အခန်း ၁၃၈၆
Vol. 93 Ch. 1386
အခန်း ( ၁၃၈၆ ) အမှန်နှင့် အမှား။
ဟွင်းယွမ်ကျင်းသို(ဟွင်းယွမ်ရွှေခွက်)ကို ရွှေခွက်ဟု ခေါ်ဆိုသော်လည်း တကယ်တမ်းတွင် ၎င်းက စတုဂံပုံအိုးတစ်လုံးနှင့် ဆင်တူသော ရှေးဟောင်းပစ္စည်းတစ်ခု ဖြစ်သည်။
အထဲတွင် ကျယ်ပြောလှသော နေရာလွတ်တစ်ခုရှိပြီး ကမ္ဘာ့မူလတစ်ခုလုံးကို ထည့်သိမ်းနိုင်သောကြောင့် ဟွင်းယွမ်ရွှေခွက်ဟု ခေါ်ခြင်းပင်။
ယွင်ထျန်းမေသည် ဝမ့်ယန်က ဤနေရာသို့ ဦးစွာရောက်ရှိလာပြီး ဟွင်းယွမ်ရွှေခွက်ကို သိမ်းပိုက်နိုင်မည်ဟု မမျှော်လင့်ခဲ့ပေ။
ဒါက လူတိုင်း၏ မျှော်မှန်းချက်ထက် ကျော်လွန်သွားသည်။
"ဪ"
ကျွင်းရှောင်ယောက်၏ အမူအရာက တည်ငြိမ်နေဆဲပင်။
ဝမ့်ယန်က ရှုံးဝမ်မှ အသွင်ပြောင်းထားသော ချုံးချီသားရဲကြီးကို လှမ်းကြည့်လိုက်သည်။
ထို့နောက် လှောင်ပြောင်ပြောဆိုလိုက်၏။
"သားရဲဂူရဲ့ ဘုရင်ငယ်လေးပါးထဲက တစ်ပါးဖြစ်သလို ကောင်းကင်နဂါးနဲ့ဖီးနစ်စာရင်းမှာ ပါဝင်တဲ့သူဖြစ်ပြီး အင်မော်တယ်နယ်မြေကြီးက လူတစ်ယောက်ရဲ့ ဖိနှိပ်ခြင်းခံခဲ့ရတယ်။ ငါ မင်းနဲ့အတူ စာရင်းတစ်ခုတည်းမှာ ရှိနေတာကိုတောင် ရှက်မိတယ်"
ဝမ့်ယန်၏စကားကြောင့် ရှုံးဝမ်မှာ ဒေါသတကြီးဖြစ်သွားသည်။
"ဝမ့်ယန်၊ ဟိတ်ကြီးဟန်ကြီး မလုပ်နေပါနဲ့။ မင်း တတ်နိုင်ရင် သူ့ကို အနိုင်ယူကြည့်"
ဝမ့်ယန်က ရှုံးဝမ်ကို လျစ်လျူရှုလိုက်ပြီး ကျန်းလော့လီကိုကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။
"လော့လီ၊ မင်းအတွက် ဟွင်းယွမ်ရွှေခွက်ကို ကိုယ်ရရှိထားတယ်"
"ကိုယ့်ကို လက်ထပ်လိုက်တာနဲ့ ဒါကို မင်းပိုင်ဆိုင်နိုင်လိမ့်မယ်"
ဝမ့်ယန်၏ စကားကြောင့် ကျန်းလော့လီ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
အမှန်အတိုင်းပြောရလျှင်၊ ကျန်းလော့လီက ဟွင်းယွမ်ရွှေခွက်ကို အမှန်တကယ် လိုအပ်သည်။
၎င်းက ပိရှောင်းမျိုးရိုးအတွက်သာမက၊ သူမ၏ ကျင့်ကြံမှုအတွက်လည်း များစွာ အကျိုးရှိပေသည်။
သို့သော်လည်း ဝမ့်ယန်က ဟွင်းယွမ်ရွှေခွက်ကို အသုံးပြုပြီး သူမကို လက်ထပ်ရန် ဖိအားပေးလိုလျှင် အတွေးလွန်နေခြင်း ဖြစ်မည်။
ကျွင်းရှောင်ယောက်က အနားမှာရှိနေခြင်းကို ထည့်မတွက်လျှင်ပင်...
ကျန်းလော့လီက ဘယ်တော့မှ လက်သင့်ခံမည်မဟုတ်ပါ။
အပေါ်ယံတုံ့ပြန်မှု သို့မဟုတ် လှည့်စားမှုမျှပင် မပြုလုပ်နိုင်ပေ။
ကျန်းလော့လီက သူမ၏ ဂုဏ်သိက္ခာနှင့်ပတ်သက်သည့်အရာတစ်ခုကို ပေါ့ပေါ့တန်တန် သဘောတူရန် မဖြစ်နိုင်ပါ။
"ဝမ့်ယန်၊ ရှင် နေ့ခင်းကြီး အိပ်မက်မက်နေတာပဲ။ ဒီလိုဆိုရင် ဟွင်းယွမ်ရွှေခွက်ကို ကျွန်မ မလိုချင်တော့ဘူး"
ကျန်းလော့လီက ပြတ်သားစွာ ပြောလိုက်သည်။
"မင်း... ကျန်းလော့လီ၊ မင်း ဘာဖြစ်လို့ ဒီလိုလုပ်နေရတာလဲ။ သစ်ပင်တစ်ပင်အတွက် သစ်တောကြီးကို စွန့်ပစ်စရာ မလိုပါဘူး"
ဝမ့်ယန်၏ စိတ်ဓာတ်တည်ငြိမ်မှုဖြင့်ပင် ဤအခိုက်တွင် အနည်းငယ် စိတ်ထဲအဆင်မပြေ ဖြစ်လာမိသည်။
သူ၏ မူလရည်ရွယ်ချက်အမှန်မှာ ကျန်းလော့လီကို အသုံးချနိုင်ရန်ဖြစ်သော်လည်း...
ကျန်းလော့လီက ယောက်ျားတစ်ယောက်ကို ရင်ခုန်သံမြန်စေနိုင်သော မိန်းမပျိုတစ်ယောက်ဖြစ်ကြောင်း သူ ဝန်ခံရမည်။
"ဒါပေမဲ့ ကိုကိုရှောင်ယောက်က ကျွန်မရဲ့ သစ်ပင်၊ ကျွန်မရဲ့ သစ်တောကြီးပဲ"
ကျန်းလော့လီက ပြောလိုက်သည်။
ဤစကားများက ရိုးရှင်းသော်လည်း သူ၏ သဘောထားကို ရှင်းလင်းစွာ ဖော်ပြနိုင်ပေသည်။
"ငတုံးမလေး၊ ကိုယ့်ကြောင့် မင်း ဒုက္ခမရောက်စေရပါဘူး"
ကျွင်းရှောင်ယောက်က ကျန်းလော့လီ၏ခေါင်းကို ပွတ်သပ်လိုက်သည်။
ဤကောင်မလေးက သွက်လက်သော်လည်း တခါတလေတွင် အခြေအနေနှင့် လိုက်လျောညီထွေ နေထိုင်ရမည်မှန်း မသိပါ။
သို့သော်လည်း ဒါကပင် သူ့ကို ပို၍ချစ်ဖို့ကောင်းစေသည်။
ထို့နောက်၊ ကျွင်းရှောင်ယောက်က ဝမ့်ယန်ကို လှမ်းကြည့်လိုက်၏။
"ဝမ့်ယန်၊ အရင်က မင်းကို ထက်မြက်တဲ့ပုဂ္ဂိုလ်လို့ ထင်ခဲ့တာ... ဒါပေမဲ့ ဒီလောက်မိုက်မဲပြီး ရယ်စရာကောင်းမယ်လို့ ငါမမျှော်လင့်ထားဘူး"
"မင်းဘာပြောချင်တာလဲ"
ဝမ့်ယန် မျက်မှောင်ကြုတ်လိုက်သည်။
"မင်းလက်ထဲက ဟွင်းယွမ်ရွှေခွက်ကို သေချာကြည့်စမ်း။ အဲဒါက အစစ်လား... အတုလား"
ကျွင်းရှောင်ယောက်၏ လေသံက သရော်မှုတို့ ပြည့်နေသည်။
သူ၏ ထာဝရသဲအဆင့် ရှေးဦးဝိညာဉ်မှ ခံစားနိုင်စွမ်းက အလွန်ထက်မြက်ပေသည်။
သာမာန် ပါရမီရှင်များ မသိနိုင်သော အသေးစိတ်အချက်အချို့ကို သဘာဝအတိုင်း သူရှာဖွေတွေ့ရှိနိုင်သည်။
ဝမ့်ယန်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီးနောက် ဂရုတစိုက် ကြည့်လိုက်သည်။
ထိုအခါ၊ သူ့မျက်လုံးထဲတွင် သိမ်မွေ့သော ပြောင်းလဲမှုတစ်ခု ပေါ်လာတော့သည်။
"ဟင်၊ အဲဒါက အစစ်လား... အတုလား"
ယွင်ထျန်းမေလည်း ဂရုတစိုက် ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ခု မှားယွင်းနေသည်ကိုလည်း သတိပြုမိသွားသည်။
အစပိုင်းတွင်၊ ဝမ့်ယန်က စတုဂံပုံအိုးကို တိုက်ရိုက်ထုတ်ယူလိုက်သောကြောင့် သူတို့သည် သေချာမစဉ်းစားနိုင်ဘဲ ဟွင်းယွမ်ရွှေခွက်အစစ်ဟု အလိုလို ထင်မြင်သွားခဲ့ကြပေသည်။
ယခုတော့ ဝမ့်ယန်သည်လည်း ဇဝေဇဝါဖြစ်ခဲ့ပုံရသည်။
"မင်း အခု သဘောပေါက်သွားပြီလား။ ငါက မင်းကို မိုက်မဲသူလို့ပြောတာ စိတ်ထဲမထားဘူး မဟုတ်လား"
ကျွင်းရှောင်ယောက်က ဆက်လက်လှောင်ပြောင်လိုက်သည်။
"ဟမ့်"
ဝမ့်ယန်က စတုဂံပုံအိုးကို လွှင့်ပစ်လိုက်၏။
သူ့မျက်နှာကို ခရမ်းရောင် အခိုးအငွေ့များဖြင့် ကွယ်ထားသော်လည်း မျက်နှာပျက်နေပြီဖြစ်ကြောင်း သိနိုင်သည်။
"ရှင်က တကယ်ကို မိုက်မဲတဲ့သူပဲ။ ကျွန်မကို အတုတွေနဲ့ လှည့်စားချင်နေတယ်"
ဤအခါမှ ကျန်းလော့လီလည်း ပြုံးနိုင်ရွှင်နိုင်လေသည်။
"ဒါဆိုရင် ဟွင်းယွမ်ရွှေခွက်အစစ်က ဘယ်မှာလဲ"
ယွင်ထျန်းမေက မေးလိုက်သည်။
ကျွင်းရှောင်ယောက်က တစ်ချက်ပြုံးလိုက်သည်။
"မိုးကုပ်စက်ဝိုင်းက ဟိုးအဝေးကြီးမှာဖြစ်ပေမဲ့ ငါတို့ မျက်စိရှေ့မှာပဲ ရှိနေသလိုပေါ့"
"ဘယ်လို"
ယွင်ထျန်းမေနှင့် အခြားသူများ စိတ်ရှုပ်သွားကြသည်။
ကျန်းလော့လီမှာတော့ မျက်လုံးအရောင်တောက်လာပြီး ရုတ်တရက် လက်ညှိုးညွန်ကာ ပြောလိုက်သည်။
"ညီမ နားလည်ပြီ၊ အဲဒါက ရွှမ်စစ်မူ တောင်သုံးလုံးရဲ့ အောက်မှာမဟုတ်လား"
"ကိုယ့်ရဲ့လော့လီက ထက်မြက်နေတုန်းပဲ"
ကျွင်းရှောင်ယောက်က ပြုံးလိုက်၏။
ကျန်းလော့လီက တခစ်ခစ် ရယ်မောလိုက်လေသည်။
တကယ်တော့ သူကိုယ်တိုင်လည်း မရေရာသော ခံစားချက်တစ်ခု ရှိသည်။ ယခု ကျွင်းရှောင်ယောက်က ထောက်ပြလာသောအခါ ချက်ချင်း သဘောပေါက်ခဲ့ပေသည်။
"တစ်နည်းပြောရရင် ဟွင်းယွမ်ရွှေခွက်က တောင်သုံးလုံးထဲက တစ်လုံးရဲ့အောက်မှာ ရှိနေတယ်"
"ဘယ်တောင်အောက်မှာ ရှိနေမလဲ သိချင်ရင်တော့ အဲဒီတောင်ကို မကြည့်ရမှာပေါ့"
"ဒါပေမဲ့ ဒါက သာမန်လူတွေ လုပ်နိုင်တဲ့အရာလား"
ယွင်ထျန်းမေက အလွန်တုန်လှုပ်သွားသည်။
ရွှမ်စစ်မူတောင်သုံးလုံးက ကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အားရှိသည့်အပြင် စွမ်းအင်အမျိုးမျိုးကို စုယူနိုင်သည်။
ကြီးမားသော ဖိနှိပ်ခြင်းအင်အားတို့လည်း ပါဝင်နေသေးသည်။
တစ်နည်းဆိုရလျှင် ရွှမ်စစ်မူတောင်ကို ထမ်းပိုးလိုပါက ဆန်းကြယ်ကောင်းကင် အဓိပတိများပင်လျှင် ခက်ခဲမည် ဖြစ်သည်။
အကြောင်းမူ၊ ၎င်းက အလွန်ကြောက်စရာကောင်းသော စွမ်းအင်ပမာဏ လိုအပ်သောကြောင့်ပင်။
နတ်ဖန်ဆင်းခြင်းအဓိပတိနှင့် ပျက်စီးခြင်းတာအိုသခင်များသာလျှင် ၎င်းကို ကိုင်လှုပ်နိုင်မည် ဖြစ်သည်။
သို့သော်လည်း ဒါက မျိုးဆက်သစ်လူငယ်များအတွက် စမ်းသပ်မှုနေရာဖြစ်ပြီး ထိုအဆင့် ကျွမ်းကျင်သူများ ပေါ်လာကြရန် မဖြစ်နိုင်ပေ။
"ဒါကမှ တကယ့်နောက်ဆုံးစမ်းသပ်မှုပဲ။ ဟွင်းယွမ်ရွှေခွက်ကို ပိုင်ဆိုင်ဖို့ ရည်မှန်းထားတယ်ဆိုရင် ဘယ်တောင်အောက်မှာ ရှိမလဲဆိုတာ သိနိုင်ရမယ်"
"ဒါပေမဲ့ ကျွန်မတို့ သိရှိထားမယ်ဆိုရင်တောင် တောင်ကိုမဖို့ မဖြစ်နိုင်သလောက်ပဲ"
ထိုမှသာ ယွငိထျန်းမေက ဟွင်းယွမ်ရွှေခွက်ကို အမွေဆက်ခံရန် မည်မျှခက်ခဲသည်ကို နားလည်ခဲ့သည်။
"ဒီနေ့ ဟွင်းယွမ်ရွှေခွက်ကို ဘယ်သူမှ မရနိုင်တော့ဘူးထင်တယ်"
ဝမ့်ယန်က ခေါင်းယမ်းလိုက်သည်။
သူ၏ လက်ရှိအခြေအနေဖြင့် ရွမ်စစ်မူတောင်ကို ထမ်းပိုးရန် အလွန်ခက်ခဲလိမ့်မည်။
ကျန်းလော့လီလည်း တိတ်ဆိတ်သွားသည်။ နောက်ဆုံးမှာတော့ ဤစမ်းသပ်မှုဟာ ဘယ်လောက်ခက်ခဲမှန်း သူနားလည်သွားပြီ။
ကျွင်းရှောင်ယောက်က ကျန်းလော့လီကိုကြည့်ပြီး ပြုံးပြလိုက်သည်။
"လော့လီ၊ မင်းလိုချင်ရင် ကိုယ်က ရအောင်ကူညီပေးမယ်"
ထိုသို့ပြောဆိုပြီးနောက် ကျွင်းရှောင်ယောက်က ရွှမ်စစ်မူတောင်သုံးလုံးဆီသို့ လျှောက်လှမ်းသွား၏။
"ကျွင်းရှောင်ယောက်၊ မင်းက ဒီရွှမ်စစ်မူတောင်ကို မချင်တာလား"
ဝမ့်ယန်က အေးစက်စွာပြောသည်။
"ဘာလဲ၊ အဲဒါက ခက်ခဲလို့လား"
ကျွင်းရှောင်ယောက်က ပြောပြီးသည်နှင့် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ နိယာမစွမ်းအားက ပေါက်ကွဲထွက်လာသည်။
သူ့ခန္ဓာကိုယ်မှ အဆုံးမဲ့ စွမ်းအားများ ထွက်ပေါ်လာ၏။
ဤသည်မှာ မကုန်မခန်းနိုင်သော မြင့်မြတ်ခန္ဓာတာအိုသန္ဓေ၏ စွမ်းအား ဖြစ်သည်။
ကျွင်းရှောင်ယောက်က သူ့လက်တစ်ဖက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
"ကိုကိုရှောင်ယောက်..."
ကျန်းလော့လီ၏ မျက်လုံးများက မျက်ရည်စတို့ဖြင့် ဝေဝါးလာလေသည်။
စကားလုံးနှင့် ဖော်ပြရန်ပင် ခက်ခဲသော ပီတိမျိုးကို သူ ခံစားရ၏။
ကျွင်းရှောင်ယောက်က သူမ လိုချင်တာမှန်သမျှကို ရအောင်ကူညီပေးလိမ့်မည်။
ဒါက သူ့မိန်းမအတွက် ယောက်ျားတစ်ယောက်၏ ကတိစကား ဖြစ်သည်။
လျိုချုံးယန်လည်း ဤအခိုက်အတန့်တွင် အံ့အားသင့်သွားသည်။ သူက ကြောင်တက်တက်ဖြင့် ရေရွတ်လိုက်၏။
"ဒါပေမဲ့ ကျွင်းရှောင်ယောက်က ရွှမ်စစ်မူတောင်ကို မယူနိုင်တဲ့ စွမ်းရည်ရှိရင်တောင်... ဘယ်တောင်အောက်မှာ ဟွင်းယွမ်ရွှေခွက်ရှိတယ်ဆိုတာကို သူ ဘယ်လိုသိနိုင်မှာလဲ"
ယွင်ထျန်းမေက ခဏမျှ ငေးကြောင်နေပြီးနောက် သူမ၏ လှပသော မျက်လုံးများတွင် တုန်လှုပ်မှုတို့ ပေါ်လာတော့သည်။
"ရှင်မှားနေပြီ"
ယွင်ထျန်းမေက ငေးမောရင်း ပြောလိုက်သည်။
"ဘာလဲ"
လျိုချုံးယန်က စိတ်ရှုပ်ထွေးသွား၏။
"ကျွင်းသခင်လေး...၊ သူက ရွှမ်စစ်မူတောင်တစ်လုံးကို မဖို့ ကြိုးစားနေတာ မဟုတ်ဘူး"
"သုံးခုစလုံးကို တစ်ချိန်တည်း ထမ်းပိုးချင်နေတာ"