အခန်း ၁၃၇၂
Vol. 92 Ch. 1372
အခန်း ( ၁၃၇၂ ) ဟွမ်နျဲ့တောက်၊ ကျောက်ဧကရာဇ်လေးနှင့် မိစ္ဆာဘုရင်။
သူသည် ရွှေရောင်နှင့်အနက်ရောင် ၀တ်စုံကို ဝတ်ဆင်ထားကာ ချောမောသော လူငယ်တစ်ယောက် ဖြစ်သည်။
သူ၏ နောက်ကျောမှာလည်း အနက်ရောင် နတ်မီးတောက်များ တောက်လောင်နေသော ရွှေရောင်နှင့်အနက်ရောင် ဖီးနစ်တောင်ပံတစ်စုံ ရှိသေးသည်။
၎င်းမှာ နတ်ဆိုးဖီးနစ် ရှေးဟောင်းဂူ၏ ဘိုးဘေးငယ် ဟွမ်နျဲ့တောက် ဖြစ်သည်။
သူက အင်မော်တယ်ရှေးဧကရာဇ်၏ သားတော်ဆိုလျှင်လည်း မှားမည် မဟုတ်ပေ။
အင်မော်တယ်ရှေးဧကရာဇ်သည် ကောင်းကင်ကိုးပါး တားမြစ်နယ်မြေရှိ အကျော်အမော်တစ်ဦးနှင့် ပတ်သက်မှုရှိသောကြောင့် သူ့ကို အထက်ကောင်းကင်ကိုးပါးသို့ စောစီးစွာ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
ဤအခိုက်တွင်၊ ဟွမ်နျဲ့တောက်၏ အနားမှာ နောက်ထပ် ရုပ်သွင်တစ်ခု ရှိသေးသည်။
၎င်းက နတ်ဆိုးတစ်ကောင်ကဲ့သို့ သန်မာကြံ့ခိုင်သော ကိုယ်ကာယရှိသူတစ်ဦး ဖြစ်သည်။
သူက ရှည်လျားသော အနက်ရောင် ဆံပင်များကို ဖြည်ချထား၏။ သူ့နောက်ကျောမှာလည်း တောင်ပံတစ်စုံ ရှိနေသေးသည်။
သို့သော် ၎င်းက ဖီးနစ်တောင်ပံ မဟုတ်ပါ။ ထိုအစား တိရစ္ဆာန်တောင်ပံမျိုးနှင့်တူပြီး အဖြူရောင်အရိုးစွန်းများဖြင့် ဖုံးအုပ်ထားသည်။
အလွန် ကြောက်စရာကောင်းသော ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များကလည်း သူ့ထံမှ ထွက်ပေါ်နေ၏။
သူ့ကို ကြည့်မိသူတိုင်း၏ စိတ်ထဲတွင် တုန်လှုပ်မှုကို ခံစားရစေနိုင်သည်။
အနီးနားရှိ ပါရမီရှင်အချို့လည်း ထိုရုပ်သွင်ကို မြင်သောအခါ သူတို့၏မျက်လုံးများတွင် နက်နဲသော ကြောက်ရွံ့မှုတစ်ခု ပေါ်လာကြပေသည်။
"သားရဲဂူရဲ့ ဘုရင်လေးပါးထဲက မိစ္ဆာဘုရင်က မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ဒီဖိအားက တကယ်ကို ကြောက်ဖို့ကောင်းတယ်"
"ပေါက်တတ်ကရ၊ ရှေးခေတ် မိစ္ဆာသားရဲလေးကောင်ထဲမှာ ကြင်နာတတ်တဲ့သူ ရှိလို့လား။ ဒါပေမဲ့ ရှားဘုရင်က ဘာဖြစ်လို့ မလာသေးတာလဲ။ သူနဲ့ မိစ္ဆာဘုရင်တို့ နှစ်ယောက်စလုံးက နတ်သမီးလျိုချုံးယန်ကို သဘောကျနေပုံရတယ်"
"မသိဘူးလေ၊ ဒါပေမဲ့ သူက သေချာပေါက် လာမှာပါ"
ပါရမီရှင်အချို့က တီးတိုးပြောဆိုလိုက်ကြသည်။ သို့သော်၊ အသံထွက်တော့ မပြောဝံ့ကြပေ။
အကြောင်းမှာ တစ်ချိန်က ရှားဘုရင်၏ အရှင်လတ်လတ် ကိုက်ဖြတ်စားသောက်ခြင်း ခံခဲ့ရသော ပါရမီရှင်တစ်ဦး ရှိခဲ့ဖူးသောကြောင့် ဖြစ်သည်။
ရှားဘုရင်၏ စိတ်နေစိတ်ထားက သူ၏ အသွင်ပြင်နှင့် မတူပေ။
မိစ္ဆာဘုရင်ကတော့ နတ်ဆိုးတစ်ကောင်နှင့် လုံးဝ တူသည်။
"ညီနောင် နျဲ့တောက်၊ ဒီတစ်ခေါက် စန်းရှန်းအင်မော်တယ်ဂူမှာ အခွင့်အလမ်းကောင်းတစ်ခုခု သေချာပေါက် ထွက်ပေါ်လာလိမ့်မယ်။ ခင်ဗျားလည်း အထက်ကောင်းကင်ကိုးပါးကို ရောက်နေတာက ကြာပြီလေ၊ အခွင့်အလမ်းတွေကို ရယူသင့်ပြီ"
ရှေးခေတ် မိစ္ဆာသားရဲလေးကောင်အနက် ချုံးချီမျိုးရိုးမှ ဆင်းသက်လာသူအနေဖြင့် မိစ္ဆာဘုရင်က အမှန်ပင် နာမည်ဆိုးဖြင့် ကျော်ကြားသည်။
သို့သော်လည်း ဟွမ်နျဲ့တောက်ကိုတော့ ယဉ်ကျေးပေသည်။
ဒါက ဟွမ်နျဲ့တောက်ကိုယ်တိုင် အလွန်အစွမ်းထက်သောကြောင့် မဟုတ်ပါ။
အကြောင်းမှာ၊ သူ့တွင် ဖခင်ကောင်းရှိသောကြောင့် ဖြစ်သည်။
အင်မော်တယ်ရှေးဧကရာဇ်က သားရဲဂူအတွင်းရှိ မဟာပုဂ္ဂိုလ်တချို့နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည်။
သူက ရှေးဧကရာဇ်တစ်ပါးလည်း ဖြစ်သေးသည်။
ဒါက အဖြေ ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး၊ ခင်ဗျားလည်း မိန်းမလှလေးကို သေချာပေါက် ရလိမ့်မယ်လို့ ယုံကြည်ပါတယ်"
ဟွမ်နျဲ့တောက်က ပြုံးလိုက်သည်။
သူက အင်မော်တယ်နယ်မြေကြီးတွင် မြင့်မြတ်သော အဆင့်အတန်းရှိပြီး နတ်ဆိုးဖီးနစ် ရှေးဟောင်းဂူ၏ ဘိုးဘေးငယ် ဖြစ်သည်။
သို့ရာတွင်၊ အထက်ကောင်းကင်ကိုးပါးသို့ ရောက်လာပြီးနောက် တကယ့်ပါရမီရှင်များက မည်မျှသန်မာသလဲဆိုတာ သူ နားလည်လာခဲ့ပေသည်။
ဟွမ်နျဲ့တောက်က အားမနည်းသော်လည်း ထိပ်တန်းများထဲတွင် မပါဝင်ပါ။
ထို့ကြောင့် အင်မော်တယ်နယ်မြေကြီး၌ ရှိစဉ်ကနှင့် နှိုင်းယှဉ်လျှင် လက်ရှိ ဟွမ်နျဲ့တောက်က ပို၍ ယဉ်ကျေးလာခဲ့သည်။
"ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ရှားဘုရင်က ဘာဖြစ်လို့ မလာသေးတာလဲ"
ရှားဘုရင်နှင့် သူသည် လျိုချုံးယန်ကို ပိုးပန်းနေသူများ ဖြစ်သည်။
သို့သော်လည်း တရားမျှတစွာ ယှဉ်ပြိုင်ရန် သဘောတူထားကြ၏။
ယခု ရှားဘုရင် မရောက်သေးတာကို တွေ့ရသောအခါ မိစ္ဆာဘုရင်က အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
"သူက အကြောင်းတစ်ခုခုကြောင့် နှောင့်နှေးနေတာ ဖြစ်မှာပါ"
ဟွမ်နျဲ့တောက်က ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်လေသည်။
ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာသည်။
"ဟွမ်နျဲ့တောက်၊ ခင်ဗျားလည်း ဒီကိုရောက်နေမယ်လို့ မမျှော်လင့်ထားဘူး"
ထိုအသံကိုကြားတော့ ဟွမ်နျဲ့တောက်က တစ်ချက်ကြည့်လိုက်သည်။
အရပ်ရှည်ရှည်နှင့် သန်မာကြံ့ခိုင်သော လူငယ်လေးတစ်ယောက်က လေထဲမှ ပျံသန်းလာ၏။
ဤလူငယ်၏ ခန္ဓာကိုယ်က ကြွက်သားများ ဖုထစ်နေပြီး သူ၏အရေပြားကမူ ကျောက်ဖြူရောင် ဖြစ်သည်။
သူက အလွန်ရိုးရှင်းပြီး အနည်းငယ် စုတ်ပြဲနေသော ချပ်ဝတ်တန်ဆာတစ်ခုကို ဝတ်ဆင်ထားပေသည်။
ထိုလူငယ်ကို မြင်သောအခါ ဟွမ်နျဲ့တောက်ကလည်း အံ့အားသင့်မှု အရိပ်အယောင်တို့ကို လှစ်ဟလာခဲ့သည်။
"ကျောက်ဧကရာဇ်လေး၊ ခင်ဗျားလည်း လာဖို့ မမျှော်လင့်ထားဘူး"
ကျောက်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော လူငယ်က မြင့်မြတ်ဝိညာဉ်ကျွန်း၏ ကျောက်ဧကရာဇ်လေး ဖြစ်သည်။
ကျောက်ဧကရာဇ်လေးက အင်မော်တယ်နယ်မြေကြီးတွင် အလွန်ကျော်ကြားသည်။
လော့ရွှမ်ယီ၊ ဟွမ်နျဲ့တောက်နှင့် အခြားသူများကဲ့သို့ သူတို့က ဖခင်ကောင်းကို ပိုင်ဆိုင်ထားပေသည်။
သူတို့၏ဖခင်များက ကျောက်ဧကရာဇ်၊ ရှေးနဂါးဧကရာဇ်နှင့် အင်မော်တယ် ရှေးဧကရာဇ် စသည်တို့ ဖြစ်သည်။
သူတို့အားလုံးသည် တစ်ချိန်က အင်မော်တယ်နယ်မြေကြီးတွင် အလွန်ကျော်ကြားခဲ့ပေသည်။
ကျောက်ဧကရာဇ်လေး၏ ခွန်အားက လျှို့ဝှက်ဆန်းကြယ်သည်။
သူက အင်မော်တယ်နယ်မြေကြီးတွင် မည်သည့်အခါမှ လှုပ်ရှားမှုမရှိသည့်အပြင် တိုက်ပွဲမှတ်တမ်းလည်း မရှိပေ။
သို့ရာတွင်၊ ကျောက်ဧကရာဇ်လေးက တိဟောက်ထျန်းနှင့် နှိုင်းယှဉ်နိုင်သည့် အင်မော်တယ်နယ်မြေကြီးရှိ ထိပ်တန်း ပါရမီရှင်များထဲမှ တစ်ဦးဖြစ်သည်ဟု လူတချို့က ယူဆကြသည်။
သူက အမြဲတမ်း နိမ့်ကျသောပုံရိပ်ကို ထိန်းသိမ်းနေခဲ့ရုံပင်။
"ကျုပ်က ဒီနေရာကို အပျော်သဘောပဲ လာတာပါ"
ကျောက်ဧကရာဇ်လေးက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
သူက ရှန်းလင်၏ နတ်သမီးများကို ပိုးပန်းရန် ရောက်ရှိလာခြင်း မဟုတ်ပေ။ အတွေ့အကြုံရှာဖွေရန်သက်သက် ဖြစ်သည်။
"မြင့်မြတ်ဝိညာဉ်ကျွန်းနဲ့ မြင့်မြတ်ဝိညာဉ် အပျက်အယွင်းကြားက ဆက်ဆံရေးက တကယ်ကို ထူးခြားပုံရတယ်"
မိစ္ဆာဘုရင်က နက်နဲသော မျက်လုံးတို့ဖြင့် ကျောက်ဧကရာဇ်လေးကို ကြည့်လိုက်သည်။
အကြောင်းမှာ၊ ကျောက်ဧကရာဇ်နှင့် မြင့်မြတ်ဝိညာဉ် အပျက်အယွင်းကြားတွင် မရှင်းမလင်းသော ဆက်ဆံရေးရှိသည်ဟု ကောလဟာလများ ရှိနေသောကြောင့်ပင်။
ကျောက်ဧကရာဇ်သည် မူလက မြင့်မြတ်ဝိညာဉ် အပျက်အယွင်း၏ အကျော်အမော်တစ်ဦးဖြစ်ကြောင်း ကောလဟာလများပင် ရှိသည်။
နောက်ပိုင်းတွင် သူက အောက်ကမ္ဘာသို့ ဆင်းသက်ကာ မြင့်မြတ်ဝိညာဉ်များကို ခေါ်ယူပြီး မြင့်မြတ်ဝိညာဉ်ကျွန်းကို တည်ထောင်ခဲ့သည်။
ဟုတ်သည်၊ ဒါက ကောလဟာလသာဖြစ်သော်လည်း အထက်ကောင်းကင်ကိုးပါး၏ မည်သူမျှ ကျောက်ဧကရာဇ်လေးကို ခွဲခြားဆက်ဆံဝံ့ခြင်း မရှိပေ။
အခြေခံအားဖြင့်၊ သူသည် မြင့်မြတ်ဝိညာဉ် အပျက်အယွင်း၏ ပါရမီရှင်အဖြစ် သတ်မှတ်ခံရသည်။
ထိုစကားကိုကြားသောအခါ ကျောက်ဧကရာဇ်လေးက ခပ်တိုးတိုး ရယ်မောလိုက်ပြီး စကားများစွာ မပြောပေ။
သာမန်လူများက သူ့အဖေ ကျောက်ဧကရာဇ်၏ အရည်အချင်းကို မည်သို့သိနိုင်မည်နည်း။
"ဒါဆိုရင် ကျုပ်တို့ အတူတူသွားကြမလား"
ဟွမ်နျဲ့တောက်က ဖိတ်ခေါ်လိုက်သည်။
သူတို့နှစ်ဦးစလုံးက နာမည်ကျော်ဖခင်များ၏ သားများဖြစ်သောကြောင့် အချင်းချင်း မရင်းနှီးသော်လည်း နားလည်မှုရှိပေသည်။
"ကောင်းပြီ"
ကျောက်ဧကရာဇ်လေးက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်သည်။
ထို့ပြင်၊ သူနှင့် ဟွမ်နျဲ့တောက်တို့ကြားမှာ တူညီသော အရာတစ်ခု ရှိသေးသည်။
သူတို့အားလုံးမှာ ဘုံရန်သူ ရှိသည်။
ဒါက ကျွင်းရှောင်ယောက်...
ထို့နောက်တွင် ကျောက်ဧကရာဇ်လေး၊ ဟွမ်နျဲ့တောက်နှင့် မိစ္ဆာဘုရင်တို့က ရှန်းလင်သို့ အတူတကွ ဝင်ရောက်ခဲ့ကြသည်။
ရှန်းလင်အတွင်းမှာတော့ ကြီးကျယ်ခမ်းနားသော ဧည့်ခံပွဲတစ်ခုကို ကျင်းပနေပေသည်။
စန်းရှန်းအင်မော်တယ်ဂူကို မဖွင့်မီတွင် ရှန်းလင်က ပါရမီရှင်အားလုံးအတွက် ဧည့်ခံပွဲတစ်ခုကို ဦးစွာ ကျင်းပမည် ဖြစ်သည်။
ရှန်းလင်တွင် ဧည့်ခံသူအားလုံးက အမျိုးသမီးများပင်။
သူတို့တစ်ဉီးစီက အသားဖြူဖြူနှင့် ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိ၍ အမျိုးသားများအတွက် အမှန်ပင် မျက်စိအေးပေသည်။
သို့သော်လည်း ရှန်းလင်၏ မျိုးရိုးကြီးသုံးခုမှ အဓိကဇာတ်ဆောင်များဖြစ်သော လျိုချုံးယန်၊ ယွင်ထျန်းမေနှင့် ကျန်းလော့လီတို့ သုံးဦးက မထွက်လာကြသေးပေ။
ဤအခိုက်အတန့်တွင်...
ရှန်းလင်၏ ဝိညာဉ်စွမ်းအားများ ပြည့်နှက်နေသော အင်မော်နယ်နန်းတော်အတွင်းမှာ...
မနက်ခင်း နှင်းရည်စက်ကဲ့သို့ ကြည်လင်ပြီး တောက်ပ၍ ချစ်စရာကောင်းသော ပုံရိပ်သွင်လေးတစ်ခု ရပ်နေသည်။
သူက အပြာနုရောင် စကတ်ရှည်ကို ဝတ်ဆင်ထား၏။
မပြောင်းလဲသည့် တစ်ခုတည်းသော အရာမှာ အနက်ရောင် ကျစ်ဆံမြီးနှစ်ခွ ဖြစ်သည်။
နောက်တစ်ခုကတော့ 1.5မီတာ အမြင့်သာရှိသော သူမ၏ အရပ်ပင်။
သူမ၏ မျက်လုံးရွဲကြီးများက တလက်လက် တောက်ပနေသည်။ ရှည်လျားသော မျက်တောင်များနှင့် ဖြောင့်စင်းသော နှာတံ ရှိ၏။
သူ၏ ပါးပြင်ပေါ်တွင် သေးငယ်သော ပါးချိုင့်နှစ်ခုလည်း ရှိသေးသည်။
ချယ်ရီနှုတ်ခမ်းဖူးလေးများက အနည်းငယ် ပြုံးလိုက်လျှင်ပင် လွန်စွာမှ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိစေမည် ဖြစ်သည်။
သို့သော်လည်း ဤအခိုက်အတန့်တွင်၊ သူမ၏ နှုတ်ခမ်းများက တစ်စုံတစ်ရာကို အလိုမကျဟန်ဖြင့် စူနေလေသည်။
"ဒေါ်လေး ရွယ်၊ ကျေးဇူးပြုပြီး ဒီအကြောင်းကို ထပ်မပြောပါနဲ့တော့။ ကျွန်မက ဝမ့်ယန်ကို လုံးဝ လက်ထပ်မှာ မဟုတ်ဘူး။ ဒီအကြံကို စွန့်လွှတ်လိုက်ပါ"
ဤမိန်းကလေးက အမှန်တကယ်ပင် ကျန်းလော့လီ ဖြစ်သည်။
သူ့ဘေးမှာတော့ ရင့်ကျက်စွာ လှပသော အမျိုးသမီးတစ်ဦး ရပ်နေပေသည်။ သူကား ရှန်းလင်၏ မျိုးရိုးသုံးခုအနက် ပိရှောင်းမျိုးရိုးမှ အကျော်အမော် ဖြစ်သည်။
ဤအခိုက်တွင်၊ ဒေါ်လေးရွယ်မှာလည်း ခေါင်းကိုက်နေပေသည်။
၊အထက်ကောင်းကင်ကိုးပါးမှ အခြားမိန်းကလေးသာဆိုလျှင် ဧကရာဇ်ကြွေလွင့်တောင်မှ သခင်လေးဝမ့်ယန်နှင့် လက်ထပ်နိုင်မည်ဆိုပါက ဝမ်းသာပျော်ရွှင်နေမည်မှာ သေချာသည်။
ဝမ့်ယန်၏ ရုပ်ဆင်းအင်္ဂါ၊ ဝိသေသလက္ခဏာနှင့် ခွန်အားတို့က အထက်ကောင်းကင်ကိုးပါးတွင် ထိပ်တန်းအဆင့်မှ ဖြစ်သည်။
သူ့ကို နှိုင်းယှဉ်နိုင်သူက များများမရှိပေ။
ထို့ကြောင့် ဒေါ်လေးရွယ်သည် ကျန်းလော့လီ သဘောတူမည်ဟု ထင်ခဲ့သည်။
၎င်းက သူတို့၏ ပိရှောင်းမျိုးရိုးအတွက်လည်း အကျိုးရှိစေမည်။
သို့ရာတွင်၊ ကျန်းလော့လီက တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း ငြင်းပယ်မည်ဟု မည်သူထင်ထားခဲ့မည်နည်း။
"လော့လီ၊ ငါတို့က ဒါကို မင်းကောင်းဖို့အတွက် လုပ်နေတာပါ။ နောက်ပြီးတော့ ငါတို့ရဲ့ ပိရှောင်းမျိုးရိုးကို ချုံးရှောင်းမျိုးရိုးက ဖိနှိပ်မှာကို မင်း မြင်ချင်လို့လား"
ဒေါ်လေးရွယ်က ဆက်လက်ပြောလိုက်သည်။