အခန်း ၁၃၉၅
Vol. 93 Ch. 1395
အခန်း ( ၁၃၉၅ ) ဘေးအိမ်မှ ကောင်မလေးက ကြီးပြင်းလာခဲ့ပြီ။
"ကိုကိုရှောင်ယောက် လိုအပ်မယ်ဆိုရင် ဒီအင်မော်တယ်ရတနာအားလုံး ကိုကိုရှောင်ယောက်ကို ပေးနိုင်ပါတယ်"
ကျန်းလော့လီက ပြောလိုက်သည်။
ဧကရာဇ်ကြီးများပင် သွေးဆောင်ခံရမည့် ဤအင်မော်တယ်ရတနာကို တွေ့နေရသော်လည်း သူကတော့ အပိုင်သိမ်းလိုစိတ်မရှိပါ။
ကျွင်းရှောင်ယောက်ကို ကူညီနိုင်သရွေ့ သူ ပျော်ရွှင်နေမည် ဖြစ်သည်။
ထို့ပြင်၊ ကျွင်းရှောင်ယောက်က သူ့ကို အမြဲအလိုလိုက်ထားပြီး ဘယ်တော့မှ အပြစ်မဆိုခဲ့ပေ။
ရွှေရောင်နှစ်များ သစ်သီးနှစ်လုံးကိုလည်း မတုံ့ဆိုင်းဘဲ ပေးအပ်ခဲ့သည်။
"ဒီလောက်ထိလည်း မလိုပါဘူး၊ အင်မော်တယ်ရတနာက အတွင်းစကြာဝဠာကို ပြုစုပျိုးထောင်ဖို့အတွက် အင်မတန်အသုံးဝင်တယ်"
"လော့လီ၊ မင်းမှာ ရှေးဦးဝိညာဉ်ကမ္ဘာရှိတယ်လေ။ အင်မော်တယ်ရတနာက မင်းအတွက် အများကြီး အကျိုးရှိလိမ့်မယ်။ တစ်ယောက်တစ်ဝက်ပဲ ယူကြတာပေါ့"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
သူ့အတွက် အင်မော်တယ်ရတနာကို များများရလေ ပိုကောင်းလေဖြစ်သော်လည်း...
ကျန်းလော့လီအတွက် စဉ်းစားပေးရဦးမည်။
"ကိုကိုရှောင်ယောက်..."
ကျွင်းရှောင်ယောက်၏အတွေးကို ရိပ်စားမိဟန်ဖြင့် ကျန်းလော့လီ၏ မျက်လုံးအိမ်များက အနည်းငယ် စိုစွတ်လာခဲ့သည်။
ဤနေရာက ကျန်းလော့လီ၏ ကိုယ်ပိုင်အခန်း ဖြစ်သည်။ ဤနေရာတွင် ကျွင်းရှောင်ယောက်နှင့် ကျန်းလော့လီသာ ရှိ၏။
ကျွင်းရှောင်ယောက်က တစ်ချက်ပြုံးလိုက်ပြီးနောက် သူမ၏ နူးညံ့သော နှုတ်ခမ်းဖူးလေးကို နမ်းရှိုက်လိုက်တော့သည်။
ကျန်းလော့လီ၏ လှပသော မျက်နှာလေးက နီမြန်းလာသည်။ ခပ်တိုးတိုး ညည်းညူသံနှင့်အတူ နွေးထွေးပြီး ချိုမြိန်သော ပျော်ရွှင်မှုတွင် နစ်မြုပ်သွားတော့သည်။
အချိန်အတော်ကြာပြီးမှ နှုတ်ခမ်းများ ကွဲကွာသွားကြသည်။
ကျန်းလော့လီက အနည်းငယ် မောဟိုက်နေသော်လည်း သူ့မျက်လုံးလေးများမှာ တောက်ပနေလေသည်။
ကလေးငယ်တစ်ယောက်ကဲ့သို့ နုနယ်ပျိုမြစ်၍ လှပသော မျက်နှာ၊ နှစ်ခုခွဲထားသော ကျစ်ဆံမြီးနှင့် သေးသွယ်သော်လည်း ဖွံ့ဖြိုးသော ကိုယ်ခန္ဓာတို့အပြင်...
ပန်းနုရောသန်းနေသော ပါးပြင်နှင့် အနည်းငယ် စိုစွတ်ပြီး အရည်လဲ့နေသော မျက်ဝန်းတစ်စုံတို့...
ဒါက ကျွင်းရှောင်ယောက် တစ်ယောက်တည်းသာ မြင်နိုင်သော ရင်သပ်ရှုမောဖွယ် မြင်ကွင်းဖြစ်သည်။
မိန်းမလှများ၏ ဆွဲဆောင်မှုကို ခံနိုင်ရည်ရှိသော ကျွင်းရှောင်ယောက်ပင်လျှင် ဤအခိုက်တွင် ငေးမောသွားမိလေသည်။
ကလေးငယ်တစ်ယောက်လို အပြစ်ကင်းစင်တဲ့ မိန်းကလေးမှာ ဒီလိုဆွဲဆောင်မှုမျိုးလည်း ရှိသေးတာလား။
ကျန်းလော့လီက ထာဝစဉ် လှပနေသော မိန်းကလေးတစ်ယောက်ဖြစ်သော်လည်း...
ဤမတိုင်မီက ကျွင်းရှောင်ယောက်သည် သူ့ကို ဤမြင်ကွင်းမျိုးဖြင့် မမြင်ခဲ့ဘူးပေ။
"ကိုကိုရှောင်ယောက်၊ လူကို ဘာဖြစ်လို့ အဲဒီလောက်ကြည့်နေရတာလဲ"
ကျန်းလော့လီက အနည်းငယ် ရှက်ရွံ့သွားသည်။
"ဘေးအိမ်က ကောင်မလေးက ကြီးပြင်းလာခဲ့ပြီ"
ကျွင်းရှောင်ယောက်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
လော့လီလေးဟု စနောက်ခေါ်ဝေါ်ခဲ့သော မိန်းကလေးက ယခုအခါ တိုင်းပြည်တစ်ခုလုံးကို စွဲဆောင်နိုင်သော ကျက်သရေမျိုး ရှိနေပြီ။
ဒါက ငယ်ရည်းစားလေးကို ပြုစုပျိုးထောင်ခဲ့ခြင်းမျိုး ဖြစ်နိုင်သည်။
ကျန်းလော့လီက ကျွင်းရှောင်ယောက်၏ ရင်ခွင်ထဲကို တစ်ဖန်ခိုဝင်ပြန်သွားလေသည်။
"ခဏလောက်ပါပဲ၊ ကောင်းကင်ကိုးပါးက ကိစ္စတွေပြီးပြတ်ရင် စေ့စပ်ပြီး လက်ထပ်ဖို့ နေ့ကောင်းရက်မြတ်ကို ရွေးချယ်ရမယ်"
"ဒါဆို ကိုယ် မင်းကို တရားဝင် စားလို့ရပြီ"
ကျွင်းရှောင်ယောက်က ကျန်းလော့လီ၏ နားအနားသို့ကပ်ကာ လေသံဖြင့် ပြောလိုက်သည်။
"ကိုကိုရှောင်ယောက်၊ ရှင်..."
ကျန်းလော့လီမှာ ရှက်လွန်းသဖြင့် သူမ၏ နားရွက်လေးများပင် သွေးရောင်လွှမ်းလာသည်။ သူက ကျွင်းရှောင်ယောက်၏ ရင်ဘတ်ကို လက်သီးဆုပ်ဖြင့် ထုလိုက်လေသည်။
"ညီမ... ညီမ လေ့ကျင့်တော့မယ်"
ကျန်းလော့လီက ချက်ချင်း ထရပ်ပြီး ထွက်ပြေးသွားသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က သူမ၏ မျက်နှာပေါ်တွင် ရှက်ရွံ့မှုအပြင် ပျော်ရွှင်မှုတို့ကို မြင်နေရဆဲ ဖြစ်သည်။
ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။
ဒါက ဘဝ၏ ပျော်ရွှင်မှုများထဲမှ တစ်ခုပင်။
သို့သော်လည်း၊ မကြာမီပင် ကျွင်းရှောင်ယောက်က စိတ်တည်ငြိမ်မှုပြန်ရပြီး ငြိမ်သက်သွားသည်။
ကိုယ့်ပတ်ဝန်းကျင်မှလူများကို အကာအကွယ်ပေးချင်လျှင် ပိုကြီးမားသောခွန်အားကို လိုသည်။
အနာဂတ်တွင် ကြီးစွာသော မငြိမ်မသက်မှုများ ရှိလိမ့်မည်။
ထိုအချိန်တွင် ဘာဖြစ်မည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။
'ထားပါ၊ ဘာဖြစ်လို့ ဒီလောက်တွေးနေရတာလဲ။ အခြေအနေတွေက ဝေးနေသေးတယ်'
ကျွင်းရှောင်ယောက်က ခေါင်းယမ်းလိုက်သည်။
သူက ရွှေရောင်နှစ်များသစ်သီးကို ထုတ်ယူလိုက်သည်။
ထို့ပြင်၊ ကျန်းလော့လီ၏ ဟွင်းယွမ်ရွှေခွက်မှ ထုတ်ယူထားသည့် အင်မော်တယ်ရတနာတစ်ဝက်လည်း ရှိသေးသည်။
သူ၏ အတွင်းစကြာဝဠာမှာလည်း ကိုယ်ပိုင် အင်မော်တယ်ရတနာများ ရှိနေသည်။
ဒါက အဆင့်တက်ရန် လုံလောက်ပေသည်။
ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်သည်လည်း ကျင့်ကြံမှုတွင် နှစ်မြှုပ်ခဲ့သည်။
..............
ကောင်းကင်ကိုးပါး၏ အခြား လျှို့ဝှက်ဆန်းကြယ်သောနေရာတစ်ခုတွင်...
ဤသည်မှာ အလွန်ကြီးကျယ်ခမ်းနားသော ရှေးဟောင်းတိုက်ကြီးတစ်ခု ဖြစ်သည်။
တိုက်ကြီးပေါ်တွင် ရှေးဟောင်း အမွေအနှစ် အမျိုးမျိုးရှိ၏။
ပျက်စီးနေသော ရှေးဟောင်းဘုရားကျောင်း၊ စွန့်ပစ်ထားသော ရှေးဟောင်းမိုင်းတွင်းနှင့် ကြီးမားသော ကမ္ဘာ့တွင်းနက်တို့ဖြင့်...
ဤနေရာသည် အလွန်တိတ်ဆိတ်ပြီး ရှေးကျသောနေရာဟု ဆိုနိုင်သည်။
သို့သော်လည်း တစ်ချိန်တည်းမှာပင် ၎င်းက လျှို့ဝှက်ဆန်းကြယ်ပြီး ကြီးကျယ်ခမ်းနားသော အငွေ့အသက်တို့ ပြည့်နှက်နေသည်။ ဒါက မည်သူမျှ မဝင်ဝံ့သော တားနယ်မြေတစ်ခုပင်။
ဤသည်မှာ ကောင်းကင်ကိုးပါးရှိ တားမြစ်နယ်မြေ ဆယ်ခုထဲမှ တစ်ခုဖြစ်သော မြင့်မြတ်ဝိညာဉ် အပျက်အယွင်း ဖြစ်သည်။
ဤအခိုက်တွင်၊ အဝေးမှ အလင်းတန်းတစ်ခုက မြင့်မြတ်ဝိညာဉ်အပျက်အယွင်းသို့ လျင်မြန်သော အဟုန်ဖြင့် ပျံသန်းလာနေသည်။
၎င်းက ကျောက်ဧကရာဇ်ချပ်ဝတ်တန်ဆာဖြင့် ရစ်ပတ်ထားသော ကျောက်ဧကရာဇ်လေးပင်။
ကျွင်းရှောင်ယောက်ကြောင့် သူဟာ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး သတိလစ်သွားခဲ့သည်။ ကျောက်ဧကရာဇ်ချပ်ဝတ်က သူ့ကို ရစ်ပတ်ပြီး မြင့်မြတ်ဝိညာဉ်အပျက်အယွင်းသို့ ပြန်ခေါ်လာခြင်း ဖြစ်ပေသည်။
ထိုအချိန်တွင်၊ မြင့်မြတ်ဝိညာဉ်အပျက်အယွင်းမှ စကားသံများ ထွက်ပေါ်လာသည်။
"ဒါက ကျောက်ဧကရာဇ်ရဲ့ ဆင်းသက်လသူပဲ။ သူက ဒီလိုမျိုး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့တာလား"
"ကျောက်ချပ်ဝတ်တန်ဆာပေါ်က အမှတ်အသားတွေက လွမ်ကုပုဆိန်ရဲ့ အငွေ့အသက်ကို ခံစားရတယ်"
"သေချာတာပေါ့၊ အဲဒါက လွမ်ကုဧကရာဇ်ရဲ့ ဆက်ခံသူ ကျွင်းရှောင်ယောက်ပဲ၊ သူက ကောင်းကင်ကိုးပါးကို တကယ်တက်လာဝံ့တယ်"
ရှေးကျသော အသံတချို့က ကောင်းကင်ကို အေးခဲသွားစေနိုင်ပုံရသည့် အေးစက်မှုတို့ သယ်ဆောင်ပြီး ထွက်ပေါ်လာခဲ့သည်။
နောက်ဆုံးတွင်၊ လွမ်ကုဧကရာဇ်နှင့် မြင့်မြတ်ဝိညာဉ်အပျက်အယွင်းကြားတွင် နက်နဲသော မုန်းတီးမှုတစ်ခု ရှိသည်။
"ဒီအမွေကို ဖြတ်တောက်ပစ်ရမယ်"
"ဒါပေမဲ့ သူက ကျွင်းမိသားစုကဆိုတော့ နည်းနည်းတော့ လုပ်ရကိုင်ရခက်လိမ့်မယ်။ သူ့ကို အရေးယူဖို့က ကျုပ်တို့အတွက် မသင့်တော်ဘူး"
ယခင်က အင်မော်တယ်သတ်ဓားသည် သတိပေးချက်တစ်ခုသာ ဖြစ်သည်။
အကယ်၍ တားမြစ်နယ်မြေအတွင်းမှ အဆင့်မြင့် ပုဂ္ဂိုလ်ကြီးများက အမှန်တကယ် အရေးယူမည်ဆိုပါက...
ကျွင်းမိသားစု၏ လက်စားချေခြင်းကို ခံရလိမ့်မည်။
ထိုအချိန်တွင်၊ မြင့်မြတ်ဝိညာဉ်အပျက်အယွင်း၏ နက်နဲရာမှ ဓားအလင်းများက ကောင်းကင်ကို ရုတ်တရက် ဖြတ်ကျော်သွားသည်။
ဓားအလင်းတန်းတိုင်းက ကောင်းကင်ကို ခွဲထုတ်ပြီး မြေကြီးကို ဖျက်ဆီးနိုင်ပုံရ၏။
ထို့နောက် ယုံကြည်မှုအပြည့်ဖြင့် အသံတစ်ခု ထွက်ပေါ်လာတော့သည်။
"စိတ်ချပါ အကြီးအကဲတို့"
"ကျုပ် အရင်က ပြောခဲ့သလိုပဲ... ကျွင်းရှောင်ယောက်က ကောင်းကင်ကိုးပါးကို လာဝံ့ရင် ကောင်းကင်ရဲ့အမြင့်က ဘာလဲဆိုတာ သူသိအောင် ပြောပြပေးမယ်"
"ဒါပေမဲ့ ဒီမတိုင်ခင်မှာတော့ ဓားသင်္ချိုင်းကို သွားဖို့လိုသေးတယ်"
"ကောင်းပြီ ဓားဧကရာဇ်၊ မင်းရဲ့အင်အားကို အရင်မြှင့်တင်ပါ"
"ကျွင်းရှောင်ယောက်က ကောင်းကင်အဓိပတိငယ်ပဲ"
"ငါတို့ရဲ့ လေ့ကျင့်သင်ကြားမှုနဲ့ အလင်းဝင်ပေါက်ခုနစ်ခု ကျောက်သန္ဓေကို တစ်ခုထက်ပိုပြီး သန့်စင်ပြီးနောက် မင်းရဲ့ခွန်အားက မဟာကောင်းကင်အဓိပတိအဆင့်ကို ရောက်သင့်တယ်"
"ဓားသင်္ချိုင်းမှာ မင်းလိုအပ်တဲ့ အခွင့်အရေးလည်း ရှိသေးတယ်။ မင်းရဲ့ခွန်အားတွေ ပိုတိုးလာတဲ့အခါ ကျွင်းရှောင်ယောက်ကို မင်းရဲ့ဆန္ဒအတိုင်း ဖိနှိပ်နိုင်တယ်။ ဒီအခါကျရင် ကျွင်းမိသားစုက ဘာပြောမလဲဆိုတာ ကြည့်ကြသေးတာပေါ့"
မြင့်မြတ်ဝိညာဉ်အပျက်အယွင်းမှ ပုဂ္ဂိုလ်ကြီးတစ်ဦးက ပြောလိုက်သည်။
"ကောင်းပါပြီ"
အသံရှင်က ပြောလိုက်သည်။
ဓားဧကရာဇ်၏သားတော်က မြင့်မြတ်ဝိညာဉ်အပျက်အယွင်း၏ ထိပ်သီး ပါရမီရှင် နှစ်ဦးအနက်မှ တစ်ဦးဖြစ်သည်။ သူ၏ မူလဇာစ်မြစ်က အလွန်ထူးခြား၏။
သူ့စွမ်းအားက ကြီးမားသည်။ ထို့ထက်၊ သူ၏ ဓားရေးက ပို၍နက်နဲပြီး ကောင်းကင်ကိုးပါး၏ မျိုးဆက်သစ်တွင် မည်သူမျှ သူ့ကိုမယှဉ်နိုင်ပေ။
ယခုအချိန်တွင်၊ ကျွင်းရှောင်ယောက်အပေါ် မကျေလည်တာက မြင့်မြတ်ဝိညာဉ်အပျက်အယွင်းချည်း မဟုတ်ပါ။
ကောင်းကင်ကိုးပါးရှိ နောက်ထပ်တားမြစ်နယ်မြေတစ်ခုဖြစ်သော ဧကရာဇ်ကြွေလွင့်တောင်တွင်...
ရှေးဟောင်းတောင်များက လေထဲတွင် ဆိုင်းငံ့လျက် တည်ရှိနေကြသည်။
တောင်တစ်လုံးစီက ကောင်းကင်နှင့်မြေပြင်ကို ထောက်ပံ့ထားသော နတ်ဘုရားတိုင်တစ်လုံးကဲ့သို့ဖြစ်ပြီး မီတာသန်းနှင့်ချီကာ မြင့်မားကြပေသည်။
၎င်းက ကြီးမားခြင်း၊ အရှိန်အဝါကြီးခြင်းနှင့် လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်တို့ကို ဖြန့်ကျက်ထားသည်။
ဧကရာဇ်ဧကရာဇ်ကြွေလွင့်တောင်ကလည်း မည်သူမျှ မချိုးဖောက်ဝံ့သော တားမြစ်နယ်မြေတစ်ခု ဖြစ်ပင်။
ဧကရာဇ်ကြွေလွင့်တောင်၏ နက်နဲရာမှာ...
ခရမ်းရောင် တောင်တစ်လုံးကို လေထဲတွင် ဆိုင်းငံ့ထာူသည်။
စင်စစ်တွင်၊ ဤခရမ်းရောင်တောင်ကို အာဒိကပ္ပကျောက်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၏။
အာဒိကပ္ပကျောက်က စကြာဝဠာအစတွင် မွေးဖွားလာခဲ့သည့် နတ်ဘုရားပစ္စည်းတစ်မျိုး ဖြစ်သည်။
၎င်းက အာဒိကပ္ပချီဖြင့် စွန်းထင်းနေပြီး အလွန်ရှားပါးပေသည်။
ကစဉ့်ကလျားကျောက်ကဲ့သို့ပင် ၎င်းကလည်း တစ်ခုရှာတွေ့နိုင်ရန် ခက်ခဲသည်။
ရလဒ်အနေဖြင့်၊ အာဒိကပ္ပကျောက်က ယခုအခါ မီတာတစ်ရာမြင့်မားသော ခရမ်းရောင်တောင်တစ်လုံးအဖြစ် ရှိနေပြီ။
ဤမှနေ၍ ဧကရာဇ်ကြွေလွင့်တောင်၏ အခြေခံအုတ်မြစ်က မည်မျှထိတ်လန့်စရာကောင်းသည်ကို မြင်တွေ့နိုင်လိမ့်မည်။
ကောင်းကင်ကိုးပါးရှိ တားမြစ်နယ်မြေ ဆယ်ခုတွင် တစ်ခုမှ အားမနည်းကြဘဲ ၎င်းတို့အားလုံးက အံ့သြဖွယ်ကောင်းသော အခြေခံအုတ်မြစ်များ ရှိကြသည်ဟု ဆိုနိုင်သည်။
အင်မော်တယ်နယ်မြေကြီးမှာဆိုလျှင် သူတို့က အုပ်စိုးရှင်အဆင့် တည်ရှိမှုများ ဖြစ်ကြမည်မှာ သေချာပေသည်။
ဒဏ္ဍာရီနယ်မြေတခွင်ကို ကြည့်လိုက်ရင်၊ သူတို့ဟာ သခင်အဆင့် တည်ရှိနေမှာ သေချာပါတယ်။