← Chapters

အခန်း ၁၄၀၆

Vol. 94 Ch. 1406

အခန်း ၁၄၀၆

Vol. 94 Ch. 1406

အခန်း ( ၁၄၀၆ ) ဟွင်းဝမ်။

ကျွင်းရှောင်ယောက်၏ အကြည့်များက သူ၏ တိုက်ပွဲအောင်နိုင်မှု အကျိုးအမြတ်များကို စစ်ဆေးနေသလို ခံစားရစေသည်။

ဓားဧကရာဇ်၏ အကြည့်များက ပို၍ အေးစက်လာတော့သည်။

"မင်းကများ ကျောက်ဧကရာဇ်ကို စော်ကားဝံ့တယ်။ သုတ်သင်ရှင်းလင်းမှုကြီး စတင်တဲ့အခါ မင်း ရယ်နိုင်ဦးမလား ငါကြည့်ချင်စမ်းတယ်"

ဓားဧကရာဇ်က အေးစက်သောလေသံဖြင့် ပြောလိုက်သည်။

"အဲဒီအချိန်မှာ ဘယ်လိုတွေဖြစ်မယ်ဆိုတာ ငါမသိပါဘူး"

"ဒါပေမဲ့ ငါသိတာတစ်ခုက အဲဒီမြင်ကွင်းကို မင်းမမြင်ရဘူး"

ကျွင်းရှောင်ယောက်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်၏။

"ကျွင်း...ရှောင်...ယောက်..."

ဓားဧကရာဇ်ထံမှ ‌ဓားစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ဓားအမှတ်အသားတစ်ခုစီမှာလည်း အဆုံးစွန်သော ဓားရွန်းများက ပေါ်လာပုံရသည်။

မီးခိုးရောင်ဝတ်စုံဝတ် အမျိုးသား၏ တည်ရှိနေမှုကြောင့်သာ မဟုတ်လျှင် ဓားဧကရာဇ်က လှုပ်ရှားပြီးလောက်ပြီ။

ထိုအချိန်တွင် မိစ္ဆာသားရဲတစ်ကောင်၏ ကြောက်မက်ဖွယ်ကောင်းသော အသံဩဩဖြင့် ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

"ကျွင်းရှောင်ယောက်၊ အသေခံလိုက်စမ်း"

ကစဉ့်ကလျားအငွေ့အသက်များဖြင့် လွှမ်းခြုံထားပြီး ကြောက်မက်ဖွယ်ကောင်းသော သားရဲလက်သည်းကြီးက ကောင်းကင်မှ ကျဆင်းလာပြီး ကျွင်းရှောင်ယောက်ရှိနေသည့် ရထားကို လှမ်းဆွဲလိုက်တော့သည်။

"မင်းတို့အားလုံးက တကယ်ပဲ ဒီလောက်ခက်ထန်ကြတာလား"

ကျွင်းရှောင်ယောက်က အနည်းငယ် မျက်မှောင်ကြုတ်ကာ လက်တစ်ဖက်ကို မြှောက်လိုက်သည်။

အဆုံးမဲ့နတ်အလင်းများက ကောင်းကင်သို့ ထိုးတက်သွားသည်။ ၎င်းက လက်ဝါးကြီးတစ်ဖက်အဖြစ် စုဖွဲ့သွားပြီး သားရဲလက်သည်းကို ဖျက်ဆီးပစ်လိုက်၏။

ထို့နောက်မှာတော့ အရပ်အမောင်းမြင့်မားပြီး ခက်ထန်ကြမ်းတမ်းသော အသွင်အပြင်ဖြင့် လူရိပ်တစ်ခု ပေါ်လာတော့သည်။

"ငါ့ရှေ့မှာ ကစဉ့်ကလျားစွမ်းအင်ကို လာကစားဝံ့တယ်"

ကျွင်းရှောင်ယောက်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။

သူက ယခုအချိန်တွင် မြင့်မြတ်ခန္ဓာတာအိုသန္ဓေဖြစ်သော်လည်း...

ကျွင်းရှောင်ယောက်က ကစဉ့်ကလျားစွမ်းအားကို အပြည့်အဝ ကျွမ်းကျင်နေသေးသည်။

သူ့ရှေ့တွင် ကစဉ့်ကလျားစွမ်းအားကို ထုတ်ဖော်ခြင်းက ရယ်စရာကောင်းလွန်းသည်။

ဤအခိုက်တွင်၊ အားလုံးက ရောက်ရှိလာသူကို ကြည့်လိုက်သည်။

၎င်းက ဦးခေါင်းခုနစ်လုံးရှိသော လူသားအသွင် သတ္တဝါတစ်ကောင်ပင်။

ဦးခေါင်းခုနစ်လုံးက စွမ်းနယ်၊ ဖီရှိုး၊ ယာကျစ်၊ နျဲ့လုံ၊ ယွီရှဲ၊ ကွေ့နျိုနှင့် ရှန်းရှဲ့တို့ ဖြစ်ကြသည်။

တစ်ချက်ကြည့်လိုက်ပါက အလွန်ကြောက်စရာကောင်းပေသည်။

သူ့ကို တိုက်ခိုက်ရန် မဆိုထားဘိ၊ တစ်ချက်ကြည့်မိရုံဖြင့်ပင် ကြောက်ဒူးတုန်စေနိုင်လောက်သည်။

"ဒါက ဟွင်းသွမ့်လား"

ကျွင်းရှောင်ယောက်က အနည်းငယ် အံ့သြသွားသည်။

ဟွင်းသွမ့်ဆိုလျှင်ပင် ဒီလိုပုံစံမျိုးတော့ မဖြစ်သင့်ဘူး မဟုတ်လား။

ရဲ့ကူချန်၏အနားတွင် စစ်ထူရွယ်က ရှင်းပြလိုက်သည်။

"ကျွင်းသခင်လေး မသိလို့ပါ၊ ဟွင်းဝမ်က ကစဉ့်ကလျားစွမ်းအားနဲ့ မွေးဖွားလာခဲ့တဲ့အပြင် အစွမ်းထက်တဲ့ ရှေးသားရဲခုနစ်ကောင်ကို ဝါးမျိုပြီး သန့်စင်ခဲ့တယ်"

"ဒါကြောင့် နောက်ဆုံးမှာတော့ သူတို့က ပေါင်းစည်းပြီး ဒီလိုဖြစ်လာခဲ့တာ"

ကောင်းကင်ကိုးပါး၏ ဒေသခံ ကျင့်ကြံသူတစ်ဦးအနေဖြင့် စစ်ထူရွယ်က တားမြစ်နယ်မြေ အသီးသီးမှ ထင်ရှားကျော်ကြားသော ပါရမီရှင်များအကြောင်း သိရှိသည်။

"ဪ"

ကျွင်းရှောင်ယောက်က အနည်းငယ် ခေါင်းညိတ်လိုက်လေသည်။

ဟွင်းဝမ်က ကောင်းကင်ကိုးပါးတွင် အဘယ်ကြောင့် ဤမျှနာမည်ကြီးနေရသလဲဆိုတာကို သူ နားလည်သွားသည်။

သူကိုယ်တိုင်က ရှေးဦးမိစ္ဆာသားရဲမျိုးနွယ်ဝင် ဖြစ်သည့်အပြင် ရှေးကျသော သားရဲခုနစ်ကောင်တို့ကိုလည်း ပေါင်းစည်းခဲ့သေးသည်။ ထို့ကြောင့် သူ့ခွန်အားက အမှန်တကယ် ထူးကဲသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်ကို အမှန်တကယ် စိတ်ဝင်စားစေသူမှာ သားရဲဂူ၏ ဘုရင်ငယ်လေးပါးတွင် ပထမဖြစ်သော တောက်ဝမ် ဖြစ်သည်။

"ကျုပ်တို့ကို ကယ်ပါဦး"

လှည်း‌ဆွဲရန် နွားများအဖြစ် ပြောင်းလဲခံနေရသော ရှုံးဝမ်နှင့် ရှားဘုရင်က ဟွင်းဝမ်ကို မြင်သောအခါ ချက်ချင်း အော်ဟစ်လိုက်ကြသည်။

"ဆူညံတယ်"

ကျွင်းရှောင်ယောက်က သူ့လက်ကိုမြှောက်လိုက်သည်။ နိယာမစွမ်းအားက နှင်တံအဖြစ်သို့ ပြောင်းလဲသွားပြီး သားရဲနှစ်ကောင်ကို ရိုက်နှက်လိုက်၏။ သားရဲကြီးနှစ်ကောင်မှာ နာကျင်စွာ အော်ဟစ်လိုက်ရသည်။

"ကျွင်းရှောင်ယောက်၊ မင်းကများ ငါ့သားရဲဂူရဲ့ ပါရမီရှင်ကို စော်ကားရဲတယ်။ မင်း သေချင်နေတာလား"

ဟွင်းဝမ်၏ သားရဲဦးခေါင်းခုနစ်ခုလုံးက သံပြိုင် ဟိန်းဟောက်လိုက်ကြသည်။ ၎င်းတို့၏ အရှိန်အဝါက ကြီးမားလွန်းသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားပုံရ၏။

ဤအခိုက်အတန့်တွင် တိတ်ဆိတ်စွာ ရပ်နေသော မီးခိုးရောင်ဝတ်စုံဝတ် အမျိုးသားက စကားတစ်ခွန်းကို ပြောလိုက်သည်။

"တိတ်ကြစမ်း"

ရိုးရှင်းသော်လည်း မိုးကြိုးထစ်ချုန်းသံကဲ့သို့ ဖြစ်၏။

ထိုအရှိန်အဝါက ပါရမီရှင်များစွာကို ဖိနှိပ်ခဲ့ပြီး လူတိုင်း တုန်ယင်ကာ နောက်ကိုဆုတ်သွားကြရသည်။

မီးခိုးရောင်ဝတ်စုံဝတ် အမျိုးသားက သာမန် ဧကရာဇ်တစ်ပိုင်းမျှသာ မဟုတ်ကြောင်း ထင်ရှားပေသည်။

သူက အဆင့်မြင့် ဧကရာဇ်တစ်ပိုင်းပင် ဖြစ်နိုင်သည်။

ဟွင်းဝမ်က ကျွင်းရှောင်ယောက်ကို အေးစက်စက်ကြည့်ပြီး ကြိမ်းမောင်းလိုက်သည်။

"ကျွင်းရှောင်ယောက်၊ အချိန်ကျရင် ငါ မင်းကို အရှင်လတ်လတ် စားသောက်ပြီး သန့်စင်ပစ်မယ်"

ကျွင်းရှောင်ယောက်ကတော့ တစ်ဖက်လူနှင့် အငြင်းပွားရန် စိတ်မဝင်စားတော့ပေ။

အချိန်တန်လျှင် လှည်းဆွဲရန် နောက်ထပ် တိရစ္ဆာန်တစ်ကောင် ရရှိမည်။

ထို့နောက် နောက်ထပ် လူရုပ်သွင်တစ်ခု ပေါ်လာသည်။

ပြန်လည်ဝင်စားခြင်းပင်လယ်၏ ဒုတိယသခင်လေး ရွှမ်လီပင်။

သူ့ရုပ်ရည်က ပြန်လည်ဝင်စားခြင်းပင်လယ်၏ တတိယသခင်လေး ရွှမ်မော့နှင့် အလွန် ဆင်တူသည်။

သူတို့၏ အငွေ့အသက်များကပင် တူနေသေးသည်။

သူ၏ ရင်ဘတ်ပေါ်မှာတော့ မှိန်ဖျော့ဖျော့ အလင်းရောင်တောက်ပနေပြီး ဧကရာဇ် အငွေ့အသက်များလည်း ရှိနေပုံရသည်။

၎င်းက ရှားပါးပြီး အစွမ်းထက်သော ဧကရာဇ်အဆင့် ရင်ညွန့်အရိုး ဖြစ်သည်။

ယခင် တတိယသခင်လေး ရွှမ်မော့၏ ဧကရာဇ်လက်အရိုးနှင့် တူညီသော မူလဇစ်မြစ် ရှိ၏။

သို့သော်လည်း ယခင် ဧကရာဇ်၏လက်အရိုးနှင့် နှိုင်းယှဉ်ပါက၊ ဤဧကရာဇ်အဆင့် ရင်ညွန့်အရိုးက ပို၍ အားကောင်းပုံရသည်။

နောက်ဆုံးမှာတော့၊ ၎င်းက နှလုံးနှင့် အနီးစပ်ဆုံး အရိုးတစ်ခုပင်။

"ကျွင်းရှောင်ယောက်၊ ခင်ဗျားရဲ့နာမည်ကိုတော့ ကြားဖူးတာကြာပါပြီ။ ကျုပ်ရဲ့ညီလေးကိုလည်း ခင်ဗျားက အရင်က သင်ခန်းစာပေးခဲ့သေးတယ် မဟုတ်လား"

တတိယသခင်လေး ရွှမ်မော့နှင့် ယှဉ်လျှင် ဒုတိယသခင်လေး ရွှမ်လီက ပို၍ တည်ငြိမ်ပုံရသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က ထိုမျက်လုံးများတွင် အေးစက်မှုကို သတိပြုမိသေးသည်။

"ခင်ဗျားကလည်း ကျုပ်ကို ပြန်လည်ဝင်စားခြင်းပင်လယ်ကို ဖိတ်ခေါ်ချင်ပုံရတယ်"

ကျွင်းရှောင်ယောက်က ရယ်ချင်ဟန်ဖြင့် ပြောလိုက်သည်။

"ခင်ဗျားရဲ့ အငွေ့အသက်တွေက တော်တော်ထူးခြားတာကြောင့် ကျုပ်ရဲ့ ပြန်လည်ဝင်စားခြင်းပင်လယ်က စိတ်ဝင်စားမိတယ်"

ရွှမ်လီက လေးနက်စွာ ပြောလိုက်၏။

"ဒါဆိုရင် ခင်ဗျားမှာ အရည်အချင်းရှိ၊ မရှိ ကြည့်ရမယ်"

ကျွင်းရှောင်ယောက် ပြောသည်။

ထို့နောက်မှာတော့ ဘာမျှထပ်မပြောကြတော့ပေ။

ပြန်လည်ဝင်စားခြင်းပင်လယ်က ကျွင်းရှောင်ယောက်ကို အာရုံစိုက်နေပြီဖြစ်သောကြောင့် အထူးပြောစရာ မရှိတော့ပါ။

ထိုအချိန်တွင် မီးခိုးရောင်ဝတ်စုံဝတ် အမျိုးသားက ထပ်မံပြောလိုက်သည်။

"ကိုင်း၊ အခု‌ဆိုရင် လူအများစု ရောက်သင့်ပြီ"

"ငါ့နာမည်က ကျန့်ချီ၊ ငါက ဓားသင်္ချိုင်းကို လမ်းပြသူပဲ"

မီးခိုးရောင်ဝတ်စုံဝတ် အမျိုးသားက ပြောလိုက်သည်။

'ကျန့်ချီ(သတ္တမဓား)လား...၊ ဒါဆိုရင် သူ့ရှေ့မှာ လူခြောက်ယောက် ရှိနေသေးတာလား'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်မိသည်။

ဓားသင်္ချိုင်း၏ အထွတ်အထိပ်ကာလတွင် လူတစ်ဒါဇင်ခန့်သာ ရှိသည်။

'သတ္တဓား'ဟူသော အမည်က ဓားသင်္ချိုင်းမှ ကျွမ်းကျင်သူများ၏ အကြမ်းဖျင်းအဆင့် ဖြစ်လိမ့်မည်။

ထို့ပြင် ဤအဆင့်ရှိ လူအားလုံးက ဧကရာဇ်တစ်ပိုင်းများ ဖြစ်နိုင်သည်။

ဤအတိုင်းမှန်လျှင် ဓားသင်္ချိုင်း၏ခွန်အားက အလွန်ကြောက်စရာကောင်းပေမည်။

ဓားသင်္ချိုင်းက ကောင်းကင်ကိုးပါး၏ တားမြစ်နယ်မြေ ဆယ်ခုထဲမှ တစ်ခုဖြစ်သည်မှာ အံ့သြစရာမရှိတော့ပါ။

ကျွင်းရှောင်ယောက်က တားမြစ်နယ်မြေများ၏ အင်အားကို ပို၍ နားလည်လာခဲ့သည်။

ကျွင်းမိသားစု၏ အင်အားက တားမြစ်နယ်မြေများကို ကြောက်စရာမလိုသည်မှာ အမှန်ပင် ဖြစ်သည်။

သို့သော်လည်း ၎င်းက တားမြစ်နယ်မြေများကို အမှန်တကယ် အားနည်းသည်ဟု မဆိုလိုပါ။ ၎င်းတို့၏ အခြေခံအုတ်မြစ်က အင်မော်တယ်နယ်မြေကြီးရှိ အင်မော်တယ်အင်အားစုများထက် များစွာသာလွန်သည်။

အုပ်စိုးရှင်အင်အားစုများကိုပင် သတိထားစေနိုင်ပေသည်။

"အခု တိုတိုနဲ့ လိုရင်းပဲပြောရအောင်"

"ဓားသင်္ချိုင်းမှာ ဝိညာဉ်ဆေးပင်တွေ၊ ရတနာနယ်မြေတွေ၊ ရှေးဟောင်းအပျက်အစီးတွေအပြင် ရှေးဘိုးဘေးတွေကျန်ခဲ့တဲ့ ဓားတချို့လည်း ရှိတယ်"

"သူတို့ထဲက အများစုမှာ ဓားဝိဥာဉ်တွေ ပါ၀င်တာကြောင့် အသိအမှတ်ပြုခံနိုင်ရင် ဒါမှမဟုတ် သန့်စင်နိုင်ရင် မင်းတို့အတွက် အကျိုးရှိလိမ့်မယ်"

"နောက်ပြီးတော့ ဓားသင်္ချိုင်းအတွင်းပိုင်း နက်နဲရာအရပ်က ကောင်းကင်ဓားတောင် ရှိတယ်။ ကောင်းကင်ဓားတောင်ထိပ်က ဓားတစ်လက်ကို ဆွဲထုတ်နိုင်ရင် ဓားသင်္ချိုင်းကို ဝင်ခွင့်ရပြီ"

"နောက်ပြီးတော့ အဲဒီမှာ အထူးဓားတစ်ချောင်းလည်း ရှိတယ်။ လူတစ်ယောက်က အဲဒီဓားနဲ့ ပဲ့တင်ထပ်နိုင်ရင် ဓားသင်္ချိုင်းရဲ့ ဆက်ခံသူ ဖြစ်လာနိုင်လိမ့်မယ်"

ကျန့်ချီက အခြေခံအချက်များကို ရှင်းပြလိုက်သည်။

ထို့နောက်တွင် သူက စုဝေးနေသော ပါရမီရှင်များကို တစ်ချက်ကြည့်လိုက်၏။

ဤနေရာတွင် ဓားသင်္ချိုင်းသို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီသော လူအနည်းငယ် ရှိသည်။

သို့သော်လည်း အများစုမှာ ဓားသင်္ချိုင်းသို့ ဝင်ရောက်မည်မဟုတ်ပေ။

နောက်ဆုံးတွင်၊ သူတို့အားလုံးက အင်အားစုကြီးများမှ လာရောက်ကြခြင်းဖြစ်သောကြောင့် ဓားသင်္ချိုင်းသို့ ဝင်ရောက်ရန် မဖြစ်နိုင်ပါ။

သူတို့အတွက် ဒါဟာ လေ့ကျင့်ခန်းတစ်မျိုးသာ ဖြစ်သည်။

ကျန့်ချီက ကျွင်းရှောင်ယောက်နှင့် ရဲ့ကူချန်ကိုလည်း ကြည့်လိုက်သည်။

သီးခြားလွတ်လပ်သော ကျင့်ကြံသူများ‌အနေဖြင့် သူတို့နှစ်ဦးက အလားအလာအရှိဆုံးပင်။

'ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က တော်တော် ထူးချွန်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ သူ့ရဲ့ဓားပညာက ဘယ်အဆင့်မှာရှိမလဲ မသိရသေးဘူး'

ကျန့်ချီက သူ့စိတ်ထဲမှ တွေးလိုက်သည်။

စွမ်းအားကြီးခြင်းနှင့် ဓားပညာကျွမ်းကျင်မှု ရှိခြင်းတို့က မတူညီသော အရာနှစ်ခုပင်။

ကျွင်းရှောင်ယောက်က သန်မာသော်လည်း သူ၏ ဓားပညာက သာလွန်ထူးကဲမည်ဟု မဆိုနိုင်ပါ။

ထို့နောက် ရဲ့ကူချန်ကို ကြည့်မိသောအခါ ကျန့်ချီ၏ မျက်လုံးများတွင် လေးနက်သော အတွေးတစ်ခု ပေါ်လာခဲ့သည်။

'တကယ်လား... တကယ်ပဲ အဲဒီလူနဲ့ သက်ဆိုင်တာလား'

All Chapters