အခန်း ၁၄၀၀
Vol. 94 Ch. 1400
အခန်း ( ၁၄၀၀ ) အသိအကျွမ်းဟောင်း ရန်ယုမန်။
ဓားတောင်မြို့တော်တွင် လူများဖြင့် စည်ကားနေသည်။ အရပ်ရပ်မှ ထူးချွန်သူများကလည်း အဆက်မပြတ် ရောက်လာနေ၏။
မြို့လယ်တွင် ဓားသင်္ချိုင်းမှ အကျော်အမော်တစ်ဦး ချန်ထားရစ်ခဲ့သော ဧရာမဓားကြီးတစ်စင်း ရှိသည်။
ယနေ့အချိန်ထိ၊ ၎င်းက ဓားသမား အများအပြားကို ဆွဲဆောင်နိုင်သော အထွတ်အမြတ်နေရာတစ်ခု ဖြစ်နေသေးသည်။
လက်ရှိ၊ ထိပ်တန်းဓားသမားတချို့မှာ ဤဓားကြီးမှ ဓားပညာအမျိုးမျိုးကို နားလည်သဘောပေါက်ခဲ့ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ၊ ဧရာမဓားကြီးတစ်ဝိုက်က ဓားတော်မြို့တော်က စည်ကားလာသလို ကောင်းကင်ကိုးပါးရှိ အခွင့်အလမ်းနေရာတစ်ခုလည်း ဖြစ်လာခဲ့ပေသည်။
ဟုတ်သည်၊ ဓားသင်္ချိုင်းအတွင်းမှ အခွင့်အလမ်းများနှင့် နှိုင်းယှဉ်လျှင်တော့ ဓားတောင်မြို့တော်ဟာ ဘာမှမဟုတ်ပေ။
ထို့ကြောင့် ဓားတောင်မြို့တော်က အရပ်ရပ်မှ ပါရမီရှင်များအတွက် နားခိုရာနေရာတစ်ခု ဖြစ်လာခဲ့သည်။
ထိုအချိန်၊ ဓားတောင်မြို့တော်ထဲတွင်...
လှပသော ရုပ်ပုံလွှာတစ်ခုက လူငယ်များစွာ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။
သူက ပြီးပြည့်စုံသော မျက်နှာသွင်ပြင်ဖြင့် ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးဖြစ်သည်။
သူသည် မိုးမခသစ်ရွက်ပမာမျက်ခုံး၊ ကြည်လင်တောက်ပသော မျက်လုံး၊ ဖြောင့်စင်းသော နှာတံနှင့် အနီရောင် နှုတ်ခမ်းသားတို့အပြင် ပုလဲလုံးသဖွယ် သွားညီညီလေးများလည်း ရှိသေးသည်။
တိုင်းပြည်များကို ပြိုပျက်စေနိုင်သော ဆွဲဆောင်မှုတစ်ခုကိုပင် ပိုင်ဆိုင်ထားသည်။
သို့သော်လည်း ထိုအမျိုးသမီးတွင် အထူးခြားဆုံးအရာက အထက်ပါ အလှတရားများ မဟုတ်ပါ။ ၎င်းမှာ ဆင်စွယ်ကဲ့သို့ ဖြူဝင်းပြီး ရှည်လျားသော ခြေတံအစုံ ဖြစ်သည်။
ဤအမျိုးသမီးက ရန်ယုမန်မှတပါး အခြားမဟုတ်ပေ။
"အဲဒီမိန်းကလေးက ဘယ်သူလဲဟ။ ဘယ်အင်အားစုကနေ လာတာလဲ။ သူ့ရဲ့ ရုပ်ရည်နဲ့ စိတ်နေစိတ်ထားတို့က အံ့မခန်းဖြစ်ပေမဲ့ ကောင်းကင်ကိုးပါးမှာ မကြားဖူးဘူး"
"အမှန်ပဲ၊ ဒီလိုထူးကဲတဲ့ အမျိုးသမီးတစ်ယောက်မှာ ထူးခြားတဲ့ နောက်ခံရှိသင့်တယ်။ ဒါပေမဲ့ သူ့အကြောင်းကို ကောင်းကင်ကိုးပါးမှာ မကြားမိဘူး"
"သူက ကောင်းကင်ကိုးပါးရဲ့ ပါရမီရှင်တစ်ဦး ဖြစ်မယ်ထင်တယ်။ မကြာသေးခင်က အင်မော်တယ်နယ်မြေကြီးရဲ့ ပါရမီရှင်တချို့ကို ကောင်းကင်ကိုးပါးကို ခေါ်ဆောင်ခဲ့တယ်"
"အင်း၊ ဒီလိုဆိုရင်တော့ အဓိပ္ပာယ်ရှိပါတယ်"
"အင်မော်တယ်နယ်မြေကြီးကနေ ကောင်းကင်ကိုးပါးကို တစ်ယောက်တည်း လာဝံ့တာကတော့ သိုးလေးတစ်ကောင်တည်း ခရီးထွက်လာသလိုပဲ၊ ဟီးဟီး"
ပါရမီရှင်လူငယ်အချို့က ရန်ယုမန်ကို စိုက်ကြည့်လိုက်ကြသည်။
သူတို့မျက်လုံးမှာတော့ ထူးခြားသော အရိပ်အယောင်များ ရှိနေကြ၏။
၎င်းက ရန်ယုမန်ကို အနည်းငယ် မျက်မှောင်ကြုတ်သွားစေသည်။
နတ်ဆိုးဧကရီလေး၏ ခေါ်ဆောင်မှုကြောင့်သာမဟုတ်လျှင် ရန်ယုမန်က ကောင်းကင်ကိုးပါးသို့ လာရောက်ရန် အမှန်တကယ် ဝန်လေးသည်။
သို့သော်လည်း ကောင်းကင်ကိုးပါး၏ ကျင့်ကြံမှုပတ်ဝန်းကျင်က အင်မော်တယ်နယ်မြေကြီးထက် များစွာ သာလွန်တာကို သူဝန်ခံရမည်။
ယခုတစ်ကြိမ်တွင် သူက ဓားသင်္ချိုင်းရှိ အခွင့်အလမ်းများအကြောင်း ကြားသိရသောကြောင့် ကံစမ်းရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ရန်ယုမန်က သူမ၏ ကိုယ်ပိုင်ကျက်သရေကို လျှော့တွက်မိခဲ့သည်။
သူမ၏ ခရီးတစ်လျှောက်မှာ စိတ်အနှောက်အယှက်ဖြစ်စေသော ယင်ကောင်အချို့ကို ကြုံတွေ့ခဲ့ရပေသည်။
ဤအကြောင်းများကို တွေးမိသောအခါ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူရုပ်သွင်တစ်ခုက ရန်ယုမန်၏ စိတ်ထဲတွင် ပေါ်လာသည်။
သူနှင့် ကျွင်းရှောင်ယောက်တို့က အဆုံးစွန်ရှေးဟောင်းလမ်းကို အတူ ဖြတ်သန်းခဲ့ပုံများကို ပြန်လည်အမှတ်ရမိ၏။
ထိုအချိန်က ထိုယင်ကောင်များကို ဖယ်ရှားရန်အတွက် ကျွင်းရှောင်ယောက်သည် သူမ၏ခင်ပွန်းဖြစ်ကြောင်း ရိုးရိုးရှင်းရှင်း ပြောခဲ့သည်။
ဒါက ရိုးရိုးလေးပြောလိုက်ခြင်းဖြစ်သော်လည်း...
ထိုအချိန်ကစလို့ ကျွင်းရှောင်ယောက်အပေါ် သူမ၏ ခံစားချက်များက သိမ်မွေ့စွာ ပြောင်းလဲသွားသည်ဟု ဆိုရမည်။
နောက်ပိုင်းတွင်၊ ကျွင်းရှောင်ယောက်က ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးသို့ ပြန်သွားခဲ့ပြီး ကျန်းစန်းယီ၊ ကျန်းလော့လီတို့နှင့် စေ့စပ်တော့မည်ကို သူ သိလိုက်ရသောအခါ...
ကျွင်းရှောင်ယောက်အတွက် သူ ပျော်ရွှင်ခဲ့သည်။
သို့သော်လည်း၊ ထူးဆန်းသော ဆုံးရှုံးမှု၊ လွမ်းဆွေးမှုနှင့် သိမ်မွေ့သော နာကျင်ခြင်းတို့က သူ့ရင်ထဲဝယ် ဖြစ်ပေါ်လာရသည်။
ထို့ကြောင့် ထိုအချိန်တွင် ရန်ယုမန်က ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
အများကြီး မဖြစ်ပျက်လာခင် ကျွင်းရှောင်ယောက်ကို သူ့နှလုံးသားထဲမှာ မြှုပ်နှံထားလိုက်တော့မည်။
သူတစ်ဦးတည်းပိုင်သော လှပသောလျှို့ဝှက်ချက်အဖြစ် သိမ်းဆည်းထားလိုက်တော့မည် ဖြစ်သည်။
ထို့ကြောင့် နောက်ပိုင်းတွင် နတ်ဆိုးဧကရီလေးက သူမကို ကောင်းကင်ကိုးပါးသို့ ခေါ်သွားမည်ဟု ဆိုလာသောအခါ ရန်ယုမန် သဘောတူခဲ့သည်။
ဤနည်းဖြင့် ကျွင်းရှောင်ယောက်နှင့် ပိုဝေးကွာသွားပြီး သူ့ကို အမြဲသတိရနေစရာ မရှိတော့ပေ။
ကောင်းကင်ကိုးပါးသို့ ရောက်လာပြီးနောက် ရန်ယုမန်က အလွန်နိမ့်ကျသောပုံရိပ်ကို ထိန်းသိမ်းထားခဲ့သည်။
သူ့ကို မည်သူမျှမသိသလို သူကလည်း သတင်းအချက်အလက်များကို သိပ်မသိပေ။
နတ်ဆိုးဧကရီလေးကတော့ သူမကို ကောင်းကင်ကိုးပါးသို့ ခေါ်ဆောင်လာပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။ သူ ဘယ်နေရာကို ထွက်ခွာသွားမှန်း မည်သူမျှမသိပေ။
ထို့ကြောင့်၊ ကျွင်းရှောင်ယောက်က ကောင်းကင်ကိုးပါးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ရန်ယုမန် မသိသေးပါ။
ဤအခိုက်တွင်၊ ပတ်ဝန်းကျင်မှ စူးရဲသော အကြည့်များကြောင့် ရန်ယုမန်က အနေရခက်လာကာ ဓားသင်္ချိုင်းဖွင့်မည့်အချိန်ကို စောင့်ဆိုင်းရင်း နားခိုရန် နေရာတစ်ခုရှာတော့မည် ဖြစ်သည်။
ထိုအချိန်တွင်၊ ကျယ်လောင်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"ဒီက မိန်းကလေးရဲ့နာမည်နဲ့ ဘယ်အင်အားစုကနေ လာတယ်ဆိုတာ မေးပါရစေ"
စကားသံအဆုံးတွင်၊ လူငယ်တစ်စုက လျှောက်လာနေတာကို တွေ့လိုက်ရ၏။
ခေါင်းဆောင်လာသူက ချောမောပြီး ကောင်းမွန်စွာ ဝတ်စားထားသော လူငယ်တစ်ဦး ဖြစ်သည်။
သူ့အရှိန်အဝါက အားကောင်းပြီး အင်မော်တယ်နယ်မြေကြီးမှ သာမန် ပါရမီရှင်များထက် များစွာ ပိုအစွမ်းထက်ပေသည်။
"အလို၊ အဲဒါက ဖန်းမိသားစုရဲ့ သခင်လေး ဖန်းယန်ပဲ"
"ဖန်းမိသားစုက အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူရဲ့ လက်အောက်က တားမြစ်မိသားစုတစ်ခုသလို ဖန်းယန်က မဟာနတ်ဆိုးဘုရင်ရဲ့ အစေခံတစ်ဦးပဲ"
"သူက မဟာနတ်ဆိုးဘုရင်ရဲ့ အရှိန်အဝါကို အားကိုးပြီး မောက်မာနေတာ"
ပတ်ဝန်းကျင်မှ လူတချို့က အချင်းချင်း ပြောဆိုလိုက်ကြသည်။
မဟာနတ်ဆိုးဘုရင်၏ အမည်ကို ပြောဆိုသောအခါ လူငယ်အများစု၏ မျက်လုံးများက ကြောက်ရွံ့မှု အရိပ်အယောင်တို့ ပေါ်လာကြပေသည်။
၎င်းက ရက်စက်ကြမ်းကြုတ်ပြီး နာမည်ဆိုးဖြင့် ကျော်ကြားသူ ဖြစ်သည်။
ရက်စက်ကြမ်းကြုတ်မှုနှင့် ခက်ထန်မှုအရ သားရဲဘုရင်ငယ်လေးပါးကို ယှဉ်ပြိုင်နိုင်သော ပါရမီရှင်တစ်ယောက် ရှိမည်ဆိုလျှင်...
၎င်းက အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူ၏ မဟာနတ်ဆိုးဘုရင်သာ ဖြစ်နိုင်သည်။
ဖန်ယန်ကို မြင်သောအခါ ရန်ယုမန်က မတုံ့ပြန်တော့ဘဲ အခြားတစ်ဖက်မှ ရှောင်ထွက်သွားရန် ကြိုးစားလိုက်သည်။
သို့သော်၊ နောက်ဆုံးမှာတော့ ဖန်းယန်ကို မရှောင်နိုင်ခဲ့ပေ။
"နေပါဦးလား မိန်းကလေးရယ်၊ ကျုပ်က ဖန်းမိသားစုရဲ့ သခင်လေး ဖန်းယန်ပါ။ ကျုပ်ရဲ့ ဖန်းမိသားစုကတော့ အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူရဲ့ လက်အောက်က တားမြစ်မိသားစုပေါ့"
"မိန်းကလေးကရော... ဘယ်သူလဲ။ ကျုပ်တောင်မှ မသိသေးပုံထောက်ရင် အင်မော်တယ်နယ်မြေကြီးကနေ လာခဲ့သူဖြစ်မယ်"
"ဒါနဲ့ စကားမစပ်၊ ဒီတစ်ခေါက် ဓားသင်္ချိုင်းကို ဖွင့်လှစ်တဲ့အချိန်မှာ အခွင့်အလမ်းတွေရှိပေမဲ့ ခန့်မှန်းလို့မရနိုင်တဲ့ အန္တရာယ်တွေလည်း ရှိတယ်။ ဒါကြောင့် မင်း စိတ်ထဲမထားဘူးဆိုရင် ကျုပ်နဲ့အတူ ခရီးသွားလို့ရပါတယ်"
ဖန်းယန်က ယဉ်ကျေးစွာ ပြောလိုက်သည်။
သို့သော်လည်း သူ့အကြည့်ကတော့ ရန်ယုမန်၏ တကိုယ်လုံးကို ဖြတ်သန်းသွား၏။
အထူးသဖြင့် ရန်ယုမန်၏ သွယ်လျသော ခြေတံအစုံက ဖန်းယန်ကို အသက်ရှူမြန်စေသည်။
ဤခြေတံအစုံမျိုးဆိုလျှင် ဆယ်နှစ်လောက် ကစားရလျှင်ပင် ပင်ပန်းမည်မဟုတ်ပါ။
ကောင်းကင်ကိုးပါးမှာပင် ရန်ယုမန်ကဲ့သို့ ထူးခြားသော အလှပိုင်ရှင်က အလွန်ရှားပါးသည်။
"မလိုပါဘူး"
ရန်ယုမန်က ဝေးကွာပြီး ချဉ်းကပ်ရန် ခက်ခဲသော ရေခဲဘုရင်မကဲ့သို့ အေးစက်စွာ ပြောလိုက်သည်။
သူမ၏ ချစ်စရာကောင်းပြီး နူးညံ့သိမ်မွေ့၍ မိန်းမပီသမှုကို ထုတ်ဖော်ပြသစေနိုင်သူမှာ ကျွင်းရှောင်ယောက်သာ ရှိသည်။
အခြား အမျိုးသားများကိုတော့ သူက လုံးဝလျစ်လျူရှုခဲ့ပေသည်။
သို့ရာတွင်...
ရန်ယုမန်၏ လျစ်လျူရှုသော သဘောထားက ဖန်းယန်ကို စိတ်မပျက်စေပါ။ ထိုအစား သူက ပို၍ပင် စိတ်လှုပ်ရှားလာသည်။
ဤကဲ့သို့သော စရိုက်မျိုးရှိသည့် အမျိုးသမီးများကသာ အမျိုးသားတွေကို အောင်နိုင်ခြင်း ခံစားချက်ကို ပေးစွမ်းနိုင်သည်။
"မိန်းကလေး၊ ဒါကို မင်းမသိလောက်ပေမဲ့ ကျုပ်မှာ နောက်ထပ်အထောက်အထားတစ်ခု ရှိသေးတယ်။ ကျုပ်က အင်မော်တယ်နတ်ဆိုး ကောင်းကင်ဂူရဲ့ မဟာနတ်ဆိုးဘုရင်ရဲ့ နီးကပ်တဲ့ အခြွေအရံတစ်ဦးပဲ"
ထိုအကြောင်းကို ပြောလိုက်ချိန်တွင် ဖန်းယန်၏ မျက်လုံးများက ဂုဏ်ယူဝံ့ကြွားခြင်း အရိပ်အမြွက်တို့ကို ထုတ်ဖော်လာခဲ့သည်။
မဟာနတ်ဆိုးဘုရင်က မည်သူနည်း။ သူဟာ ဝမ့်ယန်၊ အခြားသူများနှင့် တစ်တန်းတည်း ရပ်တည်နေသော ကောင်းကင်ကိုးပါး၏ ထိပ်တန်းပါရမီရှင်တစ်ယောက် ဖြစ်သည်။
သူလိုလူ၏ အနီးကပ် အစေခံဖြစ်ရတာပင် အဆင့်အတန်းတစ်ခုလို ဖြစ်နေပါပြီ။
အခြားသော တားမြစ်နယ်မြေများမှ ပါရမီရှင်များပင်လျှင် သူ့နောက်ကွယ်မှ တည်ရှိမှုကြောင့် ဖန်းယန်ကို မျက်နှာသာပေးရသည်။
သို့သော်လည်း ရန်ယုမန်က ဖန်းယန်အား အရူးတစ်ယောက်ကို ကြည့်နေသလို အကြည့်မျိုးဖြင့် ကြည့်နေသည်။
အခြားသူ၏ အစေခံအဖြစ် နေထိုင်ရတာတောင် ဒီလောက်ထိ မောက်မာတဲ့သူမျိုး တကယ်ရှိတာလား။
"ဒါဆိုရင် ပိုလို့တောင် ဝမ်းနည်းမိပါတယ်၊ အစေခံတစ်ဦးကို ဘာမှ ထပ်ပြောစရာမရှိဘူး"
ရန်ယုမန်က လှည့်ထွက်သွားသည်။
ဖန်းယန်၏ မျက်နှာက ဒယ်အိုးဖင်ကဲ့သို့ မည်းမှောင်သွား၏။
ဤသည်မှာ သူဂုဏ်ယူရသည့် အဆင့်အတန်းဖြစ်သော်လည်း ရန်ယုမန်က ၎င်းကို နှိမ့်ချခဲ့သည်။
"မင်း အတော်မသိတတ်တာပဲ။ တကယ်ဆိုရင် မင်းက အင်မော်တယ်နယ်မြေကြီးရဲ့ နိမ့်ကျတဲ့ ကျင့်ကြံသူတစ်ဦးထက် မပိုဘူး။ ငါလိုလူရဲ့ အာရုံစိုက်ခံရတဲ့အတွက် မင်းက ဂုဏ်တောင်ယူသင့်တာ"
ဖန်းယန်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ သူက သူ့လူများကို အချက်ပြပြီး ရန်ယုမန်ကို ဝိုင်းလိုက်၏။
"နင်..."
ရန်ယုမန်၏ မျက်နှာက အေးစက်သွားသည်။
ရန်ယုမန်၏ အစစ်အမှန်ပုံစံက ကောင်းကင်အိပ်မက် စိတ်ညှို့လိပ်ပြာဖြစ်ပြီး အလွန်အစွမ်းထက်၏။
သို့သော်လည်း သူမ၏ လက်ရှိ အင်အားက မလုံလောက်သေးပေ။
ထိုအချိန်တွင်၊ အဝေးမှ အားကောင်းသော အရှိန်အဝါတစ်ခုက ရုတ်ခြည်း ထွက်ပေါ်လာပြီး ဖန်းယန်တို့အပေါ် ဖိနှိပ်လိုက်သည်။
"ဘယ်သူလဲကွ"
ဖန်းယန်က အော်ဟစ်လိုက်၏။ သို့သော်လည်း ကောင်းကင်ကို မော့ကြည့်လိုက်ပြီးနောက် သူ့မျက်နှာတွင် ကြောက်ရွံ့တုန်လှုပ်မှုတို့ ပေါ်လာတော့သည်။
"ရှုံးဝမ်နဲ့ ရှားဘုရင်...၊ ဒါ... ဒါဆိုရင် သူက ကျွင်းရှောင်ယောက်ပဲ"