အခန်း ၁၄၀၃
Vol. 94 Ch. 1403
အခန်း ( ၁၄၀၃ ) လက်မှတ်ထိုးဝင်ရန် နေရာအသစ်။
ကျွင်းရှောင်ယောက်နှင့် အခြားသူများလည်း ဓားတောင်မြို့တော်တွင်းရှိ စားသောက်ဆိုင်တစ်ခုတွင် ခဏတာ ဝိုင်းထိုင်လိုက်ကြသည်။
ယခု ဤနေရာတွင် ရှိနေသူတိုင်းက ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီး၏ အစောဆုံးနှင့် အကျော်ကြားဆုံး ပါရမီရှင်များပင်။
ကျွင်းရှောင်ယောက်ကိုတော့ ဖယ်ထားနိုင်သည်။ သူက အထူးပြောစရာ မလိုပါ။
တစ်ဖက်တွင်...
ရဲ့ကူချန်က ရှေးဟောင်းရဲ့မိသားစု၏ နာမည်ကျော် ဓားနတ်ဆိုး လူပြန်ဝင်စားသူ ဖြစ်သည်။
ရန်ယုမန်က နတ်ဆိုးနတ်ဘုရားနန်းတော်၏ သူတော်စင်မတစ်ဦး ဖြစ်၏။
ကျိချင်းရီက ကျိမိသားစု၏ အထူးချွန်ဆုံး ပါရမီရှင်ဖြစ်သလို လူသားအင်မော်တယ်ဂိုဏ်း၏ သူတော်စင်သမီးတော် ဖြစ်သည်။
ထိုအချိန်က သူတို့အပြင် အခြား ထူးချွန်သူများလည်း အများကြီးရှိသေးသည်။
ဥပမာအားဖြင့် မြောက်ပိုင်း ဝမ့်မိသားစုမှ ဧကရာဇ်ငယ် ၀မ့်ထန့်၊ ဘိုးဘွားနဂါးသိုက်၏ လုံအိုထျန်း စသည်ဖြင့်...
ယခုမူ အချိန်တွေကြာလာသည်နှင့်အမျှ ထိုခေတ်ပါရမီရှင်များမှာ ဘယ်လောက်များ ကျန်ရှိသေးသနည်း။
ယနေ့အချိန်ထိ အသက်ရှင်နေသေးလျှင်ပင် အများစုမှာ နာမည်ကျပြီး တိမ်မြုပ်ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။
အချိန်က ပါရမီရှင်များကိုပင် ဖယ်ရှားပစ်နိုင်သော ကြောက်စရာကောင်းသည့် ဓားတစ်လက်ပင်။
"ဒါကြောင့် ကျုပ်တို့ ကျင့်ကြံသူတွေဟာ အေးစက်ပြီး အကြင်နာကင်းတဲ့ ကောင်းကင်အောက်မှာ လွတ်လပ်စွာ ရှင်သန်နိုင်ဖို့ အမြဲကြိုးစားနေရမယ်"
ရဲ့ကူချန်က ပြောလိုက်သည်။
မရေမတွက်နိုင်သော တိုက်ပွဲများကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ပြီး သူ၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ ဓားလမ်းစဉ်၏ အထွတ်အထိပ်သို့ ရောက်ရှိရန်ပင်။
"ဒါဆိုရင် ညီနောင်ရဲ့က ဒီအခွင့်အရေးကို ဓားသင်္ချိုင်းမှာ ဆုပ်ကိုင်ဖို့ ဆုံးဖြတ်ထားတယ်ပေါ့"
ကျွင်းရှောင်ယောက်က ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။
ရဲ့ကူချန်က သူ့ကိုယ်သူ ယုံကြည်မှုရှိသော်လည်း မာနကြီးခြင်း သို့မဟုတ် ဘဝင်မြင့်ခြင်း မရှိပေ။
"ဒါပေမဲ့ အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ ညီနောင်ကျွင်း၊ ဓားသင်္ချိုင်းရဲ့ အမွေဆက်ခံသူ ရာထူးက ခင်ဗျားအတွက်ပဲ ဖြစ်သင့်တယ်"
ရဲ့ကူချန်က ပြောသည်။
ကျွင်းရှောင်ယောက်၏ ထူးကဲသော အရည်အချင်းကို သူ ကောင်းစွာသိပေသည်။
ကျွင်းရှောင်ယောက်က ဓားသမားမဟုတ်သော်လည်း သူ ထုတ်ဖော်ခဲ့သော ဓားချက်တိုင်းက သူ့ကိုပင် သဘောကျစေသည်။
"ညီနောင်ရဲ့က ချီးမွမ်းလွန်းပါပြီ။ ကျုပ်က ဒီတစ်ခေါက်မှာ အပျော်ပဲ ပါဝင်ဖို့ ရောက်လာခဲ့တာ"
"နောက်ပြီးတော့ ကျုပ်က ဓားပညာကို ဒီလောက်မကျွမ်းကျင်ဘဲ ဓားသင်္ချိုင်းရဲ့ အမွေဆက်ခံသူရာထူးကိုလည်း စိတ်မဝင်စားပါဘူး"
ကျွင်းရှောင်ယောက်က အမှန်အတိုင်း ပြောလိုက်သည်။
သူက တာ့လော့ဓားသန္ဓေကို ဆင့်ကဲပြောင်းလဲရန် အခွင့်အလမ်းရှိ၊မရှိ သိလိုသောကြောင့်သာ ရောက်လာခြင်း ဖြစ်သည်။
ဓားသင်္ချိုင်း၏ အမွေဆက်ခံသူရာထူးကို စိတ်မဝင်စားပေ။
ဒါကိုကြားတော့ ရဲ့ကူချန်က တိတ်ဆိတ်သွားသည်။
ကျွင်းရှောင်ယောက်က ဓားပညာကို အထူးမကျွမ်းကျင်ဟု ဆိုနေသော်လည်း မရေမတွက်နိုင်သော ဓားသမားများကို ချန်ရစ်ခဲ့ပြီဟု ဆိုနိုင်ပေသည်။
"ဒါ့အပြင်၊ ဓားသင်္ချိုင်းကို ဆက်ခံဖို့ အသင့်တော်ဆုံး ကိုယ်စားလှယ်လောင်းက ညီနောင်ရဲ့ပဲ ဖြစ်သင့်တယ်"
"ဓားလမ်းစဉ်အပေါ် ညီနောင်ရဲ့ လိုက်စားမှုက အားလုံးအသိပဲ။ ကောင်းကင်ကိုးကိုးပါးတစ်ခုလုံးကို ကြည့်လိုက်ရင်တောင် ညီနောင်ရဲ့ကို နှိုင်းယှဉ်နိုင်သူက လက်တစ်ဆုပ်စာပဲ ရှိလိမ့်မယ်"
ကျွင်းရှောင်ယောက်က ဆက်ပြောလိုက်သည်။
ရဲ့ကူချန်က ဘာမျှမပြောတော့ပေ။ သူ့စိတ်ထဲမှာတော့ တစ်စုံတစ်ခုကို ဝိုးတဝါး ခံစားနေရသည်။
သူက ဓားသင်္ချိုင်းကို မဖြစ်မနေ ဝင်ရောက်ရမည်။
ဤအခိုက်တွင် ကျိချင်းရီက ရုတ်တရက် ပြောလိုက်သည်။
"ကောင်းကင်ကိုးပါးမှာ ဓားပညာကို အထူးပြုတဲ့ ထိပ်တန်းပါရမီရှင် များများမရှိပါဘူး။ ဒါပေမဲ့ မြင့်မြတ်ဝိညာဉ်အပျက်အယွင်းက ဓားဧကရာဇ်ရဲ့သားတော်က တကယ်ကို မှတ်သားထိုက်တယ်"
"သူ့ရဲ့ မူလပုံစံက ထူးခြားပြီး ဓားပညာမှာ အလွန်ထူးချွန်တယ်တဲ့။ သူ့ထက် ဓားလမ်းစဉ်ကို လျှောက်လှမ်းဖို့ ပိုသင့်လျော်တဲ့သူ မရှိဘူးလို့တောင် ပြောကြတယ်"
"ဪ၊ တကယ်ပဲလား။ ဒါဆိုရင်တော့ အပျင်းပြေ ကစားဖို့ အဖော်ရပြီ"
ရဲ့ကူချန်၏ မျက်လုံးများက တောက်ပလာသည်။
"ဒါပေမဲ့ ဒီအခွင့်အရေးကို ညီနောင်ရဲ့ မရရှိနိုင်မှာ ကြောက်ရတယ်။ သူ့ရဲ့ အဓိကပစ်မှတ်က ကျုပ်ပဲ"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ဟုတ်သည်၊ သူက ဓားဧကရာဇ်၏သားတော်ကို ဂရုမစိုက်ပါ။
"နောက်ပြီးတော့ ကူချမ်မြဲ့လည်း ရှိသေးတယ်။ သူက ကျုပ်ကို တွေ့ချင်တယ်ဆိုရင် သဘာဝအတိုင်း အဖော်ပြုပေးမှာပါ"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
ကူချမ်မြဲ့က မဟာနတ်ဆိုးဘုရင် ဖြစ်ချေသည်။
ကျိချင်းရီက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။
"ကျွင်းသခင်လေး ဒီအတွက်တော့ စိတ်ပူစရာမရှိပါဘူး။ ကူချမ်မြဲ့က လောလောဆယ် တံခါးပိတ်လေ့ကျင့်နေတာကြောင့် ဓားသင်္ချိုင်းကို မလာရောက်သင့်ဘူး"
"တံခါးပိတ်လေ့ကျင့်နေတာလား"
ကျွင်းရှောင်ယောက်က ရေရွတ်လိုက်မိသည်။
ဧကရာဇ်ကြွေလွင့်တောင်မှ ဝမ့်ယန်ကလည်း ရှန်းလင်သို့ ကိုယ်ပွားတစ်ခုကိုသာ စေလွှတ်ခဲ့သည်။
ကောင်းကင်ကိုးပါးမှ ဤပါရမီရှင်အားလုံးက အဘယ်ကြောင့် တံခါးပိတ်လေ့ကျင့်ခြင်းကို နှစ်သက်ပုံပေါ်သနည်း။
ကျိချင်းရီက သက်ပြင်းချရင်း လေးလေးနက်နက် ပြောလိုက်သည်။
"လာမဲ့ကာလမှာ ကောင်းကင်ကိုးပါးက မငြိမ်းချမ်းနိုင်လောက်တော့ဘူး။ သူတို့က တစ်ခုခုအတွက် ပြင်ဆင်နေကြပုံရတယ်"
"အလို၊ မိန်းကလေးချင်းရီက ဘာများသိထားလို့လဲ"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာသည်။
ကျိချင်းရီက အကြံအစည်နက်နဲပြီး တွက်ချက်တတ်သူ ဖြစ်သည်။ သူက အချက်အလက်အချို့ကို ရရှိထားပြီး ဖြစ်ကောင်းဖြစ်လိမ့်မည်။
ကျိချင်းရီက ပြောလိုက်သည်။
"အတိအကျကိုတော့ ကျွန်မလည်း မသိပါဘူး။ ဒါပေမဲ့ အဲဒါက ကောင်းကင်ကိုးပါး ကွေ့ရှအပျက်အယွင်းနဲ့ ဆက်စပ်နေတာတော့ သေချာတယ်"
"ကွေ့ရှအပျက်အယွင်းလား...”
ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။
တကယ်တမ်းတွင် ကောင်းကင်ကိုးပါးကို ကောင်းကင်ကိုးပါးအပျက်အယွင်းများနယ်မြေဟု ခေါ်သင့်သည်။
ကွေ့ရှအပျက်အယွင်းနယ်ကလည်း ကောင်းကင်ကိုးပါးရှိ တားမြစ်နေရာတစ်ခု ဖြစ်ပေသည်။
ရုတ်တရက်၊ စနစ်၏ အသံက ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
"ဒင်၊ ဂုဏ်ယူပါတယ် ပိုင်ရှင်။ လက်မှတ်ထိုးဝင်ဖို့ နေရာအသစ်ကို ပြန်လည်ဆန်းသစ်ပြီးပါပြီ။ ကျေးဇူးပြုပြီး ကွေ့ရှအပျက်အယွင်းမှာ လက်မှတ်ထိုးဝင်ပါ"
စနစ်သတိပေးချက်ကို ကြားသောအခါ၊ ကျွင်းရှောင်ယောက်က ပို၍ပင် လေးလေးနက်နက် စဉ်းစားလိုက်မိသည်။
လျှို့ဝှက်ချက်အားလုံး၏ အရင်းအမြစ်က ကောင်းကင်ကိုးပါး ကွေ့ရှအပျက်ယွင်းများပေါ်တွင် တည်ရှိနေပုံပင်။
ယခုအချိန်တွင် ဝမ့်ယန်၊ မဟာနတ်ဆိုးဘုရင် ကူချမ်မြဲ့နှင့် ကောင်းကင်ကိုးပါး၏ အခြားသော ထိပ်တန်းပါရမီရှင်များအားလုံး တံခါးပိတ်လေ့ကျင့်နေကြသည်။
ဒါက ကွေ့ရှအပျက်အယွင်းအတွက် ပြင်ဆင်နေခြင်း ဖြစ်လိမ့်မည်။
ကွေ့ရှအပျက်အယွင်းနယ်မြေက မည်သို့သောနေရာ ဖြစ်သနည်း။
ကျွင်းရှောင်ယောက်က ယခုအခါ စူးစမ်းလေ့လာရန် နေရာသစ်တစ်ခုရှိလာပြီ ဖြစ်သည်။
"အသိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိန်းကလေးချင်းရီ"
ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။
သူနှင့် ကျိချင်းရီက ရင်းနှီးသော မိတ်ဆွေများ မဟုတ်ကြသော်လည်း ရန်သူများ မဟုတ်ပါ။
အချင်းချင်း အသုံးချမှုများ ရှိခဲ့သော်လည်း ကြီးကြီးမားမားတော့ မဖြစ်ခဲ့ဖူးပါချေ။
"ကျွင်းသခင်လေးဆီက ကျေးဇူးတင်စကား လက်ခံရဖို့ဆိုတာ မလွယ်ဘူး။ နောင်မှာ ရှင့်ရဲ့အကူအညီကို ကျွန်မ လိုအပ်နိုင်တယ်"
ကျိချင်းရီက တောက်ပစွာ ပြုံးလိုက်သည်။
ထိုကဲ့သို့ လှပပြီး ရိုးစင်းသော မိန်းကလေးတစ်ယောက်က အကြံအစည်နက်နဲသူတစ်ဦး ဖြစ်နေတာကို တွေးကြည့်ရန် မလွယ်ပေ။
ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း၊ ကျိချင်းရီက သူ့အပေါ်တွင် အကြောင်းမဲ့ ကောင်းပေးနေမည် မဟုတ်ပေ။
ဤအမျိုးသမီးက ဘာတွေကြံစည်နေသလဲ သူသိချင်မိသည်။
သို့သော်လည်း သူ့ကို မထိခိုက်စေသရွေ့ အရာအားလုံးက ညှိနှိုင်းလို့ရသည်။
ခဏတာ စုဝေးပြီးနောက် ရဲ့ကူချန်၊ ကျိချင်းရီနှင့် အခြားသူများက ဓားသင်္ချိုင်းဖွင့်ပွဲကို စောင့်မျှော်ရန် ထွက်ခွာသွားကြသည်။
ကျွင်းရှောင်ယောက်လည်း ထရပ်ပြီး ရန်ယုမန်ကိုကြည့်ကာ ပြောလိုက်သည်။
"ကျုပ်နဲ့ အတူလိုက်ခဲ့ပါ"
ရန်ယုမန်၏ ရင်ထဲတွင် လှုပ်ရှားသွားသည်။
ကျွင်းရှောင်ယောက်က ဘာလုပ်တော့မှာလဲ။
ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်က ဓားတောင်မြို့တော်ရှိ ဆိတ်ငြိမ်သော ခြံဝင်းတစ်ခုကို ခေါ်သွားခဲ့သည်။
ထို့နောက် ရန်ယုမန်ကို အခန်းထဲသို့ ဆက်လက်ခေါ်ဆောင်သွား၏။
ရန်ယုမန်၏ နှလုံးသားက တဒုန်းဒုန်း ခုန်ပေါက်လာသည်။
အခန်းထဲမှာ ယောက်ျားတစ်ယောက်နဲ့ မိန်းမ တစ်ယောက်...
နှစ်ယောက်တည်း...
ကျွင်းရှောင်ယောက်က လှပသော အနုပညာလက်ရာတစ်ခုကို ကြည့်နေသကဲ့သို့ ရန်ယုမန်အား စေ့စပ်စွာ ကြည့်နေသည်။
အခြားအမျိုးသားတစ်ဦးက သူ့ကို ထိုကဲ့သို့ ကြည့်နေပါက ရန်ယုမန်သည် လွန်စွာ ပေါက်ကွဲမိလိမ့်မည်။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ အကြည့်က သူမ၏ နူးညံ့သော ခန္ဓာကိုယ်ကလေးကို အနည်းငယ် တုန်လှုပ်သွားစေသည်။ သူမ၏ ပါးပြင်များက အနည်းငယ် နီမြန်းလာတော့သည်။
"ရှင်... ဘာကြည့်နေတာလဲ"
ရန်ယုမန်က ခေါင်းငုံ့ထားရင်း ခပ်တိုးတိုး မေးလိုက်သည်။
"မင်းရဲ့ ခြေထောက်တွေ ပိုရှည်လာပြန်ပြီ"
ကျွင်းရှောင်ယောက်က တစ်ချက်ပြုံးပြီး ပြောလိုက်၏။
"ရှင်က အရင်ကလို အခွင့်အရေးယူချင်သေးလို့လား။ ဒီတစ်ခါတော့ မရဘူးနော်"
ရန်ယုမန်က မျက်စောင်းထိုးပြီး ပြောလိုက်သည်။ ဤလူက သူ့ကို အခွင့်အရေးယူဖူးသော်လည်း မည်သည့်တာဝန်မှ မယူခဲ့ပါ။
"ဟားဟားဟား၊ မစတော့ပါဘူး။ အကောင်းပြောမယ်"
"ဒဏ္ဍာရီအရ မင်းရဲ့ ကောင်းကင်အိပ်မက်စိတ်ညှို့လိပ်ပြာဟာ နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်၊ အသွင်ပြောင်းလဲခြင်းကိုးခု နတ်ပိုးကောင်တို့လို အစွမ်းထက်တဲ့ ရှေးဦးသွေးမျိုးဆက်တစ်ခုပဲ"
"ဒါပေမဲ့ မင်းရဲ့ သွေးမျိုးဆက်စွမ်းအား အစစ်အမှန်ကို အခုချိန်ထိ ထုတ်နိုင်သေးပုံမရဘူး"
"ကျုပ်မှာ ကောင်းကင်အိပ်မက်စိတ်ညှို့လိပ်ပြာရဲ့ သွေးမျိုးဆက် စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်ပေးဖို့ ကူညီပေးရအောင် နည်းလမ်းရှိတယ်"
"အနည်းဆုံးတော့ မင်းရဲ့ စွမ်းအားက နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်ထက် မနိမ့်ကျနိုင်ဘူး"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်လေးက အင်မော်တယ်နယ်မြေကြီးတွင် လေ့ကျင့်နေဆဲ ဖြစ်သည်။
သို့သော်လည်း သူ့ခွန်အားက မျိုးဆက်သစ်လူငယ်များကြားတွင် ထိပ်တန်းအဆင့် ဖြစ်၏။ သူ၏ အရည်အချင်းကလည်း သူ့ဖခင် နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်ဧကရာဇ်ကဲ့သို့ မြင့်မားသည်။
ရန်ယုမန်က ကောင်းကင်အိပ်မက်စိတ်ညှို့လိပ်ပြာဖြစ်သောကြောင့် နတ်ဆိုးနတ်ဘုရားပုရွက်ဆိတ်ထက် မည်သို့အားနည်းပါမည်နည်း။
ထို့ကြောင့် ရန်ယုမန်က သူ၏ သွေးမျိုးဆက်ကို အပြည့်အဝ အသက်သွင်းနိုင်လျှင်...
တာအိုကို သက်သေပြပြီး ဧကရာဇ်ဖြစ်လာရန်မှာ ပြဿနာ မရှိသင့်ပေ။
သို့ရာတွင်၊ ရန်ယုမန်က ထိုအတွက် အခွင့်အလမ်းကောင်းများကို မတွေ့ခဲ့ရပါ။
ကျွင်းရှောင်ယောက်က ဤပတ္တမြားကို နွံထဲတွင် မနစ်စေချင်သောကြောင့် ကူညီရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ဟုတ်သည်၊ ဒါက သူ့စိတ်ထဲမှ အပြစ်ရှိစိတ် အနည်းငယ်အတွက် ဖြေရှင်းခြင်းတစ်မျိုးလည်း ဖြစ်ချေသည်။