အခန်း ၁၃၉၉
Vol. 94 Ch. 1399
အခန်း ( ၁၃၉၉ ) ရဲ့ကူချန်၏ အတွေ့အကြုံများ။
ရဲ့ကူချန်က ရှေးဟောင်း ရဲ့မိသားစု၏ ထွတ်မြတ် ပါရမီရှင် ဖြစ်သည်။
ကျွင်းရှောင်ယောက်ကဲ့သို့ပင် သူသည် တစ်ချိန်က ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီး၏ အပြောင်မြောက်ဆုံး ပါရမီရှင်တစ်ဦး ဖြစ်ခဲ့ပေသည်။
မူလက သူသည် ရှေးဟောင်းဓားနတ်ဆိုး လူပြန်ဝင်စားသူ ဖြစ်သည်။
သို့သော်လည်း သူ၏ အတိတ်ဘဝကို ဖြတ်တောက်ကာ စစ်မှန်သော သူ့ကိုယ်သူ ပြန်လည်ပုံဖော်ခဲ့ပေသည်။
ယခု ရဲ့ကူချန်သည် မည်သူတစ်ဦးတစ်ယောက်၏ လူဝင်စားသူမှ မဟုတ်တော့ပါ။ သူက သူ့ကိုယ်တိုင်သာ ဖြစ်သည်။
သူ၏ အကျော်ကြားဆုံး တိုက်ပွဲကတော့ ကျွင်းရှောင်ယောက်နှင့် တိုက်ပွဲပင်။
၎င်းက ဘုရင်နှင့် ဘုရင်ကြားမှ တိုက်ပွဲဖြစ်သည်။
ထိုတိုက်ပွဲတွင် ရဲ့ကူချန်က သူကိုယ်တိုင်ဖန်တီးထားသော ဓားသိုင်းဖြစ်သည့် နတ်ဘုရားအားလုံး၏ ကပ်ဘေးဒုက္ခကို အသုံးပြုခဲ့၏။
ကျွင်းရှောင်ယောက်ကလည်း ကိုယ်တိုင်ဖန်တီးထားသော နတ်ဘုရားသိုင်း ကမ္ဘာဦးကျမ်းကို အသုံးပြုခဲ့သည်။
ဒါက မျိုးဆက်သစ်လူငယ်များကြားမှ ကြီးကျယ်ခမ်းနားသော တိုက်ပွဲတစ်ခုပင်။
နောက်ဆုံးတွင် ရဲ့ကူချန်က ရှုံးနိမ့်ခဲ့သော်လည်း ဂုဏ်သိက္ခာရှိခဲ့သည်။
ကျွင်းရှောင်ယောက်ကိုယ်တိုင်ပင် လွန်စွာ သဘောကျပြီး လေးစားခဲ့ရပေသည်။
နောက်ပိုင်းတွင်၊ သူက ရဲ့ကူချန်၏ တည်နေရာကို သိလိုသောကြောင့် ရှေးဟောင်းရဲ့မိသားစုကိုပင် အထူးတလည် သွားခဲ့သည်။
ထိုအချိန်တွင်၊ ရဲ့မိသားစုက ရဲ့ကူချန်သည် အဆုံးစွန်ရှေးဟောင်းလမ်းပေါ်ရှိ ရှန်းရွှီအပျက်အယွင်းမှ ဖြစ်ရပ်များ ပြီးဆုံးပြီးနောက် ပျောက်ကွယ်သွားကြောင်း ပြောခဲ့သည်။
သူက ရဲ့မိသားစုသို့ ပြန်မလာသလို အင်မော်တယ်အကယ်ဒမီကိုလည်း မသွားခဲ့ပေ။
သူ ဘယ်နေရာကို ရောက်ရှိသွားမှန်း မည်သူမျှမသိပါ။
သို့သော်လည်း သူ၏ အသက်ကျောက်ပြားက မပျက်စီးသောကြောင့် အသက်အန္တရာယ်တော့ ကင်းရှင်းသေးကြောင်း သိရှိထားခဲ့သည်။
ရဲ့ကူချန်က ယခု ကောင်းကင်ကိုးပါးတွင် ပေါ်လာမည်ဟု မည်သူကထင်ထားခဲ့မည်နည်း။
ဝတ်စုံနက်ကို ဝတ်ဆင်ထားပြီး သွေးစွန်းနေသော ဧကရာဇ်သတ်ဓားကို လွယ်ပိုးထားသည့် သူ့အသွင်က အေးစက်ကာ အထီးကျန်ဝံပုလွေတစ်ကောင်လို ခံစားရစေသည်။
သို့သော်လည်း ယခုအချိန်တွင် သူက တစ်ယောက်တည်းမဟုတ်တော့ပါ။
သူ့ဘေးနားတွင် အမျိုးသမီးတစ်ယောက် ရှိနေသည်။
ထိုအမျိုးသမီးက နှင်းဖြူပိုးထည်ဝတ်စုံကို ၀တ်ဆင်ထားပြီး သူမ၏ရုပ်သွင်က ကြော့ရှင်းလှပသည်။
သူ့ဆံပင်များက မဟူရာရောင် တောက်ပနေပြီး သူ့မျက်နှာကလည်း လမင်းကဲ့သို့ ကြည်လင်ဝင်းပ၏။ မျက်ခုံးမျက်ဖန်ကောင်းပြီး မျက်လုံးအစုံက တောက်ပနေသည်။
သူက အမှန်တကယ် လှပသော မိန်းမလှတစ်ဦးပင်။
ဤမိန်းမလှမျိုးကို ရင်ဆိုင်ရလျှင် အမျိုးသား တော်တော်များများ ဆွဲဆောင်ခံရမည် ဖြစ်သည်။
သို့သော်လည်း ရဲ့ကူချန်၏ အမူအရာက အပြောင်းအလဲမရှိဘဲ သူ့မျက်လုံးများမှာလည်း တုန်လှုပ်မှုမရှိပေ။
"မင်း ကျုပ်နောက်ကို ဘာဖြစ်လို့လိုက်နေတာလဲ"
ရဲ့ကူချန်က ပြောလိုက်သည်။
"ကျွန်မ ရှင်နဲ့အတူ ဓားသင်္ချိုင်းကို သွားမယ်"
မိန်းမလှလေးက ပြုံးသည်။
"မင်းက ဓားသမားလည်း မဟုတ်ဘဲနဲ့ ဘာဖြစ်လို့ ဓားသင်္ချိုင်းကို သွားချင်ရတာလဲ"
ရဲ့ကူချန်က လျစ်လျူရှုစွာ ပြောလိုက်၏။
ဒါက တကယ်ကို သာမာန်လူရိုးကြီးတစ်ယောက်၏ မေးခွန်းမျိုး ဖြစ်သည်။
"ဘာလဲ ကျွန်မက လိုက်လို့မရဘူးလား၊ ရှင့်အသက်ကို ကျွန်မကယ်ခဲ့တယ်ဆိုတာ မမေ့နဲ့ဦး"
မိန်းကလေးက ရွှတ်နောက်နောက် ပြုံးလိုက်သည်။
ရဲ့ကူချန်က တိတ်ဆိတ်သွားသည်။
ထိုအချိန်က အဆုံးစွန်ရှေးဟောင်းလမ်း ပြီးဆုံးသွားသည့်နောက်...
အခြား ပါရမီရှင်များနှင့် မတူဘဲ ရဲ့ကူချန်သည် အင်မော်တယ်အကယ်ဒမီသို့ ပညာသင်ရန် ပြန်မသွားခဲ့ပေ။
ဒါ သူ့အတွက် မလိုအပ်ပါ။
သူသည် အတိတ်နှင့် အဆက်အသွယ်ဖြတ်ထားသော်လည်း ဓားနတ်ဆိုးအဖြစ် သူ၏ ကျင့်ကြံမှုအတွေ့အကြုံ အမျိုးမျိုးကို သူ့စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားသည်။
ထို့ကြောင့် ရဲ့ကူချန်က အခွင့်အလမ်းများကို ရှာဖွေပြီး သူ့ကိုယ်ပိုင်လမ်းကြောင်းအတိုင်း လိုက်ရန်သာလိုသည်။
နောက်ပိုင်းတွင် မထင်မှတ်ထားသော ဖြစ်ရပ်တစ်ခုအတွင်း...
ရဲ့ကူချန်သည် ဟင်းလင်းပြင်အက်ကြောင်းတစ်ခုထဲကို အတင်း တွန်းပို့ခံခဲ့ရပေသည်။
သူနိုးလာသောအခါ စစ်ထူရွယ် အမည်ရှိ အမျိုးသမီးတစ်ဦးကို သူ့ရှေ့တွင် တွေ့လိုက်ရသည်။
နောက်ပိုင်းတွင်၊ ရဲ့ကူချန်က ကောင်းကင်ကိုးပါးသို့ အမှတ်တမဲ့ ရောက်ရှိလာခဲ့ကြောင်း သိလိုက်ရလေသည်။
နောက်ပိုင်းကာလများတွင်၊ ရဲ့ကူချန်က စစ်ထူရွယ်၏ မိသားစုတွင် နေထိုင်ခဲ့သည်။
စစ်ထူရွယ်၏ မိသားစုက စစ်ထူမိသားစုပင်။
စစ်ထူမိသားစုက ပြန်လည်ဝင်စားခြင်းပင်လယ်၏ ကွပ်ကဲမှုအောက်မှ တားမြစ်မိသားစု ဖြစ်သည်။
အချိန်အတော်ကြာ အတူတကွ ဖြတ်သန်းပြီးနောက်၊ စစ်ထူရွယ်က အမြဲတမ်း အေးစက်သော မျက်နှာထားရှိပြီး တစ်ခါတစ်ရံ အနည်းငယ် ခေါင်းမာပုံပေါ်သည့် ဤလူကို သိချင်စိတ်တို့ ပိုလာသည်။
ထို့ပြင် ရဲ့ကူချန်က ကျင့်ကြံခြင်းတွင် အလွန်အားထုတ်ပြီး တစ်ခါမျှ မပျင်းရိခဲ့ပေ။ ထို့ကြောင့် တစ်ကြိမ်တွင် သိလိုစိတ်ဖြင့် မေးခဲ့သည်။
ရဲ့ကူချန်က ရိုးရိုးလေး ပြန်ပြောခဲ့၏။
သူ့နှလုံးသားထဲတွင် ပစ်မှတ်ထားရသော ပြိုင်ဘက်တစ်ယောက် ရှိသည်။
ဒါက ဤတစ်သက်တာတွင် သူ ကျော်ဖြတ်ချင်သော ပြိုင်ဘက်ပင်။
ရဲ့ကူချန်က ထိုစကားများကို ပြောနေချိန်တွင် သူ့မျက်လုံးများက လေးနက်သည်။
အချိန်ကြာလာသည်နှင့်အမျှ စစ်ထူရွယ်သည် ရဲ့ကူချန်အပေါ် သံယောဇဉ်ပိုလာခဲ့ပေသည်။
ရဲ့ကူချန်က ခိုင်မာပြတ်သားသော ဇွဲ၊ လုံ့လ၊ မယိမ်းယိုင်သော ယုံကြည်ချက်တို့ဖြင့် စစ်ထူမိသားစု၏ သခင်မလေးတစ်ဦး၏ နှလုံးသားကို အပိုင်သိမ်းနိုင်ခဲ့သည်။
ထို့ကြောင့် ဓားသင်္ချိုင်းဖွင့်ကြောင်း သတင်းကြား၍ ရဲ့ကူချန်က သွားလိုသောအခါ စစ်ထူရွယ်ကလည်း နောက်မှလိုက်ရန် အခိုင်အမာ ပြောခဲ့သည်။
"မင်းက ကျုပ်အသက်ကို ကယ်တင်ခဲ့တာကြောင့် ဒီကျေးဇူးကို သေချာပေါက် ပြန်ပေးဆပ်မှာပါ။ ဒါပေမဲ့ အခုက..."
ရဲ့ကူချန်က အနည်းငယ် တုံ့ဆိုင်းသွားသည်။
"ဘာလဲ၊ ကျွန်မက ရှင့်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေမယ်လို့ ထင်လို့လား"
"ရဲ့ကူချန်၊ ရှင်က တကယ်ကို ထူးချွန်ပါတယ်။ ဒီအသက်အရွယ်နဲ့ ဒီလောက်တောင် အစွမ်းထက်နေပြီ"
"ဒါပေမဲ့ ရှင်က ကောင်းကင်ကိုးပါးမှာ တစ်ဦးတည်းသော မဟာကောင်းကင်အဓိပတိ မဟုတ်ဘူး"
"ကောင်းကင်နဂါးနဲ့ဖီးနစ်စာရင်းရဲ့ ထိပ်တန်းဆယ်ယောက်မှာ အားလုံးနီးပါးက မဟာကောင်းကင်အဓိပတိအဆင့် ကျင့်ကြံမှုရှိတယ်"
"မြင့်မြတ်ဝိညာဉ်အပျက်အယွင်းက ဓားဧကရာဇ်ရဲ့သားတော်လည်း ရှိသေးတယ်။ သူကလည်း ဓားသင်္ချိုင်းကို သွားနေတယ်။ အခွင့်အလမ်းကောင်းတစ်ခုမှာ သူနဲ့ မလွှဲမရှောင်သာ ရင်ဆိုင်ရလိမ့်မယ်"
စစ်ထူရွယ်က ပြောလိုက်သည်။
ရဲ့ကူချန်အတွက် သူ စိတ်ပူနေမိ၏။
"ဓားဧကရာဇ်ရဲ့သားတော်လား၊ သိပ်ကောင်းတယ်။ ကျုပ်ရဲ့ ဧကရာဇ်သတ်ဓားက ကောင်းကောင်းမလှုပ်ရှားဖြစ်တာ ကြာပြီ"
ရဲ့ကူချန်ကတော့ လုံးဝ စိတ်မပူပါ။ ဆန့်ကျင်ဘက်အနေဖြင့် သူက တော်တော်လေး ကျေနပ်သွားသည်။
သူ့နောက်ကျောမှ ဧကရာဇ်သတ်ဓားကလည်း ဓားမြည်သံတစ်ချက်ကို ထုတ်လွှတ်ခဲ့လေသည်။
အကြောင်းတစ်ခုခုကြောင့် ရဲ့ကူချန်သည် ဓားသင်္ချိုင်းသို့ သွားရမည်ဟု ခံစားခဲ့ရသည်။
ဒါက မသိစိတ်၏ စေ့ဆော်မှုတစ်ခုပင်။
ထို့ပြင်၊ ဓားသင်္ချိုင်းမှ အခွင့်အလမ်းများက သူကဲ့သို့ ဓားသမားတစ်ဦးအတွက် အသင့်တော်ဆုံး ဖြစ်သည်။
"ဒါပေမဲ့ သူက ရှင်နဲ့ရင်ဆိုင်ဖို့တော့ သိပ်မရှိနိုင်ပါဘူး။ ဓားဧကရာဇ်သားတော်ရဲ့ အဓိကပစ်မှတ်က အင်မော်တယ်နယ်မြေကြီးရဲ့ ကျွင်းမိသားစုက ကျွင်းရှောင်ယောက် ဖြစ်ပုံရတယ်"
စစ်ထူရွယ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ဘာ၊ ကျွင်းရှောင်ယောက်လား"
ရဲ့ကူချန်၏ မျက်လုံးများက နတ်အလင်းများဖြင့် လင်းလက်သွားသည်။ သူသည် စစ်ထူရွယ်၏ပုခုံးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး စူးစိုက်ကြည့်လိုက်၏။
ရဲ့ကူချန်က ကျင့်ကြံမှုတွင် နှစ်မြုပ်နေခဲ့သောကြောင့် ပြင်ပကမ္ဘာမှ မည်သည့်သတင်းကိုမျှ သူ မသိရှိခဲ့ပေ။
ဓားသင်္ချိုင်းကို ဖွင့်လှစ်သည့် သတင်းမှာလည်း စစ်ထူရွယ်က သတိပေးခဲ့ခြင်း ဖြစ်သည်။
"ရဲ့ကူချန်၊ ရှင်ဘယ်လိုဖြစ်တာလဲ"
စစ်ထူရွယ်က အော်ပြောလိုက်သည်။ သူ့မျက်နှာက နီမြန်းသွား၏။
ရဲ့ကူချန်က အမြဲတမ်း အေးစက်စွာ နေလေ့ရှိသည်။
ကျွင်းရှောင်ယောက်၏ နာမည်ကို ကြားလိုက်ရရုံဖြင့် အဘယ်ကြောင့် ပြင်းပြင်းထန်ထန် တုံ့ပြန်သနည်း။
"ဟားဟားဟား၊ အံ့သြစရာပဲ။ ရွယ်အာ... ကျုပ် အမြဲတမ်း ကျော်ဖြတ်ချင်ခဲ့တဲ့ ပြိုင်ဘက်က ဘယ်သူလဲဆိုတာ မင်းသိလား"
ရဲ့ကူချန်၏ မျက်လုံးများက အားကောင်းသော တိုက်ခိုက်လိုစိတ်တို့ဖြင့် တောက်ပနေသည်။
"ဟုတ်ပါတယ်"
ရဲ့ကူချန်က သူမကို ရွယ်အာဟု ပထမဆုံးအကြိမ်ခေါ်ဝေါ်ခြင်း ကြားလိုက်ရပြီးနောက် စစ်ထူရွယ်မှာ ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။
သို့သော်လည်း အခြေအနေကို သိလိုက်ပြီးနောက် သူ့မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင်တို့ ပေါ်လာတော့သည်။
"ဟုတ်တယ်၊ ဒါက ကျွင်းရှောင်ယောက်ပဲ"
ရဲ့ကူချန်က ပြုံးပြီး ပြောလိုက်သည်။
သူနှင့် ကျွင်းရှောင်ယောက်တို့က ပြိုင်ဘက်များ ဖြစ်သည်။
သို့သော်လည်း တစ်ချိန်တည်းမှာပင်၊ အပြန်အလှန်လေးစားမှုမျိုး ရှိပေသည်။
ကျွင်းရှောင်ယောက်၏ ခရီးတစ်လျှောက်တွင် ရဲ့ကူချန်က ပြိုင်ဘက်မှ သူငယ်ချင်းအဖြစ်သို့ ပြောင်းလဲနိုင်သည့် တစ်ဦးတည်းသောပုဂ္ဂိုလ် ဖြစ်ပုံရသည်။
"ဒါပေမဲ့ အခုချိန်မှာ ကျွင်းရှောင်ယောက်က အခက်ကြုံနေပုံရတယ်။ ဓားဧကရာဇ်ရဲ့သားတော်၊ ဟွင်းဝမ်နဲ့ ကောင်းကင်နဂါးနဲ့ ဖီးနစ်စာရင်းက အခြားထိပ်တန်း ပါရမီရှင်တွေကလည်း သူ့ကို ပစ်မှတ်ထားနေပြီ"
စစ်ထူရွယ်က ပြောလိုက်သည်။
ဤစကားကို ကြားသောအခါ အလွန်ထက်မြက်သော ဓားစိတ်ဆန္ဒတို့က ရဲ့ကူချန်၏ မျက်လုံးများတွင် တောက်ပလာသည်။
"ကျွင်းရှောင်ယောက်က ကျုပ်ရဲ့ ပြိုင်ဘက်တစ်ယောက်ပဲ။ ဒီလို ပြိုင်ဘက်မျိုးက တစ်သက်မှာ ရှားရှားပါးပါး ရှာတွေ့ခဲတယ်"
"ကျွင်းရှောင်ယောက်ကို ထိချင်ရင် ကျုပ်ရဲ့ဓားကို အရင်မေးရလိမ့်မယ်"
ဤအခိုက်အတန့်တွင်၊ ရဲ့ကူချန်က ဓားနတ်ဆိုး၏ လူဝင်စားခြင်းအဖြစ် သူ၏ ပြတ်သားပြီး ရက်စက်ကြမ်းကြုတ်သော စိတ်ဓာတ်ကို အနည်းငယ် ထုတ်ဖော်ပြသလာခဲ့သည်။
"ရှင်၊ တကယ်ပဲ..."
စစ်ထူရွယ်က အကူအညီမဲ့စွာ ခေါင်းယမ်းလိုက်သည်။
ရဲ့ကူချန်ကို ဤမျှ စွဲလန်းစေသော ပြိုင်ဘက်မျိုးက မည်သူဖြစ်မလဲဟု သူ အမြဲသိချင်ခဲ့သည်။
ယခုတော့ သူ နားလည်ခဲ့ပြီ။
ထို့နောက်တွင် ရဲ့ကူချန်နှင့် စစ်ထူရွယ်တို့က ဓားသင်္ချိုင်းသို့ အတူတကွ ခရီးဆက်ခဲ့ကြသည်။
တစ်ဖက်တွင်...
ကျွင်းရှောင်ယောက်က ရထားပေါ်တွင် အေးအေးဆေးဆေး ထိုင်နေသည်။
ရှုံးဝမ်နှင့် ရှားဘုရင်တို့က ဓားသင်္ချိုင်းရှိရာသို့ တိုက်ရိုက်သွားနေသောကြောင့် သူ အာရုံစိုက်နေရန် မလိုပေ။
လဝက်ကြာပြီးနောက်...
ကျွင်းရှောင်ယောက်၏ရှေ့တွင် ဧရာမ ဓားကြီးတစ်လက် ပေါ်လာသည်။
ထိုဓားက ကောင်းကင်နှင့်မြေပြင်၏ အမှတ်အသားဟု ထင်မှတ်ရသည့် ဧရာမဓားကြီး ဖြစ်၏။ ထိုဓားကြီးကို ဗဟိုပြုကာ မြို့တစ်မြို့ကိုလည်း တည်ဆောက်ထားသေးသည်။
ယခုအချိန်တွင်၊ ထိုမြို့မှာ ဓားသင်္ချိုင်းတွင်လေ့ကျင့်ရန် ရောက်ရှိလာသော ပါရမီရှင်များဖြင့် ပြည့်နေသည်။
"ဒါက ဓားတောင်မြို့တော်လား။ ဓားသင်္ချိုင်းဖွင့်မဲ့အချိန်ကို ဒီနေရာမှာ စောင့်ရမယ်ထင်တယ်"
ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။
ဓားသင်္ချိုင်းကို ဖွင့်လှစ်ရန် အချိန်အနည်းငယ် လိုသေးသည်။
ဓားသင်္ချိုင်းနှင့် အနီးဆုံးဖြစ်သော ဓားတောင်မြို့တော်က အခြေချနေထိုင်ရန် အကောင်းဆုံးနေရာ ဖြစ်သည်။
ထိုအချိန်တွင်၊ သူက ဓားတောင်မြို့တွင်း၌ ရင်းနှီးသော ရင်းနှီးသော အငွေ့အသက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
"ဟမ်၊ အဲဒါက သူပဲ"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူမသည်လည်း ကောင်းကင်ကိုးပါးကို ရောက်လာရန် မမျှော်လင့်ထားပေ။