← Chapters

အခန်း ၈၇

Vol. 9 Ch. 87

အခန်း ၈၇

Vol. 9 Ch. 87

🍅 Chapter 87

အတွေးနှင့်အတူ လက်တွေ့လုပ်ဆောင်မှုက ချက်ချင်းလိုက်ပါလာ၏။

ဝူယွီလန်သည် ဆေးဖော်စပ်ခြင်းလုပ်ငန်းစဉ်များကို ချက်ချင်းပင် စတင်လုပ်ဆောင်လေတော့သည်။

ပြင်ပကမ္ဘာတွင် နာရီအနည်းငယ်သာ ကုန်ဆုံးသွားသော်လည်း သိုလှောင်ရုံအတွင်း၌မူ သူမသည် ရက်အတော်ကြာ အလုပ်ရှုပ်နေခဲ့သည်။

နောက်ဆုံးတွင် အစွမ်းထက်သော ဒဏ်ရာကျက်ဆေးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီးနောက် သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားလေတော့၏။

မနက်ခင်း ကြက်ဖတွန်သံက အရုဏ်တက်ချိန်ရောက်ကြောင်း သူမကို အသိပေးလိုက်သည်။

နံနက်စာ စားသောက်ပြီးနောက် ဝူယွီလန်သည် သူမ မိသားစုဝင်များထဲမှ လူကြီးလူငယ်အားလုံးကို ဦးဆောင်ကာ တောင်ပေါ်သို့ ဦးတည်ထွက်ခွာလာခဲ့၏။

သူတို့သည် လက်ထဲတွင် ခြင်းတောင်းများ ဆွဲကိုင်လျက် ကျောတွင် ခြင်းများကို လွယ်ပိုးထားပြီး ဝူယွီလန်ကိုယ်တိုင် ဖုတ်ထားသော ပြောင်းဖူးမုန့်များကိုလည်း လမ်းကြုံစားသောက်ရန် သယ်ဆောင်လာခဲ့ကြသည်။

ကလေးများမှာ ဆေးဖက်ဝင်အပင်အနည်းငယ်ကို ခွဲခြားတတ်နေပြီဖြစ်သော်လည်း ဝမ်ကွေ့ချင်နှင့် ကျောက်လီကျွမ်တို့မှာမူ လုံးဝ နားမလည်ကြသေးပေ။

ထို့ကြောင့် ဝူယွီလန်သည် ထိုအမျိုးသမီးနှစ်ဦးအား ဆေးပင်များ ခွဲခြားသိမြင်နိုင်စေရန် သင်ကြားပေးရမည့်တာဝန်ကို စုန့်ထုန်ဟွာထံသို့ လွှဲအပ်လိုက်သည်။

“ထုန်ဟွာ၊ နင့်ရဲ့ ‌အဒေါ်နဲ့ အမေကို ခေါ်သွားပြီး အတွေ့များတဲ့ ဆေးပင်တွေကို ဘယ်လိုခွဲခြားရမလဲဆိုတာ သင်ပေးလိုက်”

ဝူယွီလန်က သူမအား ဆေးပင်ခွဲခြားနည်း သင်ကြားပေးရန် တာဝန်ပေးအပ်လိုက်သည်ကို ကြားသောအခါ စုန့်ထုန်ဟွာတစ်ယောက် အတိုင်းမသိ ဝမ်းသာပျော်ရွှင်သွားတော့သည်။

ဤသည်မှာ အဖွားဖြစ်သူထံမှ သူမ၏စွမ်းရည်ကို အသိအမှတ်ပြုခြင်းတစ်မျိုးပင် ဖြစ်သည်မဟုတ်ပါလား။

သူမ မျက်ဝန်းလေးများမှာ ပျော်ရွှင်မှုကြောင့် လင်းလက်တောက်ပသွားလေ၏။

“ဟုတ်ကဲ့ပါ အဖွား”

“အဒေါ်၊ အမေ၊ ဒီကိုကြည့်ပါ၊ ဆေးပင်တွေကို ခွဲခြားရတာ အရမ်းလွယ်ပါတယ်၊ ဒီအပင်လေးက ပိုင်ကျူးအမြစ်ပင်ပါ”

စုန့်ထုန်ဟွာသည် အလွန်တရာစိတ်ပါလက်ပါဖြင့် အသေးစိတ် ရှင်းပြသင်ကြားပေးနေလေ၏။

အမျိုးသမီးနှစ်ဦးမှာလည်း ဤဆေးပင်များက အတော်လေးတန်ဖိုးရှိကြောင်း သိထားကြသဖြင့် အလေးအနက်ထားကာ သေသေချာချာ လေ့လာမှတ်သားကြလေသည်။

ဝမ်ကွေ့ချင်၏မှတ်ဉာဏ်မှာ အနည်းငယ် အားနည်းသော်လည်း သူမသည် ရိုးရှင်းသောနည်းလမ်းကို အသုံးပြုခဲ့သည်။

ဆေးပင်တစ်ပင်ကို လက်ထဲတွင် ကိုင်ထားပြီး အခြားအပင်များနှင့် တစ်ပင်ချင်းစီ နှိုင်းယှဉ်ကာ သေချာတူးဖော်လေ၏။

လူတိုင်းက တောင်အောက်ခြေ ပတ်ဝန်းကျင်၌သာ တူးဖော်နေကြသည်ကိုမြင်သောအခါ ဝူယွီလန်၏စိတ်ထဲတွင် တောင်ပေါ်သို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်ရှာဖွေရန် တွေးတောမိသွားသည်။

မည်သို့ပင်ဆိုစေ တောင်အောက်ခြေပတ်ဝန်းကျင်တွင် သာမန်ဆေးပင်များကိုသာ တွေ့ရှိနိုင်ပြီး ရှားပါးပြီး တန်ဖိုးကြီးသော ဆေးဖက်ဝင်အပင်များကိုမူ လူသူအရောက်အပေါက်နည်းသော တောနက်ထဲတွင်သာ ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ပါလား။

“ချွေးမအကြီး၊ ငါ အတွင်းဘက်ကို နည်းနည်းထပ်ဝင်သွားလိုက်ဦးမယ်၊ နင်နဲ့ ဒုတိယချွေးမက ကလေးတွေနဲ့အတူ ဒီအပြင်ဘက်မှာပဲ ဆက်တူးနေကြ”

သူမ၏ခင်ပွန်းဖြစ်သူမှာ တောနက်ထဲတွင် အမဲလိုက်ရင်း သားရဲတိရစ္ဆာန်များ၏ လိုက်လံတိုက်ခိုက်မှုကြောင့် ခြေထောက်ကျိုးခဲ့ရဖူးရာ ဝမ်ကွေ့ချင် ရင်ထဲတွင် တောနက်ကို အလွန်အမင်းကြောက်ရွံ့ထိတ်လန့်နေဆဲပင်။

ဝမ်ကွေ့ချင် စိုးရိမ်တကြီးဖြင့် လှမ်းပြောလိုက်သည်။

“အမေ၊ တောနက်ထဲမှာက အရမ်းအန္တရာယ်များတယ်၊ သမီး အမေနဲ့အတူ လိုက်ခဲ့မယ်နော်”

ဝူယွီလန်အနေဖြင့် အခြားသူတစ်ဦးကို ခေါ်ဆောင်သွားလိုခြင်းမရှိပေ။

အကယ်၍ သူမ တစ်ယောက်တည်းသာဆိုလျှင် အန္တရာယ်တစ်စုံတစ်ရာနှင့် ကြုံတွေ့ရပါက ဝိညာဉ်စမ်းရေသိုလှောင်ရုံအတွင်းသို့ အလွယ်တကူ ဝင်ရောက်ပုန်းအောင်းနိုင်မည်ဖြစ်သည်

သို့သော် အခြားသူတစ်ဦး ပါလာပါက ထွက်ပြေးလွတ်မြောက်ရန် ဤမျှလွယ်ကူတော့မည်မဟုတ်ချေ။

“ငါ အရှေ့ကို နည်းနည်းပဲ ထပ်သွားမှာပါ၊ ကလေးတွေအကုန်လုံး ဒီမှာကျန်ခဲ့တာဆိုတော့ နင်တို့လူကြီးနှစ်ယောက်က ဒီမှာနေပြီး သူတို့ကို သေချာကြည့်ထားပေးမှရမယ်”

“စိတ်ချပါ၊ ငါသွားတဲ့ လမ်းတစ်လျှောက်လုံး အမှတ်အသားတွေ ထားခဲ့မှာမို့လို့ လမ်းမပျောက်နိုင်ပါဘူး၊ အန္တရာယ်တစ်ခုခုနဲ့ ကြုံရင်လည်း ချက်ချင်းပြန်လှည့်လာခဲ့မယ်”

ဝူယွီလန်၏ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း သိထားရာ ဝမ်ကွေ့ချင်က အင်တင်တင်ဖြင့် သဘောတူလိုက်ရသည်။

“ဒါဆိုရင် အမေ၊ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါနော်၊ သမီးတို့ လုံလောက်အောင်တူးပြီးရင် ဒီနေရာပြန်လာပြီး အမေ့ကိုစောင့်နေပါ့မယ်”

ကျောက်လီကျွမ်ကမူ တံစဉ်ကို ဝူယွီလန်ထံ ကမ်းပေးလိုက်၏။

“အမေ၊ ဒီတံစဉ်ကို ယူသွားပါ၊ သတိထားသွားနော်၊ သမီးတို့ ကလေးတွေကို သေချာစောင့်ရှောက်ထားပါ့မယ်”

ဝူယွီလန် ခေါင်းညိတ်ပြကာ တံစဉ်ကိုလှမ်းယူလိုက်သည်။

ထို့နောက် ခြင်းတောင်းကို ကျောတွင်လွယ်ပိုးကာ တောနက်ထဲသို့ တစ်လှမ်းချင်း လျှောက်လှမ်းဝင်ရောက်သွားလေသည်။

လမ်းပျောက်မည်ကို စိုးရိမ်သဖြင့် အကွာအဝေး အနည်းငယ်လျှောက်သွားပြီးတိုင်း သစ်ကိုင်းငယ်များကို ချိုးဖဲ့ကာ လမ်းကြောင်းအမှတ်အသားအဖြစ် သစ်ပင်များပေါ်တွင် တင်ထားခဲ့၏။

သူမ မသိလိုက်ခင်မှာပင် ပတ်ဝန်းကျင်ရှိ သစ်ပင်များမှာ ပိုမိုထူထပ်လာပြီး တောအုပ်အတွင်း၌ အမည်မသိတိရစ္ဆာန်များ၏ အော်မြည်သံများဖြင့် ပြည့်နှက်နေလေသည်။

ဝူယွီလန်သည် လက်ထဲရှိ တံစဉ်ကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး အထူးသတိထားကာ ဆက်လက်လျှောက်လှမ်းနေလေသည်။

တောနက်ထဲတွင် လူသူအရောက်အပေါက်နည်းပါးလှသောကြောင့် ဆေးဖက်ဝင်အပင်များ ပိုမိုပေါများနေသည်မှာ အမှန်ပင်ဖြစ်သည်။

သူမ အချိန်သိပ်မကြာလိုက်ခင်မှာပင် ခြင်းတောင်းငယ်တစ်လုံးစာ အပြည့်အမောက် တူးဖော်ရရှိသွားလေသည်။

ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ် ပင်ပန်းနွမ်းနယ်လာသလို ခံစားရသဖြင့် ဝူယွီလန်သည် ညီညာသောမြေပြင်တစ်ခုကို ရှာဖွေကာ ထိုင်ချလိုက်ပြီး ဝိညာဉ်စမ်းရေတစ်ငုံကို မော့သောက်လိုက်၏။

“အား... လန်းဆန်းသွားတာပဲ”

ဝိညာဉ်စမ်းရေတစ်ငုံ သောက်လိုက်ပြီးနောက် သူမ၏ခန္ဓာကိုယ်အတွင်းရှိ ပင်ပန်းနွမ်းနယ်မှုများအားလုံး လွင့်စင်သွားလေတော့သည်။

သူမသည် မနက်ခင်းက ဖုတ်လာခဲ့သော ပြောင်းဖူးမုန့်ကို ထုတ်ယူကာ အေးဆေးတည်ငြိမ်စွာ ဝါးစားလိုက်သည်။

အမှန်တကယ်ပင် ထိုပြောင်းဖူးမုန့်လေးမှာ ပြောင်းဖူး၏သဘာဝ ချိုမြိန်သောရနံ့လေးဖြင့် ပြည့်စုံနေပြီး အတော်လေး အရသာရှိလှပေသည်။

သူမ အရသာခံကာ စားသောက်နေစဉ် မြက်ခင်းပြင်ထဲမှ တရှပ်ရှပ်မြည်လာကာ လှုပ်ရှားသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ဝူယွီလန်သည် ပြောင်းဖူးမုန့်အား ပါးစပ်ထဲသို့ အပြည့်ထိုးသွင်းလိုက်ပြီး လက်ထဲရှိတံစဉ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်၏။

ထို့နောက် ခေါင်းလှည့်ကာ အသံထွက်ပေါ်လာရာ မြက်ခင်းပြင်ဆီသို့ စူးစိုက်ကြည့်နေလိုက်သည်။

မြက်ခင်းပြင်ထဲတွင် ပြန်လည်တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ဝူယွီလန်သည် ဘေးနားရှိ သစ်ကိုင်းငယ်တစ်ခုကို ကောက်ယူကာ မြက်ခင်းထဲသို့ လှမ်းပစ်လိုက်သည်။

“ဝှစ်”

မီးခိုးရောင် တောယုန်တစ်ကောင်သည် မြက်ခင်းပြင်ထဲမှ ခုန်ထွက်လာပြီး ယုန်တွင်းတစ်ခုအတွင်းသို့ အလျင်အမြန်ခုန်ဝင်သွားလေသည်။

၎င်းကိုမြင်သောအခါ ဝူယွီလန် ချက်ချင်းပင် တက်ကြွလာတော့၏။

သူမသည် ယုန်တွင်းရှိရာသို့ လျှောက်သွားလိုက်ရာ ဤတောင်ကုန်းငယ်ပတ်လည်တွင် ယုန်တွင်းအများအပြားရှိနေကြောင်း တွေ့ရှိလိုက်ရသည်။

ခေတ္တမျှစဉ်းစားပြီးနောက် သူမသည် စနစ်ကုန်တိုက်မှ မီးခြစ်တစ်လုံးကို ဝယ်ယူလိုက်ပြီး သုံးမီတာရှည်သော ပုစွန်ဖမ်းမြုံးတစ်ခုကိုပါ ထပ်မံဝယ်ယူလိုက်သည်။

သူမသည် ကျောက်တုံးများရှာဖွေကာ ယုန်တွင်းအများအပြားကို ပိတ်ဆို့လိုက်ပြီး ကျန်ရှိနေသောတွင်းပေါက်တစ်ခုတွင် ပုစွန်ဖမ်းမြှုံးကို ခိုင်ခိုင်မာမာ တပ်ဆင်ထားလိုက်သည်။

ဤသို့ပြုလုပ်ပြီးနောက် ဝူယွီလန်သည် အင်းဆက်ပိုးမွှားနှိမ်နင်းရာတွင်သုံးသော ဆေးပင်တစ်ဆုပ်ကို ရှာဖွေကာ ထင်းရှူးရွက်အနည်းငယ် ထပ်ထည့်ပြီး လေဝင်လေထွက်ကောင်းသော အခြားယုန်တွင်းတစ်ခုတွင် မီးရှို့လိုက်၏။

ဖြူလွှလွှမီးခိုးငွေ့များက ယုန်တွင်းအတွင်းသို့ လွင့်မျောဝင်ရောက်သွားရာ မကြာမီမှာပင် ယုန်တွင်းထဲမှ ဆူညံသောလှုပ်ရှားသံများကို ဝူယွီလန် ကြားလိုက်ရသည်။

သူမသည် ပုစွန်ဖမ်းမြှုံးရှိရာသို့ ပြန်လာခဲ့ပြီး စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်၏။

“ဝှစ်”

အထိတ်တလန့်ဖြစ်ကာ လမ်းပျောက်နေသောယုန်တစ်ကောင်သည် သုံးမီတာရှည်သော ပုစွန်ဖမ်းမြှုံးအတွင်းသို့ တိုက်ရိုက်ခုန်ဝင်သွားတော့သည်။

All Chapters