အခန်း ၁၄၀၁
Vol. 94 Ch. 1401
အခန်း ( ၁၄၀၁ ) ရန်ယုမန်၏ ခံစားချက်များ။
ဓားတောင်မြို့တော်အထက် ကောင်းကင်တွင်...
တောင်ငယ်နှစ်လုံးကဲ့သို့ ကြီးမားေသာ ရှေးဦး မိစ္ဆာသားရဲကြီးနှစ်ကောင်က ရထားတစ်စင်းကို ဆွဲလာသည်။
ထိုသားရဲကြီးနှစ်ကောင်မှ ထွက်ပေါ်လာသော ရောင်ဝါသက်သက်ကပင် စုရုံးနေသော ပါရမီရှင် အများစုကို ခြိမ်းခြောက်ရန် လုံလောက်ပေသည်။
"အဲဒါတွေက... သားရဲဂူရဲ့ ဘုရင်လေးပါးထဲက နှစ်ယောက်ဖြစ်တဲ့ ရှုံးဝမ်နဲ့ ရှားဘုရင်ပဲ"
"ဒါဆိုရင် သူတို့နောက်က ရထားလုံးပေါ်မှာ ထိုင်နေတဲ့သူဟာ ကျွင်းရှောင်ယောက်ပေါ့"
မိစ္ဆာသားရဲကြီးနှစ်ကောင်က ရထားလုံးတစ်စီးကိုဆွဲပြီး ပေါ်လာခြင်းမှာ လူများကို ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်။
ဖန်းယန်ဆိုလျှင် ပြင်းထန်သော အေးစက်ခြင်း အငွေ့အသက်များကြောင့် သူ့သွေးများပင် အေးခဲသွားတော့မလို ခံစားလိုက်ရ၏။
ဤအေးစက်မှုက ရှုံးဝမ်နှင့် ရှားဘုရင်ထံမှ လာခဲ့ခြင်းမဟုတ်ပါ။
ရထားပေါ်မှာ အေးအေးလူလူ ထိုင်နေသော အဖြူရောင်ဝတ်စုံဝတ် လူငယ်လေးထံမှ ထွက်လာခြင်း ဖြစ်သည်။
"မင်း ငါ့ကျွင်းဧကရာဇ်ခုံရုံးရဲ့လူကို ထိဝံ့သလား"
တည်ငြိမ်ကာ လျစ်လျူရှုထားသော စကားသံက ကျွင်းရှောင်ယောက်ထံမှ ထွက်ပေါ်လာသည်။
ဒါက လေးလံသော တူကြီးကဲ့သို့ ဖန်းယန်၏ နှလုံးသားကို ထုနှက်လိုက်၏။
သူက ခြေနှစ်လှမ်း နောက်ပြန်ဆုတ်သွားလိုက်ရသည်။ သူ့မျက်လုံးထဲမှာလည်း ထိတ်လန့်နေသည့် အရိပ်အယောင်တို့ ပေါ်လာတော့သည်။
အင်မော်တယ်နယ်မြေကြီးမှ လူတစ်ယောက်က ဤမျှအစွမ်းထက်ခြင်းမှာ မယုံနိုင်စရာကောင်းလွန်းသည်။
တစ်ဖက်တွင်...
အချိန်အတော်ကြာ မတွေ့ခဲ့ရသော အဖြူရောင်ဝတ်စုံဝတ် လူရိပ်သွင်ကို တွေ့လိုက်ရပြီးနောက် ရန်ယုမန်က ကြောင်တက်တက်ဖြင့် ရပ်နေခဲ့သည်။
သူ့စိတ်ထဲတွင် အနည်းငယ် ရှုပ်ထွေးနေ၏။
မူလက သူသည် ကျွင်းရှောင်ယောက်နှင့် ဝေးကွာပြီး သူ့စိတ်ကို တည်ငြိမ်စေရန် အင်မော်တယ်နယ်မြေကြီးမှ ထွက်ခွာခဲ့သည်။
ယခုတော့ နောက်ဆုံးတွင်၊ သူက မူလနေရာသို့ ပြန်ရောက်ခဲ့ရပြီ။
အရေးကြီးသော အခိုက်အတန့်မှာ ကျွင်းရှောင်ယောက်က သူ့ထံသို့ ရောက်ရှိလာခဲ့ဆဲ ဖြစ်သည်။
"ခင်ဗျား... ကျွင်းရှောင်ယောက်၊ ဒါက ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ"
ဖန်းယန်၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေသည်။
သူသည် မဟာနတ်ဆိုးဘုရင်၏ အစေခံဟူသော အဆင့်အတန်းကြောင့် သူ့ကိုယ်သူ အလွန်အမင်း အထင်ကြီးပြီး မောက်မာစွာ ပြုမူလေ့ရှိသော်လည်း ငတုံး မဟုတ်ပေ။
ရှုပ်သင့်သူနှင့် သွားမရှုပ်သင့်သူကို သိသည်။
ယခင်ကဆိုလျှင်တော့ သူဟာ ကျွင်းရှောင်ယောက်ကို လုံးဝ ဂရုစိုက်မည် မဟုတ်ပေ။
ယခုမူ ကျွင်းရှောင်ယောက်၏ အမည်က ကောင်းကင်ကိုးပါးတွင် ထင်ရှားနေပြီ ဖြစ်သည်။
သူက ရှုံးဝမ်နှင့် ရှားဘုရင်တို့ကို အနိုင်ယူပြီး ဖိနှိပ်ထားခဲ့သည်။ ပြန်လည်ဝင်စားခြင်းပင်လယ်၏ တတိယသခင်လေးကို အနိုင်ပိုင်းသည်။ ဝမ့်ယန်၏ ဓမ္မခန္ဓာကို ဖျက်ဆီးပြီး ကျောက်ဧကရာဇ်လေးကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့၏။
သူတို့က လက်မခံချင်လျှင်ပင်... ကျွင်းရှောင်ယောက်က မျိုးဆက်သစ် ပါရမီရှင်များအနက် ထိပ်တန်းအဆင့်သို့ ရောက်ရှိနေပြီဟု ဝန်ခံရမည်။
ဤအခိုက်တွင် ဖန်းယန်၏ နှလုံးသားက တုန်လှုပ်နေသည်။
ကျွင်းရှောင်ယောက်ကို ရင်ဆိုင်ရသောအခါတွင် မြင့်မား၍ တန်ခိုးကြီးပြီး လျစ်လျူရှုထားသော နတ်ဘုရားကို ရင်ဆိုင်ရသကဲ့သို့ ခံစားရ၏။
မဟာနတ်ဆိုးဘုရင်ကို ရင်ဆိုင်ရချိန်မှာပင် ဤခံစားချက်မျိုး မခံစားဖူးပေ။
"သူက ငါ့လူပဲ၊ ဒါက ငါ့ကိစ္စ မဟုတ်ဘူးလား"
ကျွင်းရှောင်ယောက်၏ လေသံက အေးစက်သွားသည်။
"သွားကြစို့"
ဖန်းယန်က သူ့ဒေါသကို မျိုသိပ်လိုက်ပြီး ဖန်းမိသားစု၏ အခြားပါရမီရှင်များနှင့်အတူ ထွက်ခွာရန် ခြေလှမ်းပြင်လိုက်သည်။
ထိုသို့သော မိန်းမလှမျိုးက တွေ့ရခဲသော်လည်း ကျွင်းရှောင်ယောက်နှင့် ပတ်သက်နေသောကြောင့် မဖြစ်နိုင်တော့ပေ။
"သူတို့ကို မျိုချလိုက်တော့"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
ရှုံးဝမ်က အေးစက်စက် ပြောသည်။
"သူတို့က အင်မော်တယ်နတ်ဆိုး ကောင်းကင်ဂူက မဟာနတ်ဆိုးဘုရင်ရဲ့ နောက်လိုက်နောက်ပါတွေပဲ"
မဟာနတ်ဆိုးဘုရင်အကြောင်း ရည်ညွှန်းသောအခါ ရှုံးဝမ်က လေးနက်လာ၏။
မဟာနတ်ဆိုးဘုရင်က သူ့ထက်ပို၍ စွမ်းအားကြီးသည်။
"သူ့ဘာသာ ဘာနတ်ဆိုးဘုရင်ဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ ငါ့လူကို ထိဝံ့သူတိုင်း အသက်ရှင်ခွင့်မရှိဘူး"
ကျွင်းရှောင်ယောက်က အေးစက်စွာ ပြောလိုက်၏။
ရှုံးဝမ်က အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။ သို့သော်လည်း ကျွင်းရှောင်ယောက်၏အမိန့်ကို မနာခံပါက နောက်တစ်ကြိမ် ရိုက်နှက်ခံရလိမ့်မည်။
ထို့နောက် ရှုံးဝမ်နှင့် ရှားဘုရင်တို့က သူတို့၏ ပါးစပ်ကြီးများကိုဟပြီး ဖန်းယန်နှင့် အခြားသူများကို စုပ်ယူလိုက်ကြသည်။
တောက်ထျဲနှင့် ချုံးချီတို့က တပြိုင်နက်တည်း လှုပ်ရှားသောအခါ အလွန် ကြောက်စရာကောင်း၏။
"ကျွင်းရှောင်ယောက်၊ မင်း ဘာလုပ်နေတာလဲ။ ငါက မဟာနတ်ဆိုးဘုရင်ရဲ့လူနော်"
"ငါ့ကိုသတ်လိုက်မယ်ဆိုရင် မဟာနတ်ဆိုးဘုရင်က မင်းကို အလွတ်ပေးမှာမဟုတ်ဘူး"
ဒါကိုမြင်သောအခါ ဖန်းယန်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
သို့သော်၊ ရလဒ်က သံသယဖြစ်ဖွယ် မရှိပေ။
ခဏအကြာတွင် အရိုးများ ကျိုးပဲ့ပြီး ကြွက်သားများ စုတ်ပြဲထွက်သော အသံများကို ကြားလိုက်ရသည်။
ရှုံးဝမ်နှင့် ရှားဘုရင်တို့က သူတို့၏ ကျွင်းရှောင်ယောက်အပေါ် မုန်းတီးမှုကို ဖန်းယန်နှင့် အခြားသူများအပေါ် ထုတ်ဖော်လိုက်ကြပုံပင်။
ခြေ၊ လက် အပိုင်းအပြတ်များနှင့်အတူ သွေးများက နေရာအနှံ့ လွင့်စဉ်သွားခဲ့သည်။ သွေးသံတရဲရဲဖြင့် မြင်ကွင်းက တကယ်ကို ကြောက်စရာကောင်းပေသည်။
ပတ်ဝန်းကျင်မှ ပါရမီရှင်များလည်း ကြက်သီးတဖြန်းဖြန်းထသွားကြသည်။
သို့သော်၊ သူတို့ကို အေးစက်စေတာက ရှုံးဝမ်နှင့် ရှားဘုရင်၏ ရက်စက်ကြမ်းကြုတ်မှုသာမကပါ။
ကျွင်းရှောင်ယောက်က ဤအခြေအနေကို လုံးဝ ဂရုမစိုက်သောကြောင့် ဖြစ်သည်။
သူတို့ရှေ့မှ သွေးသံတရဲရဲ မြင်ကွင်းကို လျစ်လျူရှုထား၏။
ဖန်းယန်နှင့် အခြားသူများကို ရှုံးဝမ်နှင့် ရှားဘုရင်တို့က ဝါးမျိုပြီးသွားသောအခါမှ... ကျွင်းရှောင်ယောက်သည် ရထားပေါ်မှ ဖြည်းညှင်းစွာ ဆင်းလိုက်သည်။
ထို့နောက် ကြက်သေသေနေသေးသော ရန်ယုမန်ကို ကြည့်လိုက်၏။
နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်၏ မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"ဘာလဲ၊ မင်းရဲ့ အသိအကျွမ်းဟောင်းတွေကို မေ့သွားပြီလား"
ရန်ယုမန်၏ မျက်ဝန်းတွင် မျက်ရည်စတို့ ရစ်ဝဲလာသည်။
သူက မျက်နှာကို တစ်ဖက်လှည့်ကာ မျက်ရည်ကို မသိမသာ တို့သုတ်လိုက်လေသည်။
"လူဆိုးပဲ"
ရန်ယုမန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထို့နောက် ချစ်စရာကောင်းသော အပြုံးတစ်ခုက သူ့မျက်နှာမှာ ပေါ်လာတော့သည်။
"ဒီမှာ ထပ်တွေ့ရဖို့ မမျှော်လင့်ထားဘူး"
ရန်ယုမန်၏ မျက်နှာပေါ်မှ အားတင်းထားရသော အပြုံးကို ကြည့်လိုက်ရင်း နှုတ်ဆိတ်သွားခဲ့သည်။
သူ့အပေါ်ထားသော ရန်ယုမန်၏ သဘောထားကို သူနားမလည်ဘဲမနေပေ။
သို့သော်လည်း တချို့အရာများက ခက်ခဲသည်။
ကျွင်းရှောင်ယောက်က စကားလမ်းကြောင်းပြောင်းလိုက်သည်။
"မင်း ကောင်းကင်ကိုးပါးကို ဘယ်လိုရောက်လာတာလဲ"
ရန်ယုမန်က ခဏမျှ ငြိမ်သက်နေပြီးနောက် ပြောလိုက်၏။
"ကျွန်မကို နတ်ဆိုးဧကရီလေးက ခေါ်လာခဲ့တာ"
"နတ်ဆိုးဧကရီလေးလား"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာသည်။
သူမကို သူမေ့လုနီးပါးပင်။
နတ်ဆိုးဧကရီလေးကလည်း ကောင်းကင်ကိုးပါးမှ လာခဲ့သူ ဖြစ်သည်။
ထို့ပြင် သူ့နောက်ကွယ်မှ အင်အားကလည်း လျှို့ဝှက်ဆန်းကြယ်မှုရှိ၏။
၎င်းက တားမြစ်နယ်မြေတစ်ခုနှင့် ပတ်သက်နိုင်သော်လည်း မည်သည့်ဘက်တွင် ရှိနေသည်ကို သူ မသိနိုင်ပေ။
ထို့ပြင်၊ ရန်ယုမန်၏ အခြေအနေအရ သူသည်လည်း နတ်ဆိုးဧကရီလေးအကြောင်းကို များများမသိကြောင်း ထင်ရှားသည်။
"တောင်းပန်ပါတယ်၊ ကျွန်မကြောင့် ရှင် ပြဿနာထပ်ကြုံခဲ့ရပြီ"
ရန်ယုမန်က ပြောလိုက်သည်။
အင်မော်တယ်နတ်ဆိုး ရှေးဟောင်းဂူ၏ မဟာနတ်ဆိုးဘုရင်က သာမန်လူမဟုတ်ကြောင်း သူ သိသည်။
"ကိစ္စမရှိပါဘူး၊ ကျုပ်အတွက် ဒါမျိုးက ရိုးနေပြီ။ ကျုပ်မှာ ရန်သူတွေ မရှားဘူးဆိုတာ မင်းလည်းသိသားပဲ"
"နောက်ပြီးတော့ မင်းက ကျုပ် ကျွင်းဧကရာဇ်ခုံရုံးရဲ့ အဖွဲ့ဝင်တစ်ဦးပဲ။ ကျွင်းဧကရာဇ်ခုံရုံးရဲ့ အုပ်ချုပ်သူအနေနဲ့ ကိုယ့်ရဲ့လူကို ကာကွယ်တာက သဘာဝကျပါတယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"ကျွင်းဧကရာဇ်ခုံရုံးရဲ့ လူလား"
ရန်ယုမန်က ရေရွတ်လိုက်သည်။
ထို့နောက် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုက ယဲ့ယဲ့လေး ပေါ်လာလေသည်။
အမှန်ပင်၊ သူက ကျွင်းဧကရာဇ်ခုံရုံးနှင့်သာ သက်ဆိုင်သည်။
ကျွင်းရှောင်ယောက် မဟုတ်ပေ။
"ရှင်ကရော ကောင်းကင်ကိုးပါးကို ဘာဖြစ်လို့ ရောက်လာတာလဲ"
ရန်ယုမန်က မေးလိုက်သည်။
"ဒါက လော့လီကြောင့်ပဲ"
ကျွင်းရှောင်ယောက်က စန်းရှန်းအင်မော်တယ်ဂူမှ အဖြစ်အပျက်များကို အတိုချုံး ပြောပြလိုက်လေသည်။
ထိုစကားကို ကြားရပြီးနောက် ရန်ယုမန်သည် သူ့နှလုံးသားထဲတွင် ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။
သူက အားတင်းပြီး ပြုံးကာ ပြောလိုက်လေသည်။
"မိန်းကလေးလော့လီက တကယ် ကံကောင်းတာပဲ၊ ရှင့်ဆီကနေ ဒီလိုမျိုး ဂရုစိုက်မှုကို ရရှိနိုင်တယ်။ အခုတော့ ကျွန်မ အရင်သွားတော့မယ်"
ရန်ယုမန်က ပြောလိုက်သည်။ သူက ကျွင်းရှောင်ယောက်၏အနားတွင် ထပ်မနေလိုတော့ပါ။
ရန်ယုမန်က လှည့်ထွက်သွားခါနီးတွင်...
ကျွင်းရှောင်ယောက်က သူမ၏ ဖြူနုသောလက်ကလေးကို ဖမ်းဆုပ်လိုက်သည်။
"ကျုပ်တို့ရဲ့ ရင်းနှီးမှုက ဒီလောက်ပဲလား။ အဆုံးစွန်ရှေးဟောင်းလမ်းမှာတုန်းက မင်း ဒီလိုမဟုတ်ခဲ့ပါဘူး"
ကျွင်းရှောင်ယောက်က ပြောလိုက်၏။
"အဲဒါက အတိတ်ဖြစ်သွားခဲ့ပါပြီ၊ ကျွန်မတို့ ပြန်သွားလို့မရနိုင်တော့ဘူး"
ရန်ယုမန်က သူမ၏ နှုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်သည်။
သူနှင့် ကျွင်းရှောင်ယောက်တို့သည် အစပိုင်းတွင် ရန်သူများ ဖြစ်ခဲ့သည်။
ထို့ပြင် ကျွင်းရှောင်ယောက်က သူမကို အခွင့်ကောင်းယူဖူးသည့် တစ်ဦးတည်းသော အမျိုးသား ဖြစ်၏။
ထို့ကြောင့် ကျွင်းရှောင်ယောက်ကို အလွန်စိတ်ဆိုးကာ ထုထောင်းပစ်လိုခဲ့သည်။
နောက်ပိုင်းတွင်၊ အဆုံးစွန်ရှေးဟောင်းလမ်းပေါ်တွင် ပြန်လည်ဆုံတွေ့ပြီးနောက် ရန်သူများမှ မိတ်ဆွေများအဖြစ်သို့ ပြောင်းလဲသွားကာ အတူတကွ ရှေ့ဆက်ခဲ့ကြသည်။
ထိုအချိန်က သူသည် လွတ်လပ်ပေါ့ပါးစွာ ရယ်မောနိုင်ခဲ့သည်။ ကျွင်းရှောင်ယောက်ကိုလည်း သူ့ခင်ပွန်းအဖြစ် အကာကွယ်ယူပြီး ပြောဆိုခဲ့သေးသည်။
ယခုမူ၊ ရန်ယုမန်က ထိုသို့သောဟာသများကို မပြောဝံ့တော့ပါ။
ဟာသစကားပင် ဖြစ်ပေသော်ငြား ပြောပါများလျှင် အတည်ဖြစ်လာမှာကို သူ ကြောက်သည်။