← Chapters

အခန်း ၁၃၇၁

Vol. 92 Ch. 1371

အခန်း ၁၃၇၁

Vol. 92 Ch. 1371

အခန်း ( ၁၃၇၁ ) ရှန်းလင်သို့။

အမှန်အတိုင်းဆိုရလျှင်၊ ကျွင်းရှောင်ယောက်က ဤအင်မော်တယ်ပစ္စည်းကို အမှန်တကယ် လိုအပ်နေပါသည်။

အကြောင်းမှာ၊ ဤအင်မော်တယ်ပစ္စည်း၏ အကျိုးသက်ရောက်မှုက တကယ်ကို ကြီးမားလွန်းတာကြောင့်ပင်။

ပထမအချက်က သူ့ကိုယ်ပိုင်အတွက် သန့်စင်နိုင်သည်။ ပမာဏနည်းသော်လည်း သူ့ခန္ဓာကိုယ်ကို သန့်စင်ပြီး ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရန် လွယ်ကူစေသေးသည်။

ဒုတိယအချက်ကတော့ ၎င်းကို ကျိုးလီပန်းချီကား၊ တာ့လော့ဓားသန္ဓေ၊ အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုး အစရှိသော လက်နက်များကို သန့်စင်ရန် အသုံးပြုနိုင်သည်။

ဤပမာဏသည် ဤလက်နက်အားလုံးကို အဆင့်မြှင့်တင်ရန် မလုံလောက်သော်လည်း ၎င်းတို့၏ စွမ်းအားကို တိုးမြင့်လာစေမည် ဖြစ်သည်။

တတိယအနေဖြင့် ဤအင်မော်တယ်ပစ္စည်းကို ကမ္ဘာ့သစ်ပင်၊ လမ်းကြောင်ခြောက်သွယ် အင်မော်တယ်အမြစ် အစရှိသော သဘာဝရတနာများကို အင်မော်တယ်ပစ္စည်းဖြင့် ထောက်ပံ့ပေးပါက အသွင်ကူးပြောင်းမှု ဖြစ်လာစေမည်မှာ အသေချာပင်။

၎င်းက အတွင်းစကြာဝဠာကို ချဲ့ထွင်ရန်ပင် ကူညီပေးနိုင်သည်။

အင်မော်တယ်ပစ္စည်းများက များစွာသော အသုံးပြုမှုနှင့် အဆုံးမဲ့အကျိုးကျေးဇူးများရှိသည်ဟု ဆိုနိုင်ပေသည်။

ကျွင်းရှောင်ယောက်ပင်လျှင်၊ အထဲမှာ ဘာရှိသလဲ သိရှိနိုင်ရန် "တံခါး"သို့ သွားချင်လာမိသည်။

ကျွင်းရှောင်ယောက်လည်း တုံ့ဆိုင်းမနေတော့ဘဲ ဤအင်မော်တယ်ပစ္စည်းအားလုံးကို အတွင်းစကြာဝဠာထဲသို့ ထည့်သွင်းခဲ့လေသည်။

သို့သော်လည်း သူက ချက်ချင်း အသုံးမပြုသေးပေ။

ကျွင်းရှောင်ယောက်က အလိုရှိလျှင် နယ်ပယ်ကို ချိုးဖြတ်နိုင်သည်။

သို့ရာတွင်၊ သူက မလုပ်ခဲ့ပေ။

ဒါက သူ၏ အလေ့အထ ဖြစ်သည်။

အဆင့်မတက်လျှင်လည်း မတက်ပေ။ သို့ရာတွင်၊ အဆင့်တက်လိုပါက အဓိက နယ်ပယ်တစ်ခုလုံးကို ဖြတ်ကျော်ရမည်။

ထိုသို့မဟုတ်လျှင်၊ သူ၏ အရည်အချင်းဖြင့် ရှက်စရာဖြစ်လိမ့်မယ်။

ထို့ပြင်၊ အထက်ကောင်းကင်ကိုးပါးကဲ့သို့ နေရာတွင် အခွင့်အလမ်းများနှင့် လျှို့ဝှက်နေရာများ မရှားပါ။

ရှန်းလင်၏ စန်းရှန်းအင်မော်တယ်ဂူမှာပင် သူ့နယ်ပယ်ကို ဖြတ်ကျော်ရန် အခွင့်အရေး ရှိကောင်းရှိနိုင်သည်။

ယခုအချိန်တွင်၊ ကျင့်ကြံမှုအခြေခံကို တိုးတက်စေရန် အင်မော်တယ်ပစ္စည်းကို သုံးစွဲခြင်းက ဖြုန်းတီးရာကျလိမ့်မည်။

နောက်ဆုံးမှာတော့ ဤအရာက ရှားပါးလွန်းလှသည်။ ကောင်းကင်ကိုးပါးနှင့် အင်မော်တယ်နယ်မြေကြီးမှာပင် အများအပြား မရှိနိုင်ပေ။

အင်မော်တယ်ပစ္စည်းများကို စုဆောင်းပြီးနောက်...

ကျွင်းရှောင်ယောက်က ထွက်ခွာရန် စီစဉ်လိုက်သည်။

ကျန်းလော့လီ၏ ပြဿနာကို ဖြေရှင်းရဦးမည်။

ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်က ဗောဓိကျစ်ကို အထက်ကောင်းကင်ကိုးပါး၏ အခြေအနေအား မေးမြန်းခဲ့သည်။

ဗောဓိကျစ်နှင့် အခြားဆေးမျိုးနွယ်ဝင်များက အဆုံးမဲ့ တွင်းနက်ကြီးတွင် ပုန်းအောင်းခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း...

ကောင်းကင်ကိုးပါးနှင့် ပတ်သက်သော အချက်အလက်တချို့ကို သိနေသေးသည်။

"ကိုင်း၊ အကြီးအကဲ ဗောဓိနဲ့ အားလုံးပဲ... ကျုပ်ထွက်သွားဖို့ အချိန်ရောက်ပြီ"

"ကောင်းကင်ကိုးပါးမှာ ကျုပ်အလုပ်တွေပြီးတာနဲ့ ခင်ဗျားတို့ကို အင်မော်တယ်နယ်မြေကြီးကိုခေါ်သွားဖို့ ပြန်လာခဲ့မယ်"

"အဲဒီအချိန်ကျရင် ခင်ဗျားတို့ကို တားဖို့ ဒါမှမဟုတ် ခင်ဗျားတို့ကို မကောင်းတာလုပ်မဲ့သူ မရှိတော့ဘူးလို့ ကျုပ်ယုံကြည်တယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"ကျေးဇူးအများကြီးတင်ပါတယ် မိတ်‌ဆွေလေး"

ဗောဓိကျစ်လည်း ပြုံးလိုက်လေသည်။

သူဟာ ဖိအားများကို အမြဲတမ်း ခံနေခဲ့ရသည်။

ယခု နောက်ဆုံးမှာတော့ အဖြေတစ်ခု ရလာပြီ။

"ကျေးဇူးတင်ပါတယ် သခင်လေး"

ယောက်အာက ကျွင်းရှောင်ယောက်ကို တုံ့ဆိုင်းစွာဖြင့် ကြည့်လိုက်သည်။

ကျွင်းရှောင်ယောက်နှင့်ဆိုလျှင် သူတို့က လွန်စွာ လုံခြုံမှုရှိသည်ဟု ခံစားရပေသည်။

"စိတ်မပူပါနဲ့၊ အင်မော်တယ်နယ်မြေကြီးကိုရောက်လို့ ကျွင်းဧကရာဇ်ခုံရုံးကို ဝင်ရောက်ပြီးတာနဲ့ မင်းတို့ ရှင်သန်မှုအတွက် စိတ်ပူစရာ မလိုတော့ဘူး"

"ကောင်းပါပြီ၊ တို့အားလုံး သခင်လေးကို ယုံတယ်"

ယောက်အာ၊ ဂျင်ဆင်းလေးနှင့် ဆေးမျိုးနွယ်ဝင် အားလုံးက လေးနက်စွာ ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက်၊ ကျွင်းရှောင်ယောက်က ယောက်လင်တောင်မှ ထွက်ခဲ့သည်။

ဖိနှိပ်ခံထားရသော ရှားဘုရင်က ယောက်လင်တောင်အပြင်ဘက်တွင် ရှိနေဆဲပင်။

ကျွင်းရှောင်ယောက်က သူ့ခန္ဓာကိုယ်အတွင်း၌ တံဆိပ်ခတ်ထားပြီးဖြစ်သောကြောင့် လွတ်မြောက်သွားမည်ကို စိုးရိမ်စရာ မလိုပေ။

ယခုအချိန်တွင်၊ ရှားဘုရင်က သူ၏ သားရဲအခြေအနေတွင် ရှိနေဆဲ ဖြစ်သည်။

ကျွင်းရှောင်ယောက် ရောက်လာတာကို မြင်သောအခါ သူက အေးစက်စက်ဖြင့် ကြည့်နေသည်။

ကျွင်းရှောင်ယောက်က သိုလှောင်ခြင်းမှော်ရတနာအတွင်းမှ ရထားလုံးတစ်စီးကို ထုတ်ယူလိုက်သည်။

"ကျွင်းရှောင်ယောက်၊ မင်း..."

ရှားဘုရင် မျက်နှာပျက်သွား၏။

ကျွင်းရှောင်ယောက်က နောက်ပြောင်နေသည်ဟု သူ ထင်ခဲ့ခြင်း ဖြစ်သည်။ ယခုတော့ သူဟာ သူ့ကို တိရစ္ဆာန်တစ်ကောင်ကဲ့သို့ အမှန်တကယ် ဆက်ဆံတော့မည်။

ရှားဘုရင်က ဒေါသထွက်နေသော်လည်း ခုခံရန် မဝံ့ရဲပါ။

ကျွင်းရှောင်ယောက်၏ နည်းလမ်းများကြောင့် သူ ကြောက်ရွံ့နေပြီ ဖြစ်သည်။

ကျွင်းရှောင်ယောက်က ရထား၏ ဇက်ကြိုးကို ရှားဘုရင်၏ လည်ကုပ်ပေါ်တွင် ထားလိုက်သည်။

သားရဲဂူ၏ ဘုရင်လေးပါးအနက် တစ်ပါး... တောက်ဝူမျိုးရိုး၏ ရှားဘုရင်က ယခုတော့ ရထားဆွဲရန် တိရစ္ဆာန်တစ်ကောင် ဖြစ်သွားပြီ။

"သွား... ရှန်းလင်ကို သွားကြမယ်"

ကျွင်းရှောင်ယောက်က ရထားပေါ်၌ ထိုင်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ရှားဘုရင်၏ မျက်နှာက မည်းမှောင်သွားသည်။

ကျွင်းရှောင်ယောက်က ရှန်းလင်ကို အမှန်တကယ် သွားလိုနေသည်။

သူက ဤတစ်ကြိမ်တွင် သက်ရှိဆေးများကို ရှာဖွေရန် အဆုံးမဲ့ချောက်ထဲသို့ ရောက်ရှိလာခြင်းမှာ...

ရှန်းလင်၏ ချုံးရှောင်းမျိုးရိုးမှ နတ်သမီး လျိုချုံးယန်အား အပ်နှံရန်လိုသောကြောင့်ပင်။

မမှားပေ၊ သူက လျိုချုံးယန်၏ လိုက်ပါသူတစ်ဦးလည်း ဖြစ်သည်။

မူလက သူသည် လျိုချုံးယန်ကို အင်မော်တယ်ရတနာ ဟွင်းယွမ်ရွှေခွက်ကို ရရှိအောင် ကူညီပေးမည်ဟု ကတိပေးခဲ့သည်။

အကယ်၍၊ သူက ဤအခြေအနေမျိုးဖြင့် ရှန်းလင်တွင် ပေါ်လာပါက နာမည်ပျက်လိမ့်မည်။

လျိုချုံးယန်လည်း ရှက်ရွံ့သလို ခံစားရမည် ဖြစ်သည်။

ထိုအခါ လျိုချုံးယန်ကိုလိုက်ရန် အခွင့်အရေးက လုံးဝ ဆုံးရှုံးသွားလိမ့်မည်။

နောက်ဆုံးမှာတော့ မည်သည့်အမျိုးသမီးကမှ သူ့ယောက်ျားကို တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ဆက်ဆံတာ မြင်လိုမည် မဟုတ်ပေ။

သို့သော်လည်း ရှားဘုရင်က မခုခံဝံ့သောကြောင့် အရှက်တရားကို သည်းခံကာ ကျွင်းရှောင်ယောက်အတွက် ရထားဆွဲပေးခဲ့ရသည်။

'ဒီတစ်ခေါက်မှာ မိစ္ဆာဘုရင်လည်း စန်းရှန်းအင်မော်တယ်ဂူမှာ ပါဝင်မယ်ထင်တယ်။ ကျွင်းရှောင်ယောက်၊ မင်း ငါ့ကို စောင့်နေပါ'

ရှားဘုရင်က မုန်းတီးစွာဖြင့် သူ့စိတ်ထဲမှ ပြောလိုက်သည်။

သူက သားရဲဘုရင်လေးပါးတွင် နောက်ဆုံးအဆင့် ဖြစ်သည်။

မိစ္ဆာဘုရင်က ချုံးချီမျိုးရိုး၏ ပါရမီရှင်တစ်ဦးဖြစ်ပြီး သူ့ထက် များစွာ ပိုအစွမ်းထက်၏။

မိစ္ဆာဘုရင်က သူ့ကို ကယ်တင်နိုင်မည်ဟု သူ ယုံကြည်ထားသည်။

ထို့နောက်မှာတော့ ရှားဘုရင်က ရထားလုံးကို ဆွဲယူကာ ရှန်းလင်ရှိရာသို့ ဦးတည်ထွက်ခဲ့တော့သည်။

.............

ရှန်းလင်က ကောင်းကင်ကိုးပါးရှိ တားမြစ်နယ်မြေ ဆယ်ခုထဲမှ တစ်ခုဖြစ်သည်။

၎င်းက အလွန်ရှေးကျသော တိုက်ကြီးတစ်ခုပေါ်တွင် တည်ရှိပေသည်။

ပတ်ဝန်းကျင်ကိုကြည့်မည်ဆိုလျှင် တောင်ကုန်းများစွာကို တွေ့မြင်နိုင်သည်။

လေထဲတွင် ဆိုင်းငံ့ထားသော အင်မော်တယ်နန်းတော်များနှင့် မျှော်စင်များစွာလည်း ရှိသေးသည်။

၎င်းတို့ကို ကောင်းကင်ကြိုးတံတားများနှင့် ဆက်သွယ်ထားသည်။

ကောင်းကင်မှ ကြွေကျနေသော ရေတံခွန်တွေနှင့် ကျောက်စိမ်းပန်းပွင့်များလည်း ရှိ၏။

ပြင်ပကမ္ဘာရှိ ရှားပါးပြီး အဖိုးတန်သော ဆေးဖက်ဝင်အပင်များစွာကလည်း ဤနေရာတွင် လွတ်လပ်စွာ ပေါက်ရောက်နေကြသည်။

ကောင်းကင်ကိုးပါး၏ ကျင့်ကြံမှုပတ်ဝန်းကျင်က ကောင်းမွန်သည်။

သို့ရာတွင်၊ ရှန်းလင်က ပို၍ပင် ဆန်းကြယ်ပြီး နတ်ဘုံနတ်နန်းကဲ့သို့ ခံစားရပေသည်။

မူလက၊ ကောင်းကင်ကိုးပါးရှိ တားမြစ်နယ်မြေများထဲမှ တစ်ခုအနေဖြင့်...

ပုံမှန်အချိန်တွင် ပြင်ပလူများကို ရှန်းလင်သို့ ဝင်ခွင့်မပြုပါ။

သို့သော်လည်း ယနေ့မှာတော့ လူများစွာက ရှန်းလင်သို့ ရောက်လာကြသည်။

ဧည့်သည်အများစုက အလွန်ငယ်ရွယ်ပြီး အားကောင်းသော အရှိန်အဝါများ ရှိ၏။

၎င်းတို့က တားမြစ်မိသားစု၏ ထိပ်တန်း ပါရမီရှင်များ သို့မဟုတ် အခြား တားမြစ်နယ်မြေများ၏ ပါရမီရှင်များ ဖြစ်ကြသည်။

ရှန်းလင်၏ တံခါးများကို ယခုကဲ့သို့ ဖွင့်ပေးထားရခြင်းမှာ...

ရှန်းလင်၏ ဘိုးဘွားမြေဖြစ်သော စန်းရှန်းအင်မော်တယ်ဂူကို ဖွင့်လှစ်တော့မည် ဖြစ်သောကြောင့်ပင်။

ထို့ကြောင့် ရှန်းလင်က ပွဲသို့တက်ရောက်ရန် ကောင်းကင်ကိုးပါးမှ လူငယ်ပညာရှင်များကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ရှန်းလင်က သူတို့၏ဘိုးဘွားမြေကို အခြားပါရမီရှင်များထံ ဖွင့်ပေးသည်အထိ အလွန်ရက်ရောသည်တော့ မဟုတ်ပါ။

သို့သော်လည်း စန်းရှန်းအင်မော်တယ်ဂူမှာ အမျိုးမျိုးသော ယန္တရားများ၊ အက်ကြောင်းများ၊ ထူးဆန်းသော သားရဲများနှင့် အခြား ကြီးမားသော အန္တရာယ်များ ရှိနေသည်။

ထို့ကြောင့် အန္တရာယ်ကိုမျှဝေရန် အခြားသူများအား ဆွဲခေါ်နေခြင်းပင်။

ဒုတိယအနေဖြင့် ရှန်းလင်ကို အမျိုးသမီးများက အမြဲလွှမ်းမိုးထားသည်။ သူတို့အတွက် အမွေဆက်ခံသူ ရှာဖွေရန် တစ်ခုတည်းသောနည်းလမ်းမှာ အခြား သြဇာကြီးသော ပါရမီရှင် လူငယ်များနှင့် လက်ထပ်ရန် ဖြစ်သည်။

ယောက်ျားလေးမွေးလျှင် အပြင်သို့ စေလွှတ်မည်ဖြစ်ပြီး မိန်းကလေးမွေးပါက ရှန်းလင်မှာ ‌ရှိစေမည်။

ထို့ကြောင့် စန်းရှန်းအင်မော်တယ်ဂူ ဖွင့်လှစ်တိုင်းမှာ...

ရှန်းလင်၏ အမျိုးသမီးများက တာအိုလက်တွဲဖော်ကို ရွေးချယ်ရှာဖွေရန် ဤအခွင့်အရေးကို အသုံးချနိုင်သည်။

ဤအခိုက်မှာ..

ရှန်းလင်သို့‌ ရောက်ရှိလာသော လူငယ်ပါရမီရှင်များကြားမှာ ရင်းနှီးပြီးသား လူရိပ်တစ်ခုက ရုတ်တရက် ပေါ်လာတော့သည်။

All Chapters