← Chapters

အခန်း ၈၉

Vol. 9 Ch. 89

အခန်း ၈၉

Vol. 9 Ch. 89

🍅 Chapter 89

“ဒါပေမဲ့ ကျွန်တော်တို့ အဲဒီမြွေကို ရိုက်သတ်ထားပါတယ်၊ အဒေါ် တစ်ချက်လောက် ကြည့်ပေးနိုင်မလား”

အစောင့်မှာ အလွန်အမင်း စိုးရိမ်ပူပန်နေပြီး ရေနစ်သူ ဝါးရုံပင်ကို ဆွဲသကဲ့သို့ အကူအညီရနိုင်သည့်အရာမှန်သမျှကို ဖမ်းဆွဲနေလေ၏။

ယခင်ကဆိုလျှင် သူတို့သည် ကျေးလက်တောရွာသူ အမျိုးသမီးတစ်ဦးအပေါ်တွင် မျှော်လင့်ချက်ထားမည်မဟုတ်ပေ။

“ငါ့ကို ပြကြည့်ပါဦး”

ပစ္စည်းများအား ချထားလိုက်ပြီးနောက် ဝူယွီလန်၏ ခြေလှမ်းများမှာ များစွာ ပေါ့ပါးသွက်လက်သွားလေသည်။

အစောင့်က သေနေသော အဆိပ်ပြင်းမြွေကို အမြီးမှကိုင်ကာ ဝူယွီလန်ရှေ့သို့ ယူဆောင်လာသည်။

“အဒေါ်၊ တစ်ချက် ကြည့်ကြည့်ပါ၊ ဒါက ကျွန်တော်တို့ သခင်လေးကို ကိုက်သွားတဲ့ အဆိပ်ပြင်းမြွေပါပဲ”

ဝူယွီလန် သေသေချာချာ စိုက်ကြည့်လိုက်ရာ လက်နှစ်လုံးခန့် ကျယ်ပြီး တစ်ကိုယ်လုံး မီးခိုးရောင်နှင့် လိမ္မော်ရောင်ရောယှက်နေကာ အနက်ရောင်အကွက်များ ပါရှိသော မြွေတစ်ကောင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

“ဒါက လျှာနီမြွေဆိုးပဲ၊ အဆိပ်အရမ်းပြင်းတယ်၊ အကိုက်ခံရပြီဆိုရင် သုံးနာရီအတွင်းသေနိုင်တယ်”

ထိုစကားကို ကြားလိုက်ရသောအခါ အစောင့်၏မျက်နှာမှာ သွေးမရှိတော့သကဲ့သို့ ဖြူရော်သွားလေ၏။

သူသည် ဝူယွီလန်၏ခြင်းတောင်းထဲရှိ ဆေးပင်များကိုမြင်ကာ စိုးရိမ်တကြီး မေးလိုက်သည်။

“အဒေါ်၊ ခင်ဗျားရဲ့ ခြင်းတောင်းထဲမှာ ဆေးပင်တွေ အပြည့်ပါလာတာကိုကြည့်ရတာ ခင်ဗျား ဆေးပညာအကြောင်း နားလည်ပုံရတယ်၊ ဒီမြွေဆိပ်ကို ဖြေနိုင်တဲ့ ဆေးပင်တွေများ ခင်ဗျား သိထားသေးလား”

ဝူယွီလန် အလေးအနက်မထားမည်ကို စိုးရိမ်သဖြင့် အစောင့်က အလျင်အမြန် ထပ်မံဖြည့်ပြောလညသည်။

“အကယ်၍ ခင်ဗျားသာ ကျွန်တော့်သခင်လေးရဲ့ မြွေဆိပ်ကို ဖြေပေးနိုင်မယ်ဆိုရင် သေချာပေါက် ဆုငွေအများကြီး ချီးမြှင့်ပါ့မယ်”

ထိုစကားကို ကြားသောအခါ ဝူယွီလန်၏နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ယုံကြည်မှုအပြည့်ရှိသောအပြုံးတစ်ခု ပေါ်လာလေ၏။

“တိုက်ဆိုင်လိုက်တာ၊ ဒီမြွေဆိပ်ကို ဘယ်လိုဖြေရမလဲဆိုတာ ငါသိတယ်”

ထိုသို့ပြောပြီးနောက် သူမသည် ဘာမှမဖြစ်သကဲ့သို့ ခြင်းတောင်းထဲလက်နှိုက်လိုက်ပြီး ဖြစ်သလို စမ်းသပ်ရှာဖွေနေသည့်ဟန် ဆောင်လိုက်သည်။

သို့သော် တကယ်တမ်းတွင် ၀ူယွီလန်သည် သူမ၏လုပ်ရပ်များကို ဖုံးကွယ်ရန် ခြင်းတောင်းကို လိမ္မာပါးနပ်စွာ အသုံးပြုလိုက်ခြင်းသာဖြစ်သည်။

ဝူယွီလန်သည် ခြင်းတောင်းဖြင့် ဖုံးကွယ်လျက် ထက်ရှသော ဓားမြှောင်တစ်လက်ကို ဆွဲထုတ်လိုက်ပြီးနောက် ငွေအပ်များပါသော အိတ်ငယ်လေး တစ်အိတ်ကိုပါ ထုတ်ယူလိုက်သည်။

အစောင့်များ၏အကြည့်များမှာ စွန်ရဲများအလား စူးရှလှပေသည်။

ဝူယွီလန်၏လက်ထဲရှိ ဓားမြှောင်ကို မြင်လိုက်ရသောအခါ သူတို့၏မျက်ဝန်းများမှာ ပိုမိုစူးရှသွားပြီး သူမအား တစ်ယောက်ပြီးတစ်ယောက် စူးစိုက်ကြည့်နေကြလေသည်။

ဝူယွီလန်သည် အစောင့်များ၏ သတိထားနေမှုကို သဘာဝကျကျပင် သတိပြုမိလိုက်၏။

သူမက အေးဆေးတည်ငြိမ်စွာပင် ရှင်းပြလိုက်သည်။

“မင်းတို့ သခင်လေးရဲ့ ခြေကျင်းဝတ်ကို အရင်ဆုံးဓားမြှောင်နဲ့ခွဲပြီး အဆိပ်သွေးတွေကို ထုတ်ပစ်ဖို့လိုတယ်၊ ဒါမှ အဆိပ်တွေ ဆက်မပြန့်အောင် တားဆီးနိုင်မှာ၊ အဲဒီနောက်မှာ ကျန်နေတဲ့ အဆိပ်တွေကို ငွေအပ်တွေသုံးပြီး ဖယ်ထုတ်ပစ်မယ်”

သို့သော် အစောင့်များက သူမ၏ရှင်းပြချက်ကို လုံးဝလက်ခံပုံမရပေ။

သူတို့သည် အမြင့်ဆုံးသတိထားမှုအဆင့်တွင် ဆက်လက်ရှိနေပြီး ဝူယွီလန်လက်ထဲရှိ ဓားမြှောင်ကိုသာ စိုက်ကြည့်နေကြကာ သူမ ရုတ်တရက် တိုက်ခိုက်လာမည်ကို စိုးရိမ်နေကြလေသည်။

၎င်းကိုမြင်သောအခါ ဝူယွီလန် လက်မြှောက်အရှုံးပေးလိုက်ရသည်။

သူမသည် ဓားမြှောင်ကို ပြန်လည်သိမ်းဆည်းလိုက်ပြီး အစောင့်ခေါင်းဆောင်ကို လှမ်းကြည့်လိုက်၏။

“မင်းတို့ ဒီလောက်တောင် စိုးရိမ်နေမှတော့ မင်းတို့ဖာသာမင်းတို့ပဲ လုပ်လိုက်ကြပါလား”

အစောင့်ခေါင်းဆောင်မှာ ခေတ္တမျှတွန့်ဆုတ်သွားသော်လည်း သူ့သခင်လေး အသက်ရှင်ရေးအတွက် ဓားမြှောင်ကို ထုတ်ယူကာ ဒဏ်ရာအား ခွဲထုတ်လိုက်ရလေသည်။

ဓားမြှောင်က အရေပြားကို လှီးဖြတ်လိုက်သည်နှင့်တစ်ပြိုင်နက် ဒဏ်ရာထဲမှ မည်းနက်နေသောသွေးများ စိမ့်ထွက်လာလေသည်။

ဝူယွီလန်သည် သေးငယ်လှသောဒဏ်ရာကိုကြည့်ကာ နှုတ်ခမ်းမဲ့လိုက်သည်။

“ဒီလောက် ဒဏ်ရာသေးသေးပိစိလေးနဲ့ သွေးဘယ်လောက် ထုတ်နိုင်မှာလဲ၊ ပိုကြီးအောင် ခွဲလိုက်စမ်းပါ”

အစောင့်ခေါင်းဆောင်သည် မျက်စိစုံမှိတ်ကာ ဒဏ်ရာတစ်လျှောက် နောက်ထပ်တစ်ချက်ထပ်ခွဲလိုက်၏။

ဤတစ်ကြိမ်တွင်မူ ဒဏ်ရာမှာ လက်တစ်သစ်ခန့် ရှည်လျားသွားလေသည်။

မည်းနက်နေသော အဆိပ်သွေးများက ဆက်တိုက်ဆိုသလိုပန်းထွက်လာတော့၏။

“အဒေါ်၊ ကျေးဇူးပြုပြီး မြန်မြန်အပ်စိုက်ပေးပါ၊ ဒီလောက်သွေးထွက်နှုန်းနဲ့ဆိုရင် ကျွန်တော်တို့သခင်လေး နာရီဝက်တောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး”

ဝူယွီလန် ခေါင်းအနည်းငယ်ညိတ်ပြလိုက်ပြီး ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားသော အမျိုးသားထံသို့ ငွေအပ်များ ကိုင်ဆောင်လျက် လျှောက်သွားလိုက်သည်။

သူမသည် ဤအမျိုးသား၏သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်၏။

သေချာ စမ်းသပ်ကြည့်ပြီးနောက် ထိုအမျိုးသား၏ခန္ဓာကိုယ်အတွင်း၌ မြွေဆိပ်သာမက အခြားသော သေစေနိုင်သည့် နာတာရှည် အဆိပ်တစ်မျိုးမိထား ကြောင်း တွေ့လိုက်ရသည်။

သို့သော် အများကြီးသိနေခြင်းက သူမ အတွက် ကောင်းသောအရာမဟုတ်ပေ။

သူမသည် ထိုနာတာရှည်အဆိပ်မရှိသကဲ့သို့ ဟန်ဆောင်လိုက်ပြီး အမျိုးသား၏မျက်နှာသွင်ပြင်နှင့် အကိုက်ခံရသော ဒဏ်ရာကို တစ်ဖန်ပြန်လည် စစ်ဆေးကြည့်လိုက်၏။

ယခုအချိန်တွင် ထိုအမျိုးသားသည် သတိလွတ်လုနီးပါးဖြစ်နေပြီဖြစ်ပြီး တစ်စုံတစ်ယောက်က သူ့ခန္ဓာကိုယ်အား စစ်ဆေးနေသည်ကိုသာ သူ ခံစားသိရှိနိုင်တော့သည်။

“သူ့ကို ကယ်လို့ရသေးတယ်၊ အဝတ်အစားတွေချွတ်လိုက်၊ ပြီးရင် သူ့ကို မှောက်ခုံထားလိုက်၊ ငါ အဆိပ်ထုတ်ဖို့ အပ်စိုက်ရမယ်”

ထိုစကားကို ကြားသောအခါ အစောင့်ခေါင်းဆောင်သည် မြေကြီးပေါ်တွင် ဝတ်ရုံတစ်ထည်ကို ဖြန့်ခင်းလိုက်ပြီး အဆိပ်မိနေသော အမျိုးသား၏နားနားသို့ကပ်ကာ တောင်းပန်စကား ဆိုလိုက်၏။

“သခင်လေး၊ ရိုင်းစိုင်းမိသွားရင် ခွင့်လွှတ်ပါ၊ ဒါပေမဲ့ အခုလုပ်နေတာ သခင်လေးရဲ့အသက်ကို ကယ်ဖို့အတွက်ပါ”

ထို့နောက် သူသည် အမျိုးသား၏အဝတ်အစားများကို တစ်လွှာချင်းစီ ချွတ်လိုက်လေ၏။

သူက ချွတ်ရဲသော်လည်း ဝူယွီလန်ကတော့ သေချာပေါက်မကြည့်ရဲပေ။

“ဟေ့၊ နေဦး၊ အောက်ခံဘောင်းဘီကိုတော့ ချန်ထားခဲ့၊ ဘောင်းဘီခြေထောက်ကိုပဲ ဆုတ်ဖြဲပြီး ခေါက်တင်ထားလိုက်”

ထိုစကားကို ကြားသောအခါမှ အစောင့်ခေါင်းဆောင်လည်း သက်ပြင်းချနိုင်သွားသည်။

အားလုံးအဆင်သင့်ဖြစ်သွားသောအခါ အစောင့်ခေါင်းဆောင်သည် ဘေးတွင်ရပ်နေသော အခြားအစောင့်တစ်ဦးကို အဓိပ္ပာယ်ပါပါဖြင့် တစ်ချက်ကြည့်လိုက်၏။

ထိုအစောင့်က သဘောပေါက်သွားကာ အဆိပ်မိနေသော အမျိုးသား၏အရှေ့တွင် မားမားမတ်မတ် ရပ်ပြီး ဝူယွီလန်ကို တိတ်တဆိတ် စူးစိုက်ကြည့်နေလိုက်သည်။

“ဒါဆိုရင် ငါ အဆိပ်ထုတ်ဖို့ အပ်စိုက်တော့မယ်”

“အဒေါ်၊ ခင်ဗျားကိုပဲ အားကိုးရတော့မှာပဲ”

ဝူယွီလန် ခေါင်းညိတ်ပြလိုက်ပြီး ငွေအပ်များကို မီးဖြင့် အပူပေးကာ အပ်စိုက်ရမည့် နေရာများကို တစ်ခုချင်းစီ စိုက်သွင်းလေတော့သည်။

ဆေးပညာတတ်ကျွမ်းသော အစောင့်သည် ဝူယွီလန်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီး အချိန်မရွေး တားဆီးနိုင်ရန် အသင့်ပြင်ထားလေ၏။

မူလက သူသည် ကျေးလက်သူအမျိုးသမီးတစ်ဦး၏ဆေးပညာမှာ နိမ့်ပါးနေနိုင်ပြီး သူ့သခင်လေး၏ အခြေအနေအား ပိုမိုဆိုးရွားသွားစေမည်ကို အနည်းငယ် စိုးရိမ်နေခဲ့၏။

သို့သော် ဝူယွီလန်၏ချောမွေ့ပြီး အပြစ်အနာအဆာကင်းသော အပ်စိုက်ကုထုံးနည်းပညာကို မြင်လိုက်ရသောအခါ သူမ၏ဆေးပညာမှာ သူ့ထက် သာလွန်ကြောင်း ချက်ချင်းသဘောပေါက်သွားလေသည်။

ပထမပိုင်းတွင် သူသည် ထိုအပ်စိုက်ရမည့် နေရာများကိုနားလည်နိုင်ပြီး ဤသို့ အပ်စိုက်ရခြင်း၏ ရည်ရွယ်ချက်အား ခန့်မှန်းနိုင်သော်လည်း တဖြည်းဖြည်းနှင့် ဝူယွီလန် အချို့နေရာများအား အပ်စိုက်ရခြင်း၏ရည်ရွယ်ချက်ကို သူ နားမလည်နိုင်တော့ချေ။

သူ မကြောက်ဘူးဟု ပြောလျှင် ၎င်းမှာ လိမ်လည်ရာကျပေလိမ့်မည်။ သို့သော် သူတို့ ကယ်တင်ရန်မကြိုးစားလျှင်ပင် သူ့သခင်လေးသည် မည်သို့ပင်ဖြစ်စေ သေဆုံးသွားမည်သာဖြစ်သည်။

သူတို့တွင် ရွေးချယ်စရာ မရှိတော့ဘဲ သေနေသောမြင်းကို အရှင်ကဲ့သို့သဘောထားကာ ကုသရန်သာရှိတော့သည်။

အစောင့်များ၏အကြည့်များမှာ စူးရှပြင်းထန်လွန်းလှရာ ဝူယွီလန်အနေဖြင့် လျစ်လျူရှုထားချင်လျှင်ပင် မရနိုင်ခဲ့ပေ။

“စိတ်ချပါ၊ ဒီမြွေဆိပ်ကို ငါ ဖြေနိုင်ပါတယ်၊ မင်းတို့သခင်လေး ဘေးကင်းမှာပါ”

စကားပြောပြီးသည်နှင့် သူမသည် နောက်ဆုံးငွေအပ်ကို စိုက်သွင်းလိုက်၏။

အစောင့်များမှာ အသက်ရှူမှားမတတ် ဖြစ်နေကြပြီး အဆိပ်မိနေသော အမျိုးသား၏ဒဏ်ရာကို တိတ်တဆိတ် စူးစိုက်ကြည့်နေကြသည်။

သို့သော် အချိန်အတော်ကြာ စောင့်ဆိုင်းပြီးသော်လည်း အဆိပ်များ ထွက်မလာသည်ကို တွေ့ရသောအခါ...

“အဒေါ်၊ ဒါက... ဘာလို့ အဆိပ်တွေထွက်မလာရတာလဲ”

အစောင့်ခေါင်းဆောင်မှာ အနည်းငယ်စိုးရိမ်ပူပန်လာသည်။

“ခင်ဗျား... ခင်ဗျား အပ်စိုက်တာ နေရာမှားသွားလို့များလား”

All Chapters