အခန်း ၈၈
Vol. 9 Ch. 88
🍅 Chapter 88
ဝူယွီလန်သည် အလျင်စလို မလုပ်သေးဘဲ ယုန်လေး မြှုံးအတွင်း၌ လွတ်လမ်းမရှိဘဲ ယက်ကန်ယက်ကန် ဖြစ်နေသည်ကိုကြည့်ကာ စိတ်ရှည်လက်ရှည် ဆက်လက်စောင့်ဆိုင်းနေလိုက်သည်။
“ဝှစ်”
နောက်ထပ်ယုန်တစ်ကောင် ပုစွန်ဖမ်းမြှုံးအတွင်းသို့ ခုန်ဝင်လာပြန်၏။
ချက်ချင်းဆိုသလိုပင် သူမသည် ယုန်သိုက်ကို သွားရောက် ထိုးဆွလိုက်သည့်အလား ယုန်များ တစ်ကောင်ပြီးတစ်ကောင် အဆက်မပြတ် ဝင်ရောက်လာကြတော့သည်။
ယုန်များလွန်းသဖြင့် မြှုံးမှာ မှောက်ကျလုနီးပါးဖြစ်လာသည်ကို မြင်သောအခါ ဝူယွီလန်သည် သူမ၏ခြေထောက်ဖြင့် တွင်းပေါက်အား ကမန်းကတန်း ပိတ်ဆို့လိုက်ပြီး မြှုံးကို အပေါ်သို့ မတင်လိုက်သည်။
သူမ ရေတွက်ကြည့်ရာ အထဲတွင် ယုန်ငါးကောင်တိတိ ရှိနေလေသည်။
သုံးကောင်မှာ အလေးချိန် နှစ်ကတ်တီခန့် ရှိပြီး ကျန်နှစ်ကောင်မှာ တစ်ကတ်တီကျော်စီရှိသည်။
ဤမျှများပြားသော ယုန်များကို တစ်ထိုင်တည်း စား၍မကုန်နိုင်ကြောင်း တွေးမိကာ ဝူယွီလန်သည် သူတို့ကို မသတ်တော့ဘဲ ခြေထောက်များကိုသာ တင်းကျပ်စွာ ချည်နှောင်ထားလိုက်၏။
ယုန်များကို ချည်နှောင်ပြီးနောက် ဝူယွီလန်သည် မြှုံးကို ယုန်တွင်းတွင် ပြန်လည်တပ်ဆင်ထားလိုက်သည်။
ယုန်များ ထပ်ထွက်လာခြင်းမရှိတော့ဟု ထင်မှတ်ကာ ခေတ္တမျှစောင့်ဆိုင်းပြီးနောက် မြှုံးကိုပြန်ထုတ်ရန် ဟန်ပြင်လိုက်စဉ်မှာပင်...
မီးခိုးရောင်ယုန်ကြီးတစ်ကောင်က ခုန်ထွက်လာသည်။
“ကျွိ….”
မြှုံးထဲတွင် မိသွားသော မီးခိုးရောင်ယုန်ကြီးမှာ ချက်ချင်းပင် အသည်းအသန် ရုန်းကန်လေတော့သည်။
ဝူယွီလန်သည် ယုန်ကြီး၏ဗိုက်မှာ ဖောင်းကားနေသည်ကို သတိပြုမိသွားပြီး သူမ ရင်ထဲတွင် ဝမ်းသာလွန်း၍ ခုန်ပေါက်နေလေတော့သည်။
“ဟင်၊ ကိုယ်ဝန်သည် ယုန်မကြီးကိုတောင် ဖမ်းမိတာပါလား”
သူမသည် လှုပ်ရှားမှုများကို ညင်သာအောင်ထိန်းချုပ်လိုက်ပြီး ယုန်မကြီးကို ကောက်ယူကာ ချည်နှောင်လိုက်သည်။
ယုန်များကို ဖမ်းပြီးနောက် ဝူယွီလန်သည် မီးလုံးဝငြိမ်းသတ်လိုက်ပြီး ယုန်တွင်းများအား ပိတ်ဆို့ထားသော ကျောက်တုံးများအားလုံးကို ဖယ်ရှားလိုက်သည်။
ယုန်တွင်းများကို ပြန်ဖွင့်ထားခဲ့ခြင်းမှာ နောက်တစ်ကြိမ်တွင် ယုန်များ ထပ်မံရောက်ရှိလာနိုင်စေရန်ဖြစ်သည်။
“ယုန်ခြောက်ကောင်ဆိုတော့ မဆိုးပါဘူး”
ယုန်များက ဆေးပင်များအား နင်းချေဖျက်ဆီးမည်ကို စိုးရိမ်သဖြင့် ဝူယွီလန်သည် စနစ်ကုန်တိုက်မှ ခြင်းတောင်းတစ်လုံးဝယ်ယူကာ ခြင်းထဲရှိ ဆေးပင်များအားလုံးကို ထုတ်ယူပြီး ခြင်းတောင်းအသစ်ထဲသို့ ထည့်လိုက်သည်။
ထို့နောက် သူမသည် ခြင်းတောင်းအားအသုံးပြု၍ ယုန်ခြောက်ကောင်ကို ထည့်ထားလိုက်သည်။
အချိန်ရသေးသည်ကို မြင်သောအခါ ဝူယွီလန်သည် တောနက်ထဲသို့ ပိုမိုဝင်ရောက်သွားခဲ့ပြီး မကြာမီမှာပင် ဆေးပင်များ ခြင်းတောင်းအပြည့် တူးဖော်ရရှိသွားလေ၏။
သူမ အိမ်ပြန်ရန် ဟန်ပြင်နေစဉ် မလှမ်းမကမ်းရှိ ချောက်ကမ်းပါးတစ်ခုကို လှမ်းမြင်လိုက်ရသည်။
ထိုနေရာတွင် သစ်ခွ သို့မဟုတ် လိပ်ခွံနွယ်ကဲ့သို့သော ဆေးပင်များ တွေ့ရှိနိုင်မည်ဟု တွေးတောမိကာ ဝူယွီလန်သည် ထိုနေရာသို့ လျှောက်သွားလေသည်။
ချောက်ကမ်းပါးအစွန်းတစ်လျှောက် ခေတ္တမျှရှာဖွေပြီးနောက်တွင် တကယ့်ကို လိပ်ခွံနွယ်တစ်ပင်ကို ရှာတွေ့သွားလေသည်။
လိပ်ခွံနွယ်၏ နွယ်ပင်များပေါ်တွင် လိပ်ခွံကဲ့သို့သော အမှတ်အသားများ ပါရှိပြီး ချောက်ကမ်းပါးများပေါ်တွင် ပေါက်ရောက်လေ့ရှိ၏။
၎င်းသည် ခန္ဓာကိုယ်၏ အားနည်းချက်များကို ဖြည့်တင်းပေးနိုင်ပြီး အသက်ရှည်စေနိုင်သည်။
လိပ်ခွံနွယ်ပင်များ ပေါက်ရောက်ရာ နေရာတစ်ဝိုက်တွင် အဆိပ်ပြင်းမြွေများ မကြာခဏ ခိုအောင်းနေတတ်ကြောင်းကို သတိရသွားကာ ဝူယွီလန် သစ်ကိုင်းတစ်ကိုင်းကို ရှာဖွေပြီး အသံပြုကာ မြွေခြောက်လိုက်သည်။
အဆိပ်ပြင်းမြွေများမရှိကြောင်း သေချာသွားမှသာ သူမသည် လိပ်ခွံနွယ်ပင်ကို ဂရုတစိုက် တူးဖော်ကာ နွယ်ပင်ငယ်အချို့အား သူမ၏ ဝိညာဉ်စမ်းရေသိုလှောင်ရုံအတွင်း၌ သိမ်းဆည်းလိုက်သည်။
လိပ်ခွံနွယ်ပင်ကို တူးဖော်ပြီးနောက် ဝူယွီလန်သည် ချောက်ကမ်းပါးအစွန်းတစ်လျှောက် ဆေးပင်များကို ဆက်လက်ရှာဖွေနေလေ၏။
ရုတ်တရက် အော်သံအချို့ကို သူမ ခပ်သဲ့သဲ့လေး ကြားလိုက်ရသည်။
သူမ အသက်အောင့်ကာ သေချာနားထောင်ကြည့်လိုက်သည်။
“သခင်လေး... သခင်လေး၊ သတိထားပါဦး၊ အနီးအနားမှာ လူရှိလား”
“ကယ်ကြပါဦး”
ဝူယွီလန် မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး ခြင်းတောင်းနှင့် ကျောတွင်လွယ်ထားသောခြင်းကို အောက်ချကာ ချောက်ကမ်းပါးအစွန်းဆီသို့ သတိထားကာ ချဉ်းကပ်သွားလေ၏။
အောက်သို့ ငုံ့ကြည့်လိုက်ရာ အစောင့်များကဲ့သို့ ဝတ်ဆင်ထားသော လူအနည်းငယ်က ခမ်းနားထည်ဝါသောအဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးအား ဝိုင်းရံကာ အော်ဟစ်နေကြသည်ကို တွေ့လိုက်ရသည်။
“သူတို့ ချောက်ထဲ ပြုတ်ကျသွားတာလား”
“ဒါတော့ မဖြစ်နိုင်ဘူး၊ သူ့ကို ခစားပြုစုနေတဲ့သူတွေ ဒီလောက်အများကြီး ရှိတာပဲ၊ ချောက်ထဲတော့ ပြုတ်ကျစရာအကြောင်းမရှိဘူး”
“ဒါမှမဟုတ်... သူတို့ လုပ်ကြံခံလိုက်ရတာများလား”
သို့သော် သူတို့ကို သေချာကြည့်လိုက်ရာ အဝတ်အစားများမှာ အနည်းငယ်သာ ညစ်ပတ်နေပြီး သွေးစွန်းနေခြင်းမရှိသည့်အပြင် အနီးအနားတွင် ရုန်းကန်သတ်ပုတ်ထားသည့်လက္ခဏာများလည်း မတွေ့ရပေ။
ဤအုပ်စု ဘာဖြစ်သွားသည်ကို ဝူယွီလန် စဉ်းစားနေစဉ်မှာပင် ချောက်ကမ်းပါးအောက်မှ အာမေဍိတ်သံတစ်ခု ထွက်ပေါ်လာသည်။
“ဘယ်လိုလုပ်ကြမလဲ၊ မြွေဆိပ်က ပျံ့လာပြီ၊ သခင်လေးရဲ့ ခြေထောက်က ပိုပိုမည်းလာပြီ”
‘အော်၊ သူတို့ရဲ့သခင်လေး မြွေကိုက်ခံလိုက်ရတာကိုး'
အကယ်၍ ဤလူများ လိုက်လံလုပ်ကြံခံနေရသဖြင့် ဒုက္ခရောက်နေခြင်းဆိုပါက ဝူယွီလန်အနေဖြင့် ဝင်ရောက်စွက်ဖက်ရန်ရည်ရွယ်ချက် လုံးဝမရှိပေ။
၎င်းမှာ သူမကိုယ် သူမ ပြဿနာရှာသလို ဖြစ်သွားမည်မဟုတ်ပါလား။
သို့သော် သူတို့က မြွေကိုက်ခံရခြင်း ဖြစ်နေရာ သူမအနေဖြင့် သူတို့ကို ကယ်တင်ပြီး ဆေးဖိုးလေးအနည်းအကျဉ်း ရှာဖွေနိုင်ပေမည်။
ဤသို့တွေးမိကာ ဝူယွီလန်က ချောက်ကမ်းပါးအောက်သို့ ငုံ့ကြည့်ရင်း လှမ်းအော်လိုက်သည်။
“တစ်ယောက်ယောက် အဆိပ်ပြင်းမြွေကိုက်ခံရလို့လား”
သူစိမ်းတစ်ယောက်အသံ ရုတ်တရက်ထွက်ပေါ်လာမှုအပေါ် အစောင့်များ၏ ပထမဆုံးတုံ့ပြန်မှုမှာ ဓားများဆွဲထုတ်ကာ ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားသော အမျိုးသားကို ဝိုင်းရံကာကွယ်လိုက်ခြင်းပင်။
အသံလာရာဘက်တွင် ဝူယွီလန်ကို မြင်လိုက်ရသောအခါ အစောင့်များ၏ တင်းမာနေသော မျက်နှာအမူအရာများ အနည်းငယ် ပြေလျော့သွားလေသည်။
“အဒေါ်ကြီး၊ ခင်ဗျားက ဒီအနီးအနားကရွာက ရွာသားလား”
ဝူယွီလန် ခေါင်းညိတ်ပြလိုက်သည်။
“ငါက ဒီတစ်ဝိုက်က ရွာသူပါ၊ မင်းတို့တွေ ဘာဖြစ်လို့လဲ၊ တစ်ယောက်ယောက် မြွေလို့ကိုက်ခံရလို့လား”
“ဟုတ်တယ်၊ ကျွန်တော်တို့ ဒီနေရာကို ဆေးပင်ရှာဖို့လာရင်းနဲ့ မတော်တဆ အဆိပ်ပြင်းမြွေတစ်ကောင် အကိုက်ခံလိုက်ရလို့ပါ”
“အဒေါ်၊ ဒီအနီးအနားမှာ မြွေဆိပ်ဖြေပေးနိုင်တဲ့သမားတော်များ ရှိမလား”
ဤအစောင့်များထဲတွင် ဆေးပညာတတ်ကျွမ်းသူတစ်ဦး ပါဝင်သော်လည်း ဤဒေသရှိ မြွေဆိပ်များအကြောင်းကိုမူ သူဘာမှမသိထားရာ မြွေဆိပ်ဖြေရန် မကျွမ်းကျင်သည်မှာ သဘာဝပင်။
“တစ်ယောက်တော့ရှိတယ်၊ ဒါပေမဲ့ တောင်အောက်ဆင်းဖို့ အနည်းဆုံး နာရီဝက်လောက် အချိန်ယူရမယ်၊ အသွားအပြန်ဆိုရင်တော့ အချိန်မီမှာ မဟုတ်တော့ဘူးထင်တယ်”
အစောင့်များမှာ ဤအချက်ကို သိထားသောကြောင့်ပင် အလွန်အမင်း စိုးရိမ်ပူပန်နေကြခြင်းဖြစ်သည်။
“ကောင်လေး၊ သူ့ကို ဘယ်လိုမြွေမျိုး ကိုက်သွားတာလဲ”
စကားပြောနေရင်း ဝူယွီလန်သည် ဘေးဘက်ရှိ လမ်းသွယ်လေးအတိုင်း အောက်သို့ ဆင်းလာလေသည်။
တစ်ချိန်တည်းမှာပင် သူမသည် အစောင့်များကို သေချာအကဲခတ်ကြည့်လိုက်၏။
သူတို့၏ မျက်ဝန်းများမှာ ကြည်လင်နေပြီး လူဆိုးလူယုတ်မာများ၏ အငွေ့အသက်မျိုး မရှိသည်ကို မြင်သောအခါ သူမ အနည်းငယ် ပိုစိတ်အေးသွားလေသည်။
ဝူယွီလန် ဆင်းလာသည်ကို မြင်သောအခါ အစောင့်ခေါင်းဆောင်သည် သူမကို ကြိုဆိုရန် အလျင်အမြန်ထွက်လာခဲ့သည်။
သူမက ပစ္စည်းများ သယ်ဆောင်လာသည်ကို မြင်သောအခါ သူက လက်ကမ်းကာ ကူညီသယ်ဆောင်ပေးလိုက်၏။
သို့သော် ပစ္စည်းများကို ယူနေစဉ်အတွင်း အစောင့်က ဝူယွီလန်၏လက်များနှင့် ခြေထောက်များကို တိတ်တဆိတ် အကဲခတ်ကြည့်လိုက်သည်။
သူမ၏လက်များတွင် လယ်ယာအလုပ်များ လုပ်ကိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသော အသားမာများသာရှိပြီး နှစ်ပေါင်းများစွာ သိုင်းပညာလေ့ကျင့်ခြင်းကြောင့် ဖြစ်ပေါ်လာသော အသားမာများမရှိသည်ကို မြင်သောအခါ သူ အနည်းငယ် စိတ်အေးသွားလေသည်။
“ဘယ်လိုမြွေမျိုးလဲဆိုတာတော့ ကျွန်တော်တို့လည်းမသိဘူး၊ ကျွန်တော်တို့ဒေသမှာ အဲဒီလိုမြွေမျိုး အရင်က မမြင်ဖူးဘူး”