်လို့ရပါတယ်”
ခင်ပွန်းဖြစ်သူ၏စကားကို ကြားသောအခါ အဒေါ်လီမှာ အလွန်ဝမ်းသာသွားလေသည်။
“ကောင်းပြီလေ”
“ဖျင်ဖျင်မှာ နို့လုံလုံလောက်လောက် မထွက်ဘူးဖြစ်နေတာ၊ အတော်ပဲ၊ ဒီဆန်နဲ့ ကြက်ဥတွေက သူ့အတွက် ချက်ကျွေးဖို့ အသင့်တော်ဆုံးပဲ၊ နို့ထွက်အားကောင်းအောင် ကူညီပေးနိုင်လိမ့်မယ်”
အငယ်ဆုံးချွေးမဖြစ်သူ စိတ်ခုသွားမည်ကို စိုးရိမ်သဖြင့် အဒေါ်လီ အလျင်အမြန် ထပ်ဖြည့်ပြောလိုက်သည်။
“ရှောင်မေ၊ ဒီည နင့်ရဲ့ ရှောင်ဝူအတွက်လည်း ခန္ဓာကိုယ် ဖွံ့ဖြိုးအောင် တစ်လုံးချက်ကျွေးလိုက်မယ်”
အိမ်တွင် ဥဥသော ကြက်မနှစ်ကောင် ထပ်တိုးလာပြီဖြစ်ရာ နေ့စဉ် ကြက်ဥတစ်လုံး သို့မဟုတ် နှစ်လုံး ထပ်မံရရှိနိုင်မည်ဖြစ်သဖြင့် အဒေါ်လီအနေဖြင့် ဤသို့ပြောရန် ပိုမိုယုံကြည်မှု ရှိနေခြင်းဖြစ်၏။
ချန်မေက ဘာမှပြန်မပြောတော့ဘဲ လက်ဆန့်တန်းကာ သားဖြစ်သူ၏ခေါင်းလေးကိုသာ ပွတ်သပ်ပေးနေလိုက်သည်။
စုန့်မိသားစုခြံ၀င်းအတွင်း
ဝမ်ကွေ့ချင် မျက်ဝန်းများ နီရဲနေပြီး ဝူယွီလန်ကို ကျေးဇူးတင်ဟန်ဖြင့် ငေးကြည့်နေသည်။
“အမေ၊ ကျေးဇူးတင်ပါတယ်”
“အရူးမလေး၊ အဲဒီပစ္စည်းတွေက အရင်တစ်ခေါက် နင့်အမေ လာကတည်းက ပေးလိုက်သင့်တာတွေပါ၊ အရင်က ငါ့ရဲ့ လုပ်ပုံကိုင်ပုံတွေက မှားယွင်းနေခဲ့မိတာ”
“အခုကစပြီး ငါအကြွေးတင်ခဲ့သမျှ အကုန်လုံးကို ပြန်လည်ပေးဆပ်သွားပါ့မယ်”
သားအကြီးဆုံး၏ခြေထောက် ပြန်လည်ကောင်းမွန်လာပြီးနောက် သူ့ကို ကိုယ်တိုင်ကိုယ်ကျ အလည်အပတ်ခေါ်သွားကာ မင်္ဂလာကြေးအတွက် ပြန်လည်ဖြည့်ဆည်းပေးမည်ဟု ဝူယွီလန် တိတ်တဆိတ်တွေးတောနေမိသည်။
ဝမ်ကွေ့ချင်ကမူ အများကြီးမတွေးတောခဲ့ပေ။ ဝူယွီလန် ဆိုလိုသည့်အရာကို မိသားစုနှစ်စု ရှေ့လျှောက် မကြာခဏ အလည်အပတ်သွားကြမည်ဟုသာ သူမ ထင်မှတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် အမေ”
“အမေ၊ ရှေ့လျှောက် သမီး အမေ့အပေါ် သေချာပေါက် တရိုတသေ လုပ်ကျွေးပြုစုပါ့မယ်”
ဝူယွီလန် ပြုံးလိုက်သည်။
စုန့်ကျစ်ယုံအတွက် ဆေးကျိုချက်ပြီးနောက် သူမသည် ဆေးခွက်ကို ကိုင်ဆောင်ကာ သူ့အခန်းထဲသို့ ဝင်သွားလေသည်။
စုန့်ကျစ်ယုံသည် အခန်းပြင်သို့ မထွက်နိုင်သော်လည်း သူ့အကြားအာရုံမှာ ထက်မြက်နေဆဲဖြစ်ရာ အိမ်ထဲတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူ ကြားသိနေခဲ့ရသည်။
မိခင်ဖြစ်သူ၏လုပ်ရပ်များကြောင့် သူ အံ့အားမသင့်ခဲ့ဘူးဟု ပြောလျှင် ၎င်းမှာ လိမ်လည်ရာကျပေလိမ့်မည်။
ယခင်က သူသည် မိသားစုနှစ်စုကြားတွင် ညပ်နေခဲ့ပြီး အကျပ်ရိုက်နေခဲ့ရသည်။ အထူးသဖြင့် မင်္ဂလာကြေးကို မိခင်ဖြစ်သူက ယူသွားပြီးနောက်ပိုင်း ယောက္ခမများကို ရင်ဆိုင်ရန်အထိ သူ မျက်နှာပြောင်မတိုက်ရဲတော့ပေ။
ယခုအခါ မိခင်ဖြစ်သူက ယောက္ခမအား အမှန်တကယ်ဧည့်ခံကျွေးမွေးရုံသာမက အိမ်ပြန်သယ်သွားရန် အစားအစာများကိုပင် ပေးလိုက်ခြင်းက မိသားစုနှစ်စုကြားရှိ ဆက်ဆံရေးမှာ ပြေလည်သွားနိုင်ခြေရှိကြောင်း ဖော်ပြနေသည်။
ဤအရာက သူ့ကို မည်သို့လုပ်၍ မပျော်ရွှင်စေဘဲနေမည်နည်း။
“အမေ၊ ကျေးဇူးတင်ပါတယ်”
“ကျွန်တော့်ခြေထောက် ပြန်ကောင်းလာရင် တောင်ပေါ်မှာ အမဲသွားလိုက်မယ်၊ ရလာတဲ့ငွေတွေအကုန်လုံးကို….”
စုန့်ကျစ်ယုံ၏စကားများ ရုတ်တရက် ရပ်တန့်သွားသည်။
ဇနီးဖြစ်သူနှင့် ကလေးများ ယခင်က ဖြတ်သန်းခဲ့ရသော ခက်ခဲကြမ်းတမ်းသည့်ဘဝကို သတိရသွားကာ သူ့ရင်ထဲတွင် နာကြည်းမှုလှိုင်းလုံးတစ်ခုက ရိုက်ခတ်လာသည်။
ထို့ကြောင့် သူ စကားကို ပြောင်းလဲလိုက်၏။
“ရလာတဲ့ထဲက ငွေတစ်ဝက် အမေ့ကိုပေးပါ့မယ်”
ဝူယွီလန် အလျင်အမြန် လက်ဝှေ့ယမ်းပြလိုက်သည်။
“နင် အရင်ဆုံး သေချာနားလိုက်ပါ၊ နင့် ခြေထောက်ကောင်းလာမှ ဒီကိစ္စတွေကို ဆက်ပြောကြတာပေါ့”
စုန့်ကျစ်ယုံသည် ဝူယွီလန်ကို ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
ဝူယွီလန် ဆက်ပြောလာ၏။
“နင့်ခြေထောက် ပြန်ကောင်းလာရင် နင် လုပ်ရမယ့်ကိစ္စတွေ အများကြီးရှိသေးတယ်”
စုန့်ကျစ်ယုံ ဆေးသောက်ပြီးသည်အထိ ဝူယွီလန် စောင့်ကြည့်နေခဲ့၏။
ဝူယွီလန်သည် စုန့်ကျစ်ယုံ တတ်နိုင်သမျှ အမြန်ဆုံးပြန်လည်ကောင်းမွန်လာစေရန် သူ့ခြေထောက်ကို ဂရုတစိုက် အပ်စိုက်ကုသပေးလေသည်။
ဤအရာအားလုံးကို ပြီးစီးပြီးနောက်မှသာ သူမ စိတ်အေးသွားကာ သူမ၏ကိုယ်ပိုင်အလုပ်များကို ဆက်လက်လုပ်ဆောင်ရန် ထွက်ခွာသွားလေသည်။
ညနေစောင်းသောအခါ ရွာလူကြီးစုန့်ကျန်းရှုသည် မြေဂရန်ကို လက်ထဲတွင်ကိုင်ဆောင်လျက် ကမန်းကတန်း ရောက်ရှိလာသည်။
ရွာလူကြီးစုန့်ကျန်းရှုသည် မြေဂရန်ကို စုန့်ကျစ်ယုံထံ ကမ်းပေးလိုက်ပြီးနောက် သူ့မျက်နှာပေါ်တွင် ပေါ့ပါးသွားသော အမူအရာ ပေါ်လွင်လာလေသည်။
“မြေဂရန် အမည်ပြောင်းတာ ပြီးသွားပြီ၊ သေချာသိမ်းထားလိုက်”
စုန့်ကျစ်ယုံသည် မြေဂရန်ကိုယူလိုက်ရင်း အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။
ဤမြေကွက်က သူနှင့် သူ၏မိသားစုအတွက် မည်သည့်အဓိပ္ပာယ်ရှိကြောင်း သူ ကောင်းကောင်း သိရှိထားသည်။
ဤမြေသာရှိလာပါက သူတို့၏ဘဝများ တိုးတက်ကောင်းမွန်လာမည်မဟုတ်ပါလား။
ဝူယွီလန် အားတက်သရော ဖိတ်ခေါ်လိုက်သည်။
“အစ်ကိုကြီး၊ ညစာစားချိန်ရောက်နေတာနဲ့ အတော်ပဲ၊ ထမင်းစားပြီးမှ ပြန်ပါလား”
စကားပြောနေရင်း သူမသည် ဟင်းသီးဟင်းရွက်ခင်းဆီသို့ သွားကာ ဟင်းရွက်အချို့ခူးယူရန် ဟန်ပြင်လိုက်သည်။
ရွာလူကြီးစုန့်ကျန်းရှုက အလျင်အမြန် လက်ကာပြကာ ပြုံးလျက် ငြင်းပယ်လိုက်လေ၏။
“ရပါတယ်၊ ရပါတယ်၊ အားမနာပါနဲ့ အိမ်မှာ ညစာချက်ထားပြီးပါပြီ”
ဝူယွီလန်အား ထပ်မံဒုက္ခပေးရမည်ကို သူ တကယ်ပင် အားနာလွန်းနေသည်။
မည်သို့ပင်ဆိုစေ သူသည် ဝူယွီလန်ထံမှ အဖိုးတန် လက်ဖက်ခြောက်ဘူး လက်ခံရရှိထားပြီးဖြစ်ရာ သူမထံမှ ထမင်းတစ်နပ်ကို မည်သို့လုပ်၍ အခမဲ့ ဆက်လက်စားသောက်ရက်မည်နည်း။
မြေဂရန်ကို ချထားခဲ့ပြီးနောက် ရွာလူကြီးစုန့်ကျန်းရှုသည် ကမန်းကတန်းနှုတ်ဆက်ကာ အိမ်သို့ အလျင်အမြန် ပြန်သွားလေသည်။
ညစာစားချိန်တွင် ဝူယွီလန်သည် မြေဂရန်ကို ထုတ်ပြလာလေ၏။
ဝူယွီလန်၏စကားများက ဤအရာမှာ ကြီးကြီးမားမား ကိစ္စမဟုတ်သည့်အလား အေးဆေးတည်ငြိမ်စွာ ထွက်ပေါ်လာသည်။
“မိသားစုမှာ အခုငွေပိုငွေလျှံနည်းနည်းရှိနေလို့ ငါတို့အိမ်နားက ဒီမြေကွက်ကို ဝယ်လိုက်တာ၊ စုစုပေါင်း မြေရှစ်မူနဲ့ နှစ်ဖန်ရှိတယ်၊ ငွေသုံးဆယ့်ခြောက်ချောင်း ပေးလိုက်ရတယ်”
သို့သော် သူမ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက်။
“ရှီး…..”
လူတိုင်း တစ်ပြိုင်နက်တည်း အသက်ပြင်းပြင်း ရှူသွင်းလိုက်မိကြသည်။ ဝမ်ကွေ့ချင်၏အသံမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေရင်း ထွက်ပေါ်လာ၏။
“အမေ၊ မြေရှစ်မူလုံးကို ဝယ်လိုက်တာလား”
သူမ မျက်လုံးများ ပြူးကျယ်သွားပြီး ဝူယွီလန်ကို အံ့အားတကြီး စိုက်ကြည့်နေမိသည်။
ဝူယွီလန် အတည်ပြုသည့်အနေဖြင့် ခေါင်းအနည်းငယ်ညိတ်ပြလိုက်သည်။
“အေး၊ ငါ အကုန်လုံးဝယ်လိုက်တာ”
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကြည့်နေကြပြီး ခေတ္တမျှ ဘာပြောရမှန်းပင်မသိအောင် ဖြစ်နေကြသည်။
အချိန်ခဏကြာပြီးနောက် ဝူယွီလန်က ဆက်ပြောသည်။
“ငါတို့တွေ အိမ်ခွဲမနေကြသေးဘူးဆိုတော့ ဒီမြေကို ငါ့နာမည်နဲ့ပဲ ထားလိုက်တယ်၊ နောက်ကျမှ အိမ်ခွဲကြတဲ့အခါ နင်တို့ တစ်ယောက်တစ်ဝေစုစီ ယူကြပေါ့”
ကျောက်လီကျွမ် အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။
“အမေ၊ အမေ ဆုံးဖြတ်သမျှအားလုံး သမီးအတွက် အဆင်ပြေပါတယ်”
စုန့်အာ့လန်သည် မြေဂရန်ကို ဇဝေဇဝါဖြင့် လှမ်းယူလိုက်ပြီး ဘယ်ညာကြည့်ကာ သူ့လက်ထဲတွင် အရှေ့အနောက် လှန်လှောကြည့်ရှုနေလေ၏။
သို့သော် သူသည် စာမတတ်သဖြင့် စာတစ်လုံးကိုမှ မဖတ်တတ်ချေ။