← Chapters

အခန်း ၄၀၄

Vol. 41 Ch. 404

အခန်း ၄၀၄

Vol. 41 Ch. 404

အခန်း (၄၀၄) ယဇ်ပူဇော်ခြင်း... ဓမ္မရုပ်တု ပြီးပြည့်စုံခြင်း

အပြင်းအထန် ကျင့်ကြံအားထုတ်ပြီးနောက် ကျန်းချဲ့သည် ကောင်းကင်ယံသို့ တက်လှမ်းသွားရသည့်အလား ခံစားလိုက်ရလေသည်။

ကျောက်နတ်သမီး၏ အစွမ်းထက်မြက်မှုကို ကျန်းချဲ့အနေဖြင့် အကြိမ်ပေါင်းများစွာ နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရဖူးသော်ငြား အကြိမ်တိုင်းတွင်တော့ သူ့ကို လှိုက်လှိုက်လှဲလှဲ အံ့မခန်း ဖြစ်သွားစေဆဲ ပင်ဖြစ်သည်။

အခြား အကြောင်းအရင်းတော့ မဟုတ်ပေ။ လက်ရှိအချိန်အထိ သူနှင့် လက်ရည်တူ ရင်ပေါင်တန်းနိုင်သော မိန်းမလှလေးဆို၍ ကျောက်ရှန်းကျစ် တစ်ယောက်တည်းသာ ရှိသောကြောင့် ပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ကျောက်ရှန်းကျစ်၏ ကျင့်ကြံမှုမှာ ရှန်ရှန်းအဆင့် နှောင်းပိုင်းဖြစ်ပြီး ဂုဏ်သရေရှိ မဟာသိုင်းသခင်အဆင့်၏ စွမ်းအားကို ပိုင်ဆိုင်ထားသဖြင့် သာမန် လုံးဝ မဟုတ်ချေ။ သူ၏ အခြားသော အမျိုးသမီးများ ဖြစ်ကြသည့် ချီမိသားစု ညီအစ်မများနှင့် ဟွမ်ရှန်းရှန်းတို့မှာ ကျောက်ရှန်းကျစ်ကို ယှဉ်ရန် အလွန် ဝေးကွာလွန်းလှပေသည်။

ထိုအရာများအပြင် ကျောက်ရှန်းကျစ်၏ ခန္ဓာကိုယ် သဘာဝမှာ အလွန် ထူးခြားလှပြီး အစွန်းရောက် ယင်ခန္ဓာကိုယ်နှင့် ယင်ယန် မျှတစေသော နည်းလမ်းများကို ပိုင်ဆိုင်ထားလေရာ အခြား သူများထက် အဆပေါင်းများစွာ သာလွန်နေလေသည်။

ထို့အပြင် ကျောက်ရှန်းကျစ်နှင့် အတူတကွ ကျင့်ကြံခြင်းက သူ့အတွက် အကျိုးကျေးဇူး အလွန် ကြီးမားလှပေသည်။ ကျင့်ကြံမှုအဆင့်ကို တိုးတက်စေရုံသာမက အခြေခံ အုတ်မြစ်ကိုပါ တည်ငြိမ်စေသဖြင့် နေ့စဉ် ပုံမှန် အပြင်းအထန် ကျင့်ကြံခြင်းထက် ပို၍ များပြားလှသော အကျိုးအမြတ်များကို ရရှိစေလေသည်။

သေချာသည်ကတော့ ဤကဲ့သို့ ကျင့်ကြံခြင်းမျိုးသည် ကျန်းချဲ့ တစ်ယောက်တည်းသာ အကျိုးရှိခြင်း မဟုတ်ချေ။ အမှန်တကယ်တော့ ကျောက်ရှန်းကျစ် ရရှိသော အကျိုးအမြတ်က ပို၍ပင် ကြီးမားလှပေသည်။ အကယ်၍ ထိုသို့သာ မဟုတ်ပါက သူမလည်း ဤကိစ္စအပေါ် ဤမျှလောက် စိတ်ထက်သန်နေမည် မဟုတ်ပေ။

အပြင်ပန်းတွင် ရေခဲအလား အေးစက်စက် နိုင်သယောင် ရှိသော်ငြား အမှန်တကယ် လက်တွေ့ ရင်ဆိုင်ရချိန်တွင်တော့ ကျောက်ရှန်းကျစ်သည် အမြဲတမ်း ဦးဆောင်ခွင့် ရရှိရန် ကြိုးပမ်းတတ်လေသည်။

တစ်ခါတစ်ရံတွင် ကျန်းချဲ့ပင်လျှင် တောင့်ခံထားနိုင်စွမ်း မရှိတော့ဘဲ လက်နက်ချ အရှုံးပေးလိုက်ရသည် အထိ ပင်ဖြစ်သည်။

အသံတစ်သံ ထွက်ပေါ်လာပြီးနောက် ကျန်းချဲ့ နောက်သို့ ဆုတ်ခွာလိုက်လေသည်။ ကျောက်ရှန်းကျစ်မှာမူ မျက်နှာလေး နီမြန်းနေပြီး ပါးစပ်မှ မွှေးပျံ့သော လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်လေသည်။ ထို့နောက် အစိမ်းရောင် ဝတ်ရုံကို အလျင်အမြန် ခြုံရုံလိုက်ပြီး တင်ပျဉ်ခွေထိုင်ကာ ယင်ယန် စွမ်းအားများကို စတင် လှုံ့ဆော်လိုက်လေတော့သည်။

ဤသည်မှာ သူတို့ နှစ်ယောက် အကြားရှိ ပုံမှန် အလေ့အထ တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ကျင့်ကြံခြင်း ဖြစ်သော်ငြား အရေးကြီးသော ကိစ္စရပ်များကို အနှောင့်အယှက် ဖြစ်ခံ၍ မရနိုင်ချေ။

ထို့ကြောင့် ကျန်းချဲ့ ဤမြင်ကွင်းကို မြင်သောအခါ အနည်းငယ်မျှ အံ့အားသင့်ခြင်း မရှိဘဲ တစ်ဖက်လူနည်းတူ တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများကို မှိတ်ပြီး အသက်ရှူ လေ့ကျင့်ခန်း စတင်လိုက်လေသည်။ သို့သော် သူသည် ကျင့်ကြံနေခြင်း မဟုတ်ဘဲ သူ၏ စိတ်ဝိညာဉ်ကို ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် လေဟာနယ် အတွင်းသို့ နှစ်ဝင်သွားစေခြင်း ပင်ဖြစ်သည်။

သူ နောက်ထပ် ယဇ်ပူဇော်မည့် ပစ်မှတ်တစ်ခုကို ထပ်မံ သတ်မှတ်ရတော့မည် ဖြစ်လေသည်။

ဓမ္မရုပ်တုအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းက သူ၏ စွမ်းအားများကို အဆပေါင်းများစွာ မြင့်တက်သွားစေခဲ့သော်ငြား ကျန်းချဲ့အနေဖြင့် ဤမျှနှင့် လုံးဝ ကျေနပ်ရောင့်ရဲနေမည် မဟုတ်ချေ။ သူ၏ ကျင့်ကြံမှု အဆင့်ကို ဓမ္မရုပ်တု အထွတ်အထိပ်အဆင့်သို့ အမြန်ဆုံး ဆက်လက် မြှင့်တင်လိုလေသည်။

ဤကဲ့သို့ လုပ်ဆောင်ရခြင်းမှာ အကြောင်းရင်း နှစ်ချက် ရှိလေသည်။ ပထမအချက်မှာ ကောင်းကင်နှင့်မြေကြီး ဓမ္မရုပ်တုကို အသုံးပြုနိုင်ရန် အတွက် ပိုမို အစွမ်းထက်သော ကျင့်ကြံမှု စွမ်းအားကို ပိုင်ဆိုင်ထားရန် လိုအပ်သောကြောင့် ဖြစ်ပြီး ဒုတိယအချက်မှာတော့ မိမိကိုယ်တိုင်၏ လုံခြုံရေးအတွက် ပင်ဖြစ်သည်။

စစ်မှန်သော နဂါးလျှို့ဝှက်နယ်မြေ တိုက်ပွဲတွင် ချင်းထျန်းမိစ္ဆာဂိုဏ်း အကြီးအကျယ် အထိနာသွားခဲ့လေသည်။ ယောက္ခမဖြစ်သူ ချီကျန်းနန် ပြောခဲ့သည့် အတိုင်းပင် ချင်းထျန်းမိစ္ဆာဂိုဏ်းက ဤအတိုင်း လွယ်လွယ်နှင့် လက်လျှော့သွားမည် မဟုတ်ချေ။ သူတော်စင် တစ်ယောက်နှင့် ဓမ္မမင်းကြီး တစ်ပါး ကျဆုံးသွားခဲ့ပြီဖြစ်ရာ နောက်တစ်ကြိမ် တွေ့ဆုံရမည့် အချိန်တွင် ချင်းထျန်းမိစ္ဆာဂိုဏ်း၏ အစွမ်းကုန် ခြေမှုန်း သတ်ဖြတ်ခြင်းကို သေချာပေါက် ရင်ဆိုင်ရမည် ဖြစ်လေသည်။

သူတို့အနေဖြင့် ကျန်းချဲ့က ချင်းထျန်းမိစ္ဆာဂိုဏ်းကို အကြိမ်ကြိမ်အခါခါ မျက်လုံးထဲမှ ဆူးတစ်ချောင်းအလား ပြုမူနေသည်ကို လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။

သေချာသည်ကတော့ နောက်ထပ် အကြောင်းရင်း တစ်ခု ရှိသေးလေသည်။ ၎င်းမှာ ကျန်းချဲ့အနေဖြင့် ယဇ်ပူဇော်ပစ္စည်းများမှာ မည်သည့်အရာများ ဖြစ်သနည်း ဆိုသည်ကို အမြန်ဆုံး အတည်ပြုလိုသောကြောင့် ပင်ဖြစ်သည်။ ယခင်က သူ အနည်းငယ် သံသယ ဖြစ်ခဲ့ဖူးပြီး နောက်တစ်ကြိမ် ယဇ်ပူဇော်ပစ္စည်းများမှာ မြောက်ပိုင်းလူရိုင်း သံတမန်များနှင့် ပတ်သက် ဆက်နွှယ်နေနိုင်သည်ဟု တွေးတောခဲ့သော်ငြား အပြည့်အဝ အတည်မပြုရဲသေးချေ။

ကြိုတင် ပြင်ဆင်မှုများ အမြန်ဆုံး လုပ်ထားသည်က ပို၍ ကောင်းမွန်လှပေသည်။ မည်သို့ပင်ဖြစ်စေ ယဇ်ပူဇော်မည့် ပစ်မှတ်ကို သတ်မှတ်ခြင်းက သူ့အတွက် မည်သည့် ဆုံးရှုံးမှုမျှ မရှိစေနိုင်ချေ။

ထို့အပြင် ကျန်းချဲ့ အရှေ့ပင်လယ်တွင် နေထိုင်ခဲ့သည်မှာ လဝက်ကျော်ခန့် ကြာမြင့်နေခဲ့ပြီ ဖြစ်လေသည်။ လုကျဲ့ယွင်က သူ့ကို လှုပ်ရှားရန် ဆက်သွယ်လာခြင်း မရှိသေးသော်ငြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကိစ္စမှာ ပြီးဆုံးလုနီးပါး ဖြစ်နေလောက်ပြီဟု သူ ခန့်မှန်းမိလေသည်။ မြို့တော်သို့ ပြန်ရမည့် အချိန် ရောက်လာခဲ့ပြီ ဖြစ်လေသည်။

ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် လေဟာနယ် အတွင်းတွင် ကျန်းချဲ့ နောက်ထပ် ပစ်မှတ်တစ်ခုကို ထပ်မံ သတ်မှတ်လိုက်လေသည်။

【 ယဇ်ပူဇော်မည့် ပစ်မှတ် - အထွတ်အမြတ် အစစ်အမှန် နဂါးကျင့်စဉ် အဆင့်ကြီး တက်လှမ်းရန် 】

ယဇ်ပူဇော်ကျောက်တိုင် ထက်ရှိ နတ်ဘုရား အမှတ်အသားများမှာ မျက်စိတစ်မှိတ် အတွင်းမှာပင် လင်းထိန်သွားပြီး အဆက်မပြတ် တလက်လက် တောက်ပနေလေသည်။ အချိန်အနည်းငယ် ကြာပြီးနောက် စာကြောင်း တစ်ကြောင်း ဖြည်းညင်းစွာ ပေါ်ထွက်လာလေသည်။

【 ယဇ်ပူဇော်မည့် ပစ္စည်းများ - ကိုးရောင်ခြယ် နတ်ဘုရားနှင်းရည် တစ်စက်၊ ကိုးကွေ့ အနက်ရောင်ဂျင်ဆင်း တစ်ပင်၊ ကောင်းကင်မိစ္ဆာ ကျောက်စိမ်းဧကရာဇ် ကြာပန်း တစ်ပင်၊ ယင်ယန် ရတနာပုတီးစေ့ တစ်လုံး၊ ပုံရိပ်ယောင် ယွမ်ယင်းသစ်သီး တစ်လုံး၊ သက်တမ်း သုံးဆယ် လျှော့ချခြင်း၊ ကျန်ရှိ သက်တမ်း နှစ်ရာ လေးဆယ်... ယဇ်ပူဇော်မည်လား 】

ယဇ်ပူဇော်ကျောက်တိုင်ထက်တွင် ပေါ်ထွက်လာသော စာသားများကို ကြည့်ရင်း ကျန်းချဲ့ သက်ပြင်းတစ်ချက် မချဘဲ မနေနိုင်အောင် ဖြစ်သွားရလေသည်။

သူ၏ ကျင့်ကြံမှု အရှိန်အဟုန်မှာ အလွန်တရာ မြန်ဆန်လှသည် ဆိုစေကာမူ ဤသည်မှာ အလွန်တရာ အဖိုးတန်လှသော ယဇ်ပူဇော်ပစ္စည်းများစွာနှင့် လဲလှယ်ထားရခြင်း ပင်ဖြစ်သည်။ ယခု သူ လိုအပ်နေသော ယဇ်ပူဇော်ပစ္စည်းများမှာ မဟာသိုင်းသခင်ကြီးများ အတွက်ပင် အလွန် ရှာဖွေရခက်ခဲလှသော ရတနာများ ဖြစ်လေသည်။ ထို့အပြင် ကျင့်ကြံမှုအဆင့် မြင့်တက်လာသည်နှင့်အမျှ ယဇ်ပူဇော်ပစ္စည်းများ ရှာဖွေရခြင်းမှာလည်း ပို၍ ပို၍ ခက်ခဲလာလေသည်။

ကံကောင်းထောက်မစွာဖြင့် သူ၏ အဆင့်အတန်းနှင့် စွမ်းအားများမှာ ယခင်ကဲ့သို့ မဟုတ်တော့ချေ။

အထက်တွင် ဖော်ပြထားသော ယဇ်ပူဇော်ပစ္စည်းများ အနက် သက်တမ်းကိစ္စကို ဘေးဖယ်ထားလိုက်လျှင် ကျန်ရှိနေသော ငါးမျိုးစလုံးမှာ သာမန် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ရတနာများ လုံးဝ မဟုတ်ကြချေ။ သို့သော် ကံကောင်းစွာဖြင့် သူ၏ လက်ရှိအချိန်တွင် ယဇ်ပူဇော်ပစ္စည်း တစ်မျိုးကို ပိုင်ဆိုင်ထားပြီး ဖြစ်လေသည်။

၎င်းမှာ ကိုးကွေ့ အနက်ရောင်ဂျင်ဆင်း ပင်ဖြစ်သည်။

အတိတ်ကို ပြန်လည် တွေးတောကြည့်မည် ဆိုလျှင် ကျန်းချဲ့သည် မြောက်ပိုင်းနယ် ပေလင် ချီမိသားစုနှင့် မင်္ဂလာကိစ္စ စတင် စီစဉ်ပြီးခါစတွင် ချီကျန်းနန်က သူ့ကို တာဝန်တစ်ခု ပေးအပ်ခဲ့လေသည်။ ၎င်းမှာ ရွှမ်လင် လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်ကာ ချီမိသားစုအတွက် ရတနာများကို အလုအယက် ရှာဖွေပေးရန် ပင်ဖြစ်သည်။

ထို ရွှမ်လင် လျှို့ဝှက်နယ်မြေ အတွင်းတွင် ကျန်းချဲ့သည် ကိုးကွေ့ အနက်ရောင်ဂျင်ဆင်းကို ရရှိခဲ့ဖူးလေသည်။

သို့သော် ထိုအချိန်က သူ၏ ကျင့်ကြံမှုအဆင့်မှာ အလွန် နိမ့်ကျလွန်းလှသဖြင့် ထိုကဲ့သို့သော ရတနာမျိုးကို အသုံးပြုရန် လုံးဝ မလိုအပ်သေးချေ။ ထို့ကြောင့် နောင် အနာဂတ်အတွက် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် ယာယီ သိမ်းဆည်းထားခဲ့ရလေသည်။ ကျန်းချဲ့သည် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရပြီး အကြိမ်ဆယ်ချီမက ယဇ်ပူဇော်ခဲ့သော်ငြား ထို ပစ္စည်းကို လုံးဝ အသုံးပြုရခြင်း မရှိခဲ့ချေ။ ယခုအခါတွင်တော့ နောက်ဆုံးတွင် အခွင့်အရေး ရရှိလာခဲ့ပြီ ဖြစ်လေသည်။

ဤကာလ တစ်လျှောက်လုံးတွင် အမှန်တကယ်တော့ သူသည် ကိုးကွေ့ အနက်ရောင်ဂျင်ဆင်း အပေါ် အမြဲတမ်း အလွန် အလေးထားခဲ့လေသည်။ ချီမိသားစုကို တစ်ဝက် ခွဲပေးလိုက်ရသော်ငြား ကျန်ရှိနေသော တစ်ဝက်... အထူးသဖြင့် ကိုးကွေ့ အနက်ရောင်ဂျင်ဆင်း၏ ဝိညာဉ်အဆီအနှစ်မှာ သူ၏ လက်ထဲတွင် ရှိနေသေးသဖြင့် ပြန်လည် ပြုပြင်မွမ်းမံ၍ ရနိုင်လေသည်။

ယခု လက်ရှိအချိန်တွင် ပြီးပြည့်စုံသော အခြေအနေသို့ ပြန်လည် မရောက်ရှိသေးသော်ငြား ကျန်းချဲ့၏ အမြင်တွင် မဖြစ်မနေ အသုံးပြုရမည် ဆိုပါက လုံလောက်နေပြီ ဖြစ်လေသည်။

ကျန်ရှိနေသော အခြား ပစ္စည်းများကိုတော့ သူ ကိုယ်တိုင် အလုအယက် သွားရောက် ရှာဖွေရတော့မည် ဖြစ်လေသည်။

သူ ခန့်မှန်းထားသည့် အတိုင်းပင် ကိုးရောင်ခြယ် နတ်ဘုရားနှင်းရည်မှာ အမှန်တကယ်ပင် ယဇ်ပူဇော်ပစ္စည်းများထဲမှ တစ်ခု ဖြစ်နေခဲ့လေသည်။ ဤအခြေအနေမျိုးတွင် မြောက်ပိုင်းလူရိုင်း သံတမန်များ ဘက်ကို သူ လှုပ်ရှားချင်သည်ဖြစ်စေ မလှုပ်ရှားချင်သည်ဖြစ်စေ မဖြစ်မနေ လှုပ်ရှားရတော့မည် ဖြစ်လေသည်။

သို့သော် နောက်ကွယ်မှ ကျန်ရှိနေသော ယဇ်ပူဇော်ပစ္စည်း အချို့နှင့် ပတ်သက်၍တော့ ကျန်းချဲ့ အနည်းငယ် တိတ်ဆိတ်သွားခဲ့လေသည်။

ကောင်းကင်မိစ္ဆာ ကျောက်စိမ်းဧကရာဇ် ကြာပန်း ဆိုသော ပစ္စည်းကို သူ ယခုအချိန်အထိ လုံးဝ မကြားဖူးခဲ့သေးချေ။ သို့သော် မိစ္ဆာ ဟူသော စာလုံး တစ်လုံး ပါဝင်နေသဖြင့် မိစ္ဆာမျိုးနွယ်စုများနှင့် သေချာပေါက် ပတ်သက် ဆက်နွှယ်နေမည် ဖြစ်ကြောင်း သူ ခံစားမိလေသည်။ သို့သော် ပြဿနာမှာ မိစ္ဆာမျိုးနွယ်စုများ အားလုံးသည် ကောင်းကင်ချောက်ကမ်းပါး၏ ဟန့်တားမှုကြောင့် ပင်လယ်ပြင်၏ အခြားတစ်ဖက်တွင်သာ ရှိနေကြရာ သူတို့နှင့် ထိတွေ့ ဆက်ဆံရန် ဆိုသည်မှာ အလွန် ခက်ခဲလွန်းလှပေသည်။

သို့မဟုတ်ပါက မိစ္ဆာနဂါး အောက်ခွန်၏ အကူအညီကို တောင်းခံရမည်လား...

ယခင်က သူ့ကို ကူညီပေးခဲ့ဖူးသော ဤကောင်ကို သူ လုံးဝ မေ့လျော့နေခြင်း မရှိချေ။ ကိုယ်ကျိုးအတွက် ရည်ရွယ်ချက် ကိုယ်စီ ရှိကြသည် ဆိုစေကာမူ တစ်ဖက်လူသည် သူ့အတွက် အမှန်တကယ် ခွန်အား ထုတ်သုံးပေးခဲ့သဖြင့် လော့ဖုန်းတောင်ကြားတွင် ရိုက်ခတ်ခြင်း ခံလိုက်ရကာ အလွန် ခက်ခဲပင်ပန်းစွာ ဖန်တီးထားခဲ့သော ကိုယ်ပွား ပျက်စီးသွားခဲ့ရခြင်း မဟုတ်ပါလော။

ယင်ယန် ရတနာပုတီးစေ့နှင့် ပုံရိပ်ယောင် ယွမ်ယင်းသစ်သီး တို့နှင့် ပတ်သက်၍တော့... ဤ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ရတနာ နှစ်ခုကို သူ ကြားဖူးခဲ့လေသည်။ သိုင်းလောကတွင် အလွန်တရာ အဖိုးတန် ရှားပါးလှသော်ငြား အရိပ်အယောင်လေး နည်းနည်း ရှိနေပါက ကျန်းချဲ့အနေဖြင့် သေချာပေါက် ရှာဖွေ တွေ့ရှိနိုင်မည် ဖြစ်လေသည်။

အပြန်ပြန်အလှန်လှန် စဉ်းစားတွေးတောပြီးနောက် ကျန်းချဲ့၏ အမြင်တွင် ဤအထဲ၌ ကောင်းကင်မိစ္ဆာ ကျောက်စိမ်းဧကရာဇ် ကြာပန်း က ရှာဖွေရန် အခက်ခဲဆုံး ဖြစ်နေလေသည်။

မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် ကျန်းချဲ့၏ မျက်ဝန်းများထဲ၌ အလင်းတန်းများ တလက်လက် တောက်ပနေလေသည်။

"ဘာဖြစ်လို့လဲ..."

ဘေးနားရှိ ကျောက်ရှန်းကျစ်သည် ကျန်းချဲ့၏ ထူးခြားချက်ကို သတိပြုမိသွားပုံရပြီး ရုတ်တရက် အသံထွက် မေးမြန်းလိုက်လေသည်။

"ဘာမှ မဖြစ်ပါဘူး မင်း အရင် ကျင့်ကြံလိုက်ပါဦး..."

ကျန်းချဲ့က ပြုံးလျက် ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်လေသည်။

"ကောင်းကင်မိစ္ဆာ ကျောက်စိမ်းဧကရာဇ် ကြာပန်း ဟုတ်လား မင်းက ဘယ်လိုလုပ်ပြီး ဒီ ပစ္စည်းအကြောင်းကို ရုတ်တရက်ကြီး သတိရပြီး မေးရတာလဲ..."

ပင်လယ်ပြင်ထက်တွင် ကျောက်ရှန်းကျစ်သည် တံခါးပိတ် ကျင့်ကြံကာ ကျန်းချဲ့ သူမ၏ ခန္ဓာကိုယ် အတွင်းသို့ ဖြည့်သွင်းပေးထားသော နဂါးယန် အဆီအနှစ် စွမ်းအားများကို ချေဖျက် စုပ်ယူနေလေသည်။ ကျန်းချဲ့ကတော့ ချီရွှယ်မိစ္ဆာသခင်ကို သွားရောက် ရှာဖွေနေလေသည်။

ချီရွှယ်မိစ္ဆာသခင်၏ လက်ရှိ စွမ်းအားများမှာ ကျန်းချဲ့ကို မမီတော့သော်ငြား တစ်ဖက်လူ၏ နှစ်ပေါင်း ရာချီသော ဗဟုသုတများကိုတော့ ကျန်းချဲ့ အလွန် အလေးထားနေဆဲ ပင်ဖြစ်သည်။ အထူးသဖြင့် ချီရွှယ်မိစ္ဆာသခင်သည် လောကတစ်ခွင် လှည့်လည် သွားလာခဲ့ပြီး ပိုင်ယွဲ့ဒေသတွင် ထင်တိုင်းကျဲခဲ့သည့် အတွေ့အကြုံများ ရှိထားလေရာ သာမန် မဟာသိုင်းသခင်ကြီးများထက် အများကြီး ပိုမို သိရှိ နားလည်နေလေသည်။

သို့သော် ကျန်းချဲ့၏ မေးမြန်းမှုကို ရင်ဆိုင်ရချိန်တွင် ချီရွှယ်မိစ္ဆာသခင်သည် သံသယ အရိပ်အယောင် အနည်းငယ် ပေါ်လွင်လာပြီး ကျန်းချဲ့ တစ်ယောက် အနည်းငယ် အလောတကြီး နိုင်လွန်းနေသည်ဟု ခံစားမိလေသည်။

"ဒီပစ္စည်းက ကျုပ်အတွက် အများကြီး အသုံးဝင်လို့ပါ တကယ်လို့ စီနီယာ သိထားတယ်ဆိုရင် ကျေးဇူးပြုပြီး ပြောပြပေးပါ..."

"အခုကျမှ စီနီယာ လို့ ခေါ်တော့တာလား..."

ချီရွှယ်မိစ္ဆာသခင်က ခပ်ဟဟ နှာမှုတ်လိုက်လေသည်။

ယခင်က သူက ကျန်းချဲ့၏ စရိုက်လက္ခဏာ သာမန်မျှသာ ရှိသည်ဟု ပြောဆိုခဲ့စဉ်တုန်းက သူ့ကို သွေးမိစ္ဆာဟု တိုက်ရိုက် ခေါ်ဝေါ်ခဲ့သည် မဟုတ်ပါလော။

"စီနီယာက ကျုပ်ရဲ့ စရိုက်လက္ခဏာကို လာပြီး မပြောသရွေ့ ကျုပ်က အမြဲတမ်း စီနီယာလို့ပဲ ခေါ်မှာပါ..."

ကျန်းချဲ့ ခေါင်းရမ်းလိုက်ပြီး အလွန်တရာ အကူအညီမဲ့သွားသည့် အမူအရာဖြင့် ပြောလိုက်လေသည်။ ချီရွှယ်မိစ္ဆာသခင်နှင့် ဆက်ဆံရသည်နှင့်အမျှ တစ်ဖက်လူ၏ စရိုက်ကို သူ တဖြည်းဖြည်း နားလည် သဘောပေါက်လာခဲ့လေပြီ။ ပြင်ပလောကက သူ့အပေါ် မှတ်ချက်ပေးထားသည်များကို လုံးဝ အပြစ်တင်၍ မရနိုင်ချေ။ တစ်ခါတစ်ရံတွင် တကယ်ကို စကား အပြောအဆို ဆင်ခြင်မှု ကင်းမဲ့လွန်းလှပေသည်။

"ဒါဆို မင်း အရင် ပြောကြည့်စမ်း မင်းရဲ့ စရိုက်လက္ခဏာက တကယ်တမ်း ဘယ်လို နေလဲ..."

ချီရွှယ်မိစ္ဆာသခင်က ဟီးဟီးဟားဟား ရယ်မောလိုက်လေသည်။

ယခု လက်ရှိအချိန်တွင် ကျန်းချဲ့၏ စွမ်းအားများက သူ့ကို အပြတ်အသတ် မကျော်လွန်သွားသေးမီလေးတွင် အခွင့်ကောင်းယူကာ အမြတ်ထုတ်ချင်နေခြင်း ပင်ဖြစ်သည်။ အကယ်၍ ထိုသို့သာ မဟုတ်ဘဲ နောင်တစ်ချိန် ကျန်းချဲ့ သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိသွားချိန်တွင်တော့ သူ နောက်ပြောင်ချင်လျှင်တောင်မှ ထိုကဲ့သို့ လုပ်ရဲသည့် သတ္တိမျိုး ရှိတော့မည် မဟုတ်ချေ။

ဤစကားကို ကြားသောအခါ ကျန်းချဲ့၏ မျက်နှာထား ချက်ချင်း တည်ကြည်လေးနက်သွားလေသည်။

"ကျုပ်ရဲ့ စရိုက်လက္ခဏာ ကတော့ သံသယ ဝင်စရာ လုံးဝ မလိုပါဘူး..."

"အို..."

ချီရွှယ်မိစ္ဆာသခင်၏ မျက်နှာပေါ်တွင် သံသယ အရိပ်အယောင်များ အပြည့်အဝ ပေါ်လွင်နေလေသည်။

"ဒါနဲ့ စကားမစပ် သိုင်းလောကမှာ စီနီယာကို ဘာဖြစ်လို့ အမြဲတမ်း သွေးမိစ္ဆာလို့ ဆဲဆိုနေကြရတာလဲ ဒီအထဲမှာ နားလည်မှု လွဲတာတွေများ ရှိနေမလား..."

ကျန်းချဲ့ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် စကားလမ်းကြောင်းကို လျင်မြန်စွာ ပြောင်းလဲလိုက်ပြီး တစ်ဖက်လူ၏ အပေါ်သို့ လှည့်ချလိုက်လေသည်။

ချီရွှယ်မိစ္ဆာသခင်သည် ကျန်းချဲ့ကို စူးစိုက်ကြည့်နေပြီး ကျန်းချဲ့ကလည်း သူ့ကို စူးစိုက်ကြည့်နေလေသည်။ သူတို့ နှစ်ယောက်သည် စက္ကန့် အနည်းငယ်မျှ ဆက်လက် စိုက်ကြည့်နေကြပြီးနောက် အလွန် နားလည်မှု ရှိစွာဖြင့် ထိုကိစ္စ နှစ်ခုစလုံးကို ဆက်လက် မဆွေးနွေးကြတော့ချေ။

ချီရွှယ်မိစ္ဆာသခင်က ချောင်း နှစ်ချက် ခပ်ဖွဖွ ဟန့်လိုက်ပြီး ပြောလိုက်လေသည်။

"ကောင်းကင်မိစ္ဆာ ကျောက်စိမ်းဧကရာဇ် ကြာပန်းနဲ့ ပတ်သက်ပြီးတော့ ကျုပ် တကယ်ပဲ နည်းနည်းပါးပါး သိထားပါတယ် ဒီပစ္စည်းက မိစ္ဆာနယ်မြေမှာပဲ သီးသန့်ရှိတဲ့ အရာပဲ မိစ္ဆာမျိုးနွယ်စုရဲ့ အထွတ်အမြတ် ရတနာလို့ မခေါ်ဆိုနိုင်ပေမဲ့ သေချာပေါက် ရှားပါးတဲ့ ဝိညာဉ်ရတနာ တစ်ပါးပဲ အထူးသဖြင့် ရုပ်ခန္ဓာကိုယ်ပိုင်းနဲ့ ပတ်သက်ရင် အံ့မခန်း အကျိုးအာနိသင်တွေ ရှိတယ် မင်းလည်း သိပြီးသား ဖြစ်မှာပါ မိစ္ဆာမျိုးနွယ်စုတွေက ရုပ်ခန္ဓာကိုယ်ကို အဓိက အားထားကြတာဆိုတော့ ရုပ်ခန္ဓာကိုယ် စွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ အရာတွေ အပေါ်မှာ အမြဲတမ်း အလွန် အလေးထားကြတယ် ဒါကြောင့်လည်း ဒီပစ္စည်းက ပိုပြီးတော့ အဖိုးတန် ရှားပါးရတာပေါ့..."

"မိစ္ဆာနယ်မြေမှာပဲ သီးသန့်ရှိတယ် ဟုတ်လား ဒါဆို အလယ်ပိုင်းဒေသမှာကော ဒီပစ္စည်း မရှိနိုင်ဘူးလား..."

ကျန်းချဲ့ မျက်မှောင် တင်းတင်းကြုတ်သွားလေသည်။

"ဒီလိုမျိုး မိစ္ဆာမျိုးနွယ်စုရဲ့ ဝိညာဉ်ရတနာတွေက မိစ္ဆာချီစွမ်းအင်တွေနဲ့ ရှင်သန် ကြီးထွားရတာလေ မူလစွမ်းအင် သက်သက်လေးနဲ့တော့ ပျိုးထောင်ဖို့ အရမ်း ခက်ခဲပါတယ်..."

"ဒါဆိုရင်တော့..."

ဤကဲ့သို့သော ကောက်ချက်ချမှုကို ကြားလိုက်ရပြီးနောက် ကျန်းချဲ့ ချက်ချင်းပင် အတွေးနက်သွားလေသည်။

သူသည် ကောင်းကင်ချောက်ကမ်းပါးသို့ တစ်ခေါက်လောက် သွားရတော့မည် များလား။ ထို နေရာသို့ သွားရန် အကွာအဝေးက မနီးစပ်လှချေ။ သင့်လျော်သော အကြောင်းပြချက် မရှိပါက ဝင်ပေါက်ကိုပင် ရှာတွေ့နိုင်မည် မဟုတ်ချေ။

"မင်းလည်း ဒီလောက်ကြီး ခံစားနေစရာ မလိုပါဘူး ကောင်းကင်မိစ္ဆာ ကျောက်စိမ်းဧကရာဇ် ကြာပန်းက မိစ္ဆာနယ်မြေမှာ သီးသန့် ရှိတယ်ဆိုပေမဲ့ အလယ်ပိုင်းဒေသမှာ လုံးဝ မရှိဘူးလို့တော့ မဆိုလိုပါဘူး နှစ်ပေါင်း ရာချီ ထောင်ချီ ကြာလာတဲ့ အခါကျတော့ မိစ္ဆာနယ်မြေက ဝိညာဉ်ရတနာ အချို့က အလယ်ပိုင်းဒေသထဲကို စီးဝင်လာတာတွေလည်း ရှိနေတာပဲလေ တော်ဝင်မိသားစုရဲ့ ရတနာသိုက်ထဲမှာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ခေါက်ရှန်းနတ်မင်းကြီးရဲ့ လက်ထဲမှာပဲ ဖြစ်ဖြစ် ဒီပစ္စည်း ရှိနေဖို့ ဖြစ်နိုင်ခြေ အရမ်းများတယ် ဒါမှမဟုတ်ရင်လည်း ကောင်းကင်ချောက်ကမ်းပါးနဲ့ အဆက်အသွယ် ရှိတဲ့ အင်အားစုတွေကို သွားရှာကြည့်ပေါ့ အခွင့်အရေး ရှိကောင်း ရှိနိုင်ပါတယ်..."

ချီရွှယ်မိစ္ဆာသခင်က ဖွင့်ဟ ပြောဆိုလိုက်လေသည်။

ကျန်းချဲ့၏ ရင်ထဲတွင် ရုတ်တရက် လှုပ်ရှားသွားလေသည်။

'တော်ဝင်မိသားစုရဲ့ ရတနာသိုက်... ခေါက်ရှန်းနတ်မင်းကြီး... ကောင်းကင်ချောက်ကမ်းပါး မိသားစုတွေ...'

ဤ ရွေးချယ်စရာ သုံးခုအနက် တော်ဝင်မိသားစု၏ ရတနာသိုက်က အခက်ခဲဆုံး ဖြစ်လေသည်။ သူသည် ချင်းထျန်းမိစ္ဆာဂိုဏ်း၏ ဓမ္မမင်းကြီးကို သတ်ဖြတ်ခဲ့သဖြင့် တော်ဝင်နန်းတော်က ဤကိစ္စကို သိရှိသွားပြီးနောက် သူ့ကို ဆုလာဘ်များ သေချာပေါက် ပေးအပ်လိမ့်မည် ဖြစ်သော်ငြား ပုံမှန် အခြေအနေအရ ဆိုလျှင် ဤကဲ့သို့သော မိစ္ဆာမျိုးနွယ်စု၏ ဝိညာဉ်ရတနာမျိုးကိုတော့ ဆုချီးမြှင့်လိမ့်မည် မဟုတ်ချေ။

အကယ်၍ သူ ကိုယ်တိုင် တောင်းဆိုမှသာ ရနိုင်မည် ဖြစ်သော်ငြား ထိုသို့ လုပ်ဆောင်လိုက်ပါက ဧကရာဇ်မင်း၏ သံသယ ဝင်ခြင်းကို သေချာပေါက် ခံရမည် ဖြစ်လေသည်။

ခေါက်ရှန်းနတ်မင်းကြီး ကလည်း အတူတူ ပင်ဖြစ်သည်။ ကျန်းချဲ့သည် ယခုအခါ တစ်ဖက်လူ၏ လက်အောက်တွင် ခိုလှုံနေသည် ဆိုစေကာမူ ကျီချန်တောက်သည် ယခင်က သူ့ကို ထောက်ပံ့ခဲ့ဖူးသော သူများနှင့် လုံးဝ မတူညီချေ။ လျိုကျစ်၊ ချီဆန်းကျားနှင့် မြောက်ပိုင်းနယ် ပေလင် ချီမိသားစုတို့ ကဲ့သို့ သူ့အပေါ် အစွမ်းကုန် ကူညီ ထောက်ပံ့ပေးမည် မဟုတ်ချေ။

ဤ သူ၏ အပေါ်တွင်တော့ ကျန်းချဲ့သည် ရိုသေလေးစားမှု ရှိသလို အလွန် သတိထားနေမှု လည်း ရှိလေသည်။

တစ်ဖက်လူ၏ ကိုယ်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော မြူခိုးတစ်လွှာ ဖုံးလွှမ်းနေပြီး လုံးဝ ထိုးဖောက်၍ မမြင်နိုင်သည့်အလား အမြဲတမ်း ခံစားနေရလေသည်။ သို့သော် တစ်ဖက်လူ ကတော့ သူ့ကို အလွယ်တကူပင် ထိုးဖောက် မြင်နိုင်စွမ်း ရှိနေပုံ ရလေသည်။ ထို့ကြောင့် ကျန်းချဲ့သည် တစ်ဖက်လူနှင့် အမြဲတမ်း ထိတွေ့ဆက်ဆံရခြင်းကို ရှောင်ရှားနေခဲ့ခြင်း ပင်ဖြစ်သည်။

သို့သော် အခြား ရွေးချယ်စရာလမ်း မရှိတော့ပါက ကျန်းချဲ့အနေဖြင့် တစ်ဖက်လူထံမှ အကူအညီကို သေချာပေါက် တောင်းခံရမည် ဖြစ်လေသည်။

သို့သော် ယခုအချိန်တွင် အမှန်တကယ်တော့ ကျန်းချဲ့၌ နောက်ထပ် မျှော်လင့်ချက် တစ်ခု ရှိနေသေးလေသည်။ ၎င်းမှာ ကောင်းကင်ချောက်ကမ်းပါးမှ မိသားစုများ ပင်ဖြစ်သည်။

မိဖုရားကြီး ရွှီပိုင်ဟယ်သည် ကောင်းကင်ချောက်ကမ်းပါး ရွှီမိသားစုမှ ဆင်းသက်လာသူ ဖြစ်ကြောင်းကို သူ ကောင်းစွာ သိရှိထားလေသည်။ ရွှီမိသားစုသည် ထိပ်တန်း အင်အားစု တစ်ခုဖြစ်ပြီး အခြေခံ အုတ်မြစ်မှာလည်း ကောင်းကင်ချောက်ကမ်းပါးတွင် တည်ရှိနေလေသည်။ အကယ်၍ သူမ၏ အကူအညီကိုသာ ရရှိနိုင်မည် ဆိုပါက သံသယ ဝင်စရာ မလိုအောင် ပို၍ လွယ်ကူလိမ့်မည် ဖြစ်လေသည်။

သေချာသည်ကတော့ သူမ၏ အကူအညီကို ရရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ကြောင်း သူလည်း သိရှိထားလေသည်။ မည်သို့ပင်ဆိုစေ နှစ်ဖက်စလုံးမှာ ရန်ငြိုးတွေ ရှိထားပြီး ဖြစ်သည် မဟုတ်ပါလော။ သို့သော် ပြဿနာမှာ ကျန်းချဲ့သည် လုကျဲ့ယွင်၏ နှုတ်ဖျားမှ တစ်ဆင့် သူတို့ သားအမိ နှစ်ယောက်ကို ချုပ်ကိုင်ထားနိုင်မည့် နည်းလမ်းကို သိရှိထားပြီး ဖြစ်လေသည်။

ဤသို့ ဆိုလျှင် သွေးထွက်သံယိုမှု မရှိဘဲ သူ၏ ရည်ရွယ်ချက်ကို သေချာပေါက် အောင်မြင်နိုင်မည် ဖြစ်လေသည်။

"ဒါဆို ယင်ယန် ရတနာပုတီးစေ့ ကိုကော စီနီယာ သိထားတာများ ရှိလား..."

ကျန်းချဲ့က ဆက်လက် မေးမြန်းလိုက်လေသည်။

ပုံရိပ်ယောင် ယွမ်ယင်းသစ်သီး ကဲ့သို့သော ဝိညာဉ်ရတနာမျိုးမှာ အလွန် အဖိုးတန်လှသည် ဆိုစေကာမူ ကျန်းချဲ့အနေဖြင့် လုံးဝ လမ်းစမရှိသည်တော့ မဟုတ်ချေ။ ကျောက်ရှန်းကျစ်မှ တစ်ဆင့် ဖြစ်စေ မြောက်ပိုင်းနယ် ပေလင် ချီမိသားစုမှ တစ်ဆင့် ဖြစ်စေ ဤကဲ့သို့သော ပစ္စည်းမျိုးကို ရရှိနိုင်ရန် မျှော်လင့်ချက် ရှိလေသည်။

သို့သော် ယင်ယန် ရတနာပုတီးစေ့ ကိုတော့ သူ ကြားသာ ကြားဖူးပြီး တိကျသော ပစ်မှတ်ကိုတော့ လုံးဝ မသိရှိသေးချေ။

"ဒါကတော့ မင်း မေးတဲ့လူ မှန်သွားပြီ..."

ချီရွှယ်မိစ္ဆာသခင် ချက်ချင်း စိတ်ဝင်စားသွားလေသည်။

"အို..."

"ယွဲ့ပြည်နယ် ထျန်းလုံ ဘုန်းကြီးကျောင်းထဲမှာ ဒီပစ္စည်း ရှိတယ် ထျန်းလုံ ဘုန်းကြီးကျောင်းရဲ့ ကျောင်းစောင့်ရတနာ တစ်ပါးလို့တောင် ဆိုကြတယ် ကာကွယ်ရေး နတ်လက်နက် တစ်ခုဖြစ်ပေမဲ့ ကောလာဟလတွေ အရတော့ ကျင့်ကြံတဲ့ နေရာမှာလည်း အများကြီး အကူအညီ ဖြစ်တယ်လို့ ကြားဖူးတယ် အမှန်လား အမှားလား ဆိုတာကိုတော့ မသိရဘူးပေါ့လေ..."

ချီရွှယ်မိစ္ဆာသခင်၏ ဤကဲ့သို့ သတိပေးလိုက်မှုကြောင့် ကျန်းချဲ့သည် မည်သည့် နေရာမှ ကြားဖူးခဲ့သနည်း ဆိုသည်ကို လျင်မြန်စွာပင် သတိရသွားလေသည်။ အမှန်တကယ်တော့ ယွဲ့ပြည်နယ် ထျန်းလုံ ဘုန်းကြီးကျောင်းနှင့် ပတ်သက်နေခဲ့ခြင်း ပင်ဖြစ်သည်။ ထို့ကြောင့်သာ အမြဲတမ်း ရင်းနှီးနေသလို ခံစားခဲ့ရခြင်း ပင်တကား။

သို့သော် ကျန်းချဲ့ကို အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်မှာ ဤတစ်ကြိမ်တွင် ဝိညာဉ်ဆေးပင် သို့မဟုတ် ဝိညာဉ်ပန်းပွင့် ကဲ့သို့သော အရာများ မဟုတ်ဘဲ နာမည်ကြီးလှသော နတ်လက်နက် တစ်ပါး ဖြစ်နေခြင်း ပင်ဖြစ်သည်။ ထို့အပြင် ထျန်းလုံ ဘုန်းကြီးကျောင်း၏ ကျောင်းစောင့် ရတနာများထဲမှ တစ်ပါး ပင်ဖြစ်နေသေးလေသည်။

ခေတ္တခဏမျှ အတွေးနက်နေပြီးနောက် ကျန်းချဲ့က ရုတ်တရက် ပြောလိုက်လေသည်။

"တာအိုမိတ်ဆွေ အောက်ခွန် ထျန်းလုံ ဘုန်းကြီးကျောင်း ထဲမှာ ပိတ်မိနေခဲ့တာ အချိန် တော်တော် ကြာနေပြီဆိုတော့ ကတိစကား အတိုင်း သူ့ကို ကယ်ထုတ်ပေးရမယ့် အချိန် ရောက်ပြီ ထင်တယ် စီနီယာရော ဘယ်လို ထင်လဲ..."

ချီရွှယ်မိစ္ဆာသခင်၏ မျက်ဝန်းများထဲတွင် သံသယ အရိပ်အယောင်များ အပြည့်အဝ ပေါ်လွင်လာပြီး ကျန်းချဲ့ကို စူးစိုက်ကြည့်ကာ မေးလိုက်လေသည်။

"မင်းက ယင်ယန် ရတနာပုတီးစေ့ ကြောင့် မဟုတ်ဘဲ အောက်ခွန်ကို တကယ် ကယ်တင်ချင်လို့ ဆိုတာ သေချာရဲ့လား..."

"ဒီကိစ္စ နှစ်ခုက အချင်းချင်း ဆန့်ကျင်ဘက် ဖြစ်မနေဘူးလေ မဟုတ်ဘူးလား..."

ကျန်းချဲ့က ပြုံးလိုက်ပြီး သူ၏ သိုလှောင်ရေး လက်စွပ် အတွင်းမှ ယခင်က အောက်ခွန် ချန်ထားရစ်ခဲ့သော နဂါးအကြေးခွံ တစ်ချပ်ကို ထုတ်ယူလိုက်လေသည်။ ထို့နောက် ၎င်း အတွင်းသို့ ချီစွမ်းအင် အနည်းငယ် ဖြည့်သွင်းလိုက်လေသည်။

ဝီ...

နဂါးအကြေးခွံမှာ မျက်စိတစ်မှိတ် အတွင်းမှာပင် အလင်းတန်းများ စတင် တလက်လက် တောက်ပလာလေသည်။

အက်ကွဲ ခြောက်ကပ်နေသော အသံကြီး တစ်ခု ထွက်ပေါ်လာလေသည်။

"အို တပ်မှူးချုပ် ကျန်းပါလား လူကြီးမင်းက ဘယ်လိုလုပ်ပြီး ကျုပ်လို မိစ္ဆာနဂါး တစ်ကောင်ကို သတိရသွားရတာလဲ..."

"အပို စကားတွေ မပြောပါနဲ့တော့ တာအိုမိတ်ဆွေ အောက်ခွန် ကျုပ် မင်းကို တစ်ခွန်းပဲ မေးချင်တယ် မင်း လွတ်လပ်ခွင့်ကို ပြန်လိုချင်လား..."

နဂါးအကြေးခွံ အတွင်းတွင် စက္ကန့် အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် အလွန်အမင်း အလျင်စလို ဖြစ်နေသော အသံကြီး တစ်ခု ထပ်မံ ထွက်ပေါ်လာလေသည်။

"တာအိုမိတ်ဆွေ ကျန်း ကျေးဇူးပြုပြီး ဒီအိုကြီးရဲ့ အသက်ကို ကယ်တင်ပေးပါ ဒီ အချိန်က စပြီး တာအိုမိတ်ဆွေ ကျန်း ခိုင်းသမျှကို အကုန်လုံး လိုက်နာပါ့မယ်..."

အောက်ခွန်၏ အသံတွင် အလျင်စလို ဖြစ်နေမှုများနှင့်အတူ အနည်းငယ် နှိမ့်ချ သိမ်ငယ်နေသည့် အငွေ့အသက်များပါ ပါဝင်နေလေသည်။

ကိုယ်ပွားသည် လော့ဖုန်းတောင်ကြားတွင် အပြတ်အသတ် ဖျက်ဆီး ခံလိုက်ရပြီး ကတည်းက သူသည် နဂါးလှောင်ရေတွင်း ထဲမှ ထွက်ပြေး လွတ်မြောက်နိုင်မည့် မျှော်လင့်ချက်များကို လုံးဝ ဆုံးရှုံးသွားခဲ့ရပြီး ဖြစ်လေသည်။ ကျန်းချဲ့၏ ယခင်က ကတိစကား အပေါ်တွင်သာ အရာအားလုံးကို ပုံအောလိုက်ရုံသာ တတ်နိုင်တော့လေသည်။

သို့သော် ပြဿနာမှာ ထို အချိန်ကတည်းက သူသည် အသုံးဝင်မှု တန်ဖိုး လုံးဝ မရှိတော့သည့်အလား ကျန်းချဲ့က သူ့ကို တစ်ကြိမ် တစ်ခါမျှ ထပ်မံ ဆက်သွယ်ခြင်း မရှိတော့ချေ။ ထို့ကြောင့်သာ စောစောက သူ ထိုကဲ့သို့သော လေသံမျိုးကို အသုံးပြုခဲ့ခြင်း ပင်ဖြစ်သည်။

ယခုအခါ ကျန်းချဲ့၏ စကားကို ကြားလိုက်ရသဖြင့် မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

"ကျုပ် ခိုင်းသမျှ အကုန် လုပ်မယ် ဟုတ်လား ဒီ စကားကို ကျုပ်က ဘယ်လောက် အထိ ယုံကြည်ပေးရမလဲ..."

"ကျုပ် အောက်ခွန် သစ္စာ ဆိုရဲပါတယ်..."

ဤစကားကို ကြားသောအခါ ကျန်းချဲ့ ပြုံးလိုက်ပြီး ပြောလိုက်လေသည်။

"ဒီ စကား တစ်ခွန်းနဲ့တင် ကျုပ် စိတ်အေးသွားပါပြီ တာအိုမိတ်ဆွေ အောက်ခွန် အချိန် တစ်ခုလောက် ကြိုတင် ပြင်ဆင်ထားလိုက်ပါ ကျုပ် လက်ထဲက ကိစ္စတွေ ပြီးသွားတာနဲ့ မင်းကို ကယ်ထုတ်ဖို့ အတွက် ချက်ချင်း စီစဉ်ပေးပါ့မယ် အဲ့ဒီ အချိန်ကျရင် မင်း ဘက်က ကတိ မဖျက်ဖို့ မျှော်လင့်ပါတယ်..."

"တာအိုမိတ်ဆွေ ကျန်း စိတ်ချပါ သစ္စာစကားရဲ့ တားမြစ်မှုတွေ ရှိနေတာဆိုတော့ ကျုပ်က ဘယ်လိုလုပ်ပြီး တခြား စိတ်ကူးမျိုး တွေးရဲမှာလဲ ဒါပေမဲ့ ကျုပ်က ဘယ်လောက် အထိ ထပ်စောင့်နေရဦးမလဲ ဆိုတာကိုတော့ မသိရသေးဘူး..."

အောက်ခွန်၏ အသံတွင် အနည်းငယ် ထိတ်လန့် စိုးရိမ်နေမှုများ ပါဝင်နေလေသည်။

"လပိုင်း လောက်တော့ ကြာဦးမယ် ထင်တယ်..."

ကျန်းချဲ့က ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်လေသည်။

"ကောင်းပါပြီ ကောင်းပါပြီ ဒါဆိုလည်း ကျုပ် နဂါးလှောင်ရေတွင်း ထဲကနေ တာအိုမိတ်ဆွေ ကျန်းရဲ့ သတင်းကောင်းကို ငြိမ်ငြိမ်လေး စောင့်နေပါ့မယ်..."

အောက်ခွန်က အလျင်အမြန်ပင် ပြန်ပြောလိုက်လေသည်။ ယခင်က မာနထောင်လွှားမှုများ လုံးဝ မရှိတော့ချေ။

All Chapters