အခန်း ၁၃၈၁
Vol. 93 Ch. 1381
အခန်း ( ၁၃၈၁ ) ဆန်းကြယ်ကောင်းကင် အဓိပတိအဆင့် သားရဲကို သတ်ခြင်း။
ကျွင်းရှောင်ယောက်က ဖုံးကွယ်ခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်း ပေါ်လာခြင်း ဖြစ်သည်။
ချိုင့်ဝှမ်းအတွင်းရှိ အနီရောင်မျက်လုံး ကြေးခွံပါနဂါးက နီရဲသော မျက်လုံးအစုံတို့ဖြင့် ကျွင်းရှောင်ယောက်ကို ချက်ျင်း စိုက်ကြည့်လိုက်၏။
အားကောင်းသော ဖိအားတစ်ခုက ထွက်ပေါ်လာတော့သည်။
ဒါက ဆန်းကြယ်ကောင်းကင်အဓိပဓိ၏ ဖိအား ဖြစ်သည်။
ဘာရယ်ကြောင့်မှန်း မသိသော်လည်း၊ အနီရောင်မျက်လုံး ကြေးခွံပါနဂါးသည် သူ့ရှေ့မှ လူသားကျင့်ကြံသူ၏ အရှိန်အဝါမှာ ကောင်းကင်အဓိပတိငယ်အဆင့်သာ ရှိသေးသည့်တိုင် အန္တရယ်များသော ခံစားချက်ကို ရရှိနေသည်။
ဒါက အနီရောင်မျက်လုံး ဦးချိုပါနဂါးကို အနည်းငယ် မယုံနိုင်သလို ခံစားရစေသည်။
စန်းရှန်းအင်မော်တယ်ဂူသို့ ဝင်ရောက်လာသူတိုင်းက လူငယ်များသာ။
ထို့ကြောင့် အခြေခံအားဖြင့် မည်သည့်အရာကမျှ ၎င်း၏တည်ရှိမှုကို မခြိမ်းခြောက်နိုင်ပေ။
"လူစကားကို မင်း နားလည်မယ်ဆိုတာ ငါသိပါတယ်။ မင်းသာ အကောင်းအဆိုးကို နားလည်ပြီး ရွှေရောင်နှစ်များသစ်သီးကို ငါ့လက်အပ်ရင် မင်းအသက်ကို ချမ်းသာပေးနိုင်တယ်"
ကျွင်းရှောင်ယောက်က သူ့လက်နှစ်ဖက်ကို နောက်သို့ယှက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ဂါး..."
ကျွင်းရှောင်ယောက်၏ စကားကိုကြားတော့ အနီရောင်မျက်လုံး ဦးချိုပါနဂါး၏ မျက်လုံးများက ခက်ထန်မှုတို့ ပေါ်လာသည်။
နောက်အခိုက်အတန့်တွင်၊ သူက ကျွင်းရှောင်ယောက်ဆီသို့ တိုက်ရိုက် ခုန်ဝင်သွား၏။
ကျွင်းရှောင်ယောက်က ခွန်ပန်အမြန်နှုန်းဖြင့် ခြေတစ်ချက်လှမ်းကာ နောက်ကို ဆုတ်သွားတော့သည်။ သူက အနီရောင်မျက်လုံး ဦးချိုပါနဂါးကို အဝေးသို့ ဆွဲဆောင်သွားခြင်း ဖြစ်သည်။
စင်စစ်တွင်၊ ရွှေရောင်နှစ်များသစ်သီးကို ရယူရန် ဤနည်းလမ်းကို အသုံးပြုခဲ့သော ပါရမီရှင်အချို့ ရှိဖူးသည်။
သို့ရာတွင်၊ အဘယ်ကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ မအောင်မြင်ခဲ့သနည်း။
အကြောင်းပြချက်က ရိုးရှင်းသည်။
အကြောင်းမှာ၊ အနီရောင်မျက်လုံး ဦးချိုပါနဂါးက မည်သူ့ကိုမျှ အချိန်မပေးခဲ့သောကြောင့်ပင်။
အဓိပတိနယ်ပယ်ခုနစ်ခုတွင် အဆင့်ကျော်ပြီး တိုက်ခိုက်ခြင်းက ကောင်းကင်သို့တက်လှမ်းခြင်းထက် ပိုမိုခက်ခဲသည်။
မျိုးဆက်သစ်လူငယ်များကြားတွင် ဆန်းကြယ်ကောင်းကင်အဓိပတိအဆင့်ကို ရောက်ရှိနိုင်သူက မရှိသလောက်ပင်။
ကျွင်းရှောင်ယောက်က အနီရောင်မျက်လုံး ဦးချိုပါနဂါးကို ဆွဲဆောင်ပြီး ထွက်ခွာသွားခဲ့သည်။
ထိုအချိန်တွင် ယွင်ထျန်းမေနှင့် ကျန်းလော့လီတို့က ပုန်းခိုရာမှ ထွက်လာကြပေသည်။
"ကိုကိုရှောင်ယောက် အဆင်ပြေပါ့မလား"
ကျန်းလော့လီက စိုးရိမ်ပူပန်စွာ ရေရွတ်လိုက်သည်။
"စိတ်မပူပါနဲ့၊ ကျွင်းသခင်လေးရဲ့ ခွန်အားကို မယုံဘူးလား"
“အခုလုပ်ရမှာက ရွှေရောင်နှစ်များသစ်သီးကို တတ်နိုင်သမျှ အမြန်ဆုံး သိမ်းဖို့ပဲ"
ယွင်ထျန်းမေက ပြောလိုက်၏။
နှစ်ဦးသား ချိုင့်ဝှမ်းထဲသို့ ဝင်လာပြီးနောက် မွှေးပျံ့သော ဆေးရနံ့ကို ခံစားလိုက်ရသည်။
အင်မော်တယ်တစ်ပိုင်းဆေးက သာမန် နတ်ဆေးပင်များထက် များစွာ တန်ဖိုးကြီးသည်။
မိန်းမပျိုနှစ်ယောက်က ဆေးပင်ထံသို့ လက်လှမ်းရန် ဟန်ပြင်လိုက်ချိန်...
နိယာမစွမ်းအားက ရုတ်တရက် ပေါ်လာသည်။
"ဘယ်သူလဲ"
ယွင်ထျန်းမေက မျက်မှောင်ကြုတ်လိုက်၏။
နောက်အခိုက်တွင်၊ လူရိပ်နှစ်ခု ပေါ်လာတော့သည်။
အမှန်ပင်၊ ဟွမ်နျဲ့တောက်နှင့် ကျောက်ဧကရာဇ်လေးတို့ ဖြစ်ကြသည်။
"အရင်ကတော့ အင်မော်တယ်တစ်ပိုင်းဆေးကို ဘယ်လိုရယူရမလဲဆိုပြီး စဉ်းစားနေရသေးတယ်။ ဒါပေမဲ့ အခုတော့ လွယ်ကူသွားပြီ"
ဟွမ်နျဲ့တောက်က ပြုံးလိုက်သည်။
"အပိုတွေပြောနေစရာမလိုတော့ပါဘူး၊ ကျွင်းရှောင်ယောက် ပြန်မလာခင် ရွှေရောင်နှစ်များသစ်သီးကို ဆုပ်ကိုင်ထားရမယ်"
ကျောက်ဧကရာဇ်လေးက အေးစက်သော အမူအရာဖြင့် ပြောလိုက်၏။
"ကျွင်းရှောင်ယောက်... သူက ပြန်လာနိုင်ဦးမှာမို့လား။ အဲဒီအနီရောင်မျက်လုံး ဦးချိုပါနဂါးက ဆန်းကြယ်ကောင်းကင်အဓိပတိအဆင့် အထူးသားရဲတစ်ကောင်ပဲလေ"
ဟွမ်နျဲ့တောက်က ပြောသည်။
ကျွင်းရှောင်ယောက်က အစွမ်းအစရှိပြီး လွတ်မြောက်ခဲ့လျှင်ပင် ဆိုးဆိုးရွားရွား ဒဏ်ရာရရှိသွားမည်သာ။
ထိုအချိန်တွင် လက်စားချေရန်ပင် အချိန်ကောင်းဖြစ်နိုင်သည်။
"နင်တို့က တကယ်သတ္တိကောင်းတာပဲ။ ကိုကိုရှောင်ယောက် ပြန်လာတဲ့အခါ နင်တို့ရဲ့ လုပ်ရပ်တွေက ဘယ်လောက်မိုက်မဲလဲဆိုတာ သိရလိမ့်မယ်"
ကျန်းလော့လီက ပြောလိုက်သည်။
နောက်ကွယ်တွင် အခွင့်ကောင်းယူဝံ့သူများက အမှန်တကယ် ရှိ၏။ ဒါကို သူ သည်းမခံနိုင်ပေ။
"ဟမ့်၊ ဒီလိုဆိုရင်တောင် သူပြန်လာမှပဲ ပြောရအောင်"
ဟွမ်နျဲ့တောက်က လှောင်ပြောင်လိုက်သည်။
"တိုက်ခိုက်တော့"
ကျောက်ဧကရာဇ်လေးက စတင်တိုက်ခိုက်လိုက်သည်။ သူ့လက်ကို မြှောက်လိုက်သည်နှင့် မီးခိုးရောင် နတ်အလင်းတစ်ခု ထွက်ပေါ်လာ၏။
ဒါက ထူးခြားပြီး ကြောက်စရာကောင်းသော အလင်းတန်းတစ်ခု ဖြစ်သည်။
ဟွမ်နျဲ့တောက်ကလည်း လှုပ်ရှားခဲ့သည်။ အနက်ရောင် အင်မော်တယ်မီးတောက်က တောက်လောင်လာ၏။
ယွင်ထျန်းမေနှင့် ကျန်းလော့လီတို့လည်း တိုက်ခိုက်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။
သို့သော်လည်း သူတို့နှစ်ဦးက ပျော့ညံ့ခြင်းမရှိပါ။
ယွင်ထျန်းမေက ယွင်ရှောင်းမျိုးရိုး၏ ပါရမီရှင်သမီးတော် ဖြစ်သည်။
ကျန်းလော့လီကလည်း ရှေးဦးဝိညာဉ်အင်မော်တယ်ခန္ဓာရှိပြီး ရှေးဦးဝိညာဉ်ကမ္ဘာကို အမွေဆက်ခံထားပေသည်။
သူက ခြေတံတိုတိုနှင့် အသုံးမဝင်သော မိန်းကလေးတစ်ယောက် မဟုတ်တော့ပါ။
တိုက်ပွဲက စတင်ဖြစ်ပွားခဲ့သည်။
ထိုအချိန်၊ ချိုင့်ဝှမ်း၏တစ်ဖက်မှ လှပသော ရုပ်သွင်တစ်ခုက တိတ်တဆိတ် ပေါ်လာသည်။
ဒါက လျိုချုံးယန်ပင်။
သူက ရွှေရောင်နှစ်များသစ်ပင်ကို အမြစ်မှဆွဲနှုတ်လိုက်သည်။
"လျိုချုံးယန်၊ နင်..."
တည်ငြိမ်ပြီး ဣန္ဒြေရှိစွာ နေထိုင်တတ်သော ယွင်ထျန်းမေသည်ပင် မတည်ငြိမ်နိုင်တော့ပါ။ သူ့မျက်နှာတွင် ဒေါသတို့ ပြည့်သွားသည်။
လျိုချုံးယန်က ဤအင်မော်တယ်တစ်ပိုင်းဆေးပင်၏ တည်နေရာကို သိရှိထားပုံရသော်လည်း ဤအချိန်မျိုးတွင် ပေါ်လာမည်ဟု မမျှော်လင့်ထားပေ။
"ကျေးဇူးတင်ပါတယ် ညီမလေးတို့"
လျိုချုံးယန်က တခစ်ခစ်ရယ်ပြီး ပန်းတစ်ပွင့်လို ချစ်စရာကောင်းသော အပြုံးကို ထုတ်ဖော်လိုက်သည်။
သူက သေးသွယ်သောခါးကို တစ်ချက်လှုပ်လိုက်ပြီး ကောင်းကင်သို့ ပျံတက်သွား၏။
ကျန်းလော့လီက ဒေါသတကြီးဖြင့် တိုက်ခိုက်ချင်သော်လည်း ဟွမ်နျဲ့တောက်မှ ဟန့်တားခံခဲ့ရသည်။
အခြားတစ်ဖက်တွင်...
ကျွင်းရှောင်ယောက်က အကြွင်းမဲ့ခွန်ပန်အမြန်နှုန်းကို အသုံးပြုပြီး အနီရောင်မျက်လုံး ဦးချိုပါနဂါး၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းနေသည်။
'အချိန်တန်ပြီ၊ သူတို့ လှုပ်ရှားသင့်တယ်'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်သည်။
ထိုစဉ်က၊ ကျွင်းရှောင်ယောက်သည် အမှောင်ထဲတွင် ပုန်းအောင်းနေသူများ ရှိနေကြကြောင်း ရှာတွေ့ခဲ့သည်။
ထိုအချိန်က သူ မလှုပ်ရှားခဲ့ရခြင်းမှာ အခြားကြောင့်မဟုတ်ပေ။
သူက လျိုချုံးယန်၏ ဘက်တော်သားများကို ဖယ်ရှားလိုသောကြောင့် ဖြစ်သည်။
ထို့နောက်တွင်မှ၊ ဟွင်းယွမ်ကျင်းသိုကို သွားရှာလိုက်ရုံပင်။
သူတို့အားလုံးက သူ့အိမ်တံခါးဝကို ရောက်လာမှတော့ ကျွင်းရှောင်ယောက်သည် သူတို့ကို သင်ခန်းစာပေးရန် စိတ်ထဲထားမည်မဟုတ်ပေ။
သို့သော်လည်း ဤမတိုင်ခင် အနီရောင်မျက်လုံး ဦးချိုပါနဂါးကို ကိုင်တွယ်ရဦးမည် ဖြစ်သည်။
"ငါက မင်းကို တကယ်ကြောက်နေတယ်လို့ ထင်တာလား"
ကျွင်းရှောင်ယောက်က ရုတ်တရက် ရပ်တန့်လိုက်၏။
အနီရောင်မျက်လုံး ဦးချိုပါနဂါးက အံ့ဩမှုနှင့် သံသယတို့ကို ပြသလာသည်။
ဤလူသားကျင့်ကြံသူတွင် ဘာကိုဖုံးကွယ်ထားသနည်း။
ကျွင်းရှောင်ယောက်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ မြင့်မြတ်ခန္ဓာ၏ စွမ်းအားများက ထွက်ပေါ်လာသည်။
မိုးနှင့်မြေကြားတွင် ထူးခြားဆန်းကြယ်သော ရူပါရုံကြီးခြောက်ခုက ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုလည်း ထွက်ပေါ်လာ၏။
ပိုကြောက်စရာကောင်းတာက ကျွင်းရှောင်ယောက်ဟာ အတွင်းစကြာဝဠာ၏ စွမ်းအားကို အသက်သွင်းလိုက်ခြင်း ဖြစ်သည်။
သူက ကမ္ဘာငယ်နှစ်ထောင်နှင့် ညီမျှသော အင်အားတို့ကို စုစည်းလိုက်ခြင်းပင်။
ကျွင်းရှောင်ယောက်က မြင့်မြတ်ခန္ဓာ၏ ရူပါရုံခြောက်ခုကို အသက်သွင်းပြီး ကမ္ဘာငယ်နှစ်ထောင်၏ စွမ်းအားကိုလည်း ထပ်မံပေါင်းစည်းခဲ့သည်။
ထို့နောက် လက်သီးတစ်ချက်ကို ထုတ်ဖော်လိုက်၏။
ဤလက်သီးချက်အောက်တွင် စန်းရှန်းအင်မော်တယ်ဂူ၏ ကမ္ဘာငယ်လေးတစ်ခုလုံးက ပြင်းထန်စွာ တုန်လှုပ်သွားပုံရသည်။
ကျယ်လောင်သော အသံနှင့်အတူ ကြီးမားသော ဟင်းလင်းပြင်အက်ကြောင်းတစ်ခုက ပျံ့နှံ့သွားတော့သည်။
အနီရောင်မျက်လုံး ဦးချိုပါနဂါး၏ မျက်လုံးများတွင် မကြုံစဖူး အကြောက်တရားတစ်ခု ပေါ်လာသည်။
ဤအရှိန်အဝါမျိုးက ကောင်းကင်အဓိပတိငယ်တစ်ပါးမှ ပိုင်ဆိုင်နိုင်သောအရာ မဟုတ်ပေ။
"ဖောင်း"
လက်သီးတစ်ချက်ဖြင့် ဆန်းကြယ်ကောင်းကင်အဓိပတိအဆင့် အနီရောင်မျက်လုံး ဦးချိုပါနဂါး၏ ခန္ဓာကိုယ်က ပေါက်ကွဲထွက်ပြီး သွေးနှင့်အသားများက ကောင်းကင်တခွင် ပြန့်ကျဲသွားခဲ့သည်။
ထို့နောက်တွင် ကျွင်းရှောင်ယောက်က အရာအားလုံးကို ဝါးမျိုပြီး သန့်စင်ပေးသည့် ဧရာမပါးစပ်နှင့်တူသော တစ်ခုတည်းသောတွင်းနက်ကို တစ်ဖန် ဆင့်ခေါ်ကာ အနီရောင်မျက်လုံး ဦးချိုပါနဂါး၏ အသွေးအသားတို့ကို သန့်စင်လိုက်၏။
၎င်းက အင်မော်တယ်တစ်ပိုင်းဆေးပင်၏ အနီးတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးဖြစ်သောကြောင့် အနီရောင်မျက်လုံး ဦးချိုပါနဂါး၏ သွေးသားနှင့် အနှစ်သာရတို့မှာ အလွန်အားကောင်းသည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်အတွက်တော့ များစွာ အထောက်အကူ မပေးနိုင်တော့ပေ။
သို့ပေသော်ငြား၊ ခြင်တစ်ကောင်ကလည်း အသားတစ်ဖက်ဖြစ်သောကြောင့် သဘာဝအတိုင်း မဖြုန်းတီးနိုင်ပါ။
အနီရောင်မျက်လုံး ဦးချိုပါနဂါးကို သတ်လိုက်ပြီးနောက် ကျွင်းရှောင်ယောက်က လေထဲသို့ ခြေလှမ်းပြီး ပြန်လာခဲ့လိုက်သည်။
အခြားတစ်ဖက်တွင်...
လျိုချုံးယန်က ရွှေရောင်နှစ်များသစ်ပင်ကို သိမ်းယူပြီး တက်ကြွစွာ ထွက်လာခဲ့သည်။
ထို့နောက်တွင်၊ သူက ရှုံးဝမ်နှင့် တွေ့ဆုံပြီး ဟွင်းယွမ်ကျင်းသိုကို ရှာဖွေလိမ့်မည်။
"ကျန်းလော့လီ... ကျန်းလော့လီ၊ နင်လို ကောင်မလေးက ငါနဲ့ ယှဉ်ပြိုင်ချင်သေးတာလား"
"ကျွင်းရှောင်ယောက်ကတော့ သူ မသေရင်တောင် အနီရောင်မျက်လုံး ဦးချိုပါနဂါးကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားတော့မှာ"
"စိတ်မကောင်းစရာပဲ၊ သူက လတ်ဆတ်ပြီး အရသာရှိတဲ့ အသားတုံးလေးဖြစ်ပေမဲ့ မာနကြီးလွန်းပြီး လူတိုင်းကို နှိမ့်ချတယ်"
လျိုချုံးယန် ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
အမှန်အတိုင်း ဝန်ခံရလျှင်၊ ကျွင်းရှောင်ယောက်၏ အသွင်အပြင်နှင့် ကိုယ်ဟန်အမူအရာတို့က သူမ၏အကြိုက်နှင့် တကယ်ကို လျော်ညီသည်။
သူက မာနကြီးလွန်းတာ စိတ်မကောင်းစရာပင်။
ထိုစဉ်၊ သူ့အနောက်ဘက်မှ အသံတစ်ခုက တိုးတိတ်စွာ ထွက်ပေါ်လာသည်။
"အလို၊ မိန်းကလေးလျိုရဲ့ မျက်လုံးထဲမှာ ကျုပ်က ဒီလိုလူပဲလား"
ထိုစကားသံကိုကြားတော့ လျိုချုံးယန်၏ မျက်လုံးများက ပြူးကျယ်သွားသည်။ သူ့မျက်နှာမှာလည်း အံ့ဩမှုတို့က ပေါ်လာတော့သည်။