အခန်း ၄၀၁
Vol. 41 Ch. 401
အခန်း (၄၀၁) လေကပ်ဘေးကို ဖြတ်ကျော်ခြင်း နှင့် ဓမ္မရုပ်တုကို ဖန်တီးခြင်း
ကျန်းချဲ့၏ စိတ်ဆန္ဒ ကျဆင်းသွားသည့် တစ်ခဏမှာပင် ယဇ်ပူဇော်ကျောက်တိုင်ထက်၌ လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများ ရုတ်တရက် လင်းလက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောက်တိုင်တစ်ခုလုံး လင်းထိန်သွားလေသည်။
ထို့နောက် အလင်းတန်းတစ်ခု ပေါ်ထွက်လာကာ ယဇ်ပူဇော်ပစ္စည်းများ အားလုံးကို လွှမ်းခြုံသွားလေသည်။
မျက်စိတစ်မှိတ်စာ အချိန်လေးအတွင်းမှာပင် အစွန်းရောက် ယင်ချီစွမ်းအင် အစွန်းရောက် ယန်ချီစွမ်းအင် စစ်မှန်သော နဂါးရတနာဆေးတစ်ပင်နှင့် လေဝိညာဉ်နတ်ပုတီးစေ့ စသည့် ယဇ်ပူဇော်ပစ္စည်းများ အားလုံးမှာ အလင်းတန်း၏ မျိုချမှုကို ခံလိုက်ရပြီး ယဇ်ပူဇော်ကျောက်တိုင် အတွင်းသို့ စုပ်ယူခံလိုက်ရလေသည်။
တစ်ချိန်တည်းမှာပင် ကျန်းချဲ့သည် သူ၏ ကိုယ်ပိုင် အသက်စွမ်းအင်များ အမည်မသိ အင်အားတစ်ခု၏ အတင်းအဓမ္မ ဆွဲထုတ်ခြင်းကို ခံလိုက်ရကြောင်း နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရလေသည်။
သက်တမ်း သုံးဆယ်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းချဲ့မှာ ဆယ်စုနှစ်များစွာသော သက်တမ်းကို ထပ်မံ ဆုံးရှုံးသွားခဲ့ရလေပြီ။
သို့သော် ဤပေးဆပ်ရမှုများ အားလုံးမှာ အလွန်တန်တန်ပေသည်။
အကြောင်းမူကား ကျန်းချဲ့သည် ဓမ္မရုပ်တုအဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်ရုံသာမက အထွတ်အမြတ် အစစ်အမှန် နဂါးကျင့်စဉ်ကိုပါ အဆင့်သေး တက်လှမ်းနိုင်မည်ဖြစ်ရာ သူ၏ စွမ်းအားများမှာ အဆမတန် မြင့်တက်လာမည် ဖြစ်လေသည်။
အကယ်၍သာ အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့ပါက ရှန်ရှန်းအဆင့် နှောင်းပိုင်း မဟာသိုင်းသခင်ကြီးများကိုပါ ယှဉ်ပြိုင်နိုင်စွမ်း ရှိလာမည်ဟု သူ တွက်ဆထားလေသည်။
ဤသည်မှာ အလယ်ပိုင်းဒေသ၏ နံပါတ်တစ် ပါရမီရှင်၏ ယုံကြည်မှုပင် ဖြစ်ပေတကား။
ယဇ်ပူဇော်ပစ္စည်းများ အားလုံးကို မျိုချပြီးနောက် အလင်းတန်းတစ်ခု ထပ်မံ ထွက်ပေါ်လာကာ ကျန်းချဲ့၏ ရုပ်ခန္ဓာကိုယ် အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လန်သွားကာ ရင်းနှီးကျွမ်းဝင်နေသော ခံစားချက်က သူ၏ ရင်ထဲသို့ တစ်ဖန် ပြန်လည် ဝင်ရောက်လာလေသည်။
မျက်လုံးများကို ထပ်မံ ဖွင့်လိုက်ချိန်တွင်တော့ ကျန်းချဲ့သည် လျှို့ဝှက်ဆန်းကြယ်သော လေဟာနယ် တစ်ခုအတွင်းသို့ ရောက်ရှိနေခဲ့ချေပြီ။
ဘေးပတ်ဝန်းကျင်တွင် တောင်တန်းများ အစီအရီ တည်ရှိနေပြီး အလွန်တရာ တိတ်ဆိတ်ငြိမ်သက်နေသဖြင့် ကျန်းချဲ့ပင်လျှင် အနည်းငယ် အံ့အားသင့်သွားရလေသည်။
မည်သို့ပင်ဆိုစေ သူ၏ ယခင် အဆင့်တက်ခဲ့သော အကြိမ်တိုင်းတွင် ဤကဲ့သို့သော လေဟာနယ်များ အတွင်းသို့ ရောက်ရှိသွားပါက အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင် ကျော်ဖြတ်ခဲ့ရပြီးမှသာ ကျင့်စဉ်ကို အောင်မြင်စွာ တတ်မြောက်နိုင်ခဲ့ခြင်း မဟုတ်ပါလော။
'ဒါက ဘယ်လို အခြေအနေမျိုးလဲ...'
ကျန်းချဲ့၏ စိတ်ထဲတွင် တွေးတောနေဆဲမှာပင် ပြောင်းလဲမှုများ စတင်လာခဲ့လေသည်။
အရပ်လေးမျက်နှာမှ နဂါးဟိန်းသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီး တစ်ခွင်လုံး ဤ လျှို့ဝှက်ဆန်းကြယ်သော နဂါးဟိန်းသံများဖြင့် ပဲ့တင်ထပ်သွားလေသည်။
မြေပြင်ကြီးမှာ အကြီးအကျယ် လှုပ်ခတ်နေပြီး လေဟာနယ်ကလည်း တုန်ခါနေလေသည်။ ကျန်းချဲ့မှာမူ တစ်စုံတစ်ခု၏ ဆွဲဆောင်မှုကို ခံလိုက်ရသည့်အလား တစ်ကိုယ်လုံးရှိ သွေးသားချီစွမ်းအင်များ ဆူပွက်လာကာ သတ်ဖြတ်လိုစိတ်များ အလွန်အမင်း ထကြွလာလေသည်။
သူ၏ မျက်စိရှေ့ရှိ အရာအားလုံးကို ဖျက်ဆီးပစ်ချင်စိတ်များ ပေါ်ပေါက်လာခဲ့လေသည်။
ဤကဲ့သို့သော ပြောင်းလဲမှုက ကျန်းချဲ့ကို ရုတ်တရက် အငိုက်မိသွားစေလေသည်။ သူသည် မိမိကိုယ်ကိုယ် လုံးဝ ထိန်းချုပ်၍ မရနိုင်တော့သည့်အလား ခံစားလိုက်ရပြီး အလိုအလျောက် ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ခန္ဓာကိုယ်အတွင်းရှိ သွေးသားချီစွမ်းအင်များကို ထိန်းချုပ်ရန် ကြိုးပမ်းလိုက်လေသည်။
သို့သော် အရာအားလုံးမှာ အလဟဿသာ ဖြစ်နေလေသည်။
ကျန်းချဲ့၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး အသိတရားတစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာလေသည်။
ထင်ထားသည့်အတိုင်းပင် ယဇ်ပူဇော်မှု ပြုလုပ်တိုင်း ဤမျှလောက် အလွယ်တကူ ကျော်ဖြတ်နိုင်မည် မဟုတ်ချေ။ ယဇ်ပူဇော်ကျောက်တိုင်၏ အကူအညီ ရှိနေလျှင်တောင်မှ သူကိုယ်တိုင် တွေ့ကြုံခံစားရမည် ဖြစ်ပြီး ထိုသို့ တွေ့ကြုံခံစားပြီးမှသာ အသိအမြင်များ ရရှိနိုင်မည် ဖြစ်လေသည်။
ဤအတွေး ပေါ်လာပြီးနောက် ကျန်းချဲ့၏ ခုခံဆန့်ကျင်လိုစိတ်များ အတော်လေး လျော့ကျသွားပြီး ဖြစ်လာမည့် အရာများကို သဘာဝအတိုင်းသာ လက်ခံရန် ပြင်ဆင်လိုက်လေသည်။
နဂါးဟိန်းသံများ အဆက်မပြတ် ထွက်ပေါ်နေသည်နှင့်အမျှ ကျန်းချဲ့၏ သွေးသားချီစွမ်းအင်များ ဆူပွက်လာရုံသာမက သူ၏ ရုပ်ခန္ဓာကိုယ်မှာလည်း စတင် ပြောင်းလဲလာခဲ့လေသည်။
ယားယံလွန်းလှသော ခံစားချက်တစ်ခုက မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ကိုယ်လုံးကို လွှမ်းခြုံသွားလေသည်။
သူ ခေါင်းငုံ့၍ ကြည့်လိုက်ရာ တစ်ကိုယ်လုံးမှ အလင်းတန်းများ ဖြာထွက်နေသည်ကို တွေ့လိုက်ရလေသည်။
တိတိကျကျ ပြောရမည်ဆိုလျှင် သူ၏ ကိုယ်ပေါ်ရှိ နဂါးပုံစံ နတ်ဘုရား အမှတ်အသားများထံမှ အလင်းတန်းများ ထွက်ပေါ်နေခြင်း ပင်ဖြစ်သည်။
အနက်ရောင် နဂါးအကြေးခွံများ တစ်ချပ်ပြီးတစ်ချပ် ထွက်ပေါ်လာကာ အရေပြားကို တိုက်ရိုက် ဖောက်ထွက်လာပြီး သွေးများလည်း စိမ့်ထွက်လာလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းချဲ့သည် ကြောက်မက်ဖွယ်ကောင်းသော သွေးလူသား တစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားလေသည်။
နဂါးအဖြစ် အသွင်ပြောင်းခြင်း။
ကျန်းချဲ့သည် ဤအခြေအနေမျိုးကို ယခင်က ကြုံတွေ့ခဲ့ဖူးလေသည်။ ၎င်းမှာ သူ ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ်ကို ပြီးပြည့်စုံစွာ တတ်မြောက်ပြီးနောက် ရရှိလာသော စွမ်းရည်တစ်ခု ဖြစ်ပြီး သူ၏ စွမ်းအားများကို ဘက်စုံထောင့်စုံမှ မြှင့်တင်ပေးနိုင်လေသည်။
သို့သော် ယခင်က နဂါးအသွင်ပြောင်းရာတွင် ရုပ်ခန္ဓာကိုယ်ကို ဤမျှလောက် ကြီးမားသော ဒဏ်ရာရရှိစေခြင်းမျိုး မရှိခဲ့ချေ။
အကြေးခွံများ ထွက်ပေါ်လာရုံသာမက ကျန်းချဲ့၏ လက်မောင်းများမှာလည်း နဂါးလက်သည်းများ အဖြစ်သို့ ပြောင်းလဲသွားပြီး အနက်ရောင် အလင်းတန်းများ တလက်လက် တောက်ပနေလေသည်။
ခေါင်း၏ တစ်ဖက်တစ်ချက်စီမှာလည်း ပေါက်ကွဲထွက်တော့မည့်အလား နဂါးချို နှစ်ချောင်းက မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် စတင် ထွက်ပေါ်လာလေသည်။
တစ်ချိန်တည်းမှာပင် ကြမ်းကြုတ်ရက်စက်သော သားရဲစိတ်များက ကျန်းချဲ့၏ စိတ်ဝိညာဉ်အတွင်းသို့ ရူးသွပ်စွာ ဝင်ရောက်လာပြီး သူ၏ ရုပ်ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ အစစ်အမှန် မိစ္ဆာနဂါး တစ်ကောင် အဖြစ်သို့ ပြောင်းလဲပစ်ရန် ကြိုးပမ်းလာလေသည်။
ကျန်းချဲ့သည် ဤသည်မှာ ယဇ်ပူဇော်နေသည့် ဖြစ်စဉ်တစ်ခု ဖြစ်ကြောင်း သိရှိနေသော်ငြား အခြားသော အသိစိတ်တစ်ခုက သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်သွားမည်ကို လုံးဝ လက်မခံနိုင်သဖြင့် အလိုအလျောက်ပင် တွန်းလှန် တိုက်ခိုက်မှုများ စတင်လာခဲ့လေသည်။
ပုံမှန်အားဖြင့် ဆိုလျှင် ကျန်းချဲ့၏ နဂါးအသွင်ပြောင်းခြင်းမှာ ဤနေရာတွင်ပင် ပြီးဆုံးသွားမည် ဖြစ်ပြီး နဂါးတစ်ပိုင်း ခန္ဓာကိုယ်ကိုသာ ရရှိမည် ဖြစ်လေသည်။
သို့သော် ယခုအခါတွင်တော့ နဂါးအသွင်ပြောင်းခြင်း ဖြစ်စဉ်က ပြီးဆုံးသွားခြင်း မရှိသေးဘဲ အစပိုင်းမျှသာ ရှိသေးပုံရလေသည်။
နဂါးလက်သည်းများ ထွက်ပေါ်လာပြီးနောက် ကျန်းချဲ့၏ မေးစေ့အောက်တွင်လည်း တစ်စုံတစ်ခု ထွက်ပေါ်လာသည့်အလား နဂါးနှုတ်ခမ်းမွေး နှစ်ချောင်းက အရေပြားကို တိုက်ရိုက် ဖောက်ထွက်လာကာ လျင်မြန်စွာ ရှည်ထွက်လာလေသည်။
ကျန်းချဲ့၏ မျက်နှာမှာ တဖြည်းဖြည်း ကြောက်မက်ဖွယ် ကောင်းလာပြီး မျက်ဝန်းများကလည်း ပိုမို နက်ရှိုင်းလာလေသည်။
အမွေးအမှင်များ စတင် ထွက်ပေါ်လာကာ သူ၏ ခြေထောက် နှစ်ဖက်မှာလည်း နဂါးပုံစံ အဖြစ်သို့ ပြောင်းလဲသွားပြီး မြေပြင်ပေါ်တွင် ဝပ်တွားနေရလေသည်။
ခန္ဓာကိုယ်ကြီးမှာ မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ကြီးထွားလာကာ လူသားအသွင်အပြင်ကို အပြည့်အဝ စွန့်လွှတ်လိုက်လေပြီ။
ကျန်းချဲ့ အပြည့်အဝ နဂါးအဖြစ်သို့ ပြောင်းလဲသွားသည်နှင့်အမျှ သူ၏ လူသားစိတ်များ အားလုံးမှာ သားရဲစိတ်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရလေသည်။
ခမ်းနားထည်ဝါသော နဂါးမျက်ဝန်းများထဲတွင် ယခင်က အသိဉာဏ်များ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ကြမ်းကြုတ်ရက်စက်မှုများသာ အပြည့်အဝ လွှမ်းခြုံနေလေတော့သည်။
ဟိန်းသံကြီး ထွက်ပေါ်လာပြီးနောက် ကျန်းချဲ့သည် ပေတစ်ရာကျော်ရှည်လျားသော အစစ်အမှန် နဂါးကြီးအဖြစ် ပြောင်းလဲကာ ကောင်းကင်သို့ ပျံတက်သွားလေသည်။
အမြီးတစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် တောင်တန်းများကို ညီညာပြန့်ပြူးသွားစေပြီး ဖြတ်သန်းသွားသော နေရာတိုင်းရှိ အရာအားလုံးမှာ အပျက်အစီးများ အဖြစ်သို့ ပြောင်းလဲသွားလေသည်။
မြေပြင်ကြီး အဆက်မပြတ် လှုပ်ခတ်နေပြီး လောကကြီး တစ်ခုလုံး နဂါးဟိန်းသံများဖြင့် ပြည့်နှက်နေလေတော့သည်။
'ဒီနဂါးဟိန်းသံ က ဘယ်ကနေ ထွက်လာတာလဲ...'
ပြင်ပလောကတွင်တော့ ကျောက်ရှန်းကျစ်က မျက်မှောင်တင်းတင်းကြုတ်ထားပြီး ဘေးပတ်ဝန်းကျင်ကို စူးစိုက်ကြည့်ကာ အတွေးနက်နေလေသည်။
သူမ၏ မျက်ဝန်းများထဲတွင် သံသယနှင့် စိုးရိမ်မှုများ ရောယှက်နေပြီး နောက်ဆုံးတွင်တော့ အကြည့်များက ကျန်းချဲ့၏ အပေါ်သို့ ကျရောက်သွားလေသည်။
သူမ၏ ဝိညာဉ်အာရုံကို အဝေးသို့ ဖြန့်ကျက်ထားသော်ငြား မည်သည့် ထူးခြားမှုကိုမျှ မတွေ့ရချေ။
ယခင် အဖြစ်အပျက်များနှင့် ဆက်စပ်တွေးတော ကြည့်မည်ဆိုလျှင် ဤနေရာတွင် ဤကဲ့သို့သော စွမ်းရည်မျိုး ရှိသူမှာ ကျန်းချဲ့ တစ်ယောက်တည်းသာ ရှိလေသည်။
ခပ်ဖျော့ဖျော့ နဂါးအရှိန်အဝါ တစ်ခုက အရပ်လေးမျက်နှာသို့ စတင် လွင့်စင် ထွက်ပေါ်လာလေသည်။
'ဒီကောင်လေး ကတော့လေ...'
ချီရွှယ်မိစ္ဆာသခင်မှာ အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်မိပြီး မျက်နှာထားမှာ အလွန်တရာ လေးနက်သွားလေသည်။
အကြောင်းမူကား ကျန်းချဲ့၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာသော နဂါးအရှိန်အဝါက သူ့ကိုပင် ကြီးမားသော ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် ခံစားလိုက်ရစေသောကြောင့် ပင်ဖြစ်သည်။
ဤသည်က သူ၏ ရင်ထဲရှိ အတွေးများကို ပို၍ ခိုင်မာသွားစေခဲ့လေသည်။
ထင်ထားသည့်အတိုင်းပင် ကျန်းချဲ့၏ စွမ်းအားများ မြင့်တက်လာနေချေပြီ။
သို့သော် ထို အလွန်တရာ အဖိုးတန်လှသော စစ်မှန်သော နဂါးရတနာဆေးနှင့် ပတ်သက်မှု ရှိမရှိ ဆိုသည်ကိုတော့ သူ သေချာ မသိနိုင်ချေ။
ကျောက်ရှန်းကျစ် လည်း နဂါးအရှိန်အဝါများ လွင့်စင်ထွက်ပေါ်လာသည်ကို ခံစားလိုက်ရပြီး မျက်လုံးများကို မှေးကျဉ်းကာ အတွေးနက်သွားလေသည်။
မည်သို့ဖြစ်မှန်း မသိဘဲ သူမ၏ ခေါင်းထဲတွင် စောစောက ချီရွှယ်မိစ္ဆာသခင် ပြောခဲ့သော စကားတစ်ခွန်းကို ရုတ်တရက် သတိရသွားလေသည်။
သူမကို အရမ်း အံ့ဩမသွားရန် သတိပေးခဲ့သည် မဟုတ်ပါလော။
'အံ့ဩမသွားနဲ့ ဟုတ်လား... ဒီအချက်ကို ရည်ရွယ်ပြီး ပြောခဲ့တာများလား...'
"အဲ့ဒါ က ဘာကြီးလဲ..."
ကျောက်ရှန်းကျစ် က ရုတ်တရက် ခေါင်းမော့လာပြီး အရှေ့ဘက်ကို စူးစိုက်ကြည့်ကာ မေးလိုက်လေသည်။
ကျန်းချဲ့၏ နောက်ကွယ်တွင် ဧရာမ အစစ်အမှန် နဂါးပုံရိပ်ယောင်ကြီး တစ်ခု ဖြည်းညင်းစွာ ပေါ်ထွက်လာလေသည်။
အဆုံးအစမရှိသော ပင်လယ်ရေများ ဆူပွက်လာပြီး ကောင်းကင်အထိ မြင့်မားသော လှိုင်းလုံးကြီးများ လိမ့်တက်လာကာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများ ဆွဲငင်ခြင်းကို ခံနေရသည့်အလား ပင်ဖြစ်သည်။
"ကျန်းချဲ့ ရဲ့ အစစ်အမှန် နဂါး ဓမ္မရုပ်တု ပုံရိပ်ယောင် ပဲ..."
ချီရွှယ်မိစ္ဆာသခင် က စကားအနည်းငယ်ကို ဖြည်းညင်းစွာ ရေရွတ်လိုက်လေသည်။
သို့သော် တစ်ချိန်တည်းမှာပင် သူ၏ မျက်နှာပေါ်တွင် သံသယအရိပ်အယောင်များ ပေါ်လွင်နေလေသည်။
အကြောင်းမူကား သူသည် ယခင်က ကျန်းချဲ့ နဂါးပုံစံ ဓမ္မရုပ်တု ပုံရိပ်ယောင်ကို အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့သည်ကို မြင်တွေ့ခဲ့ဖူးသော်ငြား တစ်ကြိမ်တစ်ခါမျှ ဤမျှလောက် အစွမ်းထက်သော အရှိန်အဝါမျိုး မရှိခဲ့ဖူးချေ။
အဝေးမှ လှမ်းကြည့်လိုက်ရုံဖြင့် ထို ဓမ္မရုပ်တု ပုံရိပ်ယောင်ကြီး အပေါ်မှ ထွက်ပေါ်နေသော ကြမ်းကြုတ်ရက်စက်သည့် အငွေ့အသက်များကို သူတို့ ကောင်းစွာ ခံစားသိရှိနိုင်လေသည်။
လောကရှိ သက်ရှိသတ္တဝါ အားလုံးကို ဖျက်ဆီးပစ်တော့မည့်အလား ပင်ဖြစ်သည်။
"ကျန်းချဲ့ က ဓမ္မရုပ်တု ကို ဖန်တီးနေတာ များလား..."
ကျောက်ရှန်းကျစ် က ရုတ်တရက် မေးလိုက်လေသည်။
အနည်းငယ် မဖြစ်နိုင်ဘူးဟု သူမ ထင်မြင်မိသော်ငြား မည်သို့ပင်ဆိုစေ ကျန်းချဲ့ အဆင့်တက်ခဲ့သည်မှာ သိပ်မကြာသေးချေ။
ဤမျှ တိုတောင်းလှသော အချိန်ကာလလေးအတွင်း အဆင့်ထပ်တက်ခြင်းမျိုး လောကတွင် တစ်ခါမှ မှတ်တမ်းတင်ထားခြင်း မရှိခဲ့ဖူးချေ။
သို့သော် သူမ၏ မျက်စိရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း ရင်ထဲရှိ သံသယကို ထုတ်ဖော်မေးမြန်း လိုက်မိခြင်း ပင်ဖြစ်သည်။
"ဖြစ်နိုင်တယ်... ဖြစ်နိုင်လောက်တယ်..."
ချီရွှယ်မိစ္ဆာသခင် မှာ ခဏနေလျှင် မျက်နှာပျက်ရမည်ကို စိုးရိမ်သဖြင့် ယခုအချိန်တွင် တိတိကျကျ အတည်ပြု မပြောရဲတော့ဘဲ မရေမရာ အဖြေတစ်ခုကိုသာ ပေးလိုက်လေတော့သည်။
ပုံရိပ်ယောင် လောကအတွင်းတွင်။
ကျန်းချဲ့၏ လူသားစိတ်များ အားလုံးမှာ အပြည့်အဝ ဖိနှိပ်ခံလိုက်ရပြီး သားရဲစိတ်၏ လွှမ်းမိုးမှုကို ခံလိုက်ရလေသည်။
အသိဉာဏ် လုံးဝ ကင်းမဲ့နေသော အစစ်အမှန် မိစ္ဆာနဂါး တစ်ကောင် အဖြစ်သို့ အပြည့်အဝ ပြောင်းလဲသွားပြီး ရောက်လေရာ နေရာတိုင်းကို အပြတ်အသတ် ဖျက်ဆီးပစ်နေလေတော့သည်။
တောင်တန်းများ ကျိုးကြေပျက်စီးသွားပြီး မြစ်ချောင်းများ ပြတ်တောက်သွားရလေသည်။
သတ္တဝါများ အားလုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ခံလိုက်ရပြီး သူ၏ ကိုယ်ပေါ်ရှိ သားရဲစိတ်များမှာလည်း အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိသွားခဲ့လေပြီ။
ဤဖြစ်စဉ် အတွင်း ကျန်းချဲ့ ကိုယ်တိုင်လည်း အချိန် မည်မျှ ကြာမြင့်သွားခဲ့ပြီ ဆိုသည်ကို သတိမထားမိတော့ချေ။
သူ သိသည်မှာ တစ်ချက်တည်းသာ ဖြစ်သည်။ ၎င်းမှာ သူသည် လူသားစိတ် နည်းနည်းလေးမျှ မရှိတော့သော အစစ်အမှန် နဂါးတစ်ကောင် အဖြစ်သို့ လုံးဝ ပြောင်းလဲသွားပြီ ဆိုသည့် အချက်ပင် ဖြစ်လေသည်။
နောက်ဆုံးတွင်တော့ သားရဲ၏ ဖျက်ဆီးမှုများက ကောင်းကင်နှင့် မြေကြီး၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ပုံ ရလေသည်။
တိမ်မည်းများ စတင် စုရုံးလာပြီး မိုးကြိုးပစ်သံများ အဆက်မပြတ် ထွက်ပေါ်လာလေသည်။
မိစ္ဆာနဂါးကြီး ရှိနေသော မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းသည့် ဧရိယာ တစ်ခုလုံးကို လွှမ်းခြုံသွားလေတော့သည်။
ကောင်းကင်နှင့် မြေကြီး တစ်ခွင်လုံး ပဲ့တင်ထပ်သွားသည့် မိုးကြိုး ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး လေဟာနယ် တစ်ခုလုံး လင်းထိန်သွားလေသည်။
ရေပုံးတစ်လုံးစာ အရွယ်အစားရှိသော မိုးကြိုးတန်းကြီးက အစစ်အမှန် နဂါးကြီး၏ ကိုယ်ပေါ်သို့ တိုက်ရိုက် ပစ်ချလိုက်လေသည်။
မည်းနက်ကျွမ်းကင်သွားသော ဒဏ်ရာတစ်ခု ရရှိသွားသော်ငြား အသက်အန္တရာယ် ထိခိုက်စေနိုင်လောက်သည့် အခြေအနေတော့ မဟုတ်ချေ။
သို့သော် ဤကဲ့သို့သော လုပ်ရပ်က သားရဲစိတ်ကို အပြည့်အဝ ဒေါသထွက်သွားစေရန် လုံလောက်လှပေသည်။
နဂါးဟိန်းသံ တစ်ချက်နှင့်အတူ ပေတစ်ရာကျော်ရှည်လျားသော အစစ်အမှန် နဂါးကြီးသည် တိမ်တိုက်များကို စီးနင်းကာ ကောင်းကင်သို့ ပျံတက်သွားလေသည်။
သူ၏ နဂါးအမြီးဖြင့် တိမ်မည်းများကို ရိုက်ခွဲကာ ကောင်းကင်နှင့် မြေကြီးကို အံတုရန် ကြိုးပမ်းလိုက်ခြင်း ပင်ဖြစ်သည်။
သို့သော် ဤကဲ့သို့သော လုပ်ရပ်က ပိုမို ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးများကို ဆွဲဆောင်လိုက်သလိုသာ ဖြစ်သွားစေလေသည်။
မိုးကြိုး ပင်လယ်ကြီး တစ်ခုအလား မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင် တစ်ခွင်လုံး ဖုံးလွှမ်းနေသော မိုးကြိုးများက အနက်ရောင် မိစ္ဆာနဂါးကြီးကို လွှမ်းခြုံသွားလေတော့သည်။
အလွန်တရာ သနားစရာ ကောင်းလှသော နဂါးဟိန်းသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့လေသည်။
အကြေးခွံများ ရိုက်ခွဲခံလိုက်ရပြီး သွေးသားများ လွင့်စဉ်ထွက်သွားလေသည်။
နဂါးချိုများ ကျိုးပဲ့သွားပြီး အလွန်တရာ သနားစရာ ကောင်းသော အခြေအနေသို့ ရောက်ရှိသွားခဲ့လေပြီ။
အချိန်အနည်းငယ် ကြာပြီးနောက် အပြင်းအထန် ဒဏ်ရာရရှိသွားသော မိစ္ဆာနဂါးကြီးသည် လေဟာနယ်ထက်မှ အောက်သို့ ပြုတ်ကျလာပြီး မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ရိုက်ခတ်သွားလေသည်။
သူ၏ အသက်ရှူသံများ အလွန်အမင်း အားနည်းနေပြီး ပိုးမျှင်လေး တစ်မျှင်အလား ပြတ်လုနီးပါး ဖြစ်နေသည်ဟု ဆိုရမည် ဖြစ်လေသည်။
တစ်ကိုယ်လုံးတွင် သွေးသံရဲရဲ ဒဏ်ရာများ ပြည့်နှက်နေပြီး အရိုးဖြူ အချို့ကိုပင် ထင်းလင်းစွာ မြင်တွေ့နေရလေသည်။
ကောင်းကင်ယံထက်ရှိ မိုးကြိုးများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေပြီ။
မြေပြင်ထက်တွင်လည်း အစစ်အမှန် နဂါး၏ အရှိန်အဝါများ တဖြည်းဖြည်း အားနည်းလာခဲ့လေသည်။
သို့သော် ဤအရာက ကျန်းချဲ့၏ လူသားစိတ်များကို ပြန်လည် နေရာယူခွင့် အလိုအလျောက် ပေးလိုက်သလို ဖြစ်သွားစေလေသည်။
မိုးကြိုးများက သားရဲစိတ်ကို အပြတ်အသတ် ရိုက်ချိုးပစ်လိုက်သဖြင့် သူ၏ လူသားစိတ်က ရုပ်ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်ခွင့် ရရှိသွားလေသည်။
အသက်အန္တရာယ်နှင့် နီးကပ်နေသည့်တိုင်အောင် ကျန်းချဲ့၏ ရင်ထဲတွင် နည်းနည်းလေးမျှ နာကျင် ဝမ်းနည်းမှု မရှိခဲ့ချေ။
အကြောင်းမူကား ဤသည်မှာ ယဇ်ပူဇော်မှု ဖြစ်စဉ် တစ်ခု သက်သက်သာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားသောကြောင့် ပင်ဖြစ်သည်။
ကျန်းချဲ့ သူ၏ အစစ်အမှန် ရုပ်ခန္ဓာကို အပြည့်အဝ ပြန်လည် ထိန်းချုပ်လိုက်နိုင်သည်နှင့် တစ်ပြိုင်နက် ဘေးပတ်ဝန်းကျင်ရှိ လောကကြီးမှာလည်း စတင် ပြောင်းလဲလာခဲ့လေသည်။
လေပြင်းမုန်တိုင်းများ တိုက်ခတ်လာပြီး မိုးသက်မုန်တိုင်းများ အရှိန်အဟုန်ဖြင့် ရွာသွန်းလာကာ ကောင်းကင်နှင့် မြေကြီး တစ်ခွင်လုံး လောကပျက်သုဉ်းမည့် အချိန်သို့ ချက်ချင်း ရောက်ရှိသွားသည့်အလား ပင်ဖြစ်သည်။
အက်ကွဲပျက်စီးသံ တစ်ချက် ထွက်ပေါ်လာသည်နှင့် လောကကြီး တစ်ခုလုံး လျင်မြန်စွာ ပြိုကျပျက်စီး လာခဲ့လေသည်။
တစ်ချိန်တည်းမှာပင် အထွတ်အမြတ် အစစ်အမှန် နဂါးကျင့်စဉ် နှင့် ပတ်သက်သော အသိအမြင်များ ကလည်း သူ၏ စိတ်နှလုံးထဲသို့ အဆက်မပြတ် ဝင်ရောက်လာခဲ့လေသည်။
ဤကျင့်စဉ် အပေါ် သူ၏ နားလည်သဘောပေါက်မှုများ အပြည့်အဝ ပြီးပြည့်စုံသွားပြီး အဆင့်သေး အဖြစ်သို့ တက်လှမ်းသွားခဲ့လေပြီ။
မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် ကျန်းချဲ့သည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး အလွန်တရာ ပြီးပြည့်စုံ တည်ငြိမ်နေကြောင်း ခံစားလိုက်ရလေသည်။
ခေါင်းထဲတွင် အသိအမြင်များ အဆက်မပြတ် ဖြတ်ပြေးနေပြီး သူကလည်း လျင်မြန်စွာ ချေဖျက် စုပ်ယူနေလေသည်။
သို့သော် ဤဖြစ်စဉ် အတွင်း သူသည် တစ်စုံတစ်ယောက်၏ စောင့်ကြည့်ခြင်းကို ခံနေရသည့်အလား ခံစားလိုက်ရသဖြင့် ခေါင်းမော့ကြည့်လိုက်ရာ ချက်ချင်းပင် ကြက်သေသေသွားရလေသည်။
မူလက ငြိမ်းချမ်းနေသော လေဟာနယ်ထက်တွင် ယခုအခါ ကောင်းကင် တစ်ခွင်လုံး တိမ်မည်းများ ဖုံးလွှမ်းနေပြီး ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်လေပြင်းများက ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံကာ သူ့ဆီသို့ စုရုံးလာနေသည်ကို တွေ့လိုက်ရလေသည်။
ချက်ချင်းပင် သူ သဘောပေါက်သွားလေသည်။ လေကပ်ဘေး ရောက်လာပြီတကား။
"ဒါ လေကပ်ဘေး ပဲ..."
မလှမ်းမကမ်းတွင် ရပ်နေသော ကျောက်ရှန်းကျစ် က အခြေအနေ မဟန်ကြောင်း ချက်ချင်း ရိပ်မိသွားလေသည်။
အကြောင်းမူကား သူမ ကိုယ်တိုင်လည်း ဤကဲ့သို့သော ဖြစ်စဉ်မျိုးကို ဖြတ်သန်းခဲ့ဖူးသဖြင့် ကျန်းချဲ့ ကျင့်ကြံခြင်း၏ အကန့်အသတ် တစ်ခုကို ရောက်ရှိသွားပြီ ဖြစ်ကြောင်း အသေအချာ ပြောနိုင်လေသည်။
ယွမ်ယင်း က ဘေးပတ်ဝန်းကျင် ကောင်းကင်နှင့် မြေကြီးအတွင်းရှိ ကောင်းကင်လေပြင်းများကို လှုံ့ဆော်လိုက်ခြင်း ပင်ဖြစ်သည်။
ဤ ကောင်းကင်လေပြင်းများမှာ ပုံမှန်အားဖြင့် လောကတွင် ပေါ်ထွက်လေ့ မရှိသော်ငြား ယွမ်ယင်း ၏ လှုံ့ဆော်မှုကို ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် ချက်ချင်း စုရုံးလာပြီး ယွမ်ယင်း ကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသော ကြောက်မက်ဖွယ် စွမ်းအားများကို ပေါက်ကွဲထွက်ပေါ်လာစေလေသည်။
ဤ ကောင်းကင်လေပြင်းများသည် ရုပ်ခန္ဓာကိုယ် အတွက် ကြီးမားသော ခြိမ်းခြောက်မှု တစ်ရပ် မဖြစ်စေနိုင်သော်ငြား အလွန် နုနယ်သော ယွမ်ယင်း အတွက်မူ သေမင်းတမန် အဆိပ်အတောက် တစ်ခုအလား ပင်ဖြစ်သည်။
သေချာသည်ကတော့ အကယ်၍ ဤ လေကပ်ဘေးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့မည် ဆိုပါက ရရှိလာမည့် အကျိုးကျေးဇူးများမှာလည်း အလွန် ကြီးမားလှပေသည်။
သို့သော် သူမ နားမလည်နိုင်အောင် ဖြစ်နေမိသည်မှာ ကျန်းချဲ့က မည်သည့်အတွက်ကြောင့် ဤမျှလောက် အမြန် လေကပ်ဘေးကို လှုံ့ဆော်နိုင်ခဲ့ရသနည်း ဆိုသည်ကိုပင်။
သူမ၏ အမြင်တွင် ကျန်းချဲ့၏ ပါရမီက အလွန်အမင်း ထူးချွန်ပြောင်မြောက်ပြီး လူ့လောကတွင် ရှားပါးလွန်းသည် ဆိုစေကာမူ အနည်းဆုံးတော့ ကျင့်ကြံရန် အတွက် ဆယ်နှစ်ခန့် အချိန်ယူရဦးမည်ဟု ထင်မှတ်ထားခဲ့လေသည်။
ထိုအချိန်ကာလ အတွင်း သူမ အနေဖြင့် ကျန်းချဲ့ ကပ်ဘေး ကျော်ဖြတ်ရန် လိုအပ်မည့် ဝိညာဉ်ရတနာ များကို အစွမ်းကုန် ရှာဖွေပေးရန် ရည်ရွယ်ထားခဲ့လေသည်။
သို့သော် ယခုအခါတွင်တော့ ကျန်းချဲ့၏ လေကပ်ဘေးက ဤမျှလောက် လျင်မြန်စွာ ရောက်ရှိလာပြီး လူတိုင်းကို အငိုက်မိသွားစေခဲ့လေပြီ။
ကျောက်ရှန်းကျစ် ၏ အမည်မသိ ထိတ်လန့်စိုးရိမ် နေမှုများနှင့် နှိုင်းယှဉ်ပါက ချီရွှယ်မိစ္ဆာသခင် ၏ မျက်ဝန်းများထဲတွင်တော့ ထင်ထားတဲ့အတိုင်းပဲ ဆိုသော အမူအရာမျိုး ဖြတ်ပြေးသွားလေသည်။
အမှန်တကယ်ပင် သူ၏ ခန့်မှန်းချက်များနှင့် လုံးဝ လွဲချော်ခြင်း မရှိဘဲ ကျန်းချဲ့သည် တံခါးပိတ် ကျင့်ကြံပြီး အဆင့်တက်နေခြင်း ပင်ဖြစ်သည်။
သူ၏ ကြိုတင် မြင်နိုင်စွမ်းကို ဂုဏ်ယူ ဝမ်းမြောက်နေသလို တစ်ချိန်တည်းမှာပင် ကျန်းချဲ့ကိုလည်း အပြည့်အဝ အရှုံးပေး လက်မြှောက်သွားမိလေသည်။
ထို့ကြောင့် လေကပ်ဘေး ရောက်ရှိလာသည့် ဤအခိုက်အတန့်တွင် သူ၏ မျက်နှာပေါ်၌ အံ့အားသင့်သည့် အမူအရာ လုံးဝ မပေါ်လွင်ခဲ့ချေ။
ကျောက်ရှန်းကျစ် က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး မျက်မှောင် တင်းတင်း ကြုတ်ကာ မေးလိုက်လေသည်။
"လေကပ်ဘေး က အရမ်းကို မြန်မြန် ရောက်လာတာပဲ... အခြေအနေ အရ ကြည့်မယ် ဆိုရင် ဒီ လေကပ်ဘေး က သာမန် လုံးဝ မဟုတ်ဘူး... ကျန်းချဲ့ မှာကော ဘာတွေ ကြိုတင် ပြင်ဆင် ထားတာ ရှိလဲ... ကျမ ရဲ့ လက်ထဲမှာ အရင်တုန်း က ကျမ ကပ်ဘေး ကျော်ဖြတ် တုန်းက ကျန်ခဲ့ တဲ့ ဝိညာဉ် ရတနာ နှစ်ခု ရှိသေးတယ်... အခု သူ့ကို သွားပေး လို့ ရမလား..."
"နတ်သမီး စိုးရိမ် နေစရာ မလိုပါဘူး... ကျန်းချဲ့ က လေကပ်ဘေး ကို လှုံ့ဆော် ရဲတယ် ဆိုမှတော့ ပြည့်စုံတဲ့ ကြိုတင် ပြင်ဆင်မှု တွေ လုပ်ပြီးသား ဖြစ်မှာပါ... သူက ကျီချန်တောက် ဆီကနေ လေဝိညာဉ်နတ်ပုတီးစေ့ တစ်လုံး ရထားတယ်... လေကပ်ဘေး ကို ကျော်ဖြတ် ဖို့ အနည်းဆုံး တော့ ခုနစ်ဆယ် ရာခိုင်နှုန်း လောက် ယုံကြည်ချက် ရှိပါတယ်..."
ချီရွှယ်မိစ္ဆာသခင် က အလျင်အမြန် ရှင်းပြလိုက်လေသည်။
ဤစကားကို ကြားပြီးနောက် မှသာ ကျောက်ရှန်းကျစ် အနည်းငယ် စိတ်အေးသွားရလေသည်။
သို့သော် သူမ၏ မျက်ဝန်းများထဲတွင် စိုးရိမ်မှုများကိုတော့ လုံးဝ ဖုံးကွယ်ထား၍ မရနိုင်ချေ။
သို့သော် ကပ်ဘေး ကျော်ဖြတ်နေချိန်တွင် ပြင်ပလူများ ဝင်ရောက် စွက်ဖက်ခြင်းက အလွန် အန္တရာယ်များကြောင်း ကိုလည်း သူမ ကောင်းစွာ သိရှိထားသဖြင့် ချီရွှယ်မိစ္ဆာသခင် နှင့်အတူ အလျင်အမြန် နောက်သို့ ဆုတ်ခွာလိုက်လေသည်။
ကျန်းချဲ့ အတွက် ကြီးမားလှသော နေရာလွတ် တစ်ခုကို ဖန်တီးပေးလိုက်ခြင်း ပင်ဖြစ်သည်။
ကျန်းချဲ့ သည် တင်ပျဉ်ခွေ ထိုင်နေပြီး ဘေးပတ်ဝန်းကျင်ရှိ ကောင်းကင်လေပြင်းများမှာ ပိုမို ပြင်းထန်လာကာ လောကကြီး တစ်ခုလုံးကို ရောင်စုံ တောက်ပနေသော နယ်မြေ တစ်ခု အဖြစ်သို့ ပြောင်းလဲသွားစေလေသည်။
အောက်ဘက်ရှိ ပင်လယ်ရေပြင် ထက်တွင် လှိုင်းဂယက်လေးများ ခပ်ဖွဖွ ထနေပြီး ကျန်းချဲ့၏ အစစ်အမှန် နဂါး ဓမ္မရုပ်တု ပုံရိပ်ယောင် ကြီးက လေဟာနယ်ထက်တွင် တည်ငြိမ်စွာ ရပ်တည်နေလေသည်။
ဝိညာဉ် အလင်းတန်း တစ်ခု လင်းလက်သွားပြီး ကျန်းချဲ့၏ သုံးလက်မ အရွယ် ယွမ်ယင်း လေးက ဝိညာဉ်စင်မြင့် ထက်မှ ပေါ်ထွက်လာကာ ကျန်းချဲ့၏ ခေါင်းပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်လေသည်။
ထို့နောက် ကျန်းချဲ့၏ ခန္ဓာကိုယ် တစ်ခုလုံးကို အစိမ်းရောင် အလင်းလွှာ တစ်ခုက ရုတ်တရက် ဖုံးလွှမ်းသွားပြီး အပြည့်အဝ ကာကွယ်ပေးလိုက်လေသည်။
ထို အလင်းတန်း၏ အရောင်မှာ လေဝိညာဉ်နတ်ပုတီးစေ့ နှင့် အလွန် တူညီနေလေသည်။
ကြိုတင် အသိပေးခြင်း လုံးဝ မရှိသလို စမ်းသပ်မှု လည်း လုံးဝ မရှိဘဲ ဘေးပတ်ဝန်းကျင်ရှိ ရောင်စုံ ကောင်းကင်လေပြင်းများ သည် ကျန်းချဲ့၏ ယွမ်ယင်း ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် သူ့ဆီသို့ ချက်ချင်း လွှမ်းခြုံလာလေသည်။
အလွန် ထက်မြက်လှသော ကောင်းကင်လေပြင်းများက အစိမ်းရောင် အလင်းလွှာကို ဖြတ်သန်းကာ ယွမ်ယင်း အပေါ်သို့ တိုက်ရိုက် ကျရောက်သွားလေသည်။
လေပြင်း တစ်ချက် တိုက်ခတ်သွားရုံဖြင့် ကျန်းချဲ့၏ ယွမ်ယင်း အလင်းတန်းများ အတော်လေး မှေးမှိန်သွားခဲ့လေသည်။
သို့သော် ၎င်း၏ နောက်တွင်တော့ ဘေးပတ်ဝန်းကျင်ရှိ အစိမ်းရောင် အလင်းတန်းများက နူးညံ့ပျော့ပျောင်းသော စွမ်းအားများကို ထုတ်လွှတ်ကာ ချက်ချင်း ဖြည့်ဆည်း ပေးလေသည်။
သို့သော် ကျန်းချဲ့၏ ဓမ္မရုပ်တု ပုံရိပ်ယောင် ကြီးမှာတော့ လေဝိညာဉ်နတ်ပုတီးစေ့ ၏ ကာကွယ်မှုကို မရရှိသဖြင့် အဆုံးအစမရှိသော ကောင်းကင်လေပြင်းများ၏ တိုက်ခိုက်မှုကို တိုက်ရိုက် ခံစားလိုက်ရလေသည်။
မည်သို့ပင်ဆိုစေ ဓမ္မရုပ်တု ပုံရိပ်ယောင် မှာ ယွမ်ယင်း ထက် ပို၍ ကြံ့ခိုင်လေသည်။ အနည်းဆုံးတော့ အချိန်တိုအတွင်း ကျန်းချဲ့ မည်သည့် ထူးခြားချက်ကိုမျှ မခံစားရသေးချေ။
ထို့နောက် ကောင်းကင်လေပြင်းများက ရုတ်တရက် ပိုမို ကြမ်းတမ်းလာခဲ့လေသည်။
အရောင်ငါးမျိုး ပါဝင်သော ကောင်းကင်လေပြင်းများက ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားပြီး အဝေးမှ ကြည့်လျှင် ကျန်းချဲ့ ရှိနေသော နေရာမှာ မုန်တိုင်း၏ ဗဟိုချက် အတိအကျ ပင်ဖြစ်သည်။
အချိန် မည်မျှ ကြာမြင့်သွားသည် မသိသော်ငြား ကျန်းချဲ့၏ ကိုယ်ပေါ်ရှိ အစိမ်းရောင် အလင်းတန်းများ လုံးဝ မှေးမှိန် ပျောက်ကွယ်သွားခဲ့လေပြီ။ လေကို တားဆီးနိုင်စွမ်း လည်း အပြည့်အဝ ဆုံးရှုံးသွားခဲ့လေပြီ။
သို့သော် ကျန်းချဲ့ လည်း သူ၏ ရည်ရွယ်ချက်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့လေပြီ။
သူ၏ ယွမ်ယင်း မှာ ယခင်ကထက် ပိုမို ကြံ့ခိုင်လာပြီး တောက်ပသော နတ်ဘုရား အလင်းတန်းများက အရပ်လေးမျက်နှာကို လွှမ်းခြုံထားလေသည်။ ကောင်းကင်လေပြင်းများ မည်မျှပင် တိုက်ခတ်နေပါစေ တောင်လို မတ်မတ် ရပ်တည်နေဆဲ ပင်ဖြစ်သည်။
ကျန်းချဲ့၏ ထို အစစ်အမှန် နဂါး ဓမ္မရုပ်တု ပုံရိပ်ယောင် ကြီးမှာလည်း ကောင်းကင်လေပြင်းများ၏ သန့်စင်မှု အောက်တွင် မူလ အတုအယောင် သဘောတရားများ အားလုံး အပြည့်အဝ ပျောက်ကွယ်သွားခဲ့လေပြီ။
အစစ်အမှန် နဂါးတစ်ကောင် အလား ရုပ်လုံးပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးက အရပ်လေးမျက်နှာသို့ လွင့်စင် ထွက်ပေါ်သွားလေသည်။
နဂါးဟိန်းသံ တစ်ချက်က ကောင်းကင်ဘုံ ကိုးထပ် အထိ တိုက်ရိုက် ထိုးဖောက်သွားလေသည်။
ဤသည်မှာ ကောင်းကင်လေပြင်းများက ယွမ်ယင်းကို လှုပ်ခတ်စေပြီး အကြိမ်ရာချီ သန့်စင်မှုများမှ တစ်ဆင့် အစစ်အမှန် နဂါးကြီးကို ဖန်တီးလိုက်ခြင်း ပင်တကား။