အခန်း ၁၃၆၀
Vol. 91 Ch. 1360
အခန်း ( ၁၃၆၀ ) တားမြစ်နယ်မြေအတွင်းမှ လူငယ်။
တစ်ချိန်တည်းမှာပင်၊ အဆုံးမဲ့ချောက်နက်၏ အခြားတစ်ဖက်မှာ...
လေထဲတွင် လွင့်မျောနေသော လှေပျံပေါင်းများစွာ ရှိနေသည်။
လှေ၏မျက်နှာပြင်မှာတော့ အလွန်ရှုပ်ထွေးပြီး လျှို့ဝှက်ဆန်းကြယ်သော အမှတ်အသားများဖြင့် ရေးထွင်းထား၏။
ဤသည်မှာ အစီရင်ချိုးဖျက်ခြင်းလှေဟုခေါ်သော အထူး လှေတစ်မျိုး ဖြစ်သည်။
၎င်းက အစီရင်နှင့် အတားအဆီးများစွာကို ဖောက်ဖျက်နိုင်ပေသည်။
အဆုံးမဲ့သတ်ဖြတ်ခြင်းအစီရင်က အလွန်အားကောင်းသည်။ အစီရင်ချိုးဖျက်ခြင်းလှေဖြင့်ပင် ၎င်းကို ထိုးဖောက်ရန် မဖြစ်နိုင်ပေ။
ယခုမူ၊ အဆုံးမဲ့သတ်ဖြတ်ခြင်းအစီရင်က မပြည့်စုံတော့ဘဲ ၎င်း၏စွမ်းအားကလည်း များစွာ အားနည်းသွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် အစီရင်ချိုးဖျက်ခြင်းလှေဖြင့် ဝင်ရောက်ရန် မဖြစ်နိုင်တာ မဟုတ်တော့ပေ။
အစီရင်ချိုးဖျက်ခြင်းလှေကြီးပေါ်တွင် ရပ်နေသူများ အားလုံးက တားမြစ်မိသားစုများမှ လူများ ဖြစ်ကြသည်။
၎င်းတို့က ကျိမိသားစု၊ ကျင်းမိသားစု၊ ထူမိသားစု၊ လုမိသားစု စသည်ဖြင့်... ဖြစ်သည်။
ဤမိသားစုများ၏ ထိပ်တန်း ပါရမီရှင်များ အားလုံးကတော့ ယခင်ဂြိုလ်မှ စားသောက်ပွဲကို ရောက်ရှိနေကြသည်။
ကျန်သော မိသားစုဝင်များသာ သက်ရှိဆေးများကို ရွေးချယ်ရန် အဆုံးမဲ့ချောက်နက်ကို ရောက်ရှိလာခြင်းပင်။
ယခုအချိန်၊ ဤအစီရင်ချိုးဖျက်ခြင်းလှေများ၏ အရှေ့တွင်...
ခပ်သွယ်သွယ် မျက်နှာ၊ အနီရဲရဲ နှုတ်ခမ်းစုံနှင့် ဖြူဖွေးသော သွားများရှိသည့် မိန်းကလေးတစ်ယောက်က အသည်းအသန် ပြေးနေသည်။
သူ၏ နူးညံ့သော ခြေဖဝါးများက နင်းချလိုက်တိုင်း ပန်းပွင့်လေးများမှာ လေထဲတွင် ကျန်ရစ်ခဲ့လေသည်။
သို့သော်... အံ့ဩစရာကောင်းအောင် အဆုံးမဲ့သတ်ဖြတ်ခြင်းအစီရင်က ဤမိန်းကလေးအပေါ် သက်ရောက်မှု ရှိပုံမရပေ။
"မင်း ဘယ်ကိုပြေးမှာလဲ"
အစီရင်ချိုးဖျက်ခြင်းလှေပေါ်တွင် လူငယ်တစ်ဦးက လှောင်ပြောင်လိုက်သည်။
သူက လုမိသားစု၏ ပါရမီရှင် လုစုန့်ပင်။
သူ့စကားသံအဆုံးတွင် အစီရင်ချိုးဖျက်ခြင်းလှေပေါ်မှ စွမ်းအင်ဖြင့် ပြုလုပ်ထားသည့် ပိုက်ကွန်ကြီးတစ်ခုက ရုတ်တရက် လွင့်ထွက်သွားသည်။
ပိုက်ကွန်က မိုးနှင့်မြေကို ဖုံးအုပ်ထားနိုင်သကဲ့သို့ ကြီးမားလာပြီး ရှေ့မှပြေးနေသော မိန်းကလေးကို အုပ်ချလိုက်၏။
မိန်းကလေး၏ မျက်နှာပေါ်တွင် စိုးရိမ်စိတ်နှင့် စိတ်ပျက်အားငယ်မှုတို့ ပေါ်လာတော့သည်။
သူ့ကို တားမြစ်မိသားစုများ၏ လူများမှ ဖမ်းမိသွားပါက မည်သို့မည်ပုံ ဆက်ဆံခံရမည်မှန်း သူ ကောင်းစွာသိသည်။
သို့သော်၊ ထိုအချိန်တွင်...
အဆုံးမဲ့သတ်ဖြတ်ခြင်းအစီရင်၏ နက်နဲရာအရပ်တွင် တင်ပျဉ်ခွေထိုင်နေသော လူရိပ်တစ်ခုကို မြင်လိုက်ရသည်။
ရှေးနတ်ဘုရားတစ်ပါးကဲ့သို့ အမျိုးမျိုးသော နတ်အလင်းများကလည်း သူ့ကို ဖုံးလွှမ်းထားသေးသည်။
"အဲဒါက..."
အစီရင်ချိုးဖျက်ခြင်းလှေပေါ်မှ လုမိသားစု၏ လူများကလည်း ထိုပုံရိပ်ကို သတိပြုမိသွားကြသည်။
"ဘယ်လိုဖြစ်ပြီး... သူက သတ်ဖြတ်ခြင်းအစီရင်ရဲ့အလယ်မှာ တကယ်ကြီး ထိုင်နေတာလား"
လုစုန့်က သူ့မျက်စိကိုပင် မယုံနိုင်စွာ ပွတ်သပ်လိုက်မိသည်။
သူတို့ဖမ်းမိထားသော မိန်းကလေးက သတ်ဖြတ်ခြင်းအစီရင်ထဲတွင် လွပ်လပ်စွာ လှုပ်ရှားသွားလာနိုင်ခြင်းမှာ အထူးအကြောင်းပြချက်များ ရှိသည်။
သို့သော်လည်း ထိုပုံရိပ်မှ ထွက်ပေါ်နေသော အငွေ့အသက်များက ကြောက်စရာကောင်းသည့်တိုင် လူသားတစ်ဦးဖြစ်ကြောင်း ထင်ရှားပေသည်။
ယုတ္တိဗေဒအရပြောရလျှင် သတ်ဖြတ်ခြင်းအစီရင်အတွင်း၌ လေ့ကျင့်ရန် မဆိုထားဘိ...
အစီရင်တွင်းသို့ပင် မည်သူမျှ တိုက်ရိုက် မဝင်ရောက်နိုင်ပေ။
"သူက တားမြစ်နယ်မြေတစ်ခုရဲ့ သခင်လေးတစ်ယောက် ဖြစ်နိုင်မလား..."
လုမိသားစုမှ အခြား သူတစ်ဦးကလည်း တုန်လှုပ်စွာ ပြောလိုက်သည်။
တားမြစ်နယ်မြေမှ ပါရမီရှင်များမှလွဲ၍ အဆုံးမဲ့သတ်ဖြတ်ခြင်း အစီရင်အတွင်း၌ မည်သူက ဘေးကင်းစွာ နေနိုင်မလဲဆိုတာကို သူတို့ မတွေးတတ်နိုင်အောင်ပင်။
တစ်မှာလည်း မိန်းကလေးက ထိုရုပ်သွင်ကို မြင်သောအခါ အံ့ဩသွားသည်။
သူ၏ ဝိညာဉ်အသိမှ ခံစားနိုင်စွမ်းက အလွန်ထက်မြက်ပြီး ထိုအတွက်ကြောင့်ပင် ပို၍ အံ့ရပေသည်။
ထိုရုပ်သွင်က အထက်ကောင်းကင်ကိုးပါးမှ သတ္တဝါများ၏ ထူးခြားသော အရိပ်အယောင်မရှိပေ။
ထို့ကြောင့် တားမြစ်နယ်မြေမှ ပါရမီရှင်တစ်ဦး မဖြစ်နိုင်တာ သေချာသည်။
"အဲဒီက ဆရာကြီး... ကျေးဇူးပြုပြီး ကျွန်မကို ကယ်တင်ပေးပါ..."
မိန်းကလေးက ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
သတ်ဖြတ်ခြင်းအစီရင်၏အလယ်တွင် တင်ပျဉ်ခွေထိုင်နေသည့်ပုံရိပ်မှာ သဘာဝအတိုင်း ကျွင်းရှောင်ယောက် ဖြစ်သည်။
သူက သတ်ဖြတ်ခြင်းအစီရင်ထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်ပြီးနောက်၊ သတ်ဖြတ်ခြင်းအစီရင်၏ စည်းမျဉ်းများ၊ ကမ္ပည်းများနှင့် အမိန့်အမျိုးမျိုးကို တိတ်တဆိတ် နားလည်ဆင်ခြင်နေခဲ့ပေသည်။
ယခုအချိန်တွင် ဤလူများ ရောက်လာခြင်းက သူ၏ ငြိမ်းချမ်းမှုကို အနှောင့်အယှက် ဖြစ်စေသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က အားနည်းသူများအတွက် ရပ်တည်ပြီး မတရားမှုများကို တိုက်ဖျက်မည့်သူ သို့မဟုတ် ဒုက္ခရောက်နေသော မိန်းမလှလေးကို ကယ်တင်မည့် သူရဲကောင်းကဲ့သို့ ပြုမူတတ်သူ မဟုတ်ပါ။
ထို့ကြောင့် ကျွင်းရှောင်ယောက်က မိန်းကလေး၏ အော်ဟစ်အကူအညီတောင်းခြင်းကို လျစ်လျူရှုခဲ့သည်။
ထိုအချိန်တွင် ပိုက်ကွန်ကလည်း မိန်းကလေးကို ဖုံးအုပ်ထားပြီးပြီ။
မိန်းကလေး၏ မျက်နှာပေါ်တွင် စိတ်ပျက်မှုတို့က ပြည့်နှက်သွားခဲ့သည်။
"ခင်ဗျား လေ့ကျင့်နေတာကို အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော်တို့ အခုထွက်သွားမယ်"
လုစုန့်က အချိန်မဖြုန်းတော့ဘဲ ပြောလိုက်သည်။
သူက ဤနေရာက အမြန်ထွက်သွားလိုနေပြီ။
အဆုံးမဲ့သတ်ဖြတ်ခြင်းအစီရင်တွင် လေ့ကျင့်ဝံ့သူတိုင်းက ကြောက်စရာကောင်းသူများချည်း ဖြစ်ရမည်။ သူတို့၏ အထောက်အထားကလည်း လွန်စွာ ထူးကဲလိမ့်မည်။
သူတို့ လုမိသားစု၏ နောက်ကွယ်တွင် ဧကရာဇ်ကြွေလွင့်တောင် ရှိသည်။
သို့သော်လည်း အခြား တားမြစ်နယ်မြေတစ်ခုကို စော်ကားမိပါက ဧကရာဇ်ကြွေလွင့်တောင်သည် တားဆီးပေးမည် မဟုတ်ပေ။
လုစုန့်က မိန်းကလေးကိုဖမ်းပြီး ပိုက်ကွန်ကို ပြန်ရုတ်သိမ်းတော့မည်။
ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်က တစ်ချက်လှမ်းကြည့်လိုက်သည်။
ရုတ်တရက်၊ သူ့မျက်လုံးထဲတွင် အလင်းရောင်တစ်ခု လင်းလက်သွား၏။
'အလို... စိတ်ဝင်စားစရာပဲ...'
ဤမိန်းကလေးက သူ့စိတ်ဝင်စားမှုကို နိုးထလာစေသည်။
ဟုတ်သည်၊ ဒါက အခြား အဓိပ္ပါယ် မရှိပေ။ ကျွင်းရှောင်ယောက်က မိန်းကလေး၏ နောက်ခံအကြောင်းကိုသာ စိတ်ဝင်စားခဲ့သည်။
"နေဦး"
ထိုအသံကိုကြားတော့ မိန်းကလေး၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်အရိပ်အမြွက်တို့ ပေါ်လာသည်။
လုစုန့်မှာတော့ မျက်နှာပျက်သွား၏။
ဒီလူက သူတို့ရဲ့သားကောင်ကို လုယူချင်သေးတာလား။
"ဆရာကြီး၊ ကျွန်တော်တို့က လုမိသားစုကပါ"
လုစုန့်က သတိထားပြီး ပြောလိုက်သည်။
"လုမိသားစုလား"
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး လေသံဖြင့် တုံ့ပြန်သည်။
ကောင်းကင်ကိုးပါး တားမြစ်မိသားစုများအကြောင်းကို သူ ရှင်းရှင်းလင်းလင်း မသိပါ။
ယခင်က ယုမိသားစု၊ ကျင်းမိသားစုနှင့် ကျိမိသားစုကိုသာ သိသည်။
အဓိက အကြောင်းအရင်းကတော့ ကျွင်းရှောင်ယောက်က ဤတားမြစ်မိသားစုများကို ဂရုမစိုက်သောကြောင့်ပင်။
အကြောင်းမှာ သူတို့က တားမြစ်နယ်မြေများ၏ အခိုင်းအစေများထက် မပိုသောကြောင့် ဖြစ်သည်။
ကျွင်းရှောင်ယောက်က တားမြစ်နယ်မြေများကိုပင် ဂရုမစိုက်ပေ။ ၎င်းတို့၏ လက်ပါးစေများကို အဘယ်ကြောင့် ဂရုစိုက်မည်နည်း။
ကျွင်းရှောင်ယောက်၏ လျစ်လျူရှုထားသော လေသံကိုကြားတော့ လုစုန့်က ပို၍ မျက်နှာပျက်သွားသည်။ သူက လေးလေးနက်နက် ပြောလိုက်၏။
"ကျုပ်တို့ လုမိသားစုက ဧကရာဇ်ကြွေလွင့်တောင်ရဲ့ အုပ်ချုပ်မှုအောက်က မိသားစုတစ်ခုပါ။ အခု ကျုပ်တို့တွေ ဒီသားကောင်ကို ဖမ်းရတာကလည်း ဧကရာဇ်ကြွေလွင့်တောင်ရဲ့ သခင်လေး ဝမ့်ယန်ကို အပ်နှင်းဖို့ပဲ။ ဒီအတွက် ကျုပ်တို့ကို ခွင့်ပြုပေးဖို့ မျှော်လင့်ပါတယ်"
အထက် ကောင်းကင်ကိုးပါးမှာပင် ဝမ့်ယန်၏ ဂုဏ်သတင်းသည် အလွန်ခိုင်မာဆဲ ဖြစ်သည်။
အခြား တားမြစ်နယ်မြေများမှ ပါရမီရှင်များပင် ဝမ့်ယန်ကို အကြောင်းမဲ့ မစော်ကားချင်ပေ။
လုစုန့်က ဝမ့်ယန်၏ နာမည်ဖြင့် ကျွင်းရှောင်ယောက်ကို နောက်ဆုတ်စေရန် ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်။
သို့သော်... ဤအရာက သူ့ကို သေတွင်းဆီသို့ အမှန်တကယ်ပို့ဆောင်ပေးမည်မှန်း မည်သူမျှ မသိခဲ့ပေ။
သူပြောပြီးသည်နှင့်၊ လုစုန့်သည် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး၏ အပူချိန်က ချက်ချင်း ကျဆင်းသွားသလို ခံစားလိုက်ရသည်။
သူက တစ်ခုခုမှားနေကြောင်းလည်း ချက်ချင်း သိလိုက်၏။
"ဝမ့်... ယန်"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အေးစက်စက် အလင်းတို့ တောက်ပလာခဲ့သည်။
ကျွင်းရှောင်ယောက်က သူ့မိန်းမကို လိုက်စားဝံ့သော ထိုလူငယ်ကို သူ့နှလုံးသားထဲတွင် သေမိန့်ချထားပြီးပြီ။
ယခုတော့ အနှီလုစုန့်က ဝမ့်ယန်၏အမည်ဖြင့် သူ့ကို ခြိမ်းခြောက်နေသည်။
ဒါက ကျားအမြီးကို ပြေးဆွဲလိုက်ခြင်းပင်။
ကျွင်းရှောင်ယောက်က ဘာမျှထပ်မပြောတော့ဘဲ သူ့လက်တစ်ဖက်ဖြင့် တိုက်ရိုက် ဖိချလိုက်သည်။
နိယာမဖြင့် ဖွဲ့စည်းထားသော လက်ဖဝါးကြီးက ကောင်းကင်မှ ကျဆင်းလာ၏။
လုစုန့်နှင့် လုမိသားစုဝင်အားလုံး အံ့သြသွားကြသည်။
ဤဖိအားက ကြောက်စရာကောင်းလွန်းပြီ။
"ဝုန်း"
ရလဒ်က ပြေးကြည့်စရာပင် မလိုပါ။
လုစုန့်နှင့် အခြား မိသားစုဝင်များက မည်သည့်နည်းလမ်းကို အသုံးပြုခဲ့သည်ဖြစ်စေ၊ ဤလက်ဖဝါးအောက်တွင် ပြိုကျသွားရမည် ဖြစ်သည်။
ကောင်းကင်ကိုးပါး၏ ပါရမီရှင်များက အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များထက် ပိုမိုအားကောင်းကြသော်လည်း...
ကျွင်းရှောင်ယောက်၏ စွမ်းအားက မည်သည့်နေရာတွင်မဆို ထိပ်တန်း ဖြစ်သည်။
ဤတားမြစ်မိသားစုများမှ ပါရမီရှင်များက သူ့ကို မည်သို့ ခုခံနိုင်မည်နည်း။
ကျွင်းရှောင်ယောက်က အရာအားလုံးကို လက်ဖဝါးတစ်ဖက်တည်းဖြင့် ချေမှုန်းပစ်လိုက်သည်။
မိန်းကလေးလည်း ဤမြင်ကွင်းကြောင့် အံ့ဩတုန်လှုပ်ကာ ကြက်သေသေသွားတော့သည်။
"အကူအညီအတွက် ကျေးဇူး... ကျေးဇူးတင်ပါတယ်..."
မိန်းကလေးက သတိပြန်ဝင်လာပြီးနောက် အလောတကြီး ဦးညွတ်ကာ ပြောလိုက်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က မိန်းကလေး၏စကားကို ဂရုမထားဘဲ စိတ်ဝင်စားနေသော မျက်လုံးဖြင့်ကြည့်ကာ ရေရွတ်လိုက်လေသည်။
"စိတ်ဝင်စားစရာပဲ၊ အသွင်ပြောင်းနိုင်တဲ့ ဆေးပင်... မင်းရဲ့ဇစ်မြစ်ကို ငါအရမ်းစိတ်ဝင်စားတယ်"