အခန်း ၁၃၈၉
Vol. 93 Ch. 1389
အခန်း ( ၁၃၈၉ ) အာဒိကပ္ပခရမ်းရောင်ချီမျိုးစေ့။
မူလက ဝမ့်ယန်သည် ကျွင်းရှောင်ယောက်ကို အနိုင်ယူလျှင်ပင် တရားမျှတသော အောင်ပွဲတစ်ခုကို လိုချင်ခဲ့သည်။
ကောင်းကင်ကိုးပါး၏ ထိပ်တန်းပါရမီရှင်တစ်ဦးအနေဖြင့် ဝမ့်ယန်က သူ၏ ကိုယ်ပိုင် အထောက်အထားနှင့် ဂုဏ်သိက္ခာကို အလေးထားနေဆဲပင်။
ယခုမူ၊ ဝမ့်ယန်၏ အမြင်အရ ကျွင်းရှောင်ယောက်၏ ခွန်အားမှာ လုံးဝ မထိခိုက်ခဲ့ပါ။
ဒါက သူ့ကို အနည်းငယ် မျက်မှောင်ကြုတ်သွားစေသည်။
ကျွင်းရှောက်ယောက်က တကယ်ကို အရည်အချင်းရှိပုံပင်။
ထို့ကြောင့် သူက ရှေ့ကိုထွက်လာခြင်း ဖြစ်သည်။
ဟုတ်ပေသည်၊ သူက လှုပ်ရှားရန် အကြောင်းပြချက်တော့ လိုသည်။
ဝမ့်ယန်က အေးစက်စွာ ပြောလိုက်သည်။
"ငါ့အတွက် သက်ရှိဆေးကို ရှာဖွေနေတဲ့ ငါ့မျိုးနွယ်က ဝမ့်မန်ကို မင်းသတ်ခဲ့ပုံရတယ်"
"ငါ့ဧကရာဇ်ကြွေလွင့်တောင်ကို စော်ကားတဲ့အတွက် ပေးဆပ်ရမဲ့တန်ကြေးကို မင်း စဉ်းစားဖူးလား"
ဝမ့်ယန်၏ စကားကိုကြားတော့ ကျွင်းရှောင်ယောက်က လှောင်ပြောင်လိုက်သည်။
"မင်း တိုက်ခိုက်ချင်ရင်လည်း လာပါ၊ မလိုအပ်တဲ့ ဆင်ခြေတွေ မပေးနဲ့"
"အမှန်အတိုင်းပြောရရင်၊ မင်းတို့ထဲက ဘယ်သူပဲဖြစ်ဖြစ် အရေးမကြီးဘူး။ လူတစ်ယောက် ထပ်တိုးလာလို့လည်း ပြဿနာမရှိဘူး"
ကျွင်းရှောင်ယောက်၏ စကားလုံးများက ဝမ့်ယန်၏ အမူအရာကို ပိုအေးစက်စေသည်။
ကောင်းကင်ကိုးပါးတွင်၊ သူ့ရှေ့မှာ ဤမျှမောက်မာသော မျိုးဆက်တူသူများ မရှိပါ။
"ဒီလိုဆိုမှတော့ ကောင်းကင်ကိုးပါးမှာ ဘယ်လို ပြုမူနေထိုင်ရမယ်ဆိုတဲ့ သင်ခန်းစာကို ငါသင်ပေးမယ်"
ဝမ့်ယန်က နောက်ဆုံးတွင် လှုပ်ရှားခဲ့သည်။
သူ့လက်ကို မြှောက်လိုက်သည်နှင့် နတ်စွမ်းအင်များက စုစည်းပြီး ဖျက်ဆီးခြင်း တံဆိပ်တစ်ခုအဖြစ် ပြောင်းလဲသွား၏။
၎င်းက ဧကရာဇ်ကြွေလွင့်တောင်၏ ထိပ်တန်း နတ်ဘုရားစွမ်းရည် ဧကရာဇ်ကြွေလွင့် တံဆိပ်တော်သည်ပင်။
တံဆိပ်တော်ကို ရိုက်ချလိုက်သည်နှင့် ဧကရာဇ်တစ်ပါး ကျဆုံးခြင်း၏ ထူးခြားသော အရိပ်အယောင်များဖြင့် ကောင်းကင်တွင် ပြည့်သွားသည်။
ဤနည်းလမ်းကို ယခင်က ဝမ့်မန် အသုံးပြုဖူးသည်။
သို့သော်လည်း ဝမ့်မန် အသုံးပြုခဲ့သည့် ဧကရာဇ်ကြွေလွင့်တံဆိပ်တော်၏ စွမ်းအားနှင့် ဝမ့်ယန် ထုတ်ဖော်လာသော တံဆိပ်တော်မှာ လုံးဝ မတူပေ။
နတ်ဘုရားစွမ်းရည်ချင်း တူညီသော်လည်း အင်အားက လုံးဝ မတူပါ။
ဝမ့်ယန်က ဤနည်းလမ်းကို အသုံးပြုသောအခါ ဧကရာဇ်များပင် ထိခိုက်စေနိုင်ပုံရသည်။
ထိုအချိန်တွင် ကျောက်ဧကရာဇ်လေးနှင့် ဟွမ်နျဲ့တောက်တို့က ထပ်မံတိုက်ခိုက်ခဲ့သည်။
ပါရမီရှင်သုံးယောက်က ကျွင်းရှောင်ယောက်ကို ဝိုင်းလိုက်ကြ၏။
ဒါက ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်လေသည်။
"ရွှမ်စစ်မူတောင်ကို ထမ်းပိုးထားရပြီး သုံးယောက်တစ်ယောက် တိုက်ခိုက်ရရင်တောင် ငါ ကျွင်းရှောင်ယောက်က မင်းတို့ကို အလွယ်တကူ အနိုင်ယူနိုင်သေးတယ်"
ကျွင်းရှောင်ယောက်၏ လွတ်လပ်ပေါ့ပါးသော စကားများက ယွင်ထျန်းမေ၊ လျိုချုံးယန်နှင့် အခြားအမျိုးသမီးများကို စိတ်လှုပ်ရှားစေသည်။
ဤသည်မှာ စစ်မှန်သော ပါရမီရှင်ပင်။
အင်မော်တယ်ဂူအပြင်ဘက်မှ ရှန်းလင်၏ အမျိုးသမီးတပည့်များစွာတို့လည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။
ကျွင်းရှောင်ယောက်၏ စွမ်းဆောင်ရည်က တကယ်ကို အံ့ဩစရာကောင်းသည်ဟု ဆိုရမည်။
သူက ရွှမ်စစ်မူတောင်သုံးလုံးကို ထမ်းပိုးထားရသည့်အပြင် တောင်တန်းနှင့်မြစ်ပြင် တံဆိပ်တော်ကလည်း ဖိနှိပ်ထားသည်။
သို့တိုင်... ဝမ့်ယန်၊ ကျောက်ဧကရာဇ်လေးနှင့် ဟွမ်နျဲ့တောက်တို့ ပါရမီရှင်သုံးယောက်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်နိုင်စွမ်း ရှိသေးသည်။
ဤခွန်အားက လူတိုင်း၏ စိတ်ကူးနိုင်မှုထက် ကျော်လွန်သွားခဲ့သည်။
"ဟမ့်၊ ကြီးကြီးကျယ်ကျယ်နဲ့"
ကျောက်ဧကရာဇ်လေးက ကျောက်ဧကရာဇ်လက်သီးဖြင့် ထပ်မံထိုးနှက်လိုက်သည်။
သူ၏ တောင်တန်းနှင့်မြစ်ပြင် တံဆိပ်တော်ကလည်း ဧရာမတောင်တစ်လုံးကဲ့သို့ ကျွင်းရှောင်ယောက်ကို ဆက်လက်ဖိနှိပ်ခဲ့၏။
ဟွမ်နျဲ့တောက်ကလည်း သူ၏ စစ်မှန်သောစွမ်းအားကို ထုတ်ဖော်ပြသခဲ့သည်။ သူ့တကိုယ်လုံးကို အင်မော်တယ်မီးလျှံက ဖုံးလွှမ်းထားကာ အနက်ရောင်မီးလျှံကဲ့သို့ ကျွင်းရှောင်ယောက်ထံ ပျံသန်းသွားတော့သည်။
ဝမ့်ယန်က ဧကရာဇ်ကြွေလွင့်တံဆိပ်တော်ကို အသုံးပြုထားပြီး ကောင်းကင်ကို သွေးမိုးရွာတော့မလို နီစွေးသွားစေခဲ့သည်။
ဤလှုပ်ရှားမှုက ကောင်းကင်ကိုးပါး၏ ပါရမီရှင်များစွာကို ကြောက်ရွံ့တုန်လှုပ်စေရန် လုံလောက်ပေသည်။
ပါရမီရှင် သုံးဦး၏ ပြင်းထန်သော လှုပ်ရှားမှုများက တစ်ချိန်တည်း ကျရောက်လာသောအခါ...
ကျွင်းရှောင်ယောက်၏ ပတ်ဝန်းကျင်တွင် စွမ်းအင်ခုခံကာကွယ်ခြင်း နတ်လက်စွပ်အလွှာနှစ်ဆယ် ပေါ်လာသည်။
ဒါက ကျွင်းရှောင်ယောက်ကို အမျိုးမျိုးတိုက်ခိုက်မှုများမှ ကာကွယ်ပေးထားသည့် ကမ္ဘာ့စက်ဝန်းတစ်ခုကဲ့သို့ပင်။
သို့သော်လည်း ပါရမီရှင်သုံးဦးက အစွမ်းထက်နည်းလမ်းများကို တစ်ပြိုင်နက်တည်း ထုတ်ဖော်သောအခါ စွမ်းအားက ကြောက်စရာကောင်းလွန်းသည်။
စွမ်းအင်ခုခံကာကွယ်ခြင်း နတ်လက်စွပ် အလွှာများက တစ်ခုပြီးတစ်ခု ပျက်စီးသွား၏။
ဒါကိုမြင်တော့ ကျွင်းရှောင်ယောက်က သူ့လက်ကို ထပ်မံပြီး မြှောက်လိုက်သည်။
သူ့ရှေ့တွင် အရာအားလုံးကို မျိုချနိုင်ပုံရသော တွင်းနက်ကြီးတစ်ခု ထွက်ပေါ်လာ၏။
၎င်းက အလင်းရောင်ကိုပင် ဝါးမျိုနိုင်လောက်အောင် အလွန်မှောင်မိုက်နေသည်။
အလွန်ကြောက်စရာကောင်းသော ဝါးမျိုခြင်းစွမ်းအားတစ်ခုကလည်း အရာအားလုံးကို သန့်စင်နေသေးသည်။
ပါရမီရှင်သုံးဦး၏ တိုက်ခိုက်မှုများက စွမ်းအင်ခုခံကာကွယ်ခြင်း နတ်လက်စွပ်များကို ဖြတ်ကျော်ရပြီးနောက် စွမ်းအားတစ်ဝက် လျော့ကျသွားခဲ့သည်။
ထို့နောက်၊ တွင်းနက်ကြီး၏ ဝါးမျိုသန့်စင်ခြင်းကို တစ်ဖန်ခံရသောအခါ လုံးဝ ပျောက်ကွယ်သွားတော့သည်။
ဤသည်မှာ သဘာဝအတိုင်း ကျွင်းရှောင်ယောက်၏ တစ်ခုတည်းသော ရေဝဲတွင်းနက် ဖြစ်သည်။
ဤထူးခြားသောတွင်းနက်ကို ကျွင်းရှောင်ယောက်က ဝါးမျိုခြင်းစွမ်းရည်များစွာကို အသုံးပြု၍ ပေါင်းစည်းခဲ့သည်။
ဝါးမျိုခြင်း နိယာမ၊ ဝါးမျိုခြင်းဖင်းဂေါ့ကျမ်း၊ နတ်ဘုရားဝါးမျိုခြင်း စွမ်းရည်၊ ကောင်းကင်ကိုဝါးမျိုပြီး နတ်ဖန်ဆင်းခြင်းကျင့်စဉ်...
ဤဝါးမျိုခြင်းစွမ်းရည် တစ်ခုချင်းစီက အလွန်အစွမ်းထက်သည်။
ကျွင်းရှောင်ယောက်က ၎င်းတို့ကို ပေါင်းစည်းခဲ့ပြီးနောက် တစ်ခုတည်းသောတွင်းနက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပေသည်။
ဤတစ်ခုတည်းသော တွင်းနက်က ဝါးမျိုခြင်းစွမ်းရည် အားလုံး၏ အနှစ်သာရကဲ့သို့ပင် ဖြစ်သည်။
"ဟမ်၊ ဒါက..."
ဝမ့်ယန်၏ မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
ကျွင်းရှောင်ယောက်က ဤတွင်းနက်ဖြင့် သူတို့သုံးယောက်၏ တိုက်ခိုက်မှုများကို ချေဖျက်ခဲ့မည်ဟု မမျှော်လင့်ခဲ့ပေ။
'ဒီလောက်တောင် တုန်လှုပ်စရာကောင်းတဲ့ ဝါးမျိုခြင်းစွမ်းရည်က... ဘာဖြစ်လို့ တောက်ဝမ်ထက်တောင် အားမနည်းဘူးလို့ ခံစားနေရတာလဲ'
ရှုံးဝမ်က တစ်ခုတည်းသောတွင်းနက်ကိုမြင်သောအခါ တုန်လှုပ်သွားသည်။
တောက်ဝမ်မှာ သူတို့သားရဲဂူ၏ ဘုရင်ငယ်လေးပါးတွင် ပထမအဆင့်ပင်။
တောက်ထျဲက ဝါးမျိုခြင်းစွမ်းရည်၏ အရှင်သခင်အဖြစ် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။
ယုတ္တိဗေဒအရ၊ ဝါးမျိုခြင်းစွမ်းရည်တွင် တောက်ထျဲနှင့် ယှဉ်နိုင်သော သတ္တဝါများ အလွန်နည်းပါးသည်။
ဝါးမျိုခြင်းစွမ်းရည်ဖြင့် မွေးဖွားလာသော နတ်ဘုရားဝါးမျိုခြင်းအင်းဆက်ကဲ့သို့ သတ္တဝါအနည်းငယ်ကသာ ၎င်းကို ယှဉ်နိုင်ပေသည်။
သို့သော်လည်း လူသားတစ်ဦးဖြစ်သော ကျွင်းရှောင်ယောက်က ဤမျှအစွမ်းထက်သော ဝါးမျိုခြင်းနည်းလမ်းကို ဆုပ်ကိုင်ထားသည်။ ဒါက ရှုံးဝမ်ကို အမှန်တကယ် တုန်လှုပ်စေခဲ့ပေသည်။
ထို့နောက် ကျွင်းရှောင်ယောက်၏ အတွေးတစ်ချက်ဖြင့် အနက်ရောင် ရေဘဝဲလက်တံကြီးများက တစ်ခုတည်းသောတွင်းနက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
အနက်ရောင် လက်တံကြီးများက ဝါးမျိုခြင်းနိယာမဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဝမ့်ယန်၊ ကျောက်ဧကရာဇ်လေးနှင့် ဟွမ်နျဲ့တောက်တို့ထံ ရစ်ပတ်ရန် ကြိုးစားလာတော့သည်။
"ဟမ့်"
ဝမ့်ယန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူက လက်ဝါးနှစ်ဖက်ကို ပွတ်ဆွဲလိုက်သောအခါ ထူးကဲသော ခရမ်းရောင်အလင်းများ ဖြာထွက်လာ၏။ ဝမ့်ယန်၏ အရှိန်အဝါကလည်း ပို၍ ကြီးကျယ်မြင့်မြတ်လာပုံရသည်။
"အို၊ ဒီထူးခြားတဲ့ ခရမ်းရောင်စွမ်းအင်က အာဒိကပ္ပ ခရမ်းရောင်ချီမျိုးစေ့ကနေ လာတာလား"
ကျွင်းရှောင်ယောက်သည် ယခင်က ကျန်းလော့လီထံမှ ဤအကြောင်းကို သိရှိထားခဲ့သည်။
ဝမ့်ယန်၏ အသန်မာဆုံးစွမ်းရည်က အာဒိကပ္ပချီမျိုးစေ့ကို တစ်ချိန်က ပေါင်းစပ်ခဲ့ဖူးခြင်း ဖြစ်သည်။
အာဒိကပ္ပခရမ်းရောင်ချီက မိုးနှင့်မြေကြားတွင် ရှေးအကျဆုံးနှင့် အမွန်မြတ်ဆုံးစွမ်းအင်တစ်မျိုးပင်။
ကစဉ့်ကလျားစွမ်းအင်ကဲ့သို့ပင်၊ ၎င်းကလည်း စကြာဝဠာ၏မူလအစ စွမ်းအင်များထဲမှ တစ်ခုဖြစ်သည်။
အာဒိကပ္ပခရမ်းရောင်ချီမျိုးစေ့က အာဒိကပ္ပခရမ်းရောင်ချီစွမ်းအင်၏ အနှစ်သာရ ပေါင်းစပ်မှုမှ ပေါက်ဖွားလာသော မျိုးစေ့ဖြစ်ပြီး ၎င်းတွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားအမျိုးမျိုး ရှိပေသည်။
အကယ်၍ အာဒိကပ္ပခရမ်းရောင်ချီမျိုးစေ့က အသွင်ပြောင်းပြီး အညှောက်ပေါက်လာပါက...
၎င်းမှာ အာဒိကပ္ပသစ်ပင်အဖြစ် ပေါက်ရောက်လာနိုင်သည်ဟု ကောလဟာလများပင် ရှိသည်။
၎င်းက ကမ္ဘာ့သစ်ပင်နှင့် ယှဉ်နိုင်သော သဘာဝရတနာတစ်မျိုးဖြစ်ပြီး တွေ့ရန်မလွယ်ပေ။
ဒဏ္ဍာရီလာ ဧကရာဇ်ပင်လျှင် သွေးဆောင်ခံရမည့် အမြင့်မြတ်ဆုံးသော ရတနာတစ်မျိုးဟုလည်း ဆိုနိုင်သည်။
ထို့အတွက်ကြောင့် ဝမ့်ယန်က ကျန်းလော့လီကို ရယူပိုင်ဆိုင်လိုခြင်းပင်။
ကျန်းလော့လီ၏ ရှေးဦးဝိညာဉ်အင်မော်တယ်ခန္ဓာက မိုးနှင့်မြေကြားရှိ စွမ်းအင်များနှင့် သဘာဝအတိုင်းလိုက်ဖက်ပြီး အင်မော်တယ်စွမ်းအင်ကိုပင် စုပ်ယူနိုင်သည်။
၎င်းက အာဒိကပ္ပခရမ်းရောင်ချီမျိုးစေ့ အသွင်ပြောင်းခြင်းအတွက် အလွန်အကျိုးရှိပေသည်။
ဝမ့်ယန်က ကျန်းလော့လီ၏ ရှေးဦးဝိညာဉ်အင်မော်တယ်ခန္ဓာကို အသုံးပြုပြီး အာဒိကပ္ပခရမ်းရောင်ချီမျိုးစေ့ကို အသွင်ပြောင်းစေလိုခြင်းပင်။
ယခုတော့ ဤအစီအစဉ်က မဖြစ်မြောက်နိုင်တော့ပါ။
သို့သော်လည်း၊ အသွင်မပြောင်းရသေးသည့် အာဒိကပ္ပခရမ်းရောင်ချီမျိုးစေ့၏ စွမ်းအားကပင် လုံလောက်စွာ သန်မာသည်။
ယခင်က အာဒိကပ္ပခရမ်းရောင်ချီမျိုးစေ့နှင့် ပေါင်းစည်းနိုင်ခဲ့သော ပါရမီရှင်တိုင်းက ခေတ်တစ်ခုစီ၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်သော အကျော်အမော်များ ဖြစ်ခဲ့ကြပေသည်။
"အာဒိကပ္ပခရမ်းရောင်ချီရဲ့ စွမ်းအားကို မင်း စိတ်ကူးကြည့်လို့ မရနိုင်ဘူး"
ဝမ့်ယန်က အေးစက်စွာ ပြောလိုက်သည်။ သူ့လက်များက ခရမ်းရောင်ပြောင်းသွားပြီး ခရမ်းရောင်စွမ်းအင်များကလည်း လေထဲတွင် ပြည့်သွား၏။
"ဒါက အာဒိကပ္ပခရမ်းရောင်ချီမျိုးစေ့လေးပါပဲ။ အာဒိကပ္ပ သစ်ပင်မဟုတ်သလို အာဒိကပ္ပတာအိုခန္ဓာလည်း မဟုတ်ဘူး"
ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာပြောလိုက်သည်။
အာဒိကပ္ပတာအိုခန္ဓာမှာ ကစဉ့်ကလျားခန္ဓာနှင့် ထာဝရအင်မော်တယ်ခန္ဓာတို့နှင့် နှိုင်းယှဉ်နိုင်သော ပြိုင်စံရှား တာအိုခန္ဓာတစ်မျိုး ဖြစ်သည်။
၎င်းက ခေတ်တိုင်းတွင် တန်ခိုးအကြီးဆုံး တာအိုခန္ဓာများထဲမှ တစ်ခုဖြစ်ပေသည်။
အကယ်၍ အာဒိကပ္ပတာအိုခန္ဓာပိုင်ရှင်ကို ရင်ဆိုင်ရမည်ဆိုလျှင် ကျွင်းရှောင်ယောက်က အလေးအနက်ထားရမည်ဟု ဆိုနိုင်သည်။
သို့သော်လည်း အာဒိကပ္ပခရမ်းရောင်ချီမျိုးစေ့ဖြင့် သူ့ကို အနိုင်ယူရန် စိတ်ကူးနေပါက နုံအလွန်းရာကျလိမ့်မည်။