အခန်း ၁၃၈၇
Vol. 93 Ch. 1387
အခန်း ( ၁၃၈၇ ) ရွှမ်စစ်မူ တောင်သုံးလုံးကို တစ်ပြိုင်နက်တည်း မတင်ခြင်း။
"ရှင်... ရှင်ဘာပြောလိုက်တယ်၊ ရွှမ်စစ်မူ တောင်သုံးလုံးကို တစ်ပြိုင်နက်တည်း မတင်မှာလား"
လျိုချုံးယန်က ယွင်ထျန်းမေ၏စကားကို ကြားသောအခါ တုန်လှုပ်သွားသည်။
သာမန် ဆန်းကြယ်ကောင်းကင်အဓိပတိများပင် ရွှမ်စစ်မူတောင်တစ်လုံးကို မမနိုင်ကြောင်း သိထားကြရမည်။
ယခုမူ ကျွင်းရှောင်ယောက်က တောင်သုံးလုံးကို တစ်ပြိုင်နက်တည်း မချင်နေပြီ ဖြစ်သည်။
ဒါက အံ့ဖွယ်ကောင်းလွန်းပြီး သာမန်လူများ လုပ်နိုင်သောအရာ မဟုတ်ပါ။
ဤအခိုက်တွင်၊ ရှုံးဝမ်၏ မျက်လုံးအိမ်များသည်ပင် တုန်တုန်ယင်ယင် ဖြစ်လာသည်။
ဒါက လူသားတစ်ယောက် လုပ်နိုင်တဲ့အရာလား။
သူတို့လို ကြံ့ခိုင်သန်မာသော ခန္ဓာကိုယ်နှင့် အဆုံးမဲ့အင်အားရှိသော မိစ္ဆာသားရဲမျိုးနွယ်သည်ပင် ရွှမ်စစ်မူတောင်ကို ထမ်းပိုးရန် ခက်ခဲမည် ဖြစ်သည်။
ဤအခိုက်တွင်၊ တုန်လှုပ်သွားသူများက အင်မော်တယ်ဂူအတွင်းမှ လူငယ်များသာမကပါ။
အင်မော်တယ်ဂူအပြင်ဘက်တွင်...
ဂူအတွင်းမှ အခြေအနေများကို ပြသနေသော မြင်ကွင်းမှတဆင့် စောင့်ကြည့်နေသည့် လူအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
ရှန်းလင်မှ လူများ သို့မဟုတ် စမ်းသပ်မှုကိုကြည့်ရန် ရောက်ရှိလာသော ကောင်းကင်ကိုးပါး တစ်ခုလုံးမှ သတ္တဝါအားလုံး တုန်လှုပ်နေကြတော့သည်။
ယခင်က ကျွင်းရှောင်ယောက်သည် အနီရောင်မျက်လုံး ကြေးခွံပါနဂါးကို သတ်ခဲ့ပြီး ရှုံးဝမ်နှင့် လျိုချုံးယန်တို့ကို ဖိနှိပ်ခဲ့ခြင်းဖြင့် လူအများ၏ အသိအမြင်ကို ပြန်လည်ဆန်းသစ်စေခဲ့သည်။
ယခုလည်း ကျွင်းရှောင်ယောက်က လူတိုင်း၏ ကန့်သတ်ချက်များကို စိန်ခေါ်တော့မည်။
ဒါက မျိုးဆက်သစ်လူငယ် ပါရမီရှင်တွေ လုပ်နိုင်တဲ့အရာလား။
"ကျွင်းသခင်လေးက ဘယ်လိုလူမျိုးလဲ..."
ရှန်းလင်မှ အမျိုးသမီး တပည့်များ၏ မျက်လုံးလေးများက တလက်လက် တောက်ပလာကြသည်။
ပထမတော့ သူတို့သည် အင်မော်တယ်နယ်မြေကြီးမှ ဆင်းသက်လာသော ဤပါရမီရှင် လူငယ်လေးအကြောင်းကို သိချင်ရုံမျှသာ ဖြစ်သည်။
သို့သော်လည်း ယခုတော့ ကျွင်းရှောင်ယောက်၏ စွမ်းဆောင်ရည်တို့ကို ကြည့်ပြီးနောက်...
ဤလူငယ်လေးက သာမန်မဟုတ်ကြောင်း သိနေပြီ ဖြစ်သည်။
ကောင်းကင်ကိုးပါးမှာပင် သူက ထိပ်တန်း ပါရမီရှင်တစ်ဦးဖြစ်မည်မှာ သေချာပေသည်။
"ကောင်းကင်ထက် ကောင်းကင်ပိုမြင့်တယ်တဲ့။ ငါ တကယ်ပဲ အမြင်ကျဉ်းခဲ့တာလား"
ဒေါ်လေးရွယ်သည်လည်း အလင်းမျက်နှာပြင်ကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေသည်။
ဝမ့်ယန်က ကျန်းလော့လီအတွက် လက်တွဲဖော်ကောင်းတစ်ဦးဖြစ်သည်ဟု သူ အမြဲယုံကြည်ခဲ့သည်။
ကျန်းလော့လီက လောကကြီးအကြောင်း မသိသေးသောကြောင့် အောက်ကမ္ဘာမှ ထိုလူငယ်လေးကို စွဲလန်းနေခြင်းဖြစ်မည်ဟု သူ ထင်ခဲ့ပေသည်။
ယခုမူ၊ ဒေါ်လေးရွယ်က ကျန်းလော့လီကို အနည်းငယ် နားလည်လာသည်။
ကမ္ဘာပေါ်တွင် အလှပဆုံး ရှုခင်းများကို မြင်ဖူးပြီးမှတော့ တခြားမလိုအပ်သော ရှုခင်းများကို မည်သို့လွမ်းဆွတ်နိုင်မည်နည်း။
ယခုအချိန်တွင်၊ ကျွင်းရှောင်ယောက်၏ စွမ်းဆောင်မှုကြောင့် ရှန်းလင်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်နေပြီ ဖြစ်သည်။
သို့သော်လည်း သူတို့က သိချင်မိ၏။
ကျွင်းရှောင်ယောက်က သူ့မိန်းမရှေ့မှာ ဟန်ရေးပြနေတာလား၊ ဒါမှမဟုတ် သူ့မှာ တကယ်အရည်အချင်းရှိတာလား။
စန်းရှန်းအင်မော်တယ်ဂူအတွင်း၌...
ကျွင်းရှောင်ယောက်၏ စွမ်းအင်များက တဟုန်ထိုး တက်လာသည်။ လေဟာနယ်က တုန်ခါသွား၏။
ကျွင်းရှောင်ယောက်က သူ့လမ်းတစ်လျှောက်တွင်...
အန္တိမကပ်ဘေးကြီးကို ရင်ဆိုင်ရသည့်အခါမှလွဲ၍ အခြေခံအားဖြင့် သူ၏ ခွန်အားကို အပြည့်အဝ အသုံးမပြုခဲ့ပါ။
ယခုလည်း အလားတူပင် ဖြစ်သည်။
သူက မြင့်မြတ်ခန္ဓာဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ကစဉ့်ကလျားခန္ဓာ မပါဝင်ပါ။
သို့သော်လည်း မြင့်မြတ်ခန္ဓာ၏ ခွန်အားကိုပင် အပြည့်အဝ အသုံးမပြုရသေးပေ။
အနီရောင်မျက်လုံး ကြေးခွံပါနဂါးသည်ပင် သူ၏ စွမ်းရည်တချို့ကိုသာ အသုံးပြုစေခဲ့သည်။
ဤအခိုက်တွင်၊ ကျွင်းရှောင်ယောက်၏ စွမ်းအားက မိုးနှင့်မြေကို ထောက်ပံ့ထားနိုင်သော ရှေးနတ်ဘုရားကဲ့သို့ ပေါက်ကွဲထွက်လာသည်။
ကျွင်းရှောင်ယောက်၏ အလွန်ကြောက်စရာကောင်းသော အင်အားအောက်တွင်...
ကောင်းကင်ထောက်တိုင်ကဲ့သို့ မြင့်မားပြီး တည်ငြိမ်သော ရွှမ်စစ်မူတောင်သုံးလုံးက ပြင်းထန်စွာ တုန်ခါလာသည်။
ရွှမ်စစ်မူတောင်က သူ့အတိုင်းနေလျှင်ပင် အလွန်လေးလံပြီး ကြောက်စရာကောင်းသော ဆွဲငင်အားနယ်ပယ်တစ်ခုကို ထုတ်လွှတ်နိုင်သည်။
ယခုတော့ တစ်စုံတစ်ယောက်၏ လှုပ်ဆော်မှုကို ခံရသောအခါ၊ ၎င်း၏ ဆွဲငင်အားက ပိုမို ပြင်းထန်လာတော့သည်။
ဤအခြေအနေတွင် သာမန်ပါရမီရှင်တစ်ဦးအတွက် ရွှမ်စစ်မူတောင်ကို ကိုင်လှုပ်ရန် မဆိုထားဘိ၊ ဖိအားကြောင့် ချက်ချင်း ပြားပြားဝပ်သွားမည် ဖြစ်သည်။
သို့သော်...
တောင်သုံးလုံးရှေ့တွင် ပိန်ပိန်ပါးပါးဖြင့် ပုရွက်ဆိတ်တစ်ကောင်သာသာရှိသော ကျွင်းရှောင်ယောက်က... ရွှမ်စစ်မူ တောင်သုံးလုံးကို တပြိုင်နက်တည်း မတင်နေပြီ။
"ထမြောက်စမ်း"
ကျွင်းရှောင်ယောက်က ကျယ်လောင်စွာ အော်လိုက်သည်။
မြင့်မြတ်ခန္ဓာတာအိုသန္ဓေ၏ စွမ်းအားက ပေါက်ကွဲထွက်လာသည်။
အားကောင်းသော သွေးနှင့်ချီစွမ်းအင်က ပေတစ်ထောင်ရှည်လျားသော သွေးနီရောင်နဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ဦးခေါင်းထိပ်မှ ကောင်းကင်သို့ ထိုးတက်သွား၏။
"ဝုန်း"
လေဟာနယ်က ဗုံတစ်လုံး၏ မျက်နှာပြင်ကဲ့သို့ ပြင်းထန်စွာ တုန်ခါလာတော့သည်။
ပေတစ်ထောင်မြင့်သော အလင်းတန်းတစ်ခုကလည်း တောင်ခြေမှ ထွက်ပေါ်လာခဲ့သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ သူက ရွှမ်စစ်မူ တောင်သုံးလုံးကို တစ်ပြိုင်နက်တည်း တုန်လှုပ်သွားစေနိုင်တယ်"
ထိုအချိန်တွင် ဝမ့်ယန်က အဝေးသို့ ဆုတ်သွားခဲ့သည်။
ရွှမ်စစ်မူတောင်သုံးလုံးက ဆန်းကြယ်သော သံလိုက်ဓာတ် ဆွဲငင်အားတို့ကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်ခဲ့၏။
ထိုဆွဲငင်အားနှင့် ဖိအားက ဟင်းလင်းပြင်ကိုပင် ပုံပျက်စေကာ အက်ကြောင်းများ ဖြစ်ပေါ်လာတော့သည်။
မြင်ကွင်းက ကြောက်စရာကောင်းလှသည်။
ထိုဖိအားအောက်တွင် ရှေးခေတ်သားရဲတစ်ကောင်ပင်လျှင် ငါးပိငါးချဉ်အဖြစ် ဖိသိပ်ခံလိုက်ရလိမ့်မည်။
ဆွဲငင်အား အတက်အကျအလွှာများက လှိုင်းလုံးကြီးများကဲ့သို့ ကျွင်းရှောင်ယောက်ကို ရိုက်ခတ်သွားသည်။
ထိုဖိအားအောက်တွင် ကောင်းကင်အဓိပတိ၏ ခန္ဓာကိုယ်က တခဏချင်း ကွဲသွားလိမ့်မည်။
သို့သော်၊ ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က နတ်အလင်းများဖြင့် တောက်ပနေသည်။ သူ့အရေပြားက ကြည်လင်နေပြီး အပြစ်အနာအဆာကင်း၏။
"ရွှမ်စစ်မူ တောင်သုံးလုံးက ငါ့ကိုတားဆီးနိုင်မှာလား"
ကျွင်းရှောင်ယောက်က ကြုံးဝါးလိုက်သည်။
သူက နတ်ဆိုးနှင့်နတ်ဘုရားစွမ်းအားကို အသက်သွင်းလိုက်သည်။
ခွန်ပန်စွမ်းရည်အပြင် မေယုကမ္ဘာ စွမ်းအားကိုလည်း ထုတ်လွှတ်လိုက်၏။
ရွှမ်စစ်မူ တောင်သုံးလုံးက မြေနက်နှာပြင်မှ ခွဲထွက်လာတော့မည်ကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားပြန်သည်။
နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်က ကမ္ဘာငယ်တစ်ထောင်၏ စွမ်းအားကို အသုံးပြုခဲ့သည်။
တောင်သုံးလုံးက ကျယ်လောင်သော မြည်ဟီးသံနှင့်အတူ မြေပြင်မှ ကြွတက်လာတော့သည်။
ရွှမ်စစ်မူတောင် တစ်လုံးစီ၏ အလေးချိန်က ရှေးဟောင်း သက်ရှိကြယ်များစွာ၏ အလေးချိန်နှင့် နှိုင်းယှဉ်နိုင်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ကမ္ဘာငယ်၏စွမ်းအားကို အသုံးပြုခဲ့၏။
၎င်းက ကမ္ဘာငယ်တစ်ထောင်၏ စွမ်အား ဖြစ်သည်။
ဤအခိုက်တွင်၊ ကမ္ဘာကြီးက တိတ်ဆိတ်သွားသည်။
ကျွင်းရှောင်ယောက်က လက်တစ်ဖက်ဖြင့် လေထဲကို ပင့်မြှောက်လိုက်၏။
ရွှမ်စစ်မူတောင်သုံးလုံးက မြေပြင်မှ ပိုပိုပြီး မြောက်တက်လာတော့သည်။
ထိုအချိန်တွင်၊ ရွှမ်စစ်မူတောင်များအောက်မှ နတ်တိမ်တိုက်များနှင့်အတူ အင်မော်တယ်အငွေ့အသက်များ ဖြာထွက်လာခဲ့သည်။
အရာအားလုံးကို ဖြိုခွင်းနိုင်သည့် ဟင်းလင်းပြင်စွမ်းအားကို သယ်ဆောင်ထားပြီး အလွန်ရှေးကျသော ကြေးဝါ စတုဂံပုံအိုးတစ်လုံးကို ယောင်ဝါးဝါး တွေ့လိုက်ရ၏။
၎င်းက အင်မော်တယ်လက်နက်၊ ဟွင်းယွမ်ရွှေခွက်ပင်။
"လော့လီ၊ သွားလိုက်တော့"
ကျန်းလော့လီက ကြောင်တက်တက်ဖြင့် ငေးကြည့်နေသေးသဖြင့် ကျွင်းရှောင်ယောက်က အော်ပြောလိုက်သည်။
"အိုး... ဟုတ်ပြီ"
ကျန်းလော့လီလည်း သတိဝင်လာပြီး ဟွင်းယွမ်ရွှေခွက်ဆီသို့ အမြန်ပြေးသွားသည်။
သို့သော်... ဟွင်းယွမ်ရွှေခွက်ကို အမှန်တကယ် သန့်စင်ပြီးမှသာ ယူဆောင်သွားနိုင်ကြောင်း သူသိလိုက်ရသည်။
ရွှမ်စစ်မူတောင်ကို ကျွင်းရှောင်ယောက်မှ မတင်ထားသော်လည်း ဟွင်းယွမ်ရွှေခွက်ကို ယူမသွားနိုင်ပါ။ နေရာမှာ တစ်ခါတည်း သန့်စင်ရမည် ဖြစ်သည်။
တစ်နည်းဆိုရသော်၊ ကျန်းလော့လီမှ ဟွင်းယွမ်ရွှေခွက်ကို မသန့်စင်မီတွင် ကျွင်းရှောင်ယောက်က ရွှမ်စစ်မူတောင်များကို ဆက်လက်မထားရလိမ့်မည်။
ထိုအချိန်တွင်...
ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။
"ကျွင်းရှောင်ယောက်၊ မင်းက ငါ့ရဲ့မျှော်လင့်ချက်တွေကို အကြိမ်ကြိမ်အခါခါ ဆန့်ကျင်နေခဲ့တာပဲ။ ဒါပေမဲ့ အခုတော့ ရွှမ်စစ်မူတောင်ရဲ့ ဖိအားအောက်မှာ မင်း ဘာလုပ်နိုင်ဦးမှာလဲ"
ထိုအသံကိုကြားတော့ ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ကြည့်လိုက်သည်။
ဟွမ်နျဲ့တောက်နှင့် ကျောက်ဧကရာဇ်လေးတို့ ပေါ်လာကြ၏။
ထို့အပြင် တစ်ဖက်မှ ဝမ့်ယန်၏ အမူအရာကလည်း မှန်းဆမရနိုင်ပါ။
ယွင်ထျန်းမေ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
'သူတို့တွေက ဒီလောက်ထိ အရှက်ကင်းမဲ့မှာတော့ မဟုတ်ဘူး မဟုတ်လား'
ယွင်ထျန်းမေက တိတ်တဆိတ် အံကြိတ်ကာ သူ့စိတ်ထဲမှ တွေးလိုက်သည်။