← Chapters

အကြီးဆုံး စီနီယာ အစ်ကို ကျွန်မကို ပြောပြပါ …

Vol. 1 Ch. 4

အကြီးဆုံး စီနီယာ အစ်ကို ကျွန်မကို ပြောပြပါ …

Vol. 1 Ch. 4

လပေါင်းများစွာ ကြာပြီးနောက်...

“နောက်ဆုံးတော့ ငါ အောင်မြင်သွားပြီ”

ဆေးဖော်စပ်ရာ အခန်းအတွင်းရှိ ကျန်းချန်သည် အတိုင်းထက်အလွန် စိတ်လှုပ်ရှား ဝမ်းသာနေခဲ့သည်။ လပေါင်းများစွာ တိုင်တိုင် စောင့်ကြည့်နေခဲ့သော ကျန်းလျန်ယွဲ့သည်လည်း ထိုနည်းတူစွာပင် ခံစားလိုက်ရ၏။

သူမ၏ မှတ်ဉာဏ်ထဲမှ မုန်းတီးဖွယ်ကောင်းလှသော အကြီးဆုံးစီနီယာအစ်ကို၏ ပုံရိပ်သည် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ကျန်းချန်ကို ကြည့်နေစဉ်အတွင်း ရံဖန်ရံခါ ပေါ်ပေါက်လာတတ်ဆဲ ဖြစ်သော်လည်း၊ အချိန်ကာလ ကုန်လွန်လာသည်နှင့်အမျှ သူမ၏ စိတ်ထဲမှ အထင်သေးအမြင်သေးမှုများသည် သိသိသာသာပင် လျော့ပါး သွားခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သော လအနည်းငယ်အတွင်း ကျန်းချန်သည် မီးဓာတ်သန့်စင်ဆေးလုံးကို ဖော်စပ်နိုင်ရန်အတွက် ဆေးလုံး တောင်ထိပ်၏ ဗဟိုနေရာဆီသို့ ဝင်ရောက်ခဲ့ပြီး၊ မီးဓာတ်အဆိပ်အတောက်များ ခန္ဓာကိုယ်အတွင်း စီးဝင်ကာ ရင်ဝယ် လောင်မြိုက်ရသည့် ဝေဒနာကို အလူးအလဲ ခံစားခဲ့ရရှာသည်။

ဆေးလုံးများ ဖော်စပ်နေစဉ်အတွင်း သူသည် နေ့မနား ညမအား မမောမပန်း ကြိုးပမ်းအားထုတ်လေ့ရှိပြီး မကြာခဏ ဆိုသလိုပင် ပင်ပန်းနွမ်းနယ်လွန်းသဖြင့် မေ့လဲသွားတတ်၏။

သို့သော်လည်း သူသည် သတိရလာသည်နှင့်တစ်ပြိုင်နက် ဆေးလုံးဖော်စပ်ခြင်းကိုသာ ဆက်လက်လုပ်ဆောင်မြဲ လုပ်ဆောင်ခဲ့ပေသည်။

ဆေးမီးဖို ပေါက်ကွဲသွားသည့် အကြိမ်တိုင်းတွင် သူသည် စိတ်ပျက်အားလျော့သော မျက်နှာအမူအရာ ဖြစ်သွား တတ်ပြီး ပေါက်ကွဲမှုဒဏ်ကြောင့် ဒဏ်ရာပင် ရရှိခဲ့သေးသည်။ သို့သော်လည်း မကြာမီမှာပင် သူသည် မိမိ၏ အတွေ့အကြုံများကို ပြန်လည်သုံးသပ် ဆန်းစစ်ကာ ဆေးလုံးဖော်စပ်ခြင်းကို အစမှ ပြန်လည်စတင်လေ့ ရှိသည်။

သူသည် ဤသံသရာကိုပင် ထပ်ခါတလဲလဲ ပြုလုပ်ခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံး ပိန်လှီခြောက်ကပ်လာကာ မျက်နှာ အမူအရာမှာပင် အသက်မဲ့ငေးငိုင်သွားသည်အထိ ဘယ်သောအခါမျှ လက်လျှော့ အရှုံးမပေးခဲ့ချေ။

ဤအတောအတွင်း ကျန်းလျန်ယွဲ့သည် ဆက်၍ မကြည့်ရက်တော့သဖြင့် ဆက်တိုက် အော်ပြောမိနေသည်။

“ကျွန်မ အဲဒီဆေးလုံးတွေကို မလိုအပ်ဘူး၊ ဆေးဖော်တာကို ရပ်လိုက်ပါတော့”

သို့သော် ကျန်းချန်က သူမ၏ စကားသံများကို မကြားနိုင်ဘဲ ဆေးလုံးဖော်စပ်ခြင်း အလုပ်ထဲ၌သာ စိတ်ရောကိုယ်ပါ နစ်မြောနေခဲ့၏။ ထို့ကြောင့်ပင် နောက်ဆုံး၌ ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ချိန်တွင် ကျန်းလျန်ယွဲ့၏ ဝမ်းမြောက်မှုမှာ သူကိုယ်တိုင်ထက်ပင် ပိုမိုပြင်းထန်နေခဲ့ရခြင်း ဖြစ်ပေသည်။

“တကယ်လို့ ရှင်သာ ကျွန်မရဲ့ တကယ့် အကြီးဆုံး စီနီယာအစ်ကို ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ”

ဟင်းလင်းပြင်ထဲမှ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ကျန်းချန်တစ်ယောက် ဆေးလုံးကို ယူဆောင်၍ ထွက်ခွာ သွားသည်ကို ကြည့်ရင်း ကျန်းလျန်ယွဲ့သည် တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်မိသည်။ သူမအနေဖြင့် ယခု ဖြစ်ပျက်နေသည့် အခြေအနေမှန်ကို သေချာ နားမလည်နိုင်သေးသော်လည်း သူမ၏ စိတ်အာရုံ နှလုံးသားဝယ် ပြင်းထန်လှသော လှိုင်းဂယက်တစ်ခု ရိုက်ခတ်သွားခဲ့ရလေပြီ။

ထို့နောက်တွင်မူ မြင်ကွင်းသည် ပြန်လည်ပြောင်းလဲသွားခဲ့ပြန်၏။

ထိုည၌ မိုးသည်းထန်စွာ ရွာသွန်းလျက် ရှိနေသည်။

ကျန်းလျန်ယွဲ့သည် မိမိ၏ ကိုယ်ပိုင်အဆောင်အတွင်း၌ ပေါ်ပေါက်လာခဲ့ပြီး ထိုနေရာတွင် သူမသည် အေးခဲ အဆိပ် စတင် ထကြွလာမှုကြောင့် ကုတင်ပေါ်တွင် တစ်ကိုယ်လုံး တုန်ရီလျက် ကွေးကွေးလေး ဖြစ်နေရှာသော မိမိ ကိုယ်ကိုယ် ပြန်လည်မြင်တွေ့လိုက်ရလေတော့သည်။

မီးဓာတ် သန့်စင်ဆေးလုံးများ အကုန်လုံး ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ သူမအနေဖြင့် အေးခဲအဆိပ်ကို မိမိ၏ စိတ်ဓာတ် ကြံ့ခိုင်မှုသက်သက်ဖြင့်သာ အံတုထားရမည်မှာ အထင်အရှားပင်။

“ရပါတယ်၊ မကြာခင် အကြီးဆုံး စီနီယာအစ်ကိုက ဆေးယူပြီး ရောက်လာတော့မှာပါ...”

ကျန်းလျန်ယွဲ့သည် မိမိကိုယ်ကိုယ် ပြန်လည်နှစ်သိမ့်အားပေးနေရှာသည်။

သူမကိုယ်တိုင်လည်း ကောင်းကောင်းကြီး သိရှိထားပေသည်။ အေးခဲအဆိပ် စတင်ထကြွလာသည့်အခါ ထိုအအေးဓာတ်သည် တွင်းနက်ကြီးထဲသို့ ကျဆင်းသွားသကဲ့သို့ သူမ၏ ကလီစာအပေါင်းဆီသို့ ထိုးဖောက် ဝင်ရောက် လာတတ်ပြီး နောက်ဆုံးတွင် သူမ၏ ဝိညာဉ်ကိုပင် အေးခဲသွားစေနိုင်လောက်အောင် ခြိမ်းခြောက် လာတတ်သည်။

ထိုအအေးဓာတ်နှင့် နာကျင်ဝေဒနာတို့သည် လူတစ်ဦး၏ အသိစိတ်အာရုံကို ဖျက်ဆီးပစ်နိုင်လောက်ပြီး သေချင်စိတ် ပေါက်သွားစေရန် လုံလောက်လှပေသည်။

ဤအခိုက်အတန့်တွင် ကျန်းလျန်ယွဲ့ လုပ်ဆောင်နိုင်သည်မှာ မိမိအား ကယ်တင်ရန်အတွက် ကျန်းချန်တစ်ယောက် အမြန်ဆုံး ရောက်ရှိလာပါစေဟု ဆုတောင်းနေရုံမျှသာ ရှိတော့သည်။

ရုတ်ချည်းဆိုသလိုပင် မြင်ကွင်းထဲရှိ သူမ၏ ပုံရိပ်သည် လှုပ်ရှားလာခဲ့၏။ သူမသည် တစ်ကိုယ်လုံး အေးခဲ တောင့်တင်း၍ ဖြူဖျော့နေသည့်တိုင်အောင် အိပ်ရာမှ မနည်းရုန်းထလာခဲ့ပြီး ရှိသမျှ အင်အားကို အသုံးပြုလျက် ဖျာဖြူ ကြိုးကြာဝိညာဉ် လိုက်ကာ၏ နောက်ကွယ်ဆီသို့ ဦးတည်ရွေ့လျားသွားခဲ့လေသည်။

“မလုပ်နဲ့၊ အဲ့လို မလုပ်နဲ့တော့”

ကျန်းလျန်ယွဲ့၏ လှပသော မျက်ဝန်းအစုံသည် ဝိုင်းစက်ပြူးကျယ်သွားပြီး အလွန်အမင်း စိုးရိမ် ပူပန်စွာဖြင့် အော်ဟစ် တားဆီးလိုက်မိသည်။

ထိုအချိန်တွင် မိမိကိုယ်တိုင် မည်သည့်အရာကို လုပ်ဆောင်တော့မည်ဆိုသည်ကို သူမ အသိဆုံးဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ယခုဖြစ်ရပ်သည် သူမ၏ စိတ်အာရုံထဲ၌ ရှိနေသော မှတ်ဉာဏ်များနှင့် ထပ်တူထပ်မျှ အတိအကျ တိုက်ဆိုင်နေသောကြောင့် ဖြစ်ပေသည်။

ထင်သည့်အတိုင်းပင်။ မြင်ကွင်းထဲ၌ သူမသည် လိုက်ကာ၏ နောက်ကွယ်သို့ ရွေ့လျားသွားပြီးနောက် ကြိုတင် ပြင်ဆင်ထားသော အငွေ့တထောင်းထောင်း ထနေသည့် ဝိညာဉ်ရေနွေးကန်ထဲသို့ ဆင်းသက်ရန်အတွက် မိမိ၏ အဝတ်အစားများကို စတင်ချွတ်လဲလိုက်တော့သည်။

အဝတ်အစားများ လျှောကျသွားသည့် အသံနှင့်အတူ …

“ဒုန်း”

တံခါးချပ်သည် ရုတ်တရက် ပြင်းထန်စွာ တွန်းဖွင့်ခြင်း ခံလိုက်ရပြီး လေပြင်းတစ်ချက်သည် အခန်းတွင်းသို့ ဝှေ့ယမ်း ဝင်ရောက်လာခဲ့ကာ ထိုလေအားသည် အလွန် ပြင်းထန်လွန်းသဖြင့် ကာရံထားသော လိုက်ကာကြီးကိုပါ လဲပြိုသွား စေခဲ့တော့သည်။

နောက်တစ်စက္ကန့်တွင်မူ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ကျန်းချန်သည် အခန်းထဲသို့ အလောတကြီး ပြေးဝင်လာရင်း အော်ဟစ်လိုက်၏။

“ဂျူနီယာညီမလေး၊ မင်း အဆင်ပြေရဲ့လား၊ မင်းရဲ့ အေးခဲအဆိပ်ဒဏ် ထကြွနေတယ်လို့ ကြားလို့ စီနီယာအစ်ကို မီးဓာတ် သန့်စင်ဆေးလုံး ယူလာပေး...”

သူ၏ စကားသံသည် ရုတ်ချည်း ရပ်တန့်သွားခဲ့ရသည်။

မျက်စိရှေ့မှ မြင်ကွင်းကြောင့် ကျန်းချန်တစ်ယောက် ကြောင်အမ်းကာ ကျောက်ရုပ်ပမာ ဖြစ်သွားရသလို မြင်ကွင်း ထဲရှိ သူမကိုယ်တိုင်၏ ပုံရိပ်သည်လည်း မှင်သက်အံ့အားသင့်သွားခဲ့ရရှာသည်။

“ထွက်သွား”

ထို့နောက်တွင်မူ အတိုင်းအဆမဲ့လှသော ဒေါသတရားများ ပြည့်နှက်နေသည့် အလွန်အမင်း အေးစက် ခက်ထန် လှသော အသံတစ်သံသည် ဟိန်းထွက်လာခဲ့တော့၏။

ချက်ချင်းပင် မြင်ကွင်းသည် နဝမတောင်ထိပ်၏ ပင်မခန်းမကြီးဆီသို့ ကူးပြောင်းသွားခဲ့ပြန်သည်။

“ကျန်းချန်၊ မင်းက နဝမတောင်ထိပ်ရဲ့ အကြီးဆုံးစီနီယာအစ်ကိုကြီး တစ်ယောက်ဖြစ်ဖို့ မထိုက်တန်ဘူး”

“ဒုတိယ ဂျူနီယာညီငယ်က မင်းကို စနစ်တကျ ဂါရဝ မပြုမိရုံလေးနဲ့ မင်းက သူ့ကို ဒီလောက်အထိ ပြင်းပြင်း ထန်ထန် ဒဏ်ရာရအောင် လုပ်ရက်တယ်လား”

“တတိယ ဂျူနီယာညီမက ကံကောင်းထောက်မစွာနဲ့ ကျောက်စိမ်းဝိညာဉ်မြက်ကို ရှာဖွေတွေ့ရှိခဲ့တယ်၊ ဒါက သူမရဲ့ ကျင့်စဉ် အဟန့်အတားကို ကျော်ဖြတ်ဖို့ ကူညီပေးနိုင်မှာကို မင်းက တုံ့ဆိုင်းမှုမရှီဘဲ သူမဆီကနေ လုယူခဲ့တယ် ဟုတ်လား”

“စတုတ္ထ ဂျူနီယာ ညီလေးက ရိုးအတယ်၊ မင်းက အကြီးဆုံး စီနီယာအစ်ကို ဖြစ်ပြီးတော့ သူ့ကို မစောင့်ရှောက် ရင်တောင် မင်းရဲ့ပျော်ရွှင်မှုအတွက် လူပုံအလယ်မှာ ဘာလို့ လှောင်ပြောင်စရာ လုပ်ရတာလဲ”

“ဒီလို ယုတ်မာတဲ့ လုပ်ရပ်တွေဟာ မှတ်တမ်းတင်လို့ မကုန်နိုင်လောက်အောင် များပြားနေပြီ”

“ဒါတွေအားလုံးကို လျစ်လျူရှုပေးလို့ ရဦးမယ်၊ နဝမတောင်ထိပ်ရဲ့ အကြီးဆုံးစီနီယာအစ်ကို တစ်ယောက်အနေနဲ့ မင်းမှာ တချို့သော ပေးဆပ်မှုတွေ ရှိခဲ့တာ အမှန်ပဲ”

“ဒါပေမဲ့”

“ကျန်းလျန်ယွဲ့က အခုမှ ဂိုဏ်းကို ဝင်လာတာ ဖြစ်ပြီး သူမမှာ ဧကရီတစ်ပါးဖြစ်လာမယ့် ပါရမီထူးတွေ ရှိနေတယ်၊ သူမက နဝမ တောင်ထိပ်၊ ဒါမှမဟုတ် ကျိုးယန်ဂိုဏ်းတစ်ခုလုံးရဲ့ မျှော်လင့်ချက်ပဲ၊ အကြီးဆုံး စီနီယာအစ်ကို တစ်ယောက် အနေနဲ့ မင်းက သူမကို စောင့်ရှောက်ပေးရမှာ ဖြစ်ပါလျက်နဲ့ ... ဘယ်လိုလုပ်ပြီး ...”

“ဘယ်လိုလုပ်ပြီး ကျင့်ဝတ်သိက္ခာ၊ တရားမျှတမှုနဲ့ အရှက်တရားတွေကို လျစ်လျူရှုပြီး ဆေးလာပေးတယ်ဆိုတဲ့ ခေါင်းစဉ် အောက်ကနေ ချောင်းကြည့်တဲ့ အောက်တန်းကျတဲ့ လုပ်ရပ်ကို ကျူးလွန်ရဲတာလဲ”

ရင်းနှီးလွန်းလှသော ထိုစကားလုံးများနှင့် အခြေအနေများသည် ဟင်းလင်းပြင်ထဲရှိ ကျန်းလျန်ယွဲ့၏ နှလုံးသားကို ဓားနှင့် မွှန်းသကဲ့သို့ နာကျင်ရသည်။

မြင်ကွင်းထဲတွင်မူ အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ကျန်းချန်သည် မိမိ၌ အပြစ်မရှိကြောင်း သက်သေပြရန် အတွက် အကြိမ်ကြံဖန်ဖန် ကြိုးပမ်း ရှင်းလင်းနေရှာသော်လည်း လူတိုင်းကမူ သူ၏ အတိတ်က အမှားအယွင်း ဟောင်းများကို အကြောင်းပြလျက် သူ့အပေါ်သာ ဝိုင်းဝန်းပြစ်တင် စွပ်စွဲနေကြဆဲ ဖြစ်၏။

“ကျန်းချန်၊ မင်း ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုးကို လုပ်ရက်ရတာလဲ”

အကြီးအကဲတစ်ဦးက ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

“အဲလို မဟုတ်ဘူး”

ဟင်းလင်းပြင်ထဲရှိ ကျန်းလျန်ယွဲ့သည် မချိတင်ကဲဖြင့် အဆက်မပြတ် အော်ဟစ်ငြင်းဆန်နေမိ၏။

“ကျန်းချန်၊ ဆင်ခြေတွေ ဆက်မပေးနဲ့တော့၊ မင်း ဆေးလုံးဖော်စပ်တဲ့ နည်းလမ်းတွေကို လုံးဝနား မလည်ဘူး ဆိုတာ လူတိုင်း အသိပဲ၊ မင်းမှာ ကျင့်ကြံခြင်းအတွက် ပါရမီတွေ ဘယ်လောက်ပဲ ရှိနေပါစေဦးတော့ လအနည်းငယ် အတွင်းမှာ ပဉ္စမအဆင့်ရှိတဲ့ မီးဓာတ်သန့်စင်ဆေးလုံးကို မင်းကိုယ်တိုင် ဖော်စပ်နိုင်ခဲ့တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

အခြားသော အကြီးအကဲတစ်ဦးကလည်း ထပ်မံ၍ ငေါက်ငမ်းလိုက်ပြန်သည်။

“တကယ် ဖော်စပ်နိုင်ခဲ့တာပါ၊ ကျွန်မကိုယ်တိုင် မျက်စိနဲ့ တပ်အပ် မြင်ခဲ့တာပါ၊ ရှင်တို့အားလုံး အကြီးဆုံး စီနီယာ အစ်ကိုကြီး အပေါ် အထင်လွဲနေကြတာ၊ သူက ဆေးလုံးဖော်စပ်တဲ့နေရာမှာ တကယ်ကို ကျွမ်းကျင်တာပါ”

ဟင်းလင်းပြင်ထဲရှိ ကျန်းလျန်ယွဲ့သည် မယုံနိုင်ဘဲ မျက်ရည်များ ဝဲလျက် ခေါင်းကို အသည်းအသန် ခါယမ်း နေမိတော့သည်။

“တပည့်၊ ငါ မင်းကို မယုံတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဆေးလုံးတောင်ထိပ်က အကြီးအကဲဆီကနေ သတင်းစကား ရောက်လာတာကတော့ မင်း ဆေးလုံးတောင်ထိပ်ဆီကို တစ်ခါမှ မလာခဲ့ဖူးဘူးလို့ ဆိုထားတယ်...”

ရှောင်ဟုန်ယီသည် စိတ်မကောင်းစွာဖြင့် သက်ပြင်းတစ်ချက်ကို အသာချလိုက်မိသည်။

“ဆရာသခင်၊ ဒါက တမင်သက်သက် မနာလိုလို့ စွပ်စွဲပုတ်ခတ်တာပါ၊ အဲဒီဆေးလုံးတောင်ထိပ်က အကြီးအကဲက အကြီးဆုံး စီနီယာအစ်ကို အပေါ် ရန်ငြိုးထားနေလို့ အမှန်ကို ဖုံးကွယ်ထားတာ”

ဟင်းလင်းပြင်ထဲရှိ ကျန်းလျန်ယွဲ့သည် အလွန်အမင်း စိုးရိမ်ပူပန်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်လျက် နေရာမှာတင် ခုန်ပေါက်မတတ် ဖြစ်နေရှာသည်။

တစ်စုံတစ်ယောက်က ကျန်းချန်အပေါ် သံသယဝင်ပြီး မေးခွန်းထုတ်သည့် အကြိမ်တိုင်းတွင် သူမသည် သူ၏ ကိုယ်စား အသည်းအသန် လိုက်လံ ရှင်းပြပေးနေမိ၏။

သို့သော် စိတ်ပျက်အားလျော့စရာ ကောင်းလှသည်မှာ မည်သူတစ်ဦးတစ်ယောက်မျှ သူမ၏ စကားသံများကို မကြား နိုင်ကြချေ။

ဟင်းလင်းပြင်ထဲရှိ ကျန်းလျန်ယွဲ့တစ်ယောက် ရှိုက်ကြီးတငင် ငိုကြွေးမိတော့သည်။

သူမသည် မျက်ပါးပြင်ထက်သို့ မျက်ရည်စက်များ တသွင်သွင် စီးကျလျက် မြေပြင်ပေါ်တွင် ဒူးတုပ်ထိုင်ကာ ဘာမှ မတတ်နိုင်ဘဲ အားကိုးရာမဲ့စွာ ငိုရှိုက်နေရှာ၏။

*ဘာလို့လဲ*

*ဘာဖြစ်လို့များ အကြီးဆုံး စီနီယာအစ်ကို အပေါ် ဘယ်သူကမှ မယုံကြည်ပေးကြတာလဲ၊ သူက တကယ်ကို အပြစ်မရှိတာပါ*

ရုတ်ချည်းဆိုသလိုပင် ရင်းနှီးလွန်းလှသော အသံတစ်သံသည် ဟိန်းထွက်လာခဲ့ပြန်သည်။

“အကယ်၍ ဆရာသခင်အနေနဲ့ မလုပ်ရက်ဘူးဆိုရင် ဒီကိစ္စကို ဒီအတိုင်းပဲ လျစ်လျူရှု ထားလိုက်ပါတော့၊ ဒါပေမဲ့ အကြီးဆုံး စီနီယာအစ်ကိုကိုတော့ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့် မပေးသင့်ပါဘူး၊ သူ့ရဲ့ ကျင့်စဉ်အားလုံးကို ဖျက်ဆီးပြီး ဂိုဏ်းကနေ မောင်းထုတ်ဖို့ မလိုဘူးဆိုရင်တောင်မှ အနည်းဆုံးတော့ သူ့ရဲ့ မူလအမြုတေ ကိုတော့ အပြတ်အသတ် ဖျက်ဆီးပစ်ရပါမယ်”

ယုတ်မာရက်စက်လှသော နှလုံးသားပါတကား။

ထိုစကားကို ကြားလိုက်ရသည့်အခါ ကျန်းလျန်ယွဲ့သည် ရုတ်ချည်း မတ်တတ်ထရပ်လိုက်မိ၏။

မိမိ၏ အကြီးဆုံး စီနီယာအစ်ကိုအပေါ် ဤမျှ ရက်စက်ကြမ်းကြုတ်ဝံ့သည့်သူမှာ မည်သူနည်း ဆိုသည်ကို သူမ မျက်ဝါး ထင်ထင် ကြည့်ရှုချင်မိသည်။

သို့သော်လည်း စကားပြောနေသည့် ထိုသူ၏ မျက်နှာကို အတတ်အလဲ မြင်တွေ့လိုက်ရချိန်တွင်မူ ကျန်းလျန်ယွဲ့သည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး ဆွံ့အမှင်သက်လျက် ကျောက်ရုပ်ပမာ တောင့်တင်း သွားခဲ့ရတော့သည်။

အဘယ်ကြောင့်ဆိုသော် ထိုသို့ ရက်ရက်စက်စက် စကားဆိုနေသည့်သူမှာ အခြားသူမဟုတ်ဘဲ သူမကိုယ်တိုင် ဖြစ်နေသောကြောင့်ပင်။

အတွေးပေါင်း သောင်းခြောက်ထောင်နှင့် နောင်တတရားတို့သည် သူမ၏ ဦးနှောက်ထဲသို့ ဒီရေအလား တိုးဝှေ့ ဝင်ရောက်လာခဲ့ပြီး ကျန်းလျန်ယွဲ့သည် ခြေမခိုင်တော့ဘဲ မြေပြင်ပေါ်သို့ ခွေခနဲ လဲပြိုကျသွားခဲ့ရရှာသည်။

သူမသည် ဤအမှန်တရားအားလုံးကို ကျန်းချန်အား အသည်းအသန် လိုက်လံ ရှင်းပြချင်မိသော်လည်း အဆုံးသတ်တွင် ဤအလွဲလွဲအချော်ချော် အထင်လွဲမှားမှုကြီးတစ်ခုလုံး၏ တရားခံမှာ သူမကိုယ်တိုင် ဖြစ်နေခဲ့ ကြောင်းကိုသာ နာကျင်စွာ သဘောပေါက်လိုက်ရတော့သည်။

အကယ်၍ ထိုစဉ်က သူမအနေဖြင့် ကျန်းချန်အပေါ် စိုးစဉ်းမျှလောက်ပင် ယုံကြည်မှု ရှိခဲ့မည်ဆိုပါက ကိစ္စရပ်များမှာ နဝမ တောင်ထိပ်တစ်ခုလုံး၏ ညီလာခံအထိ ဆင့်ခေါ်ကျင်းပရလောက်အောင် ကြီးကျယ်သွားခဲ့မည် မဟုတ်ချေ။

အကယ်၍ သူမအနေဖြင့် ကျန်းချန်၏ ရှင်းလင်းချက်များကို အနည်းငယ်မျှလောက်သာ နားထောင်ပေးခဲ့မည် ဆိုပါက သူ၏ မူလအမြုတေ ဤကဲ့သို့ ဖျက်ဆီးခံရသည့်အထိ ဖြစ်လာစေရန် သူမဘက်က တွန်းပို့မိခဲ့မည် မဟုတ်ချေ။

“ဝုန်း”

အတိုင်းအဆမဲ့လှသော ဝိညာဉ်စွမ်းအင် ဖိအားကြီးတစ်ခု ကျဆင်းလာခဲ့သည်။

ကျန်းချန်သည် ပါးစပ်အပြည့် သွေးများ အန်ထုတ်လိုက်ရပြီး သူ၏ မူလအမြုတေမှာလည်း အစိတ်စိတ်အမြွှာမြွှာ ကြေမွ ပျက်စီးသွားခဲ့ရလေပြီ။

ပြစ်ဒဏ်စီရင်ခြင်း ပြီးဆုံးသွားပြီးနောက်တွင်မူ ခန်းမအတွင်းရှိ လူအပေါင်းတို့သည် ဒေါသတကြီး စူးစိုက် ကြည့်လျက် တစ်ယောက်ပြီး တစ်ယောက် ကျောခိုင်း ထွက်ခွာသွားကြတော့သည်။

ကျန်းချန်သည် ဖြူဖျော့လွန်းသဖြင့် စက္ကူကဲ့သို့ ဖြစ်နေသော မျက်နှာအမူအရာဖြင့် ယိုင်တိယိုင်တိုင် ခြေလှမ်းများ လှမ်းရင်း ခန်းမပြင်ပသို့ လျှောက်လှမ်းလာခဲ့ပြီး သဲကြီးမဲကြီး ရွာသွန်းနေသော မိုးရေစက်များအောက်တွင် မိမိကိုယ်ကို စိုရွှဲခွင့်ပြုထားလိုက်လေသည်။

“ရပါတယ်၊ အားလုံး အဆင်ပြေသွားမှာပါ”

အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ကျန်းချန်သည် ကိုယ်ကို အနည်းငယ် ကိုင်းညွတ်လိုက်ရင်း တီးတိုးရေရွတ်ရှာသည်။

“ဒါက အထင်လွဲမှုတစ်ခု သက်သက်ပါပဲ၊ ငါသာ သေသေချာချာ ရှင်းပြမယ်ဆိုရင် ဂျူနီယာညီမလေးနဲ့ ဆရာသခင်တို့ တစ်နေ့မှာ ငါ့ကို ယုံကြည်လာကြမှာပါ၊ ငါက ဗီလိန် မဟုတ်ပါဘူး၊ ဗီလိန်လဲ မဖြစ်ချင်ဘူး”

ထိုစကားအဆုံးတွင်မူ သူ၏ မျက်စိရှေ့၌ မှောင်အတိကျသွားခဲ့ရပြီး ရွှံ့ဗွက်များ ပြည့်နှက်နေသည့် မြေပြင်ပေါ်သို့ သတိလစ် မေ့မြောလျက် လဲပြိုကျသွားခဲ့ရတော့သည်။

ထိုလမ်းမှ တပည့်အချို့ ဖြတ်သန်းသွားကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ သူ့အား စိုးစဉ်းမျှပင် လှည့်မကြည့်ဘဲ လျစ်လျူရှုသွားခဲ့ကြ၏။

ကျန်းလျန်ယွဲ့သည် ဆွံ့အလျက် တိတ်ဆိတ်နေခဲ့သည်။

သူမသည် လဲကျနေသော ကျန်းချန်၏ ဘေးနားသို့ တရွေ့ရွေ့ လျှောက်လှမ်းလာခဲ့ပြီး သူ၏အနီးတွင် ကွေးကွေးလေး ဝင်ထိုင်လိုက်မိသည်။

မိမိ၏ ဦးခေါင်းထက်သို့ မိုးစက်မိုးပေါက်များ သည်းထန်စွာ ကျရောက်နေသော်လည်း သူမသည် ထိုအေးစက် လှသော မိုးရေ၏ အထိအတွေ့ကို မခံစားရသလို ထိုအခိုက်အတန့်၌ ကျန်းချန်၏ နှလုံးသားဝယ် ခံစားနေရမည့် ညှဉ်းပန်းနှိပ်စက်မှု ဝေဒနာတို့ကိုလည်း သူမ လိုက်မမှီနိုင်တော့ချေ။

“ဘာလို့လဲ”

“ဘာဖြစ်လို့ ရှင်က ကျွန်မကို ကယ်ဖို့ အလောတကြီး ပြေးလာခဲ့ပါလျက်နဲ့ ရှင့်လက်ထဲက မီးဓာတ် သန့်စင် ဆေးလုံးက သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့ရတာလဲ”

“ရှင် ဆေးလုံးတောင်ထိပ်မှာ လပေါင်းများစွာ ရှိနေခဲ့တာကို ဘာဖြစ်လို့ ဆေးလုံးတောင်ထိပ်က အကြီးအကဲက ပုဂ္ဂိုလ်ရေး ရန်ငြိုးတွေကြောင့် အမှန်တရားကို ကပြောင်းကပြန် လုပ်ပြီး လိမ်ညာခဲ့ရတာလဲ”

“ရှင် ကျွန်မရဲ့ အဆောင်ထဲကို ဝုန်းခနဲ ပြေးဝင်လာတဲ့ အချိန်ကျမှပဲ ဘာဖြစ်လို့ တိုက်တိုက်ဆိုင်ဆိုင် လေပြင်း တစ်ချက်က လိုက်ကာကြီးကို လဲပြိုသွားစေခဲ့ရတာလဲ”

“ပြီးတော့ ဒီဖြစ်ရပ် ဖြစ်ပျက်သွားတဲ့ အခိုက်အတန့်ကျမှပဲ ဘာဖြစ်လို့ ကျွန်မခန္ဓာကိုယ်ထဲက အေးခဲအဆိပ်က ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရတာလဲ”

“ဒါတွေအားလုံးက ကျွန်မကို ခံစားချက်တစ်ခု ပေးနေတယ်...”

“ဒီမှာ ... အကြီးဆုံး စီနီယာအစ်ကိုကြီး ...”

“ကျွန်မကို ပြောပြစမ်းပါ၊ ရှင့်ကို တမင်သက်သက် ပစ်မှတ်ထား နှိပ်စက်နေတာ ကံကြမ္မာဆိုတဲ့ အရာကြီးလား ဟင်”

All Chapters