အခန်း ၉၀
Vol. 9 Ch. 90
🍅 Chapter 90
“သေချာစောင့်ကြည့်နေလိုက်”
ဝူယွီလန်၏စကားသံအဆုံးတွင် ရုတ်တရက် ပြင်းထန်လှသော ချောင်းဆိုးသံကြီးတစ်ခု ထွက်ပေါ်လာလေသည်။
“အဟွတ်… အဟွတ်… အဟွတ်”
ဤချောင်းဆိုးသံမှာ အလွန်တရာပြင်းထန်လွန်းလှပြီး အဆုတ်ပင် အပြင်သို့ ထွက်ကျလာတော့မည့်အလား ထင်မှတ်ရပေသည်။
လူတိုင်း၏အာရုံစိုက်မှုများက ထိုနေရာသို့ ချက်ချင်းရောက်ရှိသွားကြသည်။
အဆိပ်မိနေသော အမျိုးသား၏ မျက်နှာမှာ စက္ကူတစ်ရွက်အလား ဖြူရော်နေပြီး သူ့နှုတ်ခမ်းများတွင် သွေးရောင် လုံးဝကင်းမဲ့နေ၏။
သူသည် တစ်ကိုယ်လုံး ပြင်းထန်စွာတုန်ယင်လာပြီးနောက် ရုတ်တရက် မည်းနက်နေသော သွေးများကို အန်ချလိုက်လေတော့သည်။
ဤမည်းနက်နေသောသွေးများ မြေကြီးပေါ်သို့ ပန်းထွက်သွားပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော သွေးကွက်အမည်းကြီးတစ်ကွက် ဖြစ်ပေါ်သွားလေသည်။
ထိုအချိန်မှာပင် အမျိုးသား၏ ပါးစပ်၊ နှာခေါင်းနှင့် နားများမှ မည်းနက်သောသွေးများ စိမ့်ထွက်လာပြီး စမ်းရေပေါက်တစ်ခုအလား တဟုန်ထိုး ပန်းထွက်လာတော့သည်။
၎င်းကိုမြင်သောအခါ အစောင့်များမှာ အလွန်အမင်း ထိတ်လန့်သွားကြပြီး ရှေ့သို့ပြေးဝင်လာကြလေသည်။
“သခင်လေး”
“သခင်လေး၊ ဘယ်လိုနေသေးလဲ၊ အဆင်ပြေရဲ့လား”
အဆိပ်မိနေသော အမျိုးသား၏သတိအာရုံမှာ အတော်လေး ဝေဝါးနေပြီဖြစ်သည်။
သူ့မျက်ခွံများမှာ ကတ်တီတစ်ထောင်ခန့် လေးလံနေသကဲ့သို့ ခံစားရပြီး မည်မျှပင် ကြိုးစားအားထုတ်စေကာမူ ဖွင့်၍မရနိုင်အောင် ဖြစ်နေလေ၏။
သူသည် အလွန်အမင်း ရုန်းကန်ကြိုးစားပြီးနောက် အချိန်အတော်ကြာမှသာ သူ့မျက်ခွံများကို အနည်းငယ် ဖွင့်နိုင်ခဲ့သည်။
သူတို့၏သခင်လေး နောက်ဆုံးတွင် မျက်လုံးပွင့်လာသည်ကို မြင်လိုက်ရသောအခါ အစောင့်များ၏မျက်ဝန်းများအတွင်း၌ ဝမ်းသာပျော်ရွှင်မှု အရိပ်အယောင်လေးများ လျှပ်တစ်ပြက် ဖြတ်သန်းသွားလေသည်။
“သခင်လေး၊ နောက်ဆုံးတော့ သတိရလာပြီပဲ”
အဆိပ်မိနေသောအမျိုးသား၏ အကြည့်များက တဖြည်းဖြည်းချင်း ရွေ့လျားသွားပြီး နောက်ဆုံးတွင် ငွေအပ်များကို ပြန်လည်သိမ်းဆည်းနေသော ဝူယွီလန်ထံသို့ ရောက်ရှိသွားလေ၏။
သူသည် ဝူယွီလန်ကိုစိုက်ကြည့်ကာ အားပျော့လှသောလေသံဖြင့် မေးမြန်းလိုက်သည်။
“ကျွန်တော့်ရဲ့ မြွေအဆိပ်ကို ဖြေပေးခဲ့တာ... ခင်ဗျားလား”
ဝူယွီလန် ခေါင်းကို ညင်သာစွာခါယမ်းပြလိုက်သည်။
“ငါက အပ်စိုက်ကုထုံးကို သုံးပြီး အဆိပ်တချို့ကိုပဲ အပြင်ထုတ်ပေးလိုက်တာပါ၊
မြွေအဆိပ်ကို အပြည့်အဝဖြေပေးလိုက်နိုင်တာတော့ မဟုတ်သေးဘူး”
သို့သော် ဤအခိုက်အတန့်တွင် သူမ၏စိတ်အာရုံထဲ၌ စက်ရုပ်ဆန်ဆန်အသံတစ်ခု ထွက်ပေါ်လာလေသည်။
[Hostသည် အဆိပ်မိနေသောအမျိုးသားအား ကယ်တင်ခဲ့ကြောင်း တွေ့ရှိရပါသည်၊ ဆုကြေးငွေအဖြစ် ကုန်တိုက်ငွေကြေး ၂၀,၀၀၀ ရရှိပါသည်]
‘အင်း…. စနစ်ကုန်တိုက်ရဲ့ အကဲဖြတ်ချက်အရဆိုရင် သူက လူကောင်းတစ်ယောက်ပဲ'
ငွေအပ်များကို သိမ်းဆည်းပြီးနောက် သူမသည် မြွေအဆိပ်ကို ကုသရာတွင် အသုံးပြုနိုင်သော ဆေးဖက်ဝင်အပင်များ ရှာဖွေရန် သူမ ခြင်းတောင်းထဲတွင် မွှေနှောက်ရှာဖွေလိုက်၏။
“ဒီမြွေအဆိပ် လုံးဝပျောက်ကင်းချင်တယ်ဆိုရင် ဒီဆေးပင်တွေကိုယူသွားပြီး ကျိုသောက်ရမယ်၊ ဆယ်ရက်တိတိ အဲဒီဆေးရည်ကို သောက်ပေးရမယ်”
အစောင့်က အလျင်အမြန်လှမ်းယူလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ် အဒေါ်”
ဝူယွီလန် ခေါင်းညိတ်ပြလိုက်၏။
ဤအမျိုးသား အလွန်အမင်းအားနည်းနေသည်ကို မြင်သောအခါ သူမသည် ရေဘူးကိုထုတ်ယူကာ ရေဘူးအဖုံးထဲသို့ ဝိညာဉ်စမ်းရေအနည်းငယ် ငဲ့ထည့်လိုက်သည်။
ထို့နောက် ကျပန်းဆေးပင်အချို့ကို ရှာဖွေကာ ၎င်းတို့ထံမှ အရည်အနည်းငယ်ကို ညှစ်ထုတ်ပြီး ဝိညာဉ်စမ်းရေထဲသို့ ရောထည့်လိုက်၏။
ဤသို့ပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဝိညာဉ်စမ်းရေကို အခြားသူများ မရိပ်မိစေရန် ဖုံးကွယ်ထားလိုသောကြောင့်သာဖြစ်သည်။
“ဒီဆေးရည်ကို သောက်လိုက်ပါ၊ ခန္ဓာကိုယ် ပြန်လည်နာလန်ထူနိုင်ဖို့ နည်းနည်း အထောက်အကူဖြစ်လိမ့်မယ်”
ဝူယွီလန်၏ဆေးပညာစွမ်းရည်ကို မြင်တွေ့ခဲ့ရပြီး သခင်လေးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပြီးနောက် အစောင့်များ၏ရင်ထဲတွင် မည်သည့်သံသယမျှမရှိတော့ချေ။
“ကျေးဇူးအများကြီးတင်ပါတယ် အဒေါ်”
သူက လက်လှမ်းယူကာ သူ့သခင်လေးကို တိုက်ကျွေးလိုက်သည်။
အကယ်၍ သူမသာ သူ့ကို သတ်ချင်ပါက ဝူယွီလန်အတွက် အခွင့်အရေးများစွာ ရှိနေကြောင်း အမျိုးသားကိုယ်တိုင်လည်း ကောင်းကောင်း နားလည်ထားသဖြင့် သူမ ပေးသော ဆေးရည်ကို တိုက်ရိုက်ပင်သောက်သုံးလိုက်လေသည်။
စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှုကြောင့်လော မသိ၊ ဆေးရည်သောက်ပြီးနောက် သူ့နှလုံးသွေးကြောများအတွင်း၌ မှေးမှိန်သော နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရပြီး ထုံကျင်နေသော ခြေလက်များမှာလည်း တဖြည်းဖြည်းအာရုံခံစားမှုများ ပြန်လည်ရရှိလာလေသည်။
အချိန်အနည်းငယ်ကြာပြီးနောက် သူသည် ထိုင်၍ပင်ရနေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
ထိုမျှသာမက သူ့ နှလုံးခုန်နှုန်းမှာ ယခင်ကထက်ပင် ပိုမိုတည်ငြိမ်လာသကဲ့သို့ ခံစားရလေ၏။
သူသည် လက်နှစ်ဖက်ကိုယှက်ကာ ဝူယွီလန်ကို အနည်းငယ်ခါးကိုင်းလျှက် အရိုအသေပေးလိုက်၏။
“အသက်ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် အဒေါ်”
ဝူယွီလန် လက်ဝှေ့ယမ်းပြလိုက်သည်။
“ကျေးဇူးတင်စရာ မလိုပါဘူး၊ အဆင်ပြေမယ်ဆိုရင် ဆေးဖိုးလေးအနည်းကျဉ်း ပေးခဲ့လို့ရပါတယ်”
အမျိုးသားသည် ဝူယွီလန်၏ဝတ်စားဆင်ယင်မှုကိုကြည့်ကာ သူမ၏ဘဝအခြေအနေမှာ သိပ်ပြေလည်မည်မဟုတ်ကြောင်း ခန့်မှန်းမိလိုက်သည်။
သူသည် လက်ကို ဆန့်တန်းလိုက်လေ၏။
“ချင်းဖုန်း”
ထိုအသံကို ကြားသောအခါ ချင်းဖုန်းသည် ငွေအိတ်တစ်အိတ်ကို အလျင်အမြန်ထုတ်ယူကာ သူ့သခင်လေးထံ ကမ်းပေးလိုက်သည်။
အမျိုးသားက မျက်မှောင်ကြုတ်လိုက်ပြီး သူ့လက်ကို ဆက်လက် ဆန့်တန်းထားဆဲပင်။
ချင်းဖုန်းသည် သူ့နဖူးပေါ်မှ ချွေးအေးများကို သုတ်ကာ သူ့ ရင်ခွင်ထဲတွင် မွှေနှောက်ရှာဖွေပြီး ငွေစက္ကူအနည်းငယ်ကိုပါ ထုတ်ယူလိုက်သည်။
“သခင်လေး၊ ကျွန်တော်တို့ အလျင်စလိုထွက်လာရတော့ ကျွန်တော့်ဆီမှာ ငွေအများကြီးမပါလာဘူး”
အမျိုးသားက မျက်ခုံးတစ်ဖက်ပင့်တင်လိုက်ပြီး အခြားအစောင့်များဘက်သို့ လှည့်ကြည့်လိုက်သည်။
၎င်းကိုမြင်သောအခါ အခြားအစောင့်များမှာ သူတို့၏ခါးမှ ငွေအိတ်များကို အလျင်အမြန်ဖြုတ်ပေးကြလေသည်။
အမျိုးသားသည် ငွေအိတ်အမြောက်အမြားနှင့် ငွေစက္ကူအနည်းငယ်ကို ကိုင်ဆောင်ကာ ဝူယွီလန်ထံ ကမ်းပေးလိုက်၏။
“အဒေါ်၊ ဒါကို ကျွန်တော့်ရဲ့ဆေးဖိုးအဖြစ် သတ်မှတ်ပေးပါ၊ ဒီလောက်ဆို လုံလောက်ရဲ့လား”
သူ့အမြင်အရဆိုလျှင် သူ့အသက်ကို ကယ်တင်ပေးခြင်းမှာ မည်သည့် ဆေးဖိုးဝါးခနှင့်မျှ တန်ဖိုးဖြတ်၍မရနိုင်လောက်အောင် ကြီးမားလှပေသည်။
ဝူယွီလန်သည် ငွေအိတ်များနှင့် ငွေစက္ကူများကို ကြည့်ကာ အလွန်အမင်းဝမ်းသာပျော်ရွှင်သွားလေသည်။
“လောက်တယ်၊ လောက်ပါတယ်”
သူမသည် ချက်ချင်းလှမ်းယူလိုက်ပြီး လူတိုင်းရှေ့တွင်ပင် ငွေအိတ်များအား ဖွင့်ကာ အတွင်းရှိ ငွေများကို သွင်ချလိုက်ပြီးနောက် ငွေအိတ်များကို သူတို့ထံ ပြန်ပေးလိုက်၏။
ရေတွက်ကြည့်ရာ စုစုပေါင်း ငွေအချောင်း နှစ်ရာ့ဆယ့်ခုနစ်ချောင်း ရှိလေသည်။
‘ဒီတစ်ခေါက် တောင်ပေါ်တက်ရတာ တကယ့်ကို တန်တာပဲ’ ဟု သူမ ရင်ထဲမှ အော်ဟစ် ခုန်ပေါက်နေမိလေတော့သည်။
အမျိုးသားသည် ဝူယွီလန်၏မျက်နှာအမူအရာကို သေချာအကဲခတ်ကြည့်လိုက်၏။
ဤမျှလောက်များပြားသော ငွေကြေးများကို မြင်တွေ့ရသော်လည်း သူမ၏မျက်ဝန်းများအတွင်း၌ လောဘရမ္မက်အရိပ်အယောင် အနည်းငယ်မျှပင်မရှိကြောင်း၊
သူမ အကြည့်များမှာလည်း လုံးဝကိုပွင့်လင်းရိုးသားနေကြောင်း တွေ့ရှိလိုက်ရသည်။
သူ အနည်းငယ် စဉ်းစားတွေးတောလိုက်ပြီးနောက် ဝူယွီလန်သည် သာမန် ကျေးလက်သူအမျိုးသမီးတစ်ဦး လုံးဝမဖြစ်နိုင်ကြောင်း စိတ်ထဲတွင် ခန့်မှန်းမိလိုက်သည်။
သာမန်ကျေးလက်အမျိုးသမီးတစ်ဦးသာ ဤမျှလောက်များပြားသောငွေကြေးများကို မြင်တွေ့ရပါက ရူးသွပ်မတတ် ပျော်ရွှင်သွားမည်မှာ သေချာလှပေသည်။
‘ဒါပေမဲ့...’
သူ့အကြည့်များက ဝူယွီလန်၏လက်ဖဝါးများဆီသို့ ရောက်ရှိသွားသည်။
လယ်ယာလုပ်ငန်းခွင်၌ အချိန်ကြာမြင့်စွာ အလုပ်လုပ်ကိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသောအသားမာများကမူ တကယ်ပင် ရှိနေခဲ့သည်။
‘ဒါမှမဟုတ်...’
ဆေးပင်များအပြည့်ပါသော ခြင်းတောင်းကို မြင်လိုက်ရသောအခါ အမျိုးသား၏မျက်ဝန်းများ ပိုမိုနက်ရှိုင်းသွားလေသည်။
‘သူမက ငါ အချိန်အတော်ကြာတဲ့အထိ ရှာဖွေနေခဲ့တဲ့ ဆေးဘုရင်တောင်ကြားက လူများဖြစ်နေမလား'
အကယ်၍ သူမသာ ဆေးဘုရင်တောင်ကြားမှ လူဖြစ်နေမည်ဆိုပါက သူ သေချာပေါက် ကယ်တင်ခံရနိုင်ခြေရှိပေသည်။
“အဒေါ်၊ ကျွန်တော့်နာမည်က ချန်ကျွင်းပါ၊ မြို့တော်ကနေ လာခဲ့တာပါ၊
ဒီနေရာကို ဆေးပင်တွေရှာဖို့အတွက် ရောက်လာခဲ့တာ၊ တစ်ခုလောက်မေးပါရစေ၊ ခင်ဗျားက ဒီအနီးအနားပတ်ချာလည် ရွာကပဲလား”
ခိုးကြောင်ခိုးဝှက် စုံစမ်းမေးမြန်းနေခြင်းက တစ်ဖက်လူအမြင်တွင် ပိုပြီးရွံရှာစရာကောင်းစေနိုင်သဖြင့် သူ တိုက်ရိုက်ပင် ပွင့်ပွင့်လင်းလင်း မေးမြန်းလိုက်လေသည်။