အခန်း ၄၀၈
Vol. 41 Ch. 408
အခန်း (၄၀၈) မဟာသိုင်းသခင်ကို သတ်ဖြတ်ခြင်း... ကျန်းချဲ့၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား
"ဘာ..."
ရုတ်တရက် ပေါ်ထွက်လာသော ကျန်းချဲ့ကြောင့် ဇာကူမု အကြီးအကျယ် ထိတ်လန့်သွားရလေသည်။ သူသည် တစ်ဖက်လူ၏ ဓမ္မရုပ်တု အတိုက်ခံရပြီး လွင့်စင်သွားခဲ့ရာမှ ယခုထက်တိုင် သတိမဝင်သေးဘဲ တစ်ဖက်လူ၏ တိုက်ခိုက်မှုက ဤမျှလောက် မြန်ဆန်လာမည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိချေ။
အံ့အားသင့်နေစဉ်မှာပင် နောက်သို့ အလျင်အမြန် ဆုတ်ခွာရန် ပြင်လိုက်လေသည်။
သို့သော် ဤအခိုက်အတန့်တွင် အနည်းငယ် နောက်ကျသွားခဲ့ပြီ ဖြစ်လေသည်။
ကျန်းချဲ့က ယင်ယန် မိစ္ဆာမီးတောက် စွမ်းအားများ ကိန်းအောင်းနေသော နတ်လှံတံဖြင့် တစ်ချက် ရမ်းခုတ်လိုက်လေသည်။ ဤတစ်ချက်တည်းသော တိုက်ခိုက်မှုကပင် ဇာကူမုကို အပြင်းအထန် ဒဏ်ရာရသွားစေခဲ့ပြီး သူ၏ လက်ထဲရှိ နတ်လက်နက်မှာလည်း ကြောက်မက်ဖွယ်ကောင်းသော အားအင်ကြောင့် ကွေးကောက်သွားရလေသည်။
ကြိုးပြတ်သွားသော စွန်တစ်ကောင်အလား လေဟာနယ်ထဲတွင် လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားကာ ပေအတော်မြင့်သော ဖုန်ခိုးများကို လွင့်စင်သွားစေလေသည်။
ယင်ယန် မိစ္ဆာမီးတောက်များကို ဟွမ်ထျန်းနတ်လှံတံ အပေါ်သို့ ပေါင်းစည်းလိုက်သော နည်းလမ်းမှာ ကျန်းချဲ့ ယခုမှ ဖန်တီးလိုက်ခြင်း မဟုတ်ပေ။ ရှန်ရှန်းအဆင့်သို့ တက်လှမ်းပြီးကတည်းက ဤနည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်လေသည်။
သို့သော် ယခင်က တစ်ကြိမ်တစ်ခါမျှ အသုံးမပြုခဲ့ရသေးခြင်း သာဖြစ်သည်။
ယခုအခါတွင်တော့ ဇာကူမုသည် ဤနည်းလမ်းကို ပထမဆုံး မြည်းစမ်းရသည့် ပစ်မှတ်တစ်ခု ဖြစ်လာခဲ့ချေပြီ။
"ကျန်းချဲ့ မင်းကိုပါ အသေဆွဲခေါ်သွားမယ်ကွာ..."
မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော ဇာကူမု ရုတ်တရက် ကောင်းကင်သို့ ထိုးတက်လာပြီး ပိုမို ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ရယူရန် သူ၏ သွေးသားချီစွမ်းအင်များကို တိုက်ရိုက် လောင်ကျွမ်းစေလိုက်လေသည်။
အကယ်၍ သူ၏ စွမ်းအားများ အားလုံးကို ထုတ်မသုံးပါက ယနေ့ သူ သေချာပေါက် ရှုံးနိမ့်မည်ဖြစ်ကြောင်း ယခုအချိန်တွင် သူ ကောင်းစွာ နားလည်သွားခဲ့ပြီ ဖြစ်လေသည်။ အသက်ကို ပုံအောပြီး တိုက်ခိုက်မှသာ အနိုင်ရရန် အခွင့်အရေး ရှိမည်ဖြစ်သည်။
သို့သော် ဤသည်မှာ သူ၏ အတွေးသက်သက်သာ ဖြစ်လေသည်။ အမှန်တကယ်တော့ ကျန်းချဲ့၏ စွမ်းအားများက သူ့ကို ဖိနှိပ်ချေမှုန်းရန် အပြည့်အဝ လုံလောက်နေပေသည်။ သူ အသက်ကို ပုံအောကာ သွေးသားချီစွမ်းအင်များကို လောင်ကျွမ်းစေသည်ကို မဆိုထားနှင့် နေရာမှာတင် အဆင့်တက်သွားမည် ဆိုလျှင်တောင်မှ အခြေအနေကို ပြောင်းပြန်လှန်နိုင်မည့် အခွင့်အရေး နည်းနည်းလေးမျှ မရှိချေ။
ဇာကူမု၏ အသေခံ တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ကျန်းချဲ့၏ မျက်ခုံးအလယ်မှ အနက်နှင့် အဖြူရောင် ရောယှက်နေသော အလင်းတန်း တစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။ လေဟာနယ်ကို ချက်ချင်း ဖောက်ထွင်းသွားပြီး ဖြတ်သန်းသွားသော နေရာတိုင်းရှိ အရာအားလုံးကို ပြာကျသွားစေလေသည်။
ဇာကူမုက သွေးသားချီစွမ်းအင်များကို ထုတ်လွှတ်ကာ လက်ထဲရှိ နတ်လက်နက်ဖြင့် အတင်းအဓမ္မ ခုခံလိုက်လေသည်။ သူ၏ ခန္ဓာကိုယ်ကြီး ရုတ်တရက် တုန်ခါသွားပြီး ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် ထို အလင်းတန်းကို အမှန်တကယ်ပင် ရိုက်ခွဲနိုင်ခဲ့လေသည်။ သို့သော် သူ့ကို ကြိုဆိုနေသည်က ကောင်းကင် တစ်ခွင်လုံး ပြည့်နှက်နေသော မိစ္ဆာမီးတောက်များ ပင်ဖြစ်သည်။
အရိုးထဲထိ တွယ်ကပ်နေသော လောက်ကောင်များအလား သူ၏ တစ်ကိုယ်လုံးကို ရစ်ပတ်သွားလေတော့သည်။
"အား..."
ဇာကူမု ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး မိစ္ဆာမီးတောက်များကို ငြိမ်းသတ်ရန် ကြိုးပမ်းလိုက်လေသည်။
သို့သော် သူ မည်မျှပင် အစွမ်းကုန် ပေါက်ကွဲစေကာမူ မီးတောက်များကို ငြိမ်းသတ်ရန် အလွန် ခက်ခဲနေလေသည်။ ပို၍ အရေးကြီးသည်မှာ ဤတစ်ကြိမ်တွင် ကျန်းချဲ့ စတင်လှုပ်ရှားလိုက်ခြင်း ပင်ဖြစ်သည်။ နတ်လှံတံဖြင့် ခေါင်းတည့်တည့်သို့ ရိုက်ချလိုက်ရာ ဇာကူမု ချက်ချင်းပင် လေဟာနယ်ထက်မှ ပြုတ်ကျသွားရလေသည်။
သို့သော် သူ၏ ရုပ်ခန္ဓာကိုယ် မြေပြင်ပေါ်သို့ လုံးဝ မကျရောက်သေးမီမှာပင် နောက်ထပ် ပြင်းထန်သော ရိုက်ချက်တစ်ခု ထပ်မံ ရောက်ရှိလာပြီး သူ့ကို လေဟာနယ်ထက်သို့ တစ်ဖန် ပြန်လည် လွင့်စင်သွားစေလေသည်။
ယခုအခါတွင် သူသည် ဘောလုံး တစ်လုံးအလား ကျန်းချဲ့၏ လက်ခုပ်ထဲတွင် ကစားခြင်းကို ခံနေရလေပြီ။
အပြတ်အသတ် ဖိနှိပ်ခြင်း... ပြီးပြည့်စုံသော အပြတ်အသတ် ဖိနှိပ်ချေမှုန်းခြင်း ပေတကား။
ကျန်းချဲ့၏ အရှေ့တွင် ဇာကူမု၌ ပြန်လည်ခုခံနိုင်စွမ်း နည်းနည်းလေးမျှ မရှိတော့ချေ။ အရှိန်အဝါများ လျင်မြန်စွာ ကျဆင်းလာပြီး ဘေးနားရှိ လုကျဲ့ယွင် ကိုပင် မျက်လုံးအပြူးသားဖြင့် ကြက်သေသေသွားစေကာ ရင်ထဲတွင် အံ့အားသင့် ထိတ်လန့်မှုများ အဆက်မပြတ် ပေါ်ထွက်လာစေလေသည်။
သူကိုယ်တိုင် ဇာကူမု၏ ပြိုင်ဘက် မဟုတ်ကြောင်း ကောင်းစွာ သိရှိထားလေသည်။ သို့သော် သူ့ကို အနိုင်ယူနိုင်သော ဇာကူမုသည် ယခုအခါ အရုပ် တစ်ရုပ်အလား ကျန်းချဲ့၏ အပြတ်အသတ် ဖိနှိပ်ခြင်းကို ခံနေရလေပြီ။ ဤသည်မှာ အကယ်၍ သူသာ ကျန်းချဲ့ကို တိုက်ခိုက်မည် ဆိုပါက ဤကဲ့သို့ပင် အပြတ်အသတ် ဖိနှိပ်ခံရမည် ဟု ဆိုလိုနေခြင်း မဟုတ်ပါလော။
ဤအခိုက်အတန့်တွင် လုကျဲ့ယွင်၏ ရင်ထဲ၌ ပြောပြ၍ မရနိုင်လောက်အောင် ရှုပ်ထွေးသွားရလေသည်။
အသားကို ဖောက်ထွင်းသွားသော အသံတစ်ချက်နှင့်အတူ ကျန်းချဲ့သည် ဇာကူမုကို နောက်တစ်ကြိမ် တိုက်ရိုက် ထိုးဖောက်လိုက်ပြီး နတ်လှံတံဖြင့် ချိတ်ဆွဲကာ လေဟာနယ်ထက်မှ ဖြည်းညင်းစွာ ဆင်းသက်လာလေသည်။ ပုရွက်ဆိတ် တစ်ကောင်ကို ပေါ့ပေါ့ပါးပါး ဖိနှိပ်ခြေမွလိုက်သည့်အလား ပင်ဖြစ်သည်။
ဇာကူမုမှာမူ အဝတ်အစားများ စုတ်ပြတ်သတ်နေပြီး ဆံပင်များ ဖရိုဖရဲ ဖြစ်နေလေသည်။ တစ်ကိုယ်လုံးတွင် ဒဏ်ရာများ ပြည့်နှက်နေပြီး သွေးများ အဆက်မပြတ် စီးကျနေကာ အလွန်တရာ သနားစရာ ကောင်းလောက်အောင် စုတ်ပြတ်သတ်နေလေသည်။ ယခင်က ကြီးမြတ်ခန့်ညားသော အသွင်အပြင်မျိုး နည်းနည်းလေးမျှ မကျန်ရှိတော့ချေ။
ပါးစပ်မှလည်း သွေးမြှုပ်များ အဆက်မပြတ် အန်ကျနေပြီး ကိုယ်ပေါ်မှ မီးလောင်ကျွမ်းထားသော အနံ့အသက်များ ထွက်ပေါ်နေလေသည်။
ယခုအခါတွင် သူသည် ယင်ယန် မိစ္ဆာမီးတောက်များ၏ လောင်ကျွမ်းခြင်းကို ခံနေရလေသည်။ သူ၏ ပြန်လည် ကုစားနိုင်စွမ်း အလွန် အစွမ်းထက်ကြောင်း ကျန်းချဲ့ ကောင်းစွာ သိရှိထားသဖြင့် တစ်ဖက်လူကို လုံးဝ အခွင့်အရေး ပေးမည် မဟုတ်ချေ။
"ကျန်းချဲ့ ကျုပ် လုံးဝ မကျေနပ်နိုင်ဘူးကွာ..."
ဇာကူမု အသံနိမ့်နိမ့်ဖြင့် ဟစ်အော်လိုက်လေသည်။ ကိုယ်ပေါ်ရှိ သွေးများ တဖြည်းဖြည်း ခြောက်သွေ့လာပြီး အရေပြားအောက်မှ အနက်ရောင်များ စတင် ထွက်ပေါ်လာသော်ငြား သူ၏ မျက်ဝန်းများထဲတွင်တော့ မကျေနပ်မှုများနှင့် အားကောင်းသော တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေဆဲ ပင်ဖြစ်သည်။
"ငါ့မျက်လုံးထဲမှာ မင်းက ပုရွက်ဆိတ် တစ်ကောင် သက်သက်ပဲ မကျေနပ်ရင်ရော ဘာလုပ်နိုင်မှာလဲ..."
ကျန်းချဲ့က အေးစက်တည်ငြိမ်သော လေသံဖြင့် ပြန်လည် တုံ့ပြန်လိုက်လေသည်။
"ပုရွက်ဆိတ် ဟုတ်လား ဟားဟား ကျုပ်လိုလူက ဒီလို အခြေအနေမျိုး ရောက်ပြီး ပုရွက်ဆိတ်လို့ အခေါ်ခံရလိမ့်မယ်လို့ တကယ်ကို ထင်မထားခဲ့ဘူးကွာ..."
ဇာကူမု၏ မျက်နှာပေါ်တွင် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်နေသည့် အမူအရာများ ပြည့်နှက်နေပြီး အသံမှာလည်း တိုးတိမ် ပြတ်တောင်းနေကာ အရှိန်အဝါများ တဖြည်းဖြည်း ကျဆင်းလာခဲ့လေပြီ။
အမှန်တကယ်ပင် သူသည် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်နေမိခြင်း ဖြစ်လေသည်။ သူ ဇာကူမု သည် မွန်မြတ်သော အဆင့်အတန်းမှ ဆင်းသက်လာပြီး ရွှေရောင်မိသားစု၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူ ဖြစ်လေသည်။ သူ၏ ခမည်းတော် ခန်မင်းကြီး ၏ သားတော်များ အနက် သိုင်းပညာ ပါရမီ အကောင်းဆုံး ဖြစ်ပြီး မြက်ခင်းပြင်၏ အထွတ်အမြတ် နေရာဖြစ်သော လူရိုင်းနတ်ဘုရား ကျောင်းတော် သို့ပင် စေလွှတ်၍ ကျင့်ကြံခွင့် ရခဲ့သူ မဟုတ်ပါလော။
ထိုနေရာတွင်ပင် သူသည် ထိပ်တန်း ပါရမီရှင် တစ်ယောက် ဖြစ်ခဲ့ပြီး သူ့ကို ယှဉ်နိုင်သူမှာ လက်ချိုး ရေတွက်၍ ရလေသည်။ ဤအရာကပင် သူ့ကို မာနထောင်လွှားသော စရိုက်လက္ခဏာမျိုး ဖြစ်ပေါ်လာစေခဲ့ပြီး လူငယ် မျိုးဆက်များ အကြားတွင် လောက၌ ပြိုင်ဘက်ကင်းသည်ဟု ထင်မှတ်နေစေခဲ့လေသည်။
သို့သော် ရလဒ်အနေဖြင့် အလယ်ပိုင်းဒေသ သို့ လာရောက်ခဲ့သော ဤခရီးစဉ်က သူ့ကို ဖုန်မှုန့်များကြားသို့ အပြတ်အသတ် ရိုက်ချပစ်လိုက်လေပြီ။
"တော်ပြီ သေလမ်းကိုသာ သွားလိုက်တော့..."
ကျန်းချဲ့ အပိုစကားများ ဆက်မပြောလိုတော့ချေ။ ဇာကူမု၏ ရုပ်ခန္ဓာကိုယ် နတ်စွမ်းရည်မှာ အလွန်တရာ ထူးခြားပြီး ပြန်လည် ကုစားနိုင်စွမ်း အလွန် မြန်ဆန်လွန်းနေ၍သာ မဟုတ်ပါက တစ်ဖက်လူကို စကားပြောခွင့်ပင် ပေးမည် မဟုတ်ချေ။ အချိန် ဖြုန်းတီးနေခြင်း သက်သက်သာ ဖြစ်လေသည်။
"ကျန်းချဲ့ တစ်နေ့နေ့ကျရင် ဒီနေ့ကိစ္စအတွက် မင်း ကြီးမားတဲ့ တန်ဖိုးကို ပေးဆပ်ရလိမ့်မယ်..."
လေဟာနယ်ထက်တွင် ချိတ်ဆွဲခံထားရသော ဇာကူမု သည် မသေမီ နောက်ဆုံး အချိန်လေးတွင် အင်အားများ ပြန်လည် ရရှိလာသည့်အလား တစ်ကိုယ်လုံးမှ ရွှေရောင် အလင်းတန်းများ လွင့်စင် ထွက်ပေါ်လာလေသည်။
ရွှေရောင် အလင်းတန်းများ ပျံ့နှံ့သွားသည့် အမြန်နှုန်းမှာ အလွန် လျင်မြန်လွန်းလှပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ပေရာချီသော ဧရိယာကို လွှမ်းခြုံသွားလေသည်။ ကျန်းချဲ့နှင့် လုကျဲ့ယွင်တို့ကို တိုက်ရိုက် လွှမ်းခြုံသွားပြီး ရှောင်တိမ်းရန် ကြိုးစားလျှင်တောင်မှ လုံးဝ ရှောင်တိမ်း၍ မရနိုင်ချေ။
ထို အလင်းတန်းများမှာ သူတို့ကို နည်းနည်းလေးမျှ ထိခိုက်စေနိုင်စွမ်း မရှိသော်ငြား ကျန်းချဲ့နှင့် လုကျဲ့ယွင်တို့ကို အမည်မသိ မသက်မသာ ဖြစ်သွားစေလေသည်။ သူ၏ ကျိန်စာကို ထုတ်ဖော်လိုက်ပြီးနောက် ဇာကူမု၏ အသက်ရှူသံများလည်း အပြတ်အသတ် ရပ်တန့်သွားလေတော့သည်။ သို့သော် သူ၏ ရုပ်ခန္ဓာကိုယ်ကြီးမှာ ဆက်လက်၍ မည်းနက်နေဆဲ ဖြစ်ပြီး အမြန်နှုန်း မှာလည်း ပို၍ ပို၍ လျင်မြန်လာလေသည်။
စက္ကန့်အနည်းငယ် အတွင်းမှာပင် မီးကျွမ်းနေသော အလောင်းကောင်ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
"ခုနက ဟာက သွေးမျိုးဆက် ကျိန်စာ များလား..."
ကျန်းချဲ့က ဇာကူမု ကိုယ်ပေါ်ရှိ သိုလှောင်ရေး လက်စွပ်ကို ပေါ့ပေါ့ပါးပါး ဖြုတ်ယူလိုက်ပြီး အလောင်းကို ဘေးသို့ ပစ်ချလိုက်ကာ လုကျဲ့ယွင်ကို ကြည့်၍ မေးလိုက်လေသည်။
"အလွဲအချော် မရှိဘူးဆိုရင် သေချာပေါက် ဟုတ်လောက်တယ် ဒါပေမဲ့ ငါတို့ နှစ်ယောက် အပေါ်တော့ ဘာ သက်ရောက်မှုမှ မရှိနိုင်ပါဘူး မြောက်ပိုင်းလူရိုင်း တွေ ဘက်ကလည်း ငါတို့ လုပ်တာလို့ သိနိုင်မှာ မဟုတ်ဘူး တခြား ရွှေရောင် သွေးမျိုးဆက် ကို ပိုင်ဆိုင်ထားတဲ့ သူတွေ ငါတို့ အနားကို ကပ်လာတဲ့ အချိန်ကျမှသာ ငါတို့ရဲ့ လက်ထဲမှာ ရွှေရောင် မိသားစုရဲ့ သွေးတွေ စွန်းထင်း နေတယ် ဆိုတာကို သူတို့ သိနိုင်မှာပါ..."
လုကျဲ့ယွင်က ခေတ္တခဏ စဉ်းစားလိုက်ပြီး သူ သိထားသမျှကို ရှင်းပြလိုက်လေသည်။
ဤစကားကို ကြားသောအခါ ကျန်းချဲ့လည်း ချက်ချင်း စိတ်အေးသွားရလေသည်။ သူ ဤကဲ့သို့ ခိုးကြောင်ခိုးဝှက် လှုပ်ရှားရခြင်းမှာ အခြားသူများ သိရှိသွားမည်ကို မလိုလားသောကြောင့် ပင်ဖြစ်သည်။ အကယ်၍သာ သိသွားပါက မြောက်ပိုင်း ဝမ်ထင် ကို မဆိုထားနှင့် ယွမ်ခန်းဧကရာဇ် ကျီဝမ်ဟောက် ပင်လျှင် သူ့ကို အလွတ်ပေးမည် မဟုတ်ချေ။ အမှန်တကယ် တွက်ကြည့်မည်ဆိုလျှင် သူ၏ ဤလုပ်ရပ်မှာ တော်ဝင်နန်းတော်ကို သစ္စာဖောက်ခြင်း ပင်ဖြစ်လေသည်။
"ကျန်းညီလေးက ဓမ္မရုပ်တုအဆင့်ကို တက်လှမ်းသွားလိမ့်မယ်လို့ တကယ်ကို ထင်မထားခဲ့ဘူး ကျုပ်တော့ တကယ်ကို လေးစားသွားပြီဗျာ..."
လုကျဲ့ယွင်သည် ကျန်းချဲ့ သိုလှောင်ရေး လက်စွပ်ကို ယူဆောင်သွားသည့် လုပ်ရပ်ကို လျစ်လျူရှု ထားလိုက်လေသည်။ သွေးသစ္စာ တားမြစ်ချက် ရှိနေသဖြင့် ကိစ္စပြီးဆုံးသွားပါက သူတို့ တန်းတူ ခွဲဝေယူကြမည် ဖြစ်လေသည်။ ထို့ကြောင့် စကားလမ်းကြောင်းကို ကျန်းချဲ့၏ စွမ်းအားများ အပေါ်သို့ လှည့်ချလိုက်ခြင်း ပင်ဖြစ်သည်။ သူ၏ မျက်ဝန်းများထဲတွင် ရိုသေလေးစားမှုများကို လုံးဝ ဖုံးကွယ်ထားခြင်း မရှိချေ။
ကျန်းချဲ့ ပြုံးလိုက်ပြီး နှိမ့်ချဟန် လည်း မပြသလို မာနထောင်လွှားဟန် လည်း မပြဘဲ ခေါင်းညိတ်လိုက်လေသည်။
"လွန်ခဲ့တဲ့ ရက်ပိုင်းလေးကပဲ ကံကြမ္မာ အခွင့်အရေး နည်းနည်း ရခဲ့လို့ပါ..."
"ဒါကြောင့်ကိုး..."
လုကျဲ့ယွင် ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး ကျန်းချဲ့ အနေဖြင့် ဤကိစ္စကို ရှောင်လွှဲလိုနေကြောင်း မြင်သောအခါ ထပ်မံ၍ အတင်းအဓမ္မ မေးမြန်းနေခြင်း မပြုတော့ချေ။
ဤအခိုက်အတန့် မှာပင် လေဟာနယ်ထက်မှ အသံနှစ်သံ ရုတ်တရက် ထွက်ပေါ်လာလေသည်။
"ဇာကူမု..."
"မင်းသားလေး..."
ဤ အသံနှစ်သံကို ဟစ်အော်လိုက်သူများမှာ သဘာဝကျကျပင် စစ်သူကြီး လီမုကျန်း နှင့် ယဇ်ပုရောဟိတ် ဆုဖုန်း တို့ ပင်ဖြစ်သည်။ သူတို့သည် တိုက်ခိုက်နေကြသော်ငြား ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ နေခဲ့ခြင်း မဟုတ်ချေ။ ဇာကူမု ရွှေရောင် ကျိန်စာများ လွှင့်ထုတ်လိုက်သည့် မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရလေသည်။
ဤအခိုက်အတန့်တွင် သူတို့ နှစ်ယောက် အမှန်တကယ်ပင် စိတ်ဓာတ် ပြိုလဲလုနီးပါး ဖြစ်သွားကြလေသည်။ ဆယ်စက္ကန့်ကျော်မျှသာ ကြာမြင့်သေးသည့် အချိန်လေးအတွင်း ဇာကူမု နေရာမှာတင် သေဆုံးသွားလိမ့်မည်ဟု သူတို့ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။ ဤသည်က သူတို့ ပြန်ရောက်သွားသည့် အခါ မည်ကဲ့သို့ ဖြေရှင်းချက် ပေးရမည်နည်း။
ဇာကူမု သည် ကောင်းကင် ခန်မင်းကြီး အချစ်ဆုံး သားတော် တစ်ပါး ဖြစ်ပြီး အလွဲအချော်သာ မရှိပါက အနာဂတ်တွင် ကောင်းကင် ခန်မင်းကြီး နေရာကို ဆက်ခံရန် အလွန် ကြီးမားသော မျှော်လင့်ချက် ရှိသူ ဖြစ်လေသည်။ သို့သော် ယခုအခါ ဤနေရာတွင် သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။ ဤအရာကို သူတို့ မည်သို့ လက်ခံနိုင်မည်နည်း။ ပြန်ရောက်သွားပါက သေချာပေါက် ပြစ်ဒဏ် ခံရမည် ဖြစ်လေသည်။
အရေးအကြီးဆုံးမှာ ဇာကူမု သေဆုံးသွားသည်နှင့် တစ်ပြိုင်နက် အလယ်ပိုင်းဒေသ နှင့် မြက်ခင်းပြင် တို့ အကြားရှိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လည်း အပြတ်အသတ် ပျက်စီးသွားပြီ ဖြစ်လေသည်။ မြက်ခင်းပြင် မြင်းသည်တော် များသည် ရွှေရောင် သွေးမျိုးဆက် အလယ်ပိုင်းဒေသ တွင် သေဆုံးသွားခြင်းကို လုံးဝ သည်းခံခွင့်လွှတ်မည် မဟုတ်ချေ။ ဝမ်ထင် အနေဖြင့် ဆန္ဒမရှိလျှင် တောင်မှ သေချာပေါက် ပြန်လည် တိုက်ခိုက်ရမည် ဖြစ်လေသည်။
ယခု လက်ရှိအချိန်တွင် သူတို့ အနေဖြင့် အပြစ်များကို ခြေဖျက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ဤနေရာရှိ လူများ အားလုံးကို ကိုယ်တိုင်ကိုယ်ကျ အပြတ်အသတ် သတ်ဖြတ်ပစ်ရန် ပင်ဖြစ်သည်။ ဤသို့ဆိုလျှင် ပြန်ရောက်သွားသည့်အခါ ပြစ်ဒဏ်ကို အနည်းငယ် လျှော့ချနိုင်ကောင်း လျှော့ချနိုင်မည် ဖြစ်လေသည်။
ထို့ကြောင့် လုံးဝ တွန့်ဆုတ်နေခြင်း မရှိဘဲ လီမုကျန်း သည် ထို အရိုးဖြူ ပြိုင်ဘက်ကို ချက်ချင်း စွန့်လွှတ်လိုက်လေသည်။ တစ်ကိုယ်လုံးမှ အသံကျယ်ကြီး တစ်ချက် ဟစ်အော်လိုက်ပြီး ကြီးမားလှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ မျက်စိတစ်မှိတ် အတွင်းမှာပင် တစ်ကိုယ်လုံး အနီရောင် အမွေးအမှင်များ ပြည့်နှက်သွားလေသည်။ ခန္ဓာကိုယ် အရွယ်အစား မှာလည်း အဆင့်ဆင့် ကြီးထွားလာပြီး ပေအတော်မြင့်သော အနေအထားသို့ ရောက်ရှိသွားလေသည်။ ယခုအခါတွင် သူသည် ယခင်က အသွင်အပြင် လုံးဝ မရှိတော့ဘဲ လူသားပုံစံ သားရဲကြီး တစ်ကောင် အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားလေပြီ။ မျက်ဝန်းများ အတွင်းတွင်လည်း ကြမ်းကြုတ်ရက်စက်သော သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းနေလေသည်။
တစ်ချိန်တည်းမှာပင် သူသည် ဧရာမ မျောက်ဝံကြီး တစ်ကောင်အလား ပေတစ်ရာကျော် ကြီးမားသော ဓမ္မရုပ်တုကြီး တစ်ခုကို ချက်ချင်း ခေါ်ယူလိုက်ပြီး ဤ လူသတ်သမားကို အရင်ဆုံး သတ်ဖြတ်ရန် အတွက် ကျန်းချဲ့ ဆီသို့ တိုက်ရိုက် ပြေးဝင်သွားလေသည်။
"သေချင်နေတာလား..."
ယဇ်ပုရောဟိတ် ဆုဖုန်း နှင့် အပြင်းအထန် တိုက်ခိုက်နေသော ကျောက်ရှန်းကျစ် ဤမြင်ကွင်းကို မြင်သောအခါ မျက်ဝန်းသူငယ်အိမ်များ ထဲမှ သတ်ဖြတ်လိုစိတ်များ ရုတ်တရက် ပန်းထွက်လာလေသည်။ လုံးဝ တွန့်ဆုတ်နေခြင်း မရှိဘဲ အခွင့်အရေး ရယူရန် အတွက် ဆုဖုန်း ၏ တိုက်ခိုက်မှုကို အတင်းအဓမ္မ ခံယူလိုက်လေသည်။ ထို့နောက် ဓမ္မရုပ်တုကို ခေါ်ယူကာ လီမုကျန်း ဆီသို့ ခုတ်ချလိုက်လေသည်။ ကျန်းချဲ့ ဒဏ်ရာရရှိမည်ကို သူမ လုံးဝ ခွင့်ပြုမည် မဟုတ်ချေ။
"ဂျိန်း..."
လေဟာနယ် တစ်ခုလုံး ပဲ့တင်ထပ်သွားသည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ဓမ္မရုပ်တု နှစ်ခု ထိပ်တိုက် ရင်ဆိုင်မိကြလေသည်။ အလွန် အားကောင်းလှသော ရိုက်ခတ်မှု လှိုင်းလုံးကြီး က ဘေးပတ်ဝန်းကျင်ရှိ တောင်တန်းများကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်ပြီး သစ်ပင်များ အားလုံးလည်း အစိတ်စိတ်အမွှာမွှာ ကြေမွသွားရလေသည်။ မဟာသိုင်းသခင်ကြီးများ၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော် ပြသလိုက်ခြင်း ပင်ဖြစ်သည်။
"ဂါး... ဂါး... ဂါး..."
လီမုကျန်း သည် သားရဲလူသား တစ်ယောက်အလား အဆက်မပြတ် ဟစ်အော်နေပြီး ကြမ်းကြုတ်ရက်စက်သော အသံကြီးများ အရပ်လေးမျက်နှာသို့ လွင့်စင် ထွက်ပေါ်နေလေသည်။ လက်မောင်း နှစ်ဖက်ဖြင့် ရင်ဘတ်ကို ထုကာ ကျောက်ရှန်းကျစ် ဆီသို့ ဆက်လက် ပြေးဝင်သွားလေသည်။ သူ ခေါ်ယူထားသော ဓမ္မရုပ်တုကြီး မှာလည်း အဆက်မပြတ် ဟိန်းဟောက်နေလေသည်။ လက်သီး တစ်ချက် ထိုးချလိုက်ရာ လေဟာနယ် ပင်လျှင် လှိုင်းဂယက်များ ထသွားရလေသည်။
ယခုအခါတွင် သူသည် အမြင့်ဆုံး စွမ်းအားကို ရယူရန် အတွက် ခန္ဓာကိုယ် အတွင်းရှိ ကြမ်းကြုတ်ရက်စက်သော သွေးမျိုးဆက်များကို အပြည့်အဝ လှုံ့ဆော် အသုံးပြုလိုက်ခြင်း ပင်ဖြစ်သည်။
အခြား တစ်ဖက်တွင်တော့ ယဇ်ပုရောဟိတ် ဆုဖုန်း က အခွင့်ကောင်းယူကာ ကျောက်ရှန်းကျစ် ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန် ရည်ရွယ်လိုက်သော်ငြား အရိုးဖြူ မဟာသိုင်းသခင်ကြီး ကလည်း ထိုင်ကြည့်နေမည် မဟုတ်ချေ။ လုံးဝ တွန့်ဆုတ်နေခြင်း မရှိဘဲ သူ့ကို ဝင်ရောက် တားဆီးလိုက်လေသည်။ သူတို့ နှစ်ယောက် အကြားရှိ တိုက်ပွဲမှာ ကျောက်ရှန်းကျစ် နှင့် လီမုကျန်း တို့လောက် သက်ဝင်လှုပ်ရှားမှု မရှိသော်ငြား အများကြီး ပို၍ ထူးဆန်းပြီး အန္တရာယ် များပြားလှပေသည်။ ထင်ရှားသည်က နှစ်ဖက်စလုံး ကျိန်စာ သတ်ဖြတ်ခြင်း နည်းလမ်းများကို အသုံးပြုနေကြခြင်း ပင်ဖြစ်သည်။
မဟာသိုင်းသခင်ကြီး လေးပါး၏ အကြိတ်အနယ် တိုက်ပွဲက အလွန်တရာ ကြီးမားလှသော လှုပ်ခတ်မှုကြီးကို ဖြစ်ပေါ်စေခဲ့လေသည်။
မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းသော ဧရိယာ တစ်ခုလုံး အပြတ်အသတ် ပျက်စီးသွားပြီး တောင်တန်းများ ပြိုကျကာ မြစ်ရေများ ပြတ်တောက်သွားရလေသည်။ လောက ပျက်သုဉ်းတော့မည့်အလား ပင်ဖြစ်သည်။ တိုက်ခိုက်မှု တိုင်းက မိုးကြိုး ပစ်သံများ အလား ပဲ့တင်ထပ်နေပြီး မြေပြင်ပေါ်တွင်လည်း ဧရာမ တွင်းနက်ကြီးများ အဆက်မပြတ် ဖြစ်ပေါ်နေလေသည်။
လီမုကျန်း သည်လည်း ဇာကူမု ၏ လုံခြုံရေးကို ကာကွယ်ပေးရသော မြောက်ပိုင်းလူရိုင်း စစ်သူကြီး တစ်ယောက် နှင့် အမှန်တကယ်ပင် ထိုက်တန်လှပေသည်။ သူ၏ စွမ်းအားများမှာ အလွန်တရာ ထူးခြား ပြောင်မြောက်ပြီး သွေးမျိုးဆက်ကို အတင်းအဓမ္မ လှုံ့ဆော်လိုက်ပြီးနောက် တွင်တော့ ခေတ္တခဏ မျှ ကျောက်ရှန်းကျစ် ထက် နည်းနည်းလေးမျှ အားနည်းနေခြင်း မရှိချေ။ အထူးသဖြင့် ကြမ်းတမ်း ပြင်းထန်လှသော သိုင်းကွက်များ ကြောင့် ဘေးပတ်ဝန်းကျင်ရှိ အပျက်အစီး အများစုမှာ သူ၏ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာရခြင်း ပင်ဖြစ်သည်။
ယခုအခါတွင် သူသည် အသိဉာဏ် အများစုကို ဆုံးရှုံးသွားသည့်အလား တိုက်ရိုက်ပင် ဝင်ရောက် တိုက်ခိုက်နေပြီး သူ၏ မျက်စိရှေ့ရှိ အရာအားလုံးကို ရိုက်ခွဲပစ်ရန် ရည်ရွယ်နေလေသည်။ ပါးစပ်မှလည်း အဆက်မပြတ် ဟစ်အော်နေလေသည်။
"ရှောင်မနေနဲ့ စစ်သူကြီး နဲ့ မျက်နှာချင်းဆိုင် တရားမျှတ တဲ့ တိုက်ပွဲ တစ်ပွဲ တိုက်ရအောင်..."
သို့သော် သူ့ကို ပြန်လည် တုံ့ပြန်လိုက်သည်က အကြိမ်တိုင်းတွင် ဓားမြည်သံ များသာ ဖြစ်လေသည်။
မျက်နှာချင်းဆိုင် ရင်ဆိုင်ရာတွင် လီမုကျန်း က ပို၍ အစွမ်းထက်သယောင် ရှိသော်ငြား အမြင်ကျယ်သူတိုင်း ကျောက်ရှန်းကျစ် က ပို၍ သက်သောင့်သက်သာ ရှိနေကြောင်း ကောင်းစွာ မြင်တွေ့နိုင်လေသည်။ သူမ၏ အမြန်နှုန်းမှာ အလွန် လျင်မြန်လှပြီး ဓားအလင်းတန်းများ အလား ပင်ဖြစ်သည်။ လီမုကျန်း မည်မျှပင် အစွမ်းထက်နေပါစေ သူမ၏ အနားသို့ပင် မကပ်နိုင်ချေ။ ဆန့်ကျင်ဘက် အနေဖြင့် ကျောက်ရှန်းကျစ် ၏ ဓားစွမ်းအင် မြစ်ကြီးများ၏ အဆက်မပြတ် ရိုက်ခတ်မှုကိုသာ ခံနေရလေသည်။
ဤအတိုင်းသာ ဆက်လက် တောင့်ခံထားမည် ဆိုပါက နောက်ဆုံး အနိုင်ရရှိမည့်သူမှာ သေချာပေါက် ကျောက်ရှန်းကျစ် သာ ဖြစ်လေသည်။
အခြား တစ်ဖက်တွင်တော့ အပြန်အလှန် တိုက်ခိုက်နေကြပြီး အရိုးဖြူ မဟာသိုင်းသခင်ကြီး နှင့် ယဇ်ပုရောဟိတ် ဆုဖုန်း တို့ အကြားတွင် နည်းလမ်း အမျိုးမျိုးကို အဆက်မပြတ် အသုံးပြုနေကြလေသည်။ ကျိန်စာတိုက်ခြင်း... သွေးကျိန်စာ... ကောင်းကင်နှင့် မြေကြီး၏ စွမ်းအား... ခန္ဓာကိုယ် ဓမ္မရုပ်တု အစရှိသဖြင့် သူတို့၏ ကိုယ်ပိုင် နည်းလမ်းများကို အစွမ်းကုန် ထုတ်သုံးနေကြလေသည်။
သူတို့ နှစ်ယောက် အပြင်းအထန် တိုက်ခိုက် ဖြတ်သန်းသွားသော နေရာတိုင်းရှိ မြေပြင်များမှာ အဆိပ်ငွေ့များ ဖြန်းပက်ခံထားရသည့်အလား အပင်များ၏ အသက်စွမ်းအင်များ အားလုံး အပြတ်အသတ် ပျက်စီးသွားပြီး မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ညှိုးနွမ်း သေဆုံးသွားကြလေသည်။ အလားတူပင် ယဇ်ပုရောဟိတ် ဆုဖုန်း ၏ ခေါင်းပေါ်ရှိ ဆံပင်များမှာလည်း တစ်ချောင်းပြီး တစ်ချောင်း ဖြူဖွေးလာခဲ့လေပြီ။
"အလယ်ပိုင်းဒေသ ကို စေလွှတ်ခံရတဲ့ ဒီ မြောက်ပိုင်းလူရိုင်း မဟာသိုင်းသခင်ကြီး နှစ်ပါး က တကယ်ကို သာမန် မဟုတ်ဘူးပဲ..."
မဟာသိုင်းသခင်ကြီး များ၏ တိုက်ပွဲတွင် သာမန် မဟာသိုင်းသခင်များ အနေဖြင့် ဝင်ရောက် စွက်ဖက်ရန် အလွန် ခက်ခဲလှပေသည်။ လုကျဲ့ယွင် သည် ယခုအခါတွင် ဘေးမှသာ ရပ်ကြည့်နေရန် ရွေးချယ်လိုက်လေသည်။ သူ ကိုယ်တိုင် ဝင်ပါမိလျှင် ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် ပင်ဖြစ်သည်။ လေဟာနယ်ထက်ရှိ တိုက်ပွဲကို ကြည့်ရင်း သူ၏ ရင်ထဲတွင် လှိုက်လှိုက်လှဲလှဲ ညည်းတွားနေမိလေသည်။
"တကယ်ကို စွမ်းရည် နည်းနည်းပါးပါး ရှိတာပဲ..."
ကျန်းချဲ့ လည်း ဤ မြောက်ပိုင်းလူရိုင်း မဟာသိုင်းသခင်ကြီး နှစ်ပါး၏ အစွမ်းထက်မှုကို ဝန်ခံရမည် ဖြစ်လေသည်။ သူ မြင်တွေ့ခဲ့ဖူးသော ချင်းထျန်းမိစ္ဆာဂိုဏ်း ၏ ဓမ္မမင်းကြီး နှစ်ပါးလောက် မစွမ်းဆောင်နိုင်သော်ငြား သေချာပေါက် အစွမ်းထက်သူများ အဖြစ် သတ်မှတ်နိုင်လေသည်။ အထူးသဖြင့် တိုက်ခိုက်မှု စွမ်းအားတွင် ထို လီမုကျန်း ထုတ်ဖော်ပြသလိုက်သော အရှိန်အဝါမှာ အမှန်တကယ်ပင် အစွမ်းထက် လှပေသည်။
"ကျန်းညီလေး ဒီလိုမျိုး ဆက်ပြီး တိုက်နေမယ် ဆိုရင် ဘယ်လောက်ကြာဦးမလဲ မသိဘူး ချီရွှယ် စီနီယာကြီး ကို လှုပ်ရှားဖို့ ပြောလိုက်ပါလား..."
လုကျဲ့ယွင် က တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်လိုသဖြင့် ရုတ်တရက် အကြံပြုလိုက်လေသည်။
ကျန်းချဲ့ ခေါင်းရမ်းလိုက်လေသည်။
"ချီရွှယ် စီနီယာကြီး လှုပ်ရှားဖို့ မလိုပါဘူး ကျုပ် ရှိနေတာပဲ လုံလောက်ပါတယ်..."
ချီရွှယ်မိစ္ဆာသခင် ၏ စွမ်းအားမှာ ဓမ္မရုပ်တု အဆင့်နှင့် သာ ညီမျှသဖြင့် ယခု ထွက်လာလျှင်တောင်မှ အခြေအနေကို ပြောင်းလဲနိုင်မည် မဟုတ်ချေ။ လုကျဲ့ယွင် ကို ဤကိစ္စ အပေါ် ဆက်လက် အထင်လွဲ ခွင့်ပြုထားသည်က ပို၍ ကောင်းမွန်လှပေသည်။ သူ၏ စကားက လုကျဲ့ယွင်ကို အနည်းငယ် နားလည်မှု လွဲသွားစေပြီး သူတို့ နှစ်ယောက် အတူတကွ လှုပ်ရှားမည် ဟု ထင်မှတ်သွားစေလေသည်။ ခေတ္တခဏ တိတ်ဆိတ်သွားပြီးနောက် သူ ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
"ကောင်းပြီ ဒါဆို မင်းနဲ့ ငါနဲ့ အတူတူ လှုပ်ရှားကြတာပေါ့ ဘယ်သူ့ကို အရင် ပစ်မှတ်ထားမလဲ..."
ကျန်းချဲ့ က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြုံးကာ ပြောလိုက်လေသည်။
"ကျုပ် ပြောတာက ကျုပ် တစ်ယောက်တည်း ရှိနေတာပဲ လုံလောက်ပါတယ် လို့..."
"ဟင်..."
လုကျဲ့ယွင် ၏ ရင်ထဲတွင် တုန်ခါသွားပြီး သံသယနှင့် အံ့အားသင့်မှုများ ရောယှက်ကာ ကျန်းချဲ့ကို စူးစိုက်ကြည့်နေလေသည်။
ကျန်းချဲ့ ကတော့ အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် အာရုံစူးစိုက်လိုက်လေသည်။ နောက်တစ်ခဏတွင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ တစ်ခု ချက်ချင်း လွင့်စင် ထွက်ပေါ်လာပြီး မြေပြင်ထက်မှ လူပုံစံ ဓမ္မရုပ်တု ကြီး တစ်ခု ဖြည်းညင်းစွာ မတ်တတ်ရပ်လာလေသည်။ ခေါင်းပေါ်တွင် ထူးဆန်းသော ဦးချို နှစ်ချောင်း ပေါက်ရောက်နေပြီး တစ်ကိုယ်လုံး အကြေးခွံများ ဖုံးလွှမ်းထားလေသည်။
လက်နှစ်ဖက်မှာ နဂါးလက်သည်းများ အလား ဖြစ်နေပြီး မျက်ဝန်းသူငယ်အိမ် အတွင်းတွင် ကြမ်းကြုတ်ရက်စက်သော အရှိန်အဝါများ လွင့်စင် ထွက်ပေါ်နေလေသည်။
လူပုံစံ နှင့် သားရဲပုံစံ ပေါင်းစပ်ခြင်း... ဓမ္မရုပ်တု နှင့် မူလရုပ်သွင် ပေါင်းစပ်ခြင်း ပေတကား။ ဤသည်မှာ ကျန်းချဲ့၏ နောက်ဆုံး ဖဲချပ် လျှို့ဝှက်နည်းလမ်း ပင်ဖြစ်သည်။ ကောင်းကင်နှင့်မြေကြီး ဓမ္မရုပ်တု ပင်တကား။ သူ အချိန် အကြာကြီး မထိန်းသိမ်း ထားနိုင်သော်ငြား ဤ နည်းလမ်း၏ အရှိန်အဝါ ကိုတော့ လုံးဝ သံသယ ဝင်စရာ မလိုချေ။ ဤ နေရာတွင် အသုံးပြုရန် အလွန် သင့်တော်လှပေသည်။
"ဘာ..."
ဤအခိုက်အတန့်တွင် လုကျဲ့ယွင်၏ မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများ အပြည့်အဝ ပေါ်လွင်နေပြီး ရင်ထဲတွင်တော့ အနည်းငယ် စိတ်ဓာတ် ပြိုလဲနေလေပြီ။
ယခင်က ကျန်းချဲ့၏ အစွမ်းထက်မှုမှာ လုံလောက်နေပြီဟု သူ ထင်မှတ်ထားခဲ့သော်ငြား ယခုကဲ့သို့ ပိုမို ကြောက်မက်ဖွယ်ကောင်းသော နည်းလမ်း ရှိနေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ချေ။ ထို ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် ပုံရိပ်ကြီးနှင့် အနီးကပ် ထိတွေ့လိုက်ရချိန်တွင် သူ၏ တစ်ကိုယ်လုံး တုန်ယင်နေကြောင်းကိုသာ ခံစားလိုက်ရလေသည်။ ၎င်းမှာ ကျန်းချဲ့၏ ဤ ဓမ္မရုပ်တုကြီး၏ အရှိန်အဝါ က အလွန်တရာ အစွမ်းထက်လွန်းလှသဖြင့် သူ့ကိုပင် အသည်းအေး ထိတ်လန့်သွားစေကြောင်း သူ ကောင်းစွာ သိရှိထားလေသည်။
ကျန်းချဲ့ ကတော့ ခန္ဓာကိုယ် အနည်းငယ် ယိမ်းယိုင်သွားပြီး ကြီးမားလှသော ဖိအားကြီး တစ်ခုကို ကျောပိုးထားရသည့်အလား ပင်ဖြစ်သည်။ မျက်လုံးများ အတွင်းတွင် သွေးရောင်များ အပြည့်အဝ ဖုံးလွှမ်းသွားပြီး သူ၏ အကြည့်များက အဝေးရှိ လီမုကျန်း ဆီသို့ တိုက်ရိုက် ဦးတည်သွားလေသည်။ စိတ်ဆန္ဒ တစ်ချက်နှင့်အတူ ကောင်းကင်နှင့်မြေကြီး ဓမ္မရုပ်တု ကြီး ရုတ်တရက် ပေါက်ကွဲထွက်လာပြီး လက်သီးတစ်ချက် ထိုးချလိုက်ရာ လေဟာနယ် တစ်ခုလုံး အရောင်ပြောင်းသွားရလေသည်။
အမှန်တကယ်တော့ ကျန်းချဲ့နှင့် အနီးဆုံး နေရာတွင် ရှိနေသူမှာ ယဇ်ပုရောဟိတ် ဆုဖုန်း ပင်ဖြစ်သည်။ သို့သော် ကျန်းချဲ့ အနေဖြင့် သဘာဝကျကျပင် ကျောက်ရှန်းကျစ် ၏ လုံခြုံရေးကို အလွန်အမင်း စိုးရိမ်နေသဖြင့် ဤနည်းလမ်းကို လီမုကျန်း အပေါ်သို့ အရင်ဆုံး အသုံးပြုလိုက်ခြင်း ပင်ဖြစ်သည်။
ယဇ်ပုရောဟိတ် ဆုဖုန်း သည် ထို အနက်ရောင် ဓမ္မရုပ်တုကြီး၏ ကြောက်မက်ဖွယ် ကောင်းလှမှုကို အာရုံခံမိလိုက်သဖြင့် အလျင်အမြန်ပင် သတိပေးလိုက်လေသည်။
"လီမုကျန်း ရှောင်လိုက် ဒီ ဓမ္မရုပ်တု က သာမန် မဟုတ်ဘူး အတင်းအဓမ္မ မခုခံနဲ့..."
အခြား တစ်ဖက်တွင် ဓားစွမ်းအင် တစ်ခုကို ရိုက်ခွဲပစ်လိုက်သော လီမုကျန်း သည် အသံကြားသဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ တစ်ဖက်လူ ထံမှ ထွက်ပေါ်လာသော အန္တရာယ် အငွေ့အသက်များကို အာရုံခံမိလိုက်လေသည်။ ချက်ချင်းပင် သတ်ဖြတ်လိုစိတ်များ အလွန်အမင်း ထကြွလာပြီး ဆုဖုန်း ၏ သတိပေးချက်ကို တိုက်ရိုက် လျစ်လျူရှုကာ ရှောင်တိမ်းခြင်း ဆုတ်ခွာခြင်း လုံးဝ မရှိဘဲ အနက်ရောင် ဓမ္မရုပ်တုကြီးကို အတင်းအဓမ္မ ဝင်ရောက် ရင်ဆိုင်လိုက်လေသည်။ ပါးစပ်မှလည်း ဒေါသတကြီး ဟစ်အော်လိုက်လေသည်။
"ငါ ကတော့ အတင်း ဝင်တိုက်မှာပဲကွ..."
ဟစ်အော်သံ တစ်ချက်နှင့်အတူ သူ ခေါ်ယူထားသော ဧရာမ မျောက်ဝံ ဓမ္မရုပ်တုကြီး ကလည်း လက်သီးတစ်ချက် တိုက်ရိုက် ထိုးချလိုက်ပြီး အနက်ရောင် ဓမ္မရုပ်တုကြီး နှင့် ထိပ်တိုက် ရင်ဆိုင်မိကြလေသည်။
"ဂျိန်း..."
ဤအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီး ပင်လျှင် ရပ်တန့်သွားသည့်အလား လေဟာနယ် တစ်ခုလုံး အေးခဲသွားပုံ ရလေသည်။ သို့သော် နောက်တစ်ခဏလေး အတွင်းမှာပင် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာလေသည်။
ရူးသွပ် ကြမ်းတမ်းလှသော ပေါက်ကွဲသံကြီးက ချက်ချင်းပင် အရပ်လေးမျက်နှာသို့ လွင့်စင် ထွက်ပေါ်သွားပြီး လေဟာနယ်တွင် လှိုင်းဂယက်များ ထသွားရလေသည်။ ရိုက်ခတ်မှု လှိုင်းလုံးကြီးက အရာအားလုံးကို တိုက်ခိုက် ရှင်းလင်းသွားပြီး ပေတစ်ထောင် ပတ်လည် အတွင်းရှိ အရာအားလုံးကို အပြတ်အသတ် ဖျက်ဆီးပစ်လိုက်လေသည်။ ခြေအောက်ရှိ မြေပြင်ကြီး မှာလည်း မျက်စိတစ်မှိတ် အတွင်းမှာပင် အက်ကွဲ ကြေမွသွားရလေသည်။
ထို့နောက်... ကြောက်မက်ဖွယ်ကောင်းသော ဓမ္မရုပ်တု နှစ်ခု စလုံး တစ်ပြိုင်နက်တည်း အနောက်သို့ လွင့်စင်သွားကြလေသည်။ ကျန်းချဲ့၏ ကောင်းကင်နှင့်မြေကြီး ဓမ္မရုပ်တု မှာ လျင်မြန်စွာ ပျောက်ကွယ်သွားသော်ငြား လီမုကျန်း ၏ ဧရာမ မျောက်ဝံ ဓမ္မရုပ်တု ကြီးမှာ ခန္ဓာကိုယ် တစ်ခြမ်း တိုက်ရိုက် ပြိုကျ ပျက်စီးသွားလေသည်။ လီမုကျန်း မှာလည်း လည်ချောင်း အတွင်းတွင် လှုပ်ရှားသွားပြီး သွေးဟောင်း တစ်လုတ်ကို အဟွတ်ကနဲ အန်ချလိုက်ရလေသည်။
အချိန်ကိုက်ပင် ကျောက်ရှန်းကျစ် လှုပ်ရှားလိုက်လေသည်။ ကောင်းကင်ယံကို ဖောက်ထွင်းသွားသော ဓားတစ်ချက်က အထက်မှ အောက်သို့ ကျဆင်းလာပြီး လီမုကျန်း ကို နေရာမှာတင် တိုက်ရိုက် ဖောက်ထွင်းပစ်လိုက်လေတော့သည်။