အခန်း ၁၃၅၉
Vol. 91 Ch. 1359
အခန်း ( ၁၃၅၉ ) တားမြစ်မိသားစုများ၏ ပါရမီရှင်များ စုဝေးခြင်း။
သူ့မျက်စေ့ရှေ့မှ ရှေးဟောင်း အကြွင်းအကျန်များမှာ အမှန်ပင် အဆုံးမဲ့သတ်ဖြတ်ခြင်း အစီရင် ဖြစ်သည်။
ကျွင်းရှောင်ယောက်က ဒါကို အဘယ်ကြောင့် ရင်းနှီးနေသနည်း။
အကြောင်းမှာ သူကိုယ်တိုင်က အဆုံးမဲဧကရာဇ်ကျမ်းကို အဆုံးမဲ့ဧကရာဇ်ထံမှ ရရှိထားခဲ့သောကြောင့်ပင် ဖြစ်သည်။
အဆုံးမဲ့ဧကရာဇ်ကျမ်းတွင် အဆုံးမဲ့ဧကရာဇ်၏ ဘဝတစ်သက်တာမှ ပညာရပ်များကို မှတ်တမ်းတင်ထားသည်။
၎င်းက အဆုံးမဲ့သတ်ဖြတ်ခြင်း အစီရင်ကိုလည်း သဘာဝအတိုင်း မှတ်တမ်းတင်ထားပေသည်။
ကျွင်းရှောင်ယောက်သည် အထက်ကောင်းကင်ကိုးပါးသို့ ဝင်ရောက်လာပြီးနောက် အဆုံးမဲ့သတ်ခြင်းအစီရင်ကို မြင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
သို့သော်လည်း စဉ်းစားကြည့်မည်ဆိုလျှင်...
အဆုံးမဲ့ဧကရာဇ်က အဆုံးမဲ့သတ်ဖြတ်ခြင်းအစီရင်ကို တည်ထောင်ရခြင်း အကြောင်းရင်းမှာ အထက်ကောင်းကင်ကိုးပါးနှင့် အင်မော်တယ်နယ်မြေကြီးကို ခွဲထုတ်ရန် ဖြစ်သည်။
၎င်းက ကောင်းကင်ကိုးပါး တားမြစ်နယ်မြေမှ အသန်မာဆုံး အကျော်အမော်များကို အောက်ကမ္ဘာသို့ စိတ်ရှိတိုင်း မဆင်းသက်နိုင်စေရန်အတွက် တားဆီးရန်ပင်။
ထို့ကြောင့် ကောင်းကင်တံတားရေဝဲအနီးတွင် အဆုံးမဲ့ သတ်ဖြတ်ခြင်းအစီရင် တည်ရှိနေတာက ပုံမှန်သာ ဖြစ်သည်။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အထက်ကောင်းကင်ကိုးပါးမှ အကျော်အမော်တချို့မှာ လှုပ်ရှားခဲ့ကြသည်။
အဆုံးမဲ့သတ်ဖြတ်ခြင်းမစီရင်က အလွန်အားနည်းလာပြီး ကြာရှည်ခံနိုင်တော့မည် မဟုတ်ပေ။
ယခုအချိန်တွင် ကျွင်းရှောင်ယောက် မြင်နေရသည်ကလည်း အကြွင်းအကျန်တစ်ခု ဖြစ်သည်။
'ဒီတွင်းနက်ထဲမှာရှိတဲ့ ဒီအက်ကြောင်းက... အဆုံးမဲ့ဧကရာဇ်က အထက်ကောင်းကင်ကိုးပါးကို ထိုးဖောက်သွားချိန်မှာ ကျန်ရစ်ခဲ့တဲ့ သဲလွန်စတစ်ခု ဖြစ်နိုင်မလား"
ကြီးမားပြီး အကန့်အသတ်မရှိသော ချောက်နက်ကြီးကိုကြည့်ရင်း ကျွင်းရှောင်ယောက်လည်း မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။
'ငါက အဆုံးမဲ့ဧကရာဇ်ကျမ်းကို လေ့ကျင့်ထားတာကြောင့် ဒီအဆုံးမဲ့သတ်ဖြတ်ခြင်း အစီရင်က ငါ့အတွက် လှုံ့ဆော်မှုအချို့ ရှိသင့်တယ်'
'အရင်က ခံစားခဲ့ရတဲ့ အင်မော်တယ် အငွေ့အသက်ကလည်း အဲဒီ လျှို့ဝှက်နက်နဲတဲ့ ချောက်ထဲမှာ ရှိနေတာ'
ကျွင်းရှောင်ယောက်က တွေးလိုက်သည်။
အင်မော်တယ်ဆေးက ယခုအချိန်တွင် ကျွင်းရှောင်ယောက်အတွက် အထူးဆွဲဆောင်မှုရှိသော ရတနာတစ်ပါး မဟုတ်တော့ပေ။
သို့သော်လည်း အင်မော်တယ်ဆေးများရှိရာတွင် အခြားအခွင့်အလမ်းများလည်း ရှိကောင်းရှိနိုင်သည်ကို သူနားလည်သည်။
ကျွင်းရှောင်ယောက်က ကောင်းကင်ကိုးပါးသို့ လာရောက်ခြင်းမှာ ကျန်းလော့လီအတွက် သာမကပေ။ သူ၏ ကိုယ်ပိုင်ကျင့်ကြံမှုအခြေခံကို တိုးတက်စေရန် အခွင့်အလမ်းများ ရှာဖွေရန်လည်း ရည်ရွယ်ထားသည်။
ထို့ကြောင့် ဖြစ်နိုင်ချေရှိသော အခွင့်အလမ်းတိုင်းကို လက်လွတ်မခံနိုင်ပေ။
အတွေးတစ်ခုဖြင့် ကျွင်းရှောင်ယောက်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အဆုံးမဲ့သတ်ဖြတ်ခြင်းအစီရင်အတွင်းကို လှမ်းဝင်လိုက်သည်။
ဤမြင်ကွင်းကို အထက်ကောင်းကင်ကိုးပါးမှ သတ္တဝါများ မြင်တွေ့ပါကက အံ့ဩလွန်းသဖြင့် စကားဆိုနိုင်တော့မည် မဟုတ်ပါ။
အဆုံးမဲ့သတ်ဖြတ်ခြင်းအစီရင်က အထက်ကောင်းကင်ကိုးပါးမှ သတ္တဝါများအတွက် တားမြစ်နယ်မြေတစ်ခုနီးပါးဖြစ်ပြီး ဝင်ရောက်ရန် မဖြစ်နိုင်ပေ။
၎င်း၏စွမ်းအားက ယခုအခါ အားနည်းလာပြီဖြစ်သော်လည်း သာမန် သတ္တဝါများ ဝင်ရောက်ရန် မဖြစ်နိုင်သေးချေ။
သို့သော်လည်း ကျွင်းရှောင်ယောက်က ဤအတိုင်း ဝင်ရောက်သွားခဲ့သည်။
ဤအခိုက်တန့်တွင်၊ ဤချောက်နက်ကြီး၏ တစ်ဖက်ခြမ်း...
မိုင်ပေါင်း ထောင်နှင့်ချီ ဝေးကွာသောအရပ်မှ ဂြိုလ်တစ်ခုပေါ်တွင် စားသောက်ပွဲလေးတစ်ခု ကျင်းပနေသည်။
ထိုနေရာတွင် ခမ်းနားထည်ဝါသော နန်းတော်တစ်ခု ရှိ၏။
ငယ်ရွယ်ပြီး ထူးကဲသော အရှိန်အဝါနှင့် လူငယ်လူရွယ်များက ထိုနေရာတွင် ထိုင်နေကြလေသည်။
သူတို့၏ အရှိန်အဝါများက အင်မော်တယ်နယ်မြေကြီးရှိ အင်မော်တယ်အင်အားစုများ၏ မျိုးဆက်တချို့ထက်ပင် ပိုအားကောင်းကြသည်။
"အဆုံးမရှိချောက်နက်က သတ်ဖြတ်ခြင်းအစီရင်က ပိုပိုပြီး အားနည်းလာတယ်။ ဒီအတိုင်းဆိုရင် အဲဒီအထဲက ယောက်လင်တောင်လည်း ကြာရှည် ပုန်းအောင်းနိုင်တော့မှာ မဟုတ်ဘူး"
ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က တစ်ယောက်တည်းပြောသလို ရေရွတ်လိုက်သည်။
သူ့မျက်လုံးများက သတ္တုရောင်ဖြစ်ပြီး သူ့ဆံပင်များပင်လျှင် စူးရှသော အငွေ့အသက်များဖြင့် လေထုကို ဖြတ်တောက်နိုင်ပုံရပေသည်။
သူက တားမြစ်မိသားစုတစ်ခုဖြစ်သော ကျင်းမိသားစုမှ ပါရမီရှင် ကျင်းယု ဖြစ်သည်။
ကျင်းမိသားစုက မြင့်မြတ်ဝိညာဉ်အပျက်အယွင်းတွင် နေထိုင်သော မိသားစုတစ်ခုပင်။ ၎င်းတို့သည် တစ်ချိန်က ကျွင်းရှောင်ယောက်ကို ပြဿနာရှာရန်အတွက် အောက်ကမ္ဘာသို့ ဆင်းသက်လာခဲ့ကြဖူးသည်။
"ဒီသတ်ဖြတ်ခြင်းအစီရင်ကို လုံးဝ ဖောက်လိုက်တာနဲ့ ယောက်လင်တောင် ပေါ်လာသင့်တယ်။ ဒါပေမဲ့ အဲဒီမှာ အင်မော်တယ်တစ်ပိုင်းအဆင့် ဆေးပင်ရှိတယ်တဲ့"
တစ်ဖက်တွင်၊ သားရဲရိုင်းတစ်ကောင်ကဲ့သို့ မျက်လုံးမျက်ဖန်ရှိသော လူထွားကြီးတစ်ဦးက ပြောလိုက်သည်။
သူက ထူမိသားစုမှ ပါရမီရှင် ထူကျန့်ပင်။
ထူမိသားစုက သားရဲဂူအမည်ရှိပြီး ရက်စက်ကြမ်းကြုတ်မှုဖြင့် ကျော်ကြားသော တားမြစ်နယ်မြေတစ်ခု၏ဘေးတွင် နေထိုင်သည်။
"အဲဒီအင်မော်တယ်တစ်ပိုင်း ဆေးပင်ကိုတော့ မေ့လိုက်ပါ။ အဲဒါကို တားမြစ်နယ်မြေက အကျော်အမော်တစ်ဦးက စိတ်ဝင်စားနေတယ်။ ဒါပေမဲ့ ကျန်တာတွေကိုတော့ ကျွန်မတို့ မျှဝေနိုင်လိမ့်မယ်"
အရောင်ဖျော့ဖျော့ ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် ချောမောလှပသော မိန်းကလေးတစ်ယောက်က ပြောလိုက်သည်။
"ဘာလဲ... လုချင်း... ခင်ဗျားက ဒီအင်မော်တယ်တစ်ပိုင်းဆေးပင်ကိုရှာတာ သခင်လေးဝမ့်ယန်ကို ပေးချင်လို့ မဟုတ်လား။ ဒါပေမဲ့ သူ့စိတ်က ကျန်းလော့လီလို့ခေါ်တဲ့ မိန်းကလေးအပေါ်မှာ ရှိနေပုံရတယ် မဟုတ်လား"
ကျင်းမိသားစုမှ ပါရမီရှင် ကျင်းယုက ပြုံးစစဖြင့် ပြောလိုက်သည်။
ထိုစကားကိုကြားတော့ လုချင်းအမည်ရှိသော မိန်းကလေး၏ မျက်နှာက ရုတ်တရက် မှုန်ကုပ်သွားသည်။
ကျင်းယုပြောတာက မမှားပေ။
သူက ဧကရာဇ်ကြွေလွင့်တောင်၏ သခင်လေး ဝမ့်ယန်ကို စိတ်ဝင်စားနေသည်။
လုမိသားစု၏ နောက်ကွယ်မှ တားမြစ်နယ်မြေကလည်း ဧကရာဇ်ကြွေလွင့်တောင်ပင်။
လုချင်း ငယ်စဉ်အခါက ဧကရာဇ်ကြွေလွင့်တောင်၏ သခင်လေးနှင့် ကံကောင်းထောက်မစွာ တွေ့ခဲ့ရပြီး ထိုအချိန်ကတည်းက စိတ်ဝင်စားခဲ့မိသည်။
ချောမောခန့်ငြားသော အသွင်ပြင်၊ သန်မာသော ခွန်အားနှင့် ကြီးမားသော နောက်ခံ...
ဤအခြေအနေများက ကောင်မလေးများကို ဆွဲဆောင်ရန် လုံလောက်သည်ထက် ပိုပေသည်။
သို့သော်လည်း လုချင်းက မမျှော်လင့်ထားသောအရာမှာ...
သခင်လေးဝမ့်ယန်က အင်မော်တယ်နယ်မြေကြီးမှ မိန်းကလေးတစ်ယောက်ကို အမှန်တကယ် စိတ်ဝင်စားသွားခြင်း ဖြစ်သည်။
ထို့ထက်၊ လုချင်းကို လုံးဝ လက်မခံနိုင်ဖြစ်စေသောအရာမှာ...
အင်မော်တယ်နယ်မြေကြီးမှ မိန်းကလေးက သခင်လေးဝမ့်ယန်ကို အမှန်တကယ် ငြင်းဆန်ခဲ့ခြင်းပင်။
သူ့အမြင်အရ အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူများသည် အထက်ကောင်းကင်ကိုးပါးမှ ကျင့်ကြံသူများထက် များစွာ နိမ့်ကျသည်။
ဒါက လုချင်း စိတ်ကူးတောင်မယဉ်နိုင်သောအရာပင်။
ဤကမ္ဘာမှာ သခင်လေးဝမ့်ယန်ထက် ပိုထူးချွန်သော အမျိုးသားက ဘယ်လောက်များများရှိလို့လဲ။
အထက်ကောင်းကင်ကိုးပါးမှာပင် ဝမ့်ယန်နှင့် ယှဉ်နိုင်သူက အနည်းငယ်သာ ရှိသည်။
"သူက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေပြီး အမြင်ကျဉ်းသလို ဥာဏ်နည်းလွန်းတဲ့ မိန်းမတစ်ယောက်ပဲ။ သခင်လေးဝမ့်ယန်က ဒီလိုမိန်းမမျိုးကို ဘာကြည့်ကြိုက်သလဲ ကျွန်မဖြင့် တကယ်နားမလည်ဘူး"
လုချင်းက မကျေမနပ်ဖြင့် ပြောလိုက်သည်။
"ကျန်းလော့လီလို့ခေါ်တဲ့ မိန်းကလေးက အင်မော်တယ်နယ်မြေကြီးက ကျွင်းရှောင်ယောက်နဲ့ ဆက်နွယ်နေပုံရတယ်"
ထူကျန့်က ရုတ်တရက် ပြောလိုက်သည်။
သူ့စကားများက ချက်ချင်းဆိုသလိုပင် လူများစွာ၏ မျက်နှာများကို မည်းမှောင်သွားစေခဲ့ပေသည်။
ကျင်းမိသားစု၏ ပါရမီရှင် ကျင်းယုအပြင် ကျိမိသားစုမှ ပါရမီရှင် ကျိမင်ဖုန်းလည်း ပါဝင်သည်။
ကျင်းမိသားစု၊ ကျင်းမိသားစုနှင့် ယခင် ယုမိသားစုတို့သည် အင်မော်တယ်သတ်ဓားကြောင့် ပြင်းထန်စွာ ပျက်စီးခဲ့ပြီး မိသားစုဝင် အများအပြား သေဆုံးခဲ့ရပေသည်။
ဤသည်မှာ ဤမိသားစုသုံးစုအတွက် ထာဝရ နာကျင်ခြင်း ဖြစ်သည်။
"ဒါဆိုရင် ဒီမိန်းမက ကျွင်းရှောင်ယောက်ကို သခင်လေး ဝမ့်ယန်ထက် ပိုတော်တယ်လို့ ထင်နေတာလား"
လုချင်းက အပြောင်းအလဲမရှိသော အမူအရာဖြင့် ပြောလိုက်သည်။
ကျွင်းရှောင်ယောက်က ယခုအခါ အထက်ကောင်းကင်ကိုးပါးတွင် အလွန်ကျော်ကြားနေသော်လည်း...
စကားလုံးများက မည်မျှပင် ကြမ်းထော်နေပါစေ၊ လက်တွေ့မမြင်ရလျှင် ယုံရန် မလွယ်ပေ။
ထို့ကြောင့် လုချင်းကလည်း ကျွင်းရှောင်ယောက်ကို ဤမျှအစွမ်းထက်မည်ဟု မထင်ပါ။
"ဟမ့်၊ မြင့်မြတ်ဝိညာဉ်အပျက်အယွင်းရဲ့ မင်းသားက အခွင့်အခါကြုံရင် အောက်ကမ္ဘာကိုဆင်းပြီး ကျွင်းမိသားစုကကောင်ကို သူ့လက်နဲ့အနိုင်ယူမယ်လို့ ပြောထားတယ်"
ကျင်းယုက အေးစက်စွာ ပြောလိုက်သည်။
သူ့စကားက တားမြစ်မိသားစုများမှ ပါရမီရှင်အချို့၏ မျက်လုံးများကို တောက်ပစေခဲ့သည်။
သူက ဝမ့်ယန်နှင့် အဆင့်တူသော ပါရမီရှင်တစ်ဦးပင်။
"ကဲကဲ၊ ဒီအကြောင်းကို ထားလိုက်ကြတော့။ ဘာပဲဖြစ်ဖြစ် ကျွင်းရှောင်ယောက်ကို တားမြစ်နယ်မြေက ပါရမီရှင်တွေ ကိုင်တွယ်လိမ့်မယ်"
"နောက်ရက်အနည်းငယ်အတွင်းမှာ ဖြစ်လာမဲ့ အဓိက ဖြစ်ရပ်နှစ်ခု ရှိတယ်။ ပထမတစ်ခုက ရှန်းလင်ရဲ့ စန်းရှန်းအင်မော်တယ်ဂူပဲ"
"ဒါပေမဲ့ အဲဒါက ကျုပ်တို့အတွက် မဟုတ်ဘူးလေ။ လူတိုင်းက စန်းရှန်းအင်မော်တယ်ဂူကို ပါဝင်ဖို့ အရည်အချင်း မပြည့်မီဘူး"
"နောက်တစ်ခုကတော့ တားမြစ်နယ်မြေတစ်ခုဖြစ်တဲ့ ဓားသင်္ချိုင်းက အမွေဆက်ခံသူကို ရွေးချယ်ဖို့ တံခါးဖွင့်ပေးလိမ့်မယ်။ ဒါက အခွင့်ကောင်းပဲ။ ကျုပ်တို့ တိုက်ပွဲဝင်နိုင်တယ်"
ထူကျန့်က ပြောလိုက်သည်။
ဓားသင်္ချိုင်းက အထက်ကောင်းကင်ကိုးပါးရှိ တားမြစ်နယ်မြေ ဆယ်ခုအနက် အထူးတားမြစ်နယ်မြေတစ်ခု ဖြစ်သည်။
ဤတားမြစ်နယ်မြေသည် ရှေးခေတ်ကတည်းက နေထိုင်သူ အနည်းငယ်မျှသာ ရှိခဲ့ပြီး ၎င်းတို့၏ လူဦးရေမှာလည်း အနည်းဆုံးပင်။
သူတို့တွင် သွေးမျိုးဆက် သို့မဟုတ် အမွေဆက်ခံမှု မရှိပါ။
သူတို့၏ အသိအမှတ်ပြုမှုကို ရရှိပြီး စမ်းသပ်မှုကို အောင်မြင်နိုင်သရွေ့ ဓားသင်္ချိုင်းတွင် ပါဝင်ပြီး ဓားသင်္ချိုင်း၏ ဆက်ခံသူ ဖြစ်လာနိုင်သည်။
အရေးကြီးဆုံးအချက်က သူတို့ဟာ အထောက်အထား၊ နောက်ခံ သို့မဟုတ် အဆင့်အတန်းကို ကန့်သတ်မထားပေ။
တစ်နည်းဆိုရသော် သက်ရှိသတ္တဝါတိုင်းတွင် အခွင့်အရေး ရှိသည်။
"ဒီကိစ္စကိုတော့ ယောင်လင်တောင်ကနေ ပြန်တာနဲ့ ပြင်ဆင်ကြတာပေါ့"
ကျင်းယုက ပြောလိုက်သည်။
သူတို့က ဤနေရာတွင် စကားစမြည်ပြောနေကြသော်လည်း အမှန်တကယ်တွင်၊ မိသားစုတစ်ခုစီမှ မျိုးနွယ်စုဝင်များက အဆုံးမဲ့ချောက်နက်ထဲသို့ ဝင်ရောက်ခဲ့ပြီး ဆေးပင်များကို စတင်ရှာဖွေနေကြပြီ။