အခန်း ၁၃၆၇
Vol. 92 Ch. 1367
အခန်း ( ၁၃၆၇ ) တိုက်ခိုက်မှု သုံးခု။
၎င်းက ကျွင်းရှောင်ယောက်နှင့်အတူ အချိန်အကြာဆုံး လိုက်ပါခဲ့သည့် သိုင်းပညာများထဲမှ တစ်ခု ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ ခွန်အားများ တိုးလာသည်နှင့်အမျှ လမ်းစဉ်ခြောက်သွယ် ဆမ်ဆာရာလက်သီး၏ အင်အားကလည်း တိုးတက်လာပေမည်။
ကျွင်းရှောင်ယောက်က မြင့်မြတ်ခန္ဓာ၏ ရူပါရုံခြောက်ခုကို နားမလည်သေးလျှင်ပင် ဒါက ပြန်လည်ဝင်စားခြင်း စွမ်းအင်တစ်မျိုးဟု ဆိုနိုင်သည်။
ယခုတော့ ကျွင်းရှောင်ယောက်က ပြန်လည်ဝင်စားခြင်း နိယာမကိုပင် နားလည်ထားပြီးပြီ။
ဤစွမ်းရည်များ၏ ထောက်ပံ့မှုနှင့်အတူ၊ ယခု ကျွင်းရှောင်ယောက်က လမ်းကြောင်းခြောက်သွယ် ဆမ်ဆာရာလက်သီးကို ထုတ်ဖော်သောအခါ ၎င်း၏စွမ်းအားက အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိခဲ့ပြီ ဖြစ်သည်။
လက်သီးတစ်ချက်ဖြင့် ပြန်လည်ဝင်စားခြင်း၏ အလင်းက တောက်ပလာသည်။
၎င်းက ကမ္ဘာများစွာ၊ ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ်၊ အရာခပ်သိမ်း၏သံသရာနှင့် အခြား ဆန်းကြယ်သော မြင်ကွင်းများကို ထင်ဟပ်နေပုံရသည်။
ကမ္ဘာပေါ်ရှိအရာအားလုံးက ပြန်လည်ဝင်စားခြင်းသံသရာထဲသို့ ဆွဲငင်ခံရတော့မည်ကဲ့သို့ပင်။
ထိုကဲ့သို့ ပြင်းထန်သော ဖိအားက ရှားဘုရင်ကို တုန်လှုပ်သွားစေသည်။
ဒါက ဘယ်လို မကောင်းဆိုးရွားလဲ။
"ဝုန်း"
လက်သီးတစ်ချက်ဖြင့် လေဟာနယ်က ပေါက်ကွဲသွားသည်။
ပြန်လည်ဝင်စားခြင်း၏ အဆုံးမဲ့အလင်းက အရပ်ရပ်သို့ ပျံ့နှံ့သွား၏။
ဤလက်သီးချက် ကျရောက်လာပြီးနောက်...
ရှားဘုရင် ဆင့်ခေါ်ထားသော တောက်ဝူသားရဲ ဓမ္မခန္ဓာက တိုက်ရိုက် ကွဲကြေသွားသည်။
ရှားဘုရင်ကိုယ်တိုင်လည်း ချက်ချင်းဆိုသလို ဒဏ်ရာပြင်းထန်စွာ ရရှိသွားတော့သည်။
ကံကောင်းထောက်မစွာဖြင့် သူက ရက်စက်ကြမ်းကြုတ်သော မိစ္ဆာသားရဲတစ်ကောင် ဖြစ်သည်။ သူ၏ခန္ဓာကိုယ်က ခန္ဓာကိုယ်သန့်စင်ထားသည့် သာမန်ပါရမီရှင်များထက် များစွာပို၍ သန်မာပေသည်။
ထိုသို့မဟုတ်လျှင် သူ့ခန္ဓာကိုယ်က ပေါက်ကွဲသွားမည် ဖြစ်သည်။
သို့သော်... ၎င်းကို ခံနိုင်ခဲ့လျှင်ပင်...
ရှားဘုရင်၏ ခန္ဓာကိုယ်မှ အရိုးများက ကြီးမားသော အလေးချိန်ကို မခံနိုင်သကဲ့သို့ အက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။
ရှေးခေတ် မိစ္ဆာသားရဲကောင်ပင်လျှင် ကျွင်းရှောင်ယောက်၏ လက်သီးချက်ကို မခံနိုင်ပေ။
"တားမြစ်အင်မော်တယ် တတိယတံဆိပ်"
ကျွင်းရှောင်ယောက်က သူ့လက်တစ်ဖက်ကိုမြှောက်ပြီး လေထဲကို ဖမ်းဆုပ်လိုက်သည်။ အမျိုးမျိုးသော တံဆိပ်ခတ်ခြင်းဆိုင်ရာ နိယာမများနှင့် သံကြိုးကြီးများက ကျရောက်လာပြီး ရှားဘုရင်ကို ပိတ်လှောင်လိုက်၏။
ပြင်းထန်စွာ ဒဏ်ရာရခဲ့သော ရှားဘုရင်က မခုခံနိုင်တော့ဘဲ ချက်ချင်း ချုပ်နှောင်ခံလိုက်ရတော့သည်။
သုံးကွက်...
သုံးကွက်မျှသာ လှုပ်ရှားခဲ့သည်။
ပေါ့ပေါ့ပါးပါး လက်ဝါးတစ်ချက်...
ဖိအားပေးနိုင်သော လက်သီးတစ်ချက်...
တားမြစ်ချက် တစ်ခု။
တိုက်ခိုက်မှုသုံးခုတည်းဖြင့် သူသည် ကောင်းကင် နဂါးနှင့်ဖီးနစ်စာရင်းတွင် အဆင့်ဆယ့်ငါးရှိပြီး သားရဲဂူ၏ ဘုရင်ငယ်လေးပါးထဲမှ တစ်ပါးဖြစ်သော ရှားဘုရင်ကို အနိုင်ယူခဲ့ပြီ ဖြစ်သည်။
ဒါကို အခြားသူများမြင်လျှင် မျက်လုံးများ ပြူးကျယ်လွန်းပြီး ကျွတ်ထွက်ကုန်လိမ့်မည်။
ထူကျန့်၊ ကျင်းယု၊ ကျိမင်ဖုန်းနှင့် အခြားတားမြစ်မိသားစုများမှ ပါရမီရှင်များမှာလည်း ကြက်သေသေနေကြပြီ။
အနည်းဆုံးတော့ ပြင်းထန်သော သည်းထိတ်ရင်ဖို တိုက်ပွဲဖြစ်မည်ဟု သူတို့ထင်ခဲ့သည်။
တိုက်ပွဲက သုံးကွက်မျှဖြင့် ပြီးဆုံးမည်ဟု မည်သူထင်မည်နည်း။
အားလုံးက ကြက်သေသေနေကာ ချက်ချင်း မတုံ့ပြန်နိုင်ကြတော့ပေ။
လုချင်း၏ လှပသော မျက်နှာမှာလည်း အံ့ဩမှုတို့ ပြည့်နေပြီ ဖြစ်သည်။
အကြိမ်တစ်ရာ ကြားရခြင်းက တစ်ကြိမ် မြင်ရခြင်းကို မမီပေ။
ယခင်ကတော့ သူဟာ ကောလဟာလများသာ ကြားခဲ့ရသောကြောင့် ကျွင်းရှောင်ယောက်ကို လက်မခံခဲ့ပါ။
ဒါက ကောလဟာလသက်သက်ဟု သူ ထင်ခဲ့သည်။
ယခုမူ၊ အမြင်က အကြားထက် များစွာ သာလွန်နေခဲ့ပြီ။
ကျွင်းရှောင်ယောက်၏ လှုပ်ရှားမှုက သူမ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။
ယခုအခါ လုချင်းက ကျန်းလော့လီသည် အဘယ်ကြောင့် ဝမ့်ယန်ကို တုံ့ဆိုင်းခြင်းမရှိ ငြင်းပယ်ခဲ့ကြောင်း နားလည်သွားခဲ့ပြီ ဖြစ်သည်။
အစပိုင်းတွင် လုချင်းက ကျန်းလော့လီသည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီး၊ မိုက်မဲလွန်းပြီး မသိနားမလည်သော မိန်းမတစ်ယောက်ဟုသာ ထင်ခဲ့သည်။
ကျွင်းရှောင်ယောက်အတွက်ကြောင့် ဝမ့်ယန်ကိုပင် ငြင်းဆန်ခဲ့၏။
ယခုတော့ ကျွင်းရှောင်ယောက်ကို ကိုယ့်မျက်လုံးနှင့် မြင်လိုက်ရပြီးနောက်...
ထိုမှသာ လုချင်းသည် တစ်တောင်ထက် တစ်တောင်က ပိုမြင့်မားကြောင်း သိနားလည်ခဲ့သည်။
ယခုတော့ သူကိုယ်တိုင်ကသာ အမှန်တကယ် မိုက်မဲသူ၊ မသိနားမလည်သူဖြစ်ပြီး အမြင်ကျဥ်းသော အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ပြီ။
သို့သော်လည်း ယခုအချိန်က ဆင်ခြင်သုံးသပ်ရမည့်အချိန်မဟုတ်ပါ။
ရှားဘုရင်သည်ပင် ဖိနှိပ်ခံထားရပြီ ဖြစ်သည်။ ကျန်သော တားမြစ်မိသားစုများ၏ ပါရမီရှင်များက ချွေးထွက်စရာပင် လိုမည်မထင်ပေ။
လုချင်းက အလွန်ပြတ်သားသည်။ သူက အစီရင်ချိုးဖျက်ခြင်းလှေကို ထိန်းချုပ်ပြီး ချက်ချင်း လှည့်ထွက်သွား၏။
သူတို့ဖမ်းမိထားသော သက်ရှိဆေးများကိုပင် လျစ်လျူရှုထားလိုက်သေးသည်။
ကျိမင်ဖုန်းနှင့် ကျင်းယုတို့ကလည်း လှည့်၍ ထွက်ပြေးရန် ကြိုးစားကြသည်။
ဤအခြေအနေများမှ သူတို့ဟာ ချက်ချင်း လွတ်မြောက်ချင်နေပြီ။
သို့သော်လည်း ထူကျန့်မှာတော့ အံကြိတ်ပြီး ကျန်ရစ်သည်။
ထူမိသားစုက သားရဲဂူ၏လက်အောက်မှ တားမြစ်မိသားစု ဖြစ်၏။
ရှားဘုရင် ဖိနှိပ်ခံရပြီးနောက် သူ လွတ်မြောက်ရန် နည်းလမ်းမရှိတော့ပေ။
ကျွန်တစ်ဦးအတွက် သူ၏သခင်ကို ဖမ်းခံရပြီးနောက် သူလွတ်မြောက်ခဲ့လျှင်ပင်၊ ကောင်းမွန်သော အဆုံးသတ်ကို သေချာပေါက် ရရှိလိမ့်မည် မဟုတ်ပေ။
ပို၍အရေးကြီးသည်မှာ ကျွင်းရှောင်ယောက်က ရှားဘုရင်ကို မသတ်ဘဲ ဖိနှိပ်ထားခြင်းသာ ဖြစ်သည်။
အကယ်၍ ထူကျန့် ထွက်ပြေးသွားပါက ရှားဘုရင် လွတ်မြောက်လာပြီးနောက် သူ့ကို စာရင်းရှင်းလိမ့်မည်။
ထူမိသားစု တစ်ခုလုံး ငြိစွန်းသွားနိုင်သည်။
ထို့ကြောင့် ထူကျန့်က အံကိုတင်းတင်းကြိတ်ကာ ရပ်နေရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
တားမြစ်မိသားစုများ၏ ပါရမီရှင်များ ထွက်ပြေးကုန်ကြတာကိုကြည့်ရင်း...
ကျွင်းရှောင်ယောက်က လေထဲကို ဖမ်းဆုပ်ဟန်ပြုလိုက်သည်။
ဓားစွမ်းအင်များ ထွက်ပေါ်လာပြီး လေဟာနယ်ကို ဖြတ်ကျော်သွား၏။
ယခုလေးတင်၊ ကျွင်းရှောင်ယောက်က ကျိမင်ဖုန်းနှင့် ကျင်းယု၏ မျက်လုံးများတွင် သူ့အပေါ် မုန်းတီးမှုကို မြင်လိုက်ရသည်။
ကျွင်းရှောင်ယောက်၏ ခန့်မှန်းမှုက မမှားလျှင် သူတို့က သူ၏အသိအကျွမ်းဟောင်း တားမြစ်မိသားစုများမှ ဖြစ်သင့်သည်။
ဓားအလင်းများက ကျိမင်ဖုန်းနှင့် ကျင်းယုတို့၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိုးဖောက်ကာ သူတို့၏ဝိညာဉ်များကို ဖျက်ဆီးပစ်လိုက်တော့သည်။
လုချင်းကတော့ အစောဆုံးပြေးနှင့်ပြီး ရှေ့ဆုံးရောက်နေပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်ကလည်း ဂရုမစိုက်ပေ။ သူက ပုရွက်ဆိတ်လောက်တောင် မကြီးသော ပိုးကောင်တစ်ကောင်မျှသာ ဖြစ်သည်။
သူက အံ့အားသင့်နေသော အကြည့်ဖြင့် ထူကျန့်ကို လှည့်ကြည့်လိုက်၏။
"မင်းက တော်တော် သစ္စာရှိတဲ့ ခွေးပဲ"
"ကျွင်းရှောင်ယောက်၊ မင်း အရှင် ရှားဘုရင်ကို လွှတ်ပေးလိုက်ရင် နောက်ပြန်လှည့်ဖို့ နေရာရှိသေးတယ်"
ထူကျန့်က အံကြိတ်ပြီး ပြောလိုက်သည်။
ကျွင်းရှောင်ယောက်က ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။
"မင်းက လူသားတစ်ယောက်ဖြစ်ပြီး တိရစ္ဆာန်တွေကို သခင်အဖြစ် ဆက်ဆံနေတာ စိတ်မကောင်းစရာပဲ"
ကျွင်းရှောင်ယောက်က သူ့လက်ချောင်းကို ဓားအဖြစ်သုံးပြီး ပေါ့ပေါ့ပါးပါး ထိုးလိုက်သည်။
ထူကျန့်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ သွေးများက ဆူပွက်လာ၏။
၎င်းက သားရဲဂူမှ ပေးအပ်ထားသော သားရဲ၏သွေး ဖြစ်သည်။
သို့သော်လည်း သူက သားရဲအဖြစ်သို့ မပြောင်းလဲမီပင် သူ့ဦးခေါင်းက ခန္ဓာကိုယ်မှ စွန့်ခွာသွားရသည်။ သူ၏ ရှေးဦးဝိညာဉ်မှာလည်း ချက်ခြင်း ပျက်သုဉ်းသွားတော့သည်။
"ကျွင်းရှောင်ယောက်၊ မင်း ရမ်းကားလွန်းတယ်"
ရှားဘုရင်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ထူကျန့်၏ သေဆုံးခြင်းကို သူ ဂရုမစိုက်ပေ။
သူ ဂရုစိုက်တာက 'တိရစ္ဆာန်'ဟူသော ကျွင်းရှောင်ယောက်၏ စကား ဖြစ်သည်။
ဤသည်မှာ ရှေးခေတ် မိစ္ဆာသားရဲမျိုးရိုးအတွက် အကြီးကျယ်ဆုံး အရှက်ရမှုပင်။
"အကျဉ်းသားကများ"
ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် အေးစက်သောအလင်းရောင်တစ်ခု လက်သွားသည်။
ပြန်လည်ဝင်စားခြင်း ရေစီးကြောင်းက သူ့မျက်လုံးများတွင် ထွက်ပေါ်လာပုံရ၏။
၎င်းက ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်စွမ်းရည် သုံးမျိုးထဲမှ တစ်မျိုးဖြစ်သော ပြန်လည်ဝင်စားခြင်း၏ကပ်ဘေး ဖြစ်သည်။
တခဏချင်းမှာပင်၊ ရှားဘုရင်က ပြန်လည်ဝင်စားခြင်း၏ ရေဝဲထဲသို့ ကျသွားသလို ခံစားလိုက်ရတော့သည်။
သူသည် ရာနှင့်ချီသော ဘေးအန္တရာယ်များနှင့် ညှဉ်းပန်းနှိပ်စက်မှုမျိုးစုံကို ကြုံတွေ့ခဲ့ရသည်။
ကျွင်းရှောင်ယောက်၏ လက်ရှိ ရှေးဦးဝိညာဉ်အဆင့်က ကြောက်မက်ဖွယ်ကောင်းလွန်းသည်။ သူက မျိုးဆက်တူများကြားတွင် ပြိုင်ဘက်ကင်းသလောက် ဖြစ်နေပြီ။
ရှေးခေတ်မိစ္ဆာသားရဲ မျိုးနွယ်ဝင်အနေဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အလွန်မြင့်မားသည်။
သို့ရာတွင်၊ ရှေးဦးဝိညာဉ်ကတော့ ဤမျှမဟုတ်ပေ။
ကျွင်းရှောင်ယောက်က သူ၏ နတ်ဘုရားစွမ်းရည်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။
ထိုအချိန်တွင် ရှားဘုရင်က ပြိုလဲသွားတော့မည်ကဲ့သို့ အလွန်အားနည်းနေပြီ။
သူ့မျက်လုံးထဲတွင် ကြောက်ရွံ့မှုအရိပ်အမြွက်ပင် ရှိနေသည်။
ဘဝပေါင်းများစွာ အဖန်ဖန်အထပ်ထပ် ပြန်လည်ဝင်စားရခြင်း၏ ညှဉ်းပန်းနှိပ်စက်မှုက သာမန်သတ္တဝါများ ခံနိုင်ရည်ရှိသောအရာ မဟုတ်ပေ။
"မင်းအနေနဲ့ ရွေးချယ်စရာနှစ်ခုရှိတယ်။ ငါ့ရဲ့လှည်းကို ဆွဲပါ၊ မဟုတ်ရင် မင်းကို အခုချက်ချင်း သတ်ပစ်မယ်"
ကျွင်းရှောင်ယောက်က အေးစက်စွာ ပြောလိုက်သည်။
ရှားဘုရင်က ယခုအချိန်တွင် သားရဲအသွင်ဖြင့် ရှိနေသေးသည်။
သူက အနည်းငယ် ခေါင်းညိတ်ပြီး ဝတ်ဆင်းသွားသည်။
"ကျွင်းရှောင်ယောက်၊ ငါ ရှုံးနိမ့်တာကို ဝန်ခံပါတယ်"
"ဒါပေမဲ့ ငါက ဘုရင်လေးပါးထဲမှာ အညံ့ဆုံးပဲ"
“သူတို့နဲ့တွေ့တဲ့အခါ..."
ရှားဘုရင်က အနည်းငယ် အေးစက်ပြီး အားနည်းနေသော လေသံဖြင့် ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ သူတို့နဲ့တွေ့ရင် မင်းနဲ့ အဖော်ပြုပြီး နွားနဲ့မြင်းတွေ ဖြစ်လာစေမယ်"
"ရှေးခေတ်မိစ္ဆာသားရဲလေးကောင်က လှည်းကို အတူတူဆွဲနေမဲ့မြင်ကွင်းက တော်တော်စိတ်ဝင်စားဖို့ကောင်းလိမ့်မယ်"
ကျွင်းရှောင်ယောက်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
ရှားဘုရင်က ဘာမှပြန်မပြောတော့ပေ။
ဤအရှက်တရားက ယာယီသာ ဖြစ်သည်။
ထိုအချိန်တွင်၊ သားရဲဂူရှိ အခြားသော ဘုရင်ငယ်သုံးပါးက သူ့ကို ကယ်ဆယ်ရန် သဘာဝအတိုင်း ရောက်လာကြလိမ့်မည်။
အခြေအနေမကောင်းလျှင်ပင် အထက်ကောင်းကင်ကိုးပါးမှာ ပါရမီရှင်များ အများကြီးရှိသည်။ ကျွင်းရှောင်ယောက်ကို အနိုင်ယူနိုင်သူကလည်း အမြဲရှိလိမ့်မည်။
ထိုအခါမှာ သူပြန်လွတ်နိုင်သည်။
ကျွင်းရှောင်ယောက်၏ လက်ဖဝါးပေါ်တွင် နိယာမအမှတ်အသားများ ပေါ်လာခဲ့သည်။
တားမြစ်အင်မော်တယ် တတိယတံဆိပ်၏ စွမ်းအားက ရွန်းများအဖြစ် ပြောင်းလဲပြီး ရှားဘုရင်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွား၏။
ရှားဘုရင်က ပုံမှန်မဟုတ်သော တစ်စုံတစ်ခု လှုပ်ရှားမှုပြုလျှင် သူ ချက်ချင်း သေလိမ့်မည်။
မုန်တိုင်းက ယာယီပြီးသွားပြီ ဖြစ်သည်။
ဖမ်းဆီးခံခဲ့ရသော ဆေးမျိုးနွယ်ဝင်များလည်း ပြန်လည် လွတ်မြောက်ခဲ့ကြလေသည်။
သူတို့အားလုံးက ကျွင်းရှောင်ယောက်ကို နှစ်လိုသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
ယောက်အာ၏ လှပသော မျက်လုံးများမှာလည်း ကြယ်ပွင့်လေးများကဲ့သို့ တလက်လက် တောက်ပနေပြီ။
ကျွင်းရှောင်ယောက်က ဘယ်လောက်ထိ သန်မာတယ်ဆိုတာ သူ မသိပါ။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ စွမ်းဆောင်မှုမှ မြင်နိုင်သည်။
သူက အလွန်သန်မာသည်။
သူ မျှော်လင့်ထားတာထက် များစွာ ပိုအားကောင်းပေသည်။
ထိုအချိန်တွင် ဗောဓိကျစ်၏ အသံက ယောက်လင်တောင်မှ ထွက်ပေါ်လာသည်။
"မိတ်ဆွေလေးက ကျွင်းမိသားစုရဲ့ မိသားစုဝင်တစ်ဦး ဖြစ်ထိုက်ပါပေတယ်။ ဒါ့အပြင် အဆုံးမဲ့ဧကရာဇ်နဲ့လည်း ပတ်သက်ဆက်နွယ်မှုရှိမယ်လို့ မမျှော်လင့်ထားဘူး"
ဗောဓိကျစ်၏ လေသံက ပျော့ပြောင်းလေသည်။
သူတို့၏ ယောက်လင်တောင်က ယနေ့တိုင် ရှင်သန်နိုင်ခဲ့ခြင်းမှာ အဆုံးမဲ့သတ်ဖြတ်ခြင်းအစီရင်က အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
ထို့ကြောင့် သူတို့က အဆုံးမဲ့ဧကရာဇ်ကို လွန်စွာ ရိုသေလေးစားပြီး ကျေးဇူးတင်ကြလေသည်။
ယခုလည်း ကျွင်းရှောင်ယောက်က အဆုံးမဲ့ဧကရာဇ်၏ ဆင်းသက်လာသူအဖြစ် သူ၏အထောက်အထားကို ထုတ်ဖော်လိုက်သောအခါ...
ဗောဓိကျစ်၏ စိတ်နှလုံးက သိသိသာသာ ပြောင်းလဲသွားသည်။
အဆုံးမဲ့ဧကရာဇ်၏ ဆက်ခံသူအနေဖြင့် ကျွင်းရှောင်ယောက်က သဘာဝအတိုင်း စိတ်နှလုံးကောက်ကျစ်သူ မဖြစ်နိုင်ပေ။
ထို့ကြောင့် ဗောဓိကျစ်က ကျွင်းရှောင်ယောက်ကို သဘာဝအတိုင်း ယုံကြည်လာပြီး ပို၍ သက်တောင့်သက်သာ ခံစားခဲ့ရသည်။
ကျွင်းရှောင်ယောက်လည်း ပြုံးလိုက်လေသည်။
ယခုအခါ အရာများက ပိုလွယ်လာပုံရသည်။
ယောက်လင်တောင်၏ လျှို့ဝှက်ချက်ကို မကြာမီ သိနိုင်တော့မည်။