သူက သေချာပေါက် ငါ့မှတ်ဉာဏ်ထဲက အကြီးဆုံး စီနီယာ အစ်ကို မဟုတ်ဘူး
Vol. 1 Ch. 3
ညဉ့်ဦးယံအချိန်သည် ကောင်းကင်ယံတစ်ခွင်ကို လွှမ်းခြုံထားပြီး တောက်ပသော လမင်းကြီးသည် အထက် ကောင်းကင်၌ မြင့်မားစွာ သာလွန်ထွန်းပလျက် ရှိနေသည်။
ကျန်းလျန်ယွဲ့သည် သူမ၏ မျက်ခုံးအစုံကို ပြင်းထန်လှသော ရွံရှာမုန်းတီးမှုများဖြင့် တွန့်ချိုးလျက် မိမိ၏ နေထိုင်ရာ အဆောင်ဆီသို့ တစ်ကိုယ်တည်း ပြန်လာခဲ့၏။
သူမတစ်သက်တွင် ဤမျှလောက် အရှက်ကင်းမဲ့သောလူကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
သူမအနေဖြင့် ကျိုးယန်ဂိုဏ်းသို့ အသစ်ဝင်ရောက်လာကာစ ဖြစ်နေခြင်းနှင့် ဆရာသခင်၏ သူ့အပေါ်ထားရှိသော ကရုဏာတရားတို့ကို ထောက်ထားခြင်းကြောင့်သာ မဟုတ်လျှင် ယနေ့ ကျန်းချန် ထိုသို့ ရိုင်းစိုင်းစော်ကားသော စကားများ ဆိုလာခဲ့စဉ်ကတည်းက သူမကိုယ်တိုင် လက်ပါမိပြီး ဖြစ်ပေလိမ့်မည်။
မိမိ၏ အဆောင်အတွင်းရှိ ပစ္စည်းများကို လိုက်လံရှာဖွေကြည့်ပြီးနောက်တွင်မူ ကျန်းလျန်ယွဲ့၏ ရွံရှာမုန်းတီးမှုတို့က ပိုမို နက်ရှိုင်းသွားခဲ့ရသည်။
ထင်သည့်အတိုင်းပင်... ပစ္စည်းအချို့ ပျောက်ဆုံးနေလေပြီ။
သူမ၏ အတွင်းခံအဝတ်အစား အသုံးအဆောင်ပစ္စည်းအချို့သည် အမှန်တကယ်ပင် ပျောက်နေလေသည်။
ကျန်းချန်၌ အနည်းငယ်မျှသော အသိတရား လက်ကျန်ရှိပါသေးစေ၊ သူ၏ စော်ကားသော စကားများသည်လည်း သက်သက် လျှောက်ပြောခြင်းသာ ဖြစ်ပါစေဟု သူမ မျှော်လင့်ခဲ့မိသော်လည်း ... အဆုံးသတ်တွင်မူ သူက သူမ၏ အတွင်းခံအဝတ်အစားများကိုပါ အမှန်တကယ် ခိုးယူသွားခဲ့လေသည်။
ကျန်းချန်သည် သူမ၏ အတွင်းခံ အဝတ်အစားများကို ကိုင်စွဲကာ မည်ကဲ့သို့သော ရွံရှာဖွယ်အပြုအမူမျိုး ပြုလုပ်နေမည်ကို တွေးမိရုံမျှဖြင့်တင် ကျန်းလျန်ယွဲ့သည် မအီမသာ ဖြစ်လာကာ တစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်း ထလျက် အော့အန်ချင်စိတ်များပင် ပြင်းထန်စွာ တိုးဝှေ့လာခဲ့ရသည်။
“အားးးးး”
ကျန်းလျန်ယွဲ့တစ်ယောက် ရူးသွပ်လုနီးပါး ဖြစ်သွားရလေပြီ။
သူမ၏ တစ်သက်တာတွင် ဤမျှလောက်အထိ အရှက်တကွဲ အကျိုးနည်းဖြစ်ရသည့် အရှက်ခွဲခြင်းမျိုးကို မည်သည့်အခါက ကြုံတွေ့ခဲ့ဖူးပါသနည်း။
ဤအခိုက်အတန့်တွင် သူမ၌ ကျန်းချန်ကို အပိုင်းပိုင်းအပြတ်ပြတ် သတ်ဖြတ်ပစ်ချင်သည့် စိတ်ဆန္ဒများပင် တဖွားဖွား ပေါ်ပေါက်လာခဲ့ရသည်။
အချိန်အတော်ကြာ စိတ်ကို ထိန်းချုပ်လိုက်ပြီးမှသာ သူမသည် တဖြည်းဖြည်း ပြန်လည် တည်ငြိမ်သွားခဲ့တော့၏။
သူမသည် ဧကရီတစ်ပါး ဖြစ်လာမည့် ပါရမီထူးနှင့် ကံကြမ္မာကို မွေးရာပါ ပိုင်ဆိုင်ထားသူ ဖြစ်ပေရာ ဤကဲ့သို့သော အောက်တန်းကျလှသည့် ကိစ္စရပ်များကြောင့် မိမိ၏ စိတ်တည်ငြိမ်မှုကို ပျက်ပြားခွင့် ပြုလိုက်မည်ဆိုပါက အရှုံးတစ်ခုသာ ဖြစ်ပေလိမ့်မည်။
“နောက်တစ်ကြိမ်သာ ရှိဦးမယ်ဆိုရင် နင့်ရဲ့ မျက်လုံးတွေကို ငါ ကိုယ်တိုင် ဖောက်ထုတ်ပစ်မယ်”
ကျန်းလျန်ယွဲ့သည် စိတ်ထဲမှနေ၍ ပြတ်ပြတ်သားသား သန္နိဋ္ဌာန်ချလိုက်လေသည်။
သူမသည် စိတ်အာရုံကို စုစည်းလိုက်ရင်း ကျင့်စဉ်ကို စတင်ကျင့်ကြံရန် ပြင်လိုက်၏။
သို့သော် မကြာမီမှာပင် ကျန်းလျန်ယွဲ့သည် တစ်ခုခု မှားယွင်းနေကြောင်းကို ရိပ်မိလိုက်သည်။
သူမအနေဖြင့် ကျင့်စဉ်ကို စတင်၍ မလည်ပတ်ရသေးသော်လည်း အခန်းတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင် များသည် သူမထံသို့ အလိုအလျောက် စုစည်းရောက်ရှိလာနေသောကြောင့် ဖြစ်ပေသည်။
သူမသည် အခြေအနေကို စစ်ဆေးရန် မျက်ဝန်းများကို ဖွင့်ကြည့်ချင်သော်လည်း ရုတ်ချည်းပင် မိမိ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ စိုးစဉ်းမျှ လှုပ်ရှား၍ မရတော့ချေ။
ဤကဲ့သို့ ထူးဆန်းဆန်းပြားလှသော အခြေအနေကြောင့် ကျန်းလျန်ယွဲ့၏ စိတ်ထဲ၌ ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက် သွားရလေသည်။
သူမသည် မသိစိတ်မှနေ၍ ကျန်းချန်တစ်ယောက် အခန်းထဲသို့ ထပ်မံခိုးဝင်လာပြီး သူမအပေါ် တစ်ခုခု မကောင်း ကြံစည် လှည့်စားထားခြင်းများလားဟု အလိုလို တွေးမိလိုက်သည်။
သို့သော် ဤအတွေးကိုမူ ချက်ချင်းပင် ပြန်လည်ပယ်ဖျက်လိုက်မိ၏။
ယနေ့တွင် ကျန်းချန်၏ မူလအမြုတေသည် ဖျက်ဆီးခြင်း ခံလိုက်ရပြီး ဖြစ်ရာ သူ၏ ကျင့်စဉ်အဆင့်သည်လည်း လေးဆင့် နိမ့်ကျသွားခဲ့ပြီ ဖြစ်သည်။
ဤမျှ ပြင်းထန်သော ဒဏ်ရာမျိုးနှင့်ဆိုလျှင် အနည်းဆုံး ဆယ်ရက်မှ လဝက်ခန့်အထိ အိပ်ရာထဲလဲ၍ အနားယူရမည် ဖြစ်ပြီး လမ်းပင် ကောင်းကောင်း လျှောက်နိုင်ဦးမည် မဟုတ်ချေ။
ထို့အပြင် သူမ၏ ခန္ဓာကိုယ်နှင့် စိတ်အာရုံ ဆက်သွယ်မှုကို ဖြတ်တောက်နိုင်လောက်သည့် အစွမ်းမျိုးမှာ အဆင့် လေးဆင့် ကျဆင်းနေသော ကျင့်ကြံသူတစ်ဦး အတတ်နိုင်ဆုံး လုပ်ဆောင်နိုင်မည့် အရာမျိုး ဧကန်မုချ မဟုတ်ပါ တကား။
ကျန်းချန်အတွက် ကလဲ့စားချေရန် ကျန်းမိသားစုမှ တစ်ဦးတစ်ယောက်က ဂိုဏ်းအတွင်းသို့ တိတ်တဆိတ် ထိုးဖောက် ဝင်ရောက်လာခြင်းများလားဟု ကျန်းလျန်ယွဲ့ သံသယဝင်နေစဉ်မှာပင် သူမ၏ အသိစိတ် ပင်လယ် အတွင်း၌ စူးရှတောက်ပလွန်းသော အလင်းတန်းတစ်ခု ဝုန်းခနဲ ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။
ထိုအလင်းတန်း ပြယ်လွင့်သွားသောအခါ ကျန်းလျန်ယွဲ့သည် မိမိကိုယ်ကိုယ် ဟင်းလင်းပြင်တစ်ခုထဲတွင် ရောက်ရှိ နေကြောင်း တွေ့လိုက်ရပြီး သူမ၏ အောက်ဘက်တွင်မူ မသေမျိုးမြူခိုးများနှင့် ကြိုးကြာငှက်များ ဝဲပျံနေသည့် ကျိုးယန်ဂိုဏ်းကြီး တည်ရှိနေသည်ကို မြင်တွေ့လိုက်ရ၏။
“ဘာတွေ ဖြစ်နေတာလဲ”
သူမတစ်ယောက် ဝေခွဲမရဘဲ စိတ်ရှုပ်ထွေးသွားရသည်။
ထိုအခိုက်အတန့်တွင်ပင် သူမ၏ မျက်စိရှေ့၌ ထူထပ်လှသော ရွှေရောင်လိုင်းတန်းများ ပေါ်ပေါက်လာခဲ့ပြီး ၎င်းတို့သည် တစ်ခုနှင့်တစ်ခု စုဆုံယှက်နွယ်လျက် စာလုံးကြီး သုံးလုံးအဖြစ် ပုံပေါ်ထင်ရှားလာခဲ့လေတော့သည်။
[ပထမမြောက်ဘဝ]
“ပထမမြောက်ဘဝ၊ ဒါက ဘာကို ဆိုလိုတာလဲ”
ကျန်းလျန်ယွဲ့သည် ပို၍ပင် ဝေခွဲမရဘဲ စိတ်ရှုပ်ထွေးသွားရပြန်သည်။
ရုတ်ချည်းဆိုသလိုပင် မြင်ကွင်းသည် တုန်ခါပြောင်းလဲသွားခဲ့ပြီး သူမသည် ကျိုးယန်ဂိုဏ်း နဝမတောင်ထိပ်၏ ပင်မခန်းမ အတွင်းသို့ ဟင်းလင်းပြင်ထဲမှနေ၍ အလိုလို ရောက်ရှိသွားခဲ့တော့သည်။
ခန်းမအတွင်း၌ တပည့်များဖြင့် ပြည့်နှက်နေပြီး အကြီးအကဲများ၏ မျက်နှာထက်တွင်လည်း အပြုံးပန်းများ ဆင်ယင်ထားကြ၏။ အထက်ခုံအလယ်တွင် ထိုင်နေသော ရှောင်ဟုန်ယီသည်လည်း ပန်းတစ်ပွင့် အလား ဝင်းပစွာ ပြုံးရွှင်နေလေသည်။
ခန်းမ၏ ဗဟိုချက်မတည့်တည့်တွင်မူ ကျန်းလျန်ယွဲ့သည် မိမိကိုယ်ကိုယ် ပြန်လည်မြင်တွေ့လိုက်ရသည်။
ထိုစဉ်က သူမသည် စိတ်ဝိညာဉ် လက်ဖက်ရည် တစ်ခွက်ကို ကိုင်စွဲလျက် ရှောင်ဟုန်ယီ၏ ရှေ့မှောက်၌ ဒူးထောက် နေပြီး သူမ၏ မျက်နှာအမူအရာမှာ ယခင်အတိုင်းပင် အေးစက်တည်ငြိမ်လှ၏။
“လျန်ယွဲ့၊ ဆရာသခင်ကို ဂါရဝပြုပါတယ်”
“ကောင်းတယ်၊ ကောင်းတယ်၊ လျန်ယွဲ့၊ ဒီနေ့ကစပြီး မင်းက ငါ ရှောင်ဟုန်ယီရဲ့ တပည့် ဖြစ်သွားပြီ၊ မင်းမှာ ဧကရီတစ်ပါး ဖြစ်လာမယ့် ပါရမီထူးတွေ ရှိနေပေမဲ့ မင်းရဲ့ စိတ်နေသဘောထားက အေးစက်လွန်းတယ်၊ နောင်ကို မင်းရဲ့ စီနီယာ အစ်ကိုတွေနဲ့ ဆက်ဆံရေးကောင်းအောင် တည်ဆောက်ရမယ်၊ ပြီးတော့ ကျင့်စဉ်နဲ့ပတ်သက်ပြီး မရှင်းလင်းတာ ရှိရင်လဲ မင်းရဲ့ အကြီးဆုံး စီနီယာအစ်ကိုကို မေးမြန်းနိုင်တယ်”
“အကြီးဆုံးစီနီယာအစ်ကိုလား”
“ဟုတ်တယ်၊ နဝမတောင်ထိပ်ရဲ့ အကြီးဆုံး စီနီယာအစ်ကိုပေါ့၊ သူက မင်းလောက် ပါရမီ မကောင်းပင်မယ့် သူလဲ လူတစ်သောင်းထဲကမှ တစ်ယောက်ဆိုသလို ရှားပါးပါရမီရှင်ဖြစ်ပြီး သူ့ရဲ့ ကျင့်စဉ်အဆင့်ကလဲ မင်းရဲ့ အထက်မှာ ရှိနေသေးတယ်”
“လျန်ယွဲ့ မှတ်သားထားပါ့မယ်”
*ဒါ... ဒါက ငါ ဂိုဏ်းဝင်ပြီး ဆရာတင်ခဲ့တုန်းက မြင်ကွင်းပဲ မဟုတ်လား*
ဟင်းလင်းပြင်ထဲတွင် ရှိနေသော ကျန်းလျန်ယွဲ့တစ်ယောက် ထိတ်လန့်အံ့အားသင့်သွားရသည်။
သူမသည် ထိုနေ့က ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများကို အထင်အရှား မှတ်မိနေဆဲဖြစ်ရာ ထို့နောက်တွင် မည်သည့်အရာများ ဆက်လက်ဖြစ်ပျက်ခဲ့သည်ကိုလည်း အလိုလို ပြန်လည်တွေးမိသွားခဲ့လေတော့သည်။
ထိုစဉ်က ဤဖြစ်ရပ်များ ဖြစ်ပျက်ပြီးသည်နှင့်တစ်ပြိုင်နက် ကျန်းချန် ချက်ချင်း ပေါ်ပေါက်လာခဲ့ကြောင်းကို သူမ အထင်အရှား မှတ်မိနေသေးသည်။
ကျန်းချန်သည် သူမအပေါ် နှုတ်အမူအရာဖြင့် ရိုင်းစိုင်းစော်ကားခဲ့ရုံတင်မကဘဲ သူ၏ ကလေကချေဆန်သော မျက်ဝန်းများဖြင့်ပါ သူမ၏ တစ်ကိုယ်လုံးကို အထက်အောက် အကဲခတ် လိုက်လံကြည့်ရှုခဲ့သေးသည်လေ။
၎င်းသည် သူတို့နှစ်ဦး၏ ပထမဦးဆုံးအကြိမ် တွေ့ဆုံခြင်းပင် ဖြစ်သည်။
ထိုပထမဆုံးအကြိမ် တွေ့ဆုံမှုကတည်းကပင် ကျန်းလျန်ယွဲ့သည် သူမ၏ အကြီးဆုံး စီနီယာ အစ်ကိုကြီးဆိုသူမှာ ဘာသာစကားဖြင့် ဖော်ပြ၍မရလောက်အောင်ပင် အရှက်ကင်းမဲ့လှသော ကလေကချေ တစ်ဦးဖြစ်ကြောင်း အသေအချာ ကောက်ချက်ချနိုင်ခဲ့ခြင်း ဖြစ်၏။
“ဆရာသခင် စိတ်ချပါ၊ ဂျူနီယာ ညီမလေးက ဆရာ့ကို ဆရာအဖြစ် တင်မြှောက်ခဲ့ပြီးပြီဆိုမှတော့ သူမဟာ ကျွန်တော့်ရဲ့ ညီမအရင်းလေးလိုပါပဲ။ ကျွန်တော်တို့ စီနီယာနဲ့ ဂျူနီယာ မောင်နှမနှစ်ယောက် နဝမတောင်ထိပ်ကြီး ပိုမို အင်အား တောင့်တင်း လာအောင်နဲ့ ကျိုးယန်ဂိုဏ်းရဲ့ ဖြောင့်မတ်မှန်ကန်တဲ့ လမ်းစဉ်ကို ကာကွယ် စောင့်ရှောက်နိုင်အောင် လက်တွဲပြီး ကြိုးပမ်းသွားပါ့မယ်”
အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ပေါ်ပေါက်လာခဲ့ပြီး သူသည် သူမ၏ ပုံရိပ်ကို ထူပေးရန် အတွက် လက်ကို ကမ်းပေးလိုက်လေသည်။
ထိုသူကား အခြားသူမဟုတ်၊ ကျန်းချန်ပင်။
သူ့ကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ဟင်းလင်းပြင်ထဲရှိ ကျန်းလျန်ယွဲ့သည် ချက်ချင်းပင် မျက်ခုံးအစုံကို တွန့်ချိုးလိုက်မိပြီး စိတ်ထဲမှနေ၍ ပြင်းထန်လှသော ရွံရှာမုန်းတီးမှုကို ခံစားလိုက်ရသည်။
သို့သော် မကြာမီမှာပင် သူမသည် တစ်ခုခု လွဲမှားနေကြောင်း သတိပြုမိသွားခဲ့ပြန်၏။
ကျင့်ကြံသူများသည် အလွန်ကောင်းမွန်သော မှတ်ဉာဏ်ကို ပိုင်ဆိုင်ထားကြသဖြင့် သေးငယ်သည့် အသေးစိတ် အချက်အလက်များကို မှားယွင်း မှတ်မိလေ့မရှိကြချေ။ ထိုနေ့က ကျန်းချန်သည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင် ထားခဲ့ကြောင်း သူမ အသေအချာ မှတ်မိနေသော်လည်း ယခု မြင်တွေ့နေရသည့် မြင်ကွင်း၌မူ သူက အဖြူရောင် ဝတ်စုံကို ဆင်ယင်ထားလေသည်။
ထိုနေ့က ကျန်းချန်သည် တပ်မက်စိတ် အပြည့်ရှိသော မျက်နှာအမူအရာဖြင့် ရိုင်းစိုင်းစော်ကားသော စကားများကို ဆိုခဲ့ကြောင်း သူမ အသေအချာ မှတ်မိနေသေးသည်။
သို့သော် ယခုမူ...
အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ကျန်းချန်သည် ဖော်ရွေသော အပြုံးတစ်ခုကို ဆင်ယင်ထားပြီး သူ၏ မျက်ဝန်း များမှာလည်း အပြစ်ကင်းစင်ကာ အပြုအမူတိုင်းမှာ အိမ်နီးနားချင်းမှ အစ်ကိုကြီးတစ်ယောက်ကဲ့သို့ နွေးထွေးမှုနှင့် ရင်းနှီးမှုကို ပေးစွမ်းနိုင်လောက်ပေသည်။
“ညီမအရင်းလို ဟုတ်လား၊ ကျွန်မက တစ်ယောက်တည်း နေသားကျနေတာမို့ စီနီယာအစ်ကိုအနေနဲ့ အလုပ်ရှုပ် ခံနေဖို့ မလိုပါဘူး”
မြင်ကွင်းထဲတွင်မူ ကျန်းလျန်ယွဲ့သည် အေးစက်သော အမူအရာဖြင့် အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ကျန်းချန်၏ ကမ်းလှမ်းလာသော လက်ကို ပုတ်ထုတ်ပစ်လိုက်လေသည်။
“ဂျူနီယာ ညီမလေး အဲလိုမပြောပါနဲ့၊ ငါက မင်းရဲ့ အကြီးဆုံး စီနီယာအစ်ကို ဖြစ်နေမှတော့ မင်းကို စောင့်ရှောက် ပေးဖို့က ငါ့ရဲ့ တာဝန်ပဲလေ”
အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ကျန်းချန်သည် ယခင်အတိုင်းပင် ပြုံးလျက် ရှိနေဆဲ ဖြစ်သည်။
“စောင့်ရှောက်မယ် ဟုတ်လား၊ ရှင်ကလား”
ကျန်းလျန်ယွဲ့က အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“ကျွန်မကျင့်တဲ့ ကျင့်စဉ်ကြောင့် ရံဖန်ရံခါမှာ အေးခဲ အဆိပ်ဒဏ်ကို ခံစားရတတ်ပြီး အဲဒါကို နှိပ်နင်းဖို့ ပဉ္စ မအဆင့်ရှိတဲ့ မီးဓာတ် သန့်စင်ဆေးလုံး လိုအပ်တယ်။ စီနီယာအစ်ကိုအနေနဲ့ ကျွန်မကို တချို့တစ်လေ ပေးနိုင်မလား”
“ဒါက...”
အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ကျန်းချန်သည် အံ့အားသင့်သွားရပြီး ခေါင်းကို ကုတ်ကာ ပြောလိုက်သည်။
“ငါက ဆေးလုံးဖော်စပ်တဲ့ နေရာမှာ ကျွမ်းကျင်မှု မရှိပေမဲ့ ဂျူနီယာညီမလေးအတွက် ဆေးလုံးတောင်ထိပ်ကို သွားပြီး ရှာဖွေပေးနိုင်ပါတယ်”
“ရှင့်ရဲ့ စောင့်ရှောက်မှုဆိုတာ သူတစ်ပါးရဲ့ ပစ္စည်းတွေကို ယူပြီး ကျွန်မကို လာပေးတာကို ပြောတာလား”
ကျန်းလျန်ယွဲ့က ခနဲ့တဲ့တဲ့ ပြန်လည်ချေပလိုက်သည်။
ထိုအခါ အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ကျန်းချန်သည် ဆွံ့အလျက် တိတ်ဆိတ်သွားခဲ့ရတော့၏။
ဤသည်ကို မြင်လိုက်ရသောအခါ ဟင်းလင်းပြင်ထဲရှိ ကျန်းလျန်ယွဲ့သည်ပင် ရှက်ကိုးရှက်ကန်း ဖြစ်သွား ရလေသည်။
၎င်းသည် သူမ၏ မှတ်ဉာဏ်ထဲမှ မြင်ကွင်း အစစ်အမှန် မဟုတ်သော်လည်း မိမိကိုယ်ကိုယ် ပါးရိုက်ပစ်ချင်စိတ် ပေါက်သွားစေလောက်အောင် ခံစားလိုက်ရ၏။
သူတစ်ပါး၏ စေတနာကောင်းအပေါ် သူမ ဘယ်လိုလုပ်ပြီး ဤမျှလောက်အထိ ရင့်သီးစွာ တုံ့ပြန်နိုင်ခဲ့ပါသနည်း။
ထိုသူသည် ကျန်းချန် ဖြစ်နေပါစေဦးတော့ သူသည် သူမ မှတ်ဉာဏ်ထဲက ကျန်းချန်မှ မဟုတ်ဘဲ။
သို့သော် မကြာမီမှာပင် ကျန်းလျန်ယွဲ့သည် ဤအပြုအမူမျိုးမှာ သူမ အမှန်တကယ် ပြုလုပ်မိမည့် အရာမျိုး ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။
သူမ ကျိုးယန်ဂိုဏ်းသို့ စတင်ဝင်ရောက်ပြီး နဝမ တောင်ထိပ်သခင်ကို ဆရာတင်ခဲ့စဉ်က သူမ၏ စရိုက်မှာ မာန ကြီး၍ အေးစက်ခဲယဉ်းလှသည်။
ဤသည်ကား သူမ၏ ငယ်စဉ်ဘဝကတည်းက သူမ၏ ပါရမီနှင့် ရုပ်ရည်သွင်ပြင်ကို မက်မောကြသော သူများ၏ ဝန်းရံခြင်းကို ခံခဲ့ရသောကြောင့် ဖြစ်ပေတော့သည်။
နဝ မတောင်ထိပ်သခင် ရှောင်ဟုန်ယီ၏ စစ်မှန်သော စေတနာတရားကို ခံစားမိပြီးနောက်မှသာ သူမအနေဖြင့် လူသားတို့၏ နွေးထွေးမှုနှင့် လောကနီတိသဘောတရားတို့ကို နားလည်သဘောပေါက်ရန် အချိန်အတော်ကြာ ယူခဲ့ရခြင်း ဖြစ်သည်။
ရုတ်ချည်းဆိုသလိုပင် မြင်ကွင်းသည် တစ်ဖန် ပြောင်းလဲသွားခဲ့ပြန်၏။
ကျိုးယန်ဂိုဏ်း၏ ဆေးလုံးတောင်ထိပ်ရှိ ဆေးဖော်စပ်ရာ အခန်းတွင်း၌ အဖြူရောင် ဝတ်စုံကိုပင် ဆင်ယင်ထားဆဲ ဖြစ်သော ကျန်းချန် ပေါ်လာခဲ့သည်။
သူသည် ဘယ်လက်တွင် ဆေးနည်းညွှန်းစာအုပ်ကို ကိုင်စွဲထားပြီး ညာလက်ဖြင့် ဟင်းလင်းပြင်ထဲ၌ အမူအရာ အမျိုးမျိုး ပြုလုပ်နေကာ ဆေးဖိုအတွင်းရှိ ဝိညာဉ်မီးလျှံကို မိမိ၏ သက်စောင့်ဓာတ်ဖြင့် ထိန်းချုပ်နေသည်မှာ ထင်ရှားလှပေသည်။
ဤကိုယ်ဟန်အနေအထားကို အစဉ်တစိုက် ထိန်းသိမ်းထားရင်း သူသည် ရံဖန်ရံခါတွင် မျက်မှောင်ကြုတ်ကာ အလေးအနက် တွေးတောတတ်ပြီး ရံဖန်ရံခါတွင်လည်း တစ်ကိုယ်တည်း တီးတိုး ရေရွတ်နေတတ်၏။
“မီးဓာတ်သန့်စင်ဆေးလုံး၊ ပဉ္စမအဆင့်ရှိတဲ့ ဝိညာဉ်ဆေးလုံးတစ်မျိုးပဲ”
“ဒီဆေးရဲ့ အဓိက ပါဝင်ပစ္စည်းက အရည်ပျော်မီးလျှံလင်ဇီး ဖြစ်ပြီး လျှို့ဝှက်ဝိညာဉ်မြက်နဲ့ ခုနစ်ရောင်ခြယ် ရှေးဟောင်း နွယ်ပင်တို့ကို ပေါင်းစပ်ပြီး ဖော်စပ်ရတာ။ အေးစက်တဲ့ အဆိပ်ဒဏ်ကို နှိပ်နင်းပေးနိုင်သလို မီးဓာတ် ကျင့်စဉ် လမ်းစဉ်တွေကိုလည်း ပိုမိုခိုင်မာအောင် သွေးပေးနိုင်တယ်”
“မီးဓာတ်သန့်စင်ဆေးလုံးကို ဖော်စပ်တဲ့အခါ ဝိညာဉ်မီးလျှံက ခုနစ်ဆယ့်ကိုးကြိမ်တိုင်တိုင် အပြောင်းအလဲဖြစ်ပြီး လေးဆယ့်ကိုးရက်ကြာအောင် သန့်စင်ပြီးမှသာ ဆေးလုံးအနှစ်ကို ဖြစ်တည်စေနိုင်တာ”
“ဆေးလုံးအနှစ်မှာ အညစ်အကြေးတွေ အများကြီး ရှိနေသေးတယ်၊ အောင်အောင်မြင်မြင်နဲ့ ဆေးလုံး ဖြစ်လာအောင် စုစည်းချင်ရင်တော့ ဆေးမီးလျှံကိုသုံးပြီး အဲဒီအညစ်အကြေးတွေကို ဆွဲထုတ်ရမယ်၊ မဟုတ် ရင်တော့...”
“ပေါက်ကွဲသွားမှာလား”
“ဝုန်း”
သူ၏ စကားအဆုံးတွင်ပင် ဆေးဖိုကြီးသည် ပြင်းထန်စွာ တုန်ခါသွားပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲအက် ပျက်စီး သွားခဲ့ကာ ကျန်းချန်သည်လည်း ထိုပေါက်ကွဲမှု၏ နောက်ဆက်တွဲဒဏ်ချက်ကြောင့် ချက်ချင်းပင် မျက်နှာတစ်ခုလုံး မည်းမှောင် သွားခဲ့ရလေတော့သည်။
“ခစ်ခစ်”
ဟင်းလင်းပြင်ထဲတွင် လွင့်မျောနေသော ကျန်းလျန်ယွဲ့သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မထိန်းနိုင်ဘဲ တခစ်ခစ် ရယ်မောမိသွားတော့သည်။
ဘယ်လိုလူမျိုးက ဒီလိုမျိုး လျှောက်လုပ်ရတာလဲ။
သူမဘက်က စိတ်ကူးပေါက်ရာ ရွှတ်နောက်နောက် ပြောလိုက်ရုံမျှသာ ရှိသေးသည်ကို သူက တကယ်ကြီး အတည်အလဲ သဘောထားပြီး ဆေးလုံးဖော်စပ်နည်းကို လာရောက်လေ့လာနေသည်။
မီးဓာတ်သန့်စင် ဆေးလုံးဆိုသည်မှာ ပဉ္စမအဆင့် ဆေးလုံးဖော်စပ်သူများသာ ဖော်စပ်နိုင်သည့် ပဉ္စမအဆင့်ရှိ ဝိညာဉ် ဆေးလုံးတစ်မျိုး ဖြစ်သည်။
ကျန်းချန်တွင် ပါရမီရှိသည်ဆိုဦးတော့ ဤမျှတိုတောင်းလှသော အချိန်ကာလအတွင်း သူ ပဉ္စမအဆင့်ရှိ ဆေးလုံး ဖော်စပ်သူတစ်ဦး ဖြစ်လာရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ချေ။
ဒါတင်မကသေးဘဲ...
သာမန် ဆေးလုံးဖော်စပ်သူများဆိုလျှင် မဖော်စပ်မီ ဆေးနည်းညွှန်းစာအုပ်ကို အလွတ်ရအောင် မှတ်သားလေ့ရှိ ကြသော်လည်း ကျန်းချန်ကမူ ထိုသို့မဟုတ်ပေ။ သူက ဆေးနည်းညွှန်းစာအုပ်ကို ဖတ်ရင်းနှင့် ဆေးလုံးကို ဖော်စပ်ရဲ လောက်အောင်ပင် သတ္တိခဲကြီး ဖြစ်နေရှာသည်။ ကြည့်စမ်း... ဆေးဖိုကြီး ပေါက်ကွဲသွားပြီ မဟုတ်ပါလား။
သူမ ရယ်မောပြီးနောက်တွင်မူ ကျန်းလျန်ယွဲ့ သေချာသွားလေသည်။
“သူက ငါ့မှတ်ဉာဏ်ထဲက အကြီးဆုံးစီနီယာအစ်ကို ဘယ်လိုမှ မဖြစ်နိုင်ဘူး”