အခန်း ၁၃၈၅
Vol. 93 Ch. 1385
အခန်း ( ၁၃၈၅ ) ရွှေရောင်နှစ်များသစ်သီးကို ခွဲဝေခြင်း။
"နောက်တစ်ခုကတော့ ဟွင်းယွင်ကျင်းသိုကို ရှာဖွေဖို့ပဲ"
"ဒါပေမဲ့ ဒီမတိုင်ခင်မှာ အကျိုးအမြတ်တွေကို အရင်ခွဲဝေရမယ်"
ကျွင်းရှောင်ယောက်၏စကားသံကို ကြားလိုက်ရသောအခါ ယွင်ထျန်းမေနှင့် ကျန်းလော့လီတို့၏ မျက်လုံးများက တောက်ပလာသည်။
အင်မော်တယ်တစ်ပိုင်းဆေးမှာ တောင်းဆိုလျှင်ပင် မရနိုင်အောင် အဖိုးတန်သော ရတနာတစ်ခု ဖြစ်သည်။
ကောင်းကင်ကိုးပါးကဲ့သို့ စွမ်းအင်ကြွယ်ဝသော နေရာ၌ပင်၊ အင်မော်တယ်တစ်ပိုင်းဆေးက အလွန်ရှားပါးသေးသည်။
"ဒီရွှေရောင်နှစ်များသစ်သီးက အပြည့်အဝ မရင့်သေးတာ စိတ်မကောင်းစရာပဲ"
ယွင်ထျန်းမေက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။
အသီးက အပြည့်အဝ ရင့်မှည့်လျှင် ဆေးအာနိသင် ပိုကောင်းလာလိမ့်မည်။
"ဟုတ်လား၊ ဒီမှာကြည့်ပါဦး"
ကျွင်းရှောင်ယောက်က ခပ်ဖျော့ဖျော့ပြုံးကာ ရွှေရောင်နှစ်များသစ်ပင်ကို ထုတ်ယူလိုက်သည်။
ကြွယ်ဝသော မွှေးရနံ့နှင့်အတူ အလွန်လှပသော အလင်းရောင်များက တောက်ပသွား၏။
ယွင်ထျန်းမေလည်း တစ်ချက်ကြည့်လိုက်ပြီးနောက် အံ့အားသင့်သွားတော့သည်။
ရွှေရောင်သစ်ပင်လေးပေါ်တွင် ရွှေရောင်နှစ်များသစ်သီး ငါးလုံးက ရင့်မှည့်နေပြီ ဖြစ်သည်။
"ဒါက ဘယ်လိုဖြစ်တာလဲ..."
ယွင်ထျန်းမေက အလွန်အံ့သြသွားသည်။
ရွှေရောင်နှစ်များသစ်သီးက ရင့်မှည့်ရန် အနည်းငယ် လိုနေသေးကြောင်း သူ ကောင်းစွာမှတ်မိသေးသည်။
ယခုတော့ မည်ကဲ့သို့ ရင့်ကျက်လာသနည်း။
ကျွင်းရှောင်ယောက်က ဘာမျှမပြောဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။
အကြောင်းပြချက်က အလွန်ရိုးရှင်းသည်။
ကျွင်းရှောင်ယောက်က ရွှေရောင်နှစ်များပင်ကို အင်မော်တယ်ပစ္စည်းဖြင့် အားဖြည့်ပေးခဲ့ခြင်းပင်။
ထို့ကြောင့် အချိန်တိုအတွင်းမှာ ရင့်မှည့်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤအရာကို ဧကရာဇ်ကြီးများပင် မက်မောကြသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
သို့သော်လည်း ကျွင်းရှောင်ယောက်က ဉာဏ်ကောင်းသူဖြစ်သည်။ သူက ရွှေရောင်နှစ်များသစ်သီး ရင့်မှည့်ရန်အတွက်သာ အင်မော်တယ်ပစ္စည်းကို အသုံးပြုခဲ့ပြီး အပင်တစ်ခုလုံးကို မကျွေးခဲ့ပါ။
မဟုတ်လျှင်၊ ရွှေရောင်နှစ်များသစ်ပင်ကလည်း ဗောဓိကျစ်ကဲ့သို့ လူအသွင်ပြောင်းသွားလိမ့်မည်။
"ဘယ်လောက်လိုချင်လဲ"
ကျွင်းရှောင်ယောက်က မေးလိုက်သည်။
ထိုအမေးစကားကြောင့် ယွင်ထျန်းမေမှာ သူ့ကို အလေးထားသလို ခံစားလိုက်ရသော်လည်း သူက ပါးနပ်သူတစ်ဦးပင်။
"တစ်လုံးက လုံလောက်ပါတယ်"
"ဒါက ရင့်မှည့်ပြီဖြစ်တဲ့ အင်မော်တယ်တစ်ပိုင်းဆေးပဲလေ။ အများကြီးရှိနေရင် ကျွန်မ ချေဖျက်နိုင်တော့မှာမဟုတ်ဘူး"
ယွင်ထျန်းမေက ပြောလိုက်သည်။ သူက မရောင့်ရဲတတ်သော အမျိုးသမီးတစ်ဦး မဟုတ်ပေ။
ကျွင်းရှောင်ယောက်က ခေါင်းညိတ်ပြပြီး ယွင်ထျန်းမေကို ရွှေရောင်နှစ်များသစ်သီးတစ်လုံး ပေးလိုက်သည်။
ယွင်ထျန်းမေက တည်ငြိမ်ပြီး ထိန်းချုပ်နိုင်စွမ်းရှိသော်လည်း ယခုအချိန်တွင် သူမ၏မျက်နှာပေါ်ရှိ ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်တော့ပေ။
"ညီမလည်း တစ်ခုပဲလိုပါတယ်"
ကျန်းလော့လီက ပြောလိုက်သည်။
ကျွင်းရှောင်ယောက်က ဘာမျှမပြောဘဲ ရွှေရောင်နှစ်များသစ်သီး နှစ်လုံးကို ပေးလိုက်၏။
ကျန်းလော့လီ၏ နှလုံးသားက ပီတိတို့ ပြည့်နှက်သွားပြီး တောက်စွာ ပြုံးလိုက်လေသည်။
ကျွင်းရှောင်ယောက်က သူ့ကိုအချစ်ဆုံး ဖြစ်သည်။
"ကျွင်းသခင်လေး၊ ကျွန်မကိုရော တစ်လုံးလောက် ပေးလို့ရမလား။ ကျွန်မက အခု ရှင့်ရဲ့အကျဉ်းသားဖြစ်နေတော့ ရှင့်ကိုပဲ အသနားခံရမှာပါ"
၊လျိုချုံးယန်က သနားစဖွယ် အမူအရာလေးဖြင့် ပြောလာသည်။
ယွင်ထျန်းမေနှင့် ကျန်းလော့လီတို့ နှစ်ဦးစလုံးက ရွှေရောင်နှစ်များသစ်သီးများကို အသီးသီး ရရှိခဲ့ကြပြီ။
သူ မကြိုးစားလျှင် နောက်မှာကျန်ခဲ့မည်မှာ သေချာသည်။
လျိုချုံးယန်က စကားပြောချိန်တွင် သူမ၏ အလှပအပတို့ကိုလည်း တစ်စွန်းတစ်စ လှစ်ဟပြရင်း ဆွဲဆောင်ရန် မမေ့လျော့ခဲ့ပေ။
ကျန်းလော့လီက နှုတ်ခမ်းကိုဆူပြီး ကျွင်းရှောင်ယောက်၏ရှေ့တွင် ချက်ချင်း ဝင်ရပ်လိုက်သည်။
ကျန်းလော့လီက ကောင်းစွာ ဖွံ့ဖြိုးလာပြီး အရွယ်ရောက်သူတစ်ဦး ဖြစ်နေပြီ။
သို့သော်လည်း လျိုချုံးယန်၏ အမို့အမောက် အဝန်းအဝိုက် အရှိုက်တို့နှင့် နှိုင်းယှဉ်ပါက ကွာဟချက်တချို့ရှိနေဆဲ ဖြစ်သည်။
သို့ရာတွင်၊ ကျန်းလော့လီက သိမ်ငယ်စိတ်မရှိပါ။
ကျွင်းရှောင်ယောက်က သူကဲ့သို့ လော်လီလေးများကိုလည်း နှစ်သက်သည်။
"လျိုချုံးယန်၊ ရှင်က ကျွန်မရဲ့ ကိုကိုရှောင်ယောက်ကို သွေးဆောင်ချင်ရင် မေ့လိုက်ပါ။ ကိုကိုရှောင်ယောက်နဲ့ ရှင်လို မိန်းမတွေက လိုက်ဖက်မှုရှိမယ်လို့ တကယ်ထင်နေတာလား"
"ဟင်းဟင်းဟင်း၊ ယောက်ျားတိုင်းရဲ့ သဘာဝက အတူတူပါပဲ။ အချစ်စစ်နဲ့ မြတ်နိုးမှုဆိုတာ အလကား... နောက်ဆုံးမှာတော့ တို့မိန်းမတွေရဲ့ ခန္ဓာကိုယ်ကိုပဲ လောဘကြီးနေခဲ့ကြတာ"
လျိုချုံးယန်က ပြောလိုက်သည်။
"အဲဒီလိုဆိုရင်တောင် ဘာဖြစ်သလဲ၊ ကျွန်မရဲ့ ခန္ဓာကိုယ်ကို ကိုကိုရှောင်ယောက်အတွက် ပေးအပ်ဖို့ ဆန္ဒရှိတယ်။ ရှင့်မှာ ဒီလိုအခွင့်အရေးမျိုး မရှိဘူး"
ကျန်းလော့လီက ပြောလိုက်၏။
"ညီမလေး လော့လီ၊ မင်းက တော်တော်မသိနားမလည်သေးတာပဲ။ ကျွင်းသခင်လေးက မင်းကို အမြဲသဘောကျနေမယ်လို့ တကယ်ထ..."
လျိုချုံးယန်က အလျှော့မပေးသေးဘဲ ပြောလိုသော်လည်း သူ့စကားမဆုံးလိုက်ပေ။
ကျွင်းရှောင်ယောက်က လက်ညှိုးတစ်ချက်ညွှန်လိုက်သောအခါ သူမခန္ဓာကိုယ်အတွင်းရှိ တံဆိပ်ခတ်ခြင်းစွမ်းအားက သူ့ပါးစပ်ကို ပိတ်သွားစေခဲ့သည်။
"စကားများတယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"ကျွင်းသခင်လေး၊ သစ်သီးကို ခူးပြီးပြီဆိုတော့ ဒီရွှေရောင်နှစ်များသစ်ပင်က..."
ယွင်ထျန်းမေက တစ်ခုခုပြောလိုသော်လည်း တုံ့ဆိုင်းသွားသည်။
ယုတ္တိဗေဒအရပြောရလျှင်၊ ဤအင်မော်တယ်တစ်ပိုင်းဆေးပင်က ရှန်းလင်နှင့် သက်ဆိုင်သည်။
သို့သော်လည်း ယခုအခါ ကျွင်းရှောင်ယောက်က ရရှိသွားခဲ့ပြီ။
သူက အင်မော်တယ်တစ်ပိုင်းဆေးပင်ကို သဘာဝအတိုင်း စိတ်မဝင်စားတော့ပါ။
သို့ရာတွင်၊ ရှန်းလင်ရှိ အခြားသူများတွင် အခြားအတွေးများ မရှိဘူးဟု အာမမခံနိုင်ပေ။
"ဒီရွှေရောင်နှစ်များသစ်ပင်က ကိုကိုရှောင်ယောက်ပဲ ပိုင်ဆိုင်တယ်"
ကျန်းလော့လီက ပြောသည်။
ကျွင်းရှောင်ယောက်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်၏။
"အင်မော်တယ်တစ်ပိုင်းဆေးရဲ့ ကြီးပြင်းမှုအတွက် ပတ်ဝန်းကျင်က ရှားပါးပေမဲ့ ကျုပ်က အဲဒါကို ဆက်လက်ရှင်သန်စေနိုင်ပါလိမ့်မယ်"
အခြားသူများတွင် ရွှေရောင်နှစ်များသစ်ပင် ရှိထားလျှင်ပင် ထောက်ပံ့ရန် ခက်ခဲလိမ့်မည်။
သို့သော်လည်း ကျွင်းရှောင်ယောက်မှာတော့ နည်းလမ်းအများကြီး ရှိသည်။
ကမ္ဘာသစ်ပင်၊ အသက်စမ်းရေနှင့် အင်မော်တယ်ရင်းမြစ်ပင် သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသေးသည်။
ပိုအရေးကြီးတာက သူ့တွင် အင်မော်တယ်ရတနာ(ပစ္စည်း) ရှိသည်။
အင်မော်တယ်ရတနာများက အင်မော်တယ်တစ်ပိုင်း ဆေးပင်များနှင့် လက်နက်များကို ထောက်ပံ့ရန်အတွက် အကောင်းဆုံးပင်။
ထို့ကြောင့်၊ ကျွင်းရှောင်ယောက်က အတွင်းစကြာဝဠာအတွင်း၌ ရွှေရောင်နှစ်များသစ်ပင်ကို စိုက်ထားနိုင်မည်ဖြစ်သည်။
ယွင်ထျန်းမေက ခေါင်းညိတ်လိုက်ပြီး ကန့်ကွက်ခြင်းမရှိတော့ပေ။
"ကိုင်း၊ ဟွင်းယွမ်ကျင်းသိုကို သွားရှာကြရအောင်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
သူက စန်းရှန်းအင်မော်တယ်ဂူကိစ္စ ပြီးမြောက်ပြီးနောက် အဆင့်တက်ရန် စိတ်ကူးထားပေသည်။
ယခုအချိန်တွင် လျိုချုံးယန်က အကျဉ်းသားတစ်ဦးဖြစ်သည်။
ယွင်ထျန်းမေကလည်း ယှဉ်ပြိုင်ရန် ရည်ရွယ်ချက်မရှိပေ။
ဟွင်းယွမ်ကျင်းသိုက ကျန်းလော့လီ၏ အိတ်ကပ်ထဲတွင် ရှိနေသည်ဟု ဆိုနိုင်သည်။
ထို့နောက် ကျွင်းရှောင်ယောက်နှင့် အခြားသူများက အင်မော်တယ်ဂူ၏ အနက်ရှိုင်းဆုံးနေရာသို့ ဦးတည်သွားကြလေသည်။
လမ်းတစ်လျှောက်တွင် အတားအဆီးအချို့ရှိခဲ့သော်လည်း ၎င်းတို့အားလုံးကို ကျွင်းရှောင်ယောက်မှ ရှင်းလင်းခဲ့သည်။
ကျွင်းရှောင်ယောက်၏ အစွမ်းသတ္တိကို ကိုယ်မျက်စိဖြင့် မြင်ခဲ့ရပြီးနောက်...
ယွင်ထျန်းမေနှင့် လျိုချုံးယန်တို့ နှစ်ယောက်စလုံး အံ့သြသွားကြသည်။
ရက်စက်ကြမ်းကြုတ်သော ရှုံးဝမ်ပင်လျှင် နှုတ်ဆိတ်နေပြီ။
နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်နှင့် အခြားသူများက အင်မော်တယ်ဂူ၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိလာခဲ့ကြသည်။
"အဲဒါက..."
ကျွင်းရှောင်ယောက်နှင့် အခြားသူများက အရှေ့ကို မျှော်ကြည့်လိုက်သည်။
အင်မော်တယ်ဂူ၏ အနက်ရှိုင်းဆုံးအရပ်တွင်၊ ကြီးမားသော တောင်ကြီးသုံးလုံး ရှိနေသည်။
၎င်းက သာမန်တောင်များ မဟုတ်ပေ။ ၎င်းတို့ကို နက်နဲသော သံလိုက်ဓာတ် မိခင်သံနက်ဖြင့် ပြုလုပ်ထားပြီး ကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အား ဂုဏ်သတ္တိရှိသည်။
ဤရွှမ်စစ်မူတောင်သုံးလုံးအနီးသို့ ဝင်ရောက်မိပါက ငါးပိငါးချဉ်ဖြစ်သည်အထိ ဖိသိပ်ခံလိုက်ရလိမ့်မည်။
ကောင်းကင်အဓိပတိများပင်လျှင် ဤတောင်များအနီးသို့ ချဉ်းကပ်လိုပါက ကြီးမားသောဖိအားကြောင့် ခွန်အားများ စွာလျော့ကျသွားခဲ့မည် ဖြစ်သည်။
"ဒါက နောက်ဆုံးစမ်းသပ်မှုပဲလား"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ဤရွှမ်စစ်မူတောင် သုံးလုံးက သာမန်လူများအတွက် ကြီးစွာသော ဖိနှိပ်မှုတစ်ခု ဖြစ်နိုင်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်ကဲ့သို့ မကောင်းဆိုးရွား ခန္ဓာပိုင်ရှင်အတွက်တော့ ပြဿနာသိပ်မများနိုင်ပေ။
ထိုစဉ်...
ရွှမ်စစ်မူတောင်တစ်လုံးမှ အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ကျွင်းရှောင်ယောက်၊ အခုမှ ရောက်လာတာဟာ အရမ်းနောက်ကျနေပြီလို့ မထင်ဘူးလား"
ထို့နောက် တောင်တစ်လုံးအပေါ်တွင် ကြီးမားသော ခရမ်းရောင်နေတစ်စင်းက ထွက်ပေါ်လာ၏။ ခရမ်းရောင်မြူနှင့် အငွေ့အသက်တို့က လေထဲတွင် ပြည့်နေတော့သည်။
ဝမ့်ယန် ဖြစ်သည်။
ယွင်ထျန်းမေ၊ လျိုချုံးယန်နှင့် ကျန်းလော့လီတို့က ဝမ့်ယန်၏လက်ကို လှမ်းကြည့်လိုက်ကြသည်။
သူ့လက်ထဲတွင် အလွန်ရိုးရှင်းသော်လည်း အကန့်အသတ်မဲ့သော အရှိန်အဝါတို့ကို ထုတ်လွှတ်နေသည့် စတုရန်းပုံ အိုးတစ်လုံး ရှိ၏။
၎င်းက အားကောင်းသော ဟင်းလင်းပြင် အတက်အကျများကို ဖြစ်ပေါ်စေပြီး အင်မော်တယ်တို့၏ အငွေ့အသက်များပင် ထွက်ပေါ်နေပုံရသည်။
"ဒါက ဟွင်းယွမ်ကျင်းသိုလား"
ယွင်ထျန်းမေနှင့် လျိုချုံးယန်တို့လည်း ကြေးဝါ စတုရန်းပုံအိုးကိုကြည့်ရင်း တအံ့တဩ ရေရွတ်လိုက်ကြတော့သည်။