အခန်း ၁၄၀၈
Vol. 94 Ch. 1408
အခန်း ( ၁၄၀၈ ) ဓားဝိညာဉ်ကို သန့်စင်ခြင်း။
ဤအခိုက်အတန့်တွင်၊ ကျင့်ကြံသူ တစ်ရာထက်မနည်းက ကျောက်နံရံရှေ့တွင် တင်ပျဉ်ခွေထိုင်နေကြသည်။ အားလုံးက ကျောက်နံရံပေါ်တွင် ရေးထိုးထားသည့် ပညာရပ်များကို နားလည်ရန် ကြိုးစားနေကြ၏။
ဓားသင်္ချိုင်း၏ ပညာရပ်များက လုံးဝ မရိုးရှင်းပါ။
ဒါတွေအားလုံးက ထိပ်တန်းဓားပညာများ ဖြစ်ကြသည်။
"မဟုတ်သေးဘူး၊ ဒါက ခက်ခဲလွန်းတယ်။ ကျုပ်တို့အတွက် အခြေခံကို နားလည်ဖို့တောင် အနည်းဆုံး နှစ်ပေါင်းများစွာ အချိန်ယူရလိမ့်မယ်"
"ဒါပေမဲ့ ကျုပ်တို့ကို စဉ်းစားဆင်ခြင်ဖို့ ဘယ်သူက အချိန်အများကြီးပေးနေမှာလဲ"
"အမှန်ပဲ၊ အဲဒါကို နားလည်ဆင်ခြင်ဖို့နဲ့ အချိန်အများကြီးသုံးနေလို့ မဖြစ်သေးဘူး"
လူငယ်အများစုက ခေါင်းယမ်းလိုက်ကြသည်။
ရတနာတစ်ခုကို မျက်စိရှေ့တွင် မြင်နေရသော်လည်း မရယူနိုင်ခြင်းက ဆိုးလွန်းသည်။
ကျွင်းရှောင်ယောက်က ထိုနေရာကို လျှောက်သွားလေသည်။
"အလို၊ အဲဒါက ကျွင်းရှောင်ယောက်ပဲ"
ကျွင်းရှောင်ယောက် ပေါ်လာတာကို မြင်သောအခါ အားလုံး အံ့ဩသွားကြသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ကျောက်နံရံကို ပေါ့ပေါ့တန်တန် စိုက်ကြည့်ပြီးနောက် ခေါင်းကို အနည်းငယ်ခါယမ်းကာ လှည့်ထွက်သွား၏။
"အာ၊ သူ ဘာလုပ်သွားတာလဲ"
"ကျွင်းရှောင်ယောက်က ဒဏ္ဍာရီလာ ထာဝရကွဲလွဲမှုတစ်ခုလို့ ကျုပ်ကြားဖူးတယ်။ ဒီဓားပညာက အချိန်တိုအတွင်း နားလည်ရခက်တယ်ဆိုတာကို သူ သိပုံရတယ်"
"ထာဝရကွဲလွဲမှုကတောင် ဒါကို အချိန်တိုအတွင်း နားမလည်နိုင်ဘူးဆိုရင်... နေပါစေတော့ဗျာ"
ပါရမီရှင်များက ခေါင်းယမ်းလိုက်ကြလေသည်။
သို့သော် ထိုအချိန်တွင်...
ရှေးဟောင်း ကျောက်နံရံကြီးက ရုတ်တရက် အက်ကွဲသွားသည်။
မျက်နှာပြင်က အက်ကွဲစပြုလာခဲ့၏။
ထို့နောက် ကျယ်လောင်သော ပြိုကျသံနှင့်အတူ ကျောက်နံရံတစ်ခုလုံး ပြိုကျသွားတော့သည်။
ဘာတွေဖြစ်နေတာလဲ။
လူတိုင်း အံသြသွားကြသည်။ ပြီးပြည့်စုံပြီး ခိုင်မာသော ရှေးဟောင်းကျောက်နံရံတစ်ခုက အဘယ်ကြောင့် ရုတ်တရက် ပြိုကျသွားသနည်း။
သို့သော်လည်း လူငယ်တစ်ယောက်က တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားပုံရသည်။ သူ့မျက်နှာပေါ်တွင် တုန်လှုပ်မှုတို့ ပေါ်လာတော့သည်။
"ဖြစ်ကောင်းဖြစ်နိုင်တာက အကြောင်းပြချက်တစ်ခုပဲရှိတယ်"
"ဒီအပေါ်မှာ မှတ်တမ်းတင်ထားတဲ့ ပညာရပ်က မျိုးဆက်သစ်တွေ အမွေဆက်ခံဖို့ ချန်ထားတာဖြစ်လို့ တစ်ယောက်ယောက်က နားလည်သွားတဲ့အခါ သဘာဝအတိုင်း ဆက်လက်တည်ရှိဖို့ မလိုတော့ဘူး"
ဤစကားများက ပါရမီရှင်များအားလုံးကို နေရာတွင် အေးခဲသွားစေခဲ့သည်။ သူတို့၏ မျက်နှာများက တုန်လှုပ်မှုတို့ ပေါ်လာတော့သည်။
"ဘာလားဟ၊ ကျွင်းရှောင်ယောက်က အကြည့်တစ်ချက်နဲ့ နားလည်သွားတာလား"
လူတစ်ယောက်က မယုံကြည်နိုင်စွာ ပြောလိုက်သည်။
"ထာဝရကွဲလွဲမှုဖြစ်ရင်တောင် ဒီလို နားလည်နိုင်စွမ်းမျိုး မရှိနိုင်ဘူးလေ"
"ဒါပေမဲ့လည်း ဒီအကြောင်းပြချက်ကလွဲလို့ ကျောက်နံရံ ပြိုကျသွားရမဲ့ အခြားအကြောင်းရင်း မရှိဘူး"
ဟုတ်သည်၊ အားလုံးက ဤအရာမှာ အကြောင်းပြချက်ဖြစ်သည်ဟု ယေဘုယျအားဖြင့် ယုံကြည်ကြသည်။
စိတ်ခံစားချက်များအရ လက်ခံရန် ခက်ခဲနေခြင်းသာ။
နောက်ဆုံးမှာတော့ သူတို့က ကောင်းကင်ကိုးပါး၏ ထူးချွန်သော ပါရမီရှင်များ ဖြစ်ကြသည်။
ရလဒ်အနေဖြင့်၊ ကျွင်းရှောင်ယောက်၏ရှေ့တွင် သူတို့က လုံးဝ အရေးမပါသည်အထိ နှိမ့်ချခြင်းခံခဲ့ရပေသည်။
တစ်ဖက်မှာတော့ ကျွင်းရှောင်ယောက်က လက်နှစ်ဖက်ကို နောက်သို့ယှက်ကာ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
"ဓားသင်္ချိုင်းက မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ တွေ့ကရာအခွင့်အလမ်းတစ်ခုကတောင် မဟာနတ်ဘုရားသိုင်းငါးခုရဲ့ စွမ်းအားနဲ့နီးစပ်တဲ့ အင်အားမျိုးရှိတယ်"
ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။
ထိုပါရမီရှင်များ ယူဆသည့်အတိုင်း ကျွင်းရှောင်ယောက်က အကြည့်တစ်ချက်ဖြင့် ကျောက်နံရံပေါ်မှ ပညာရပ်ကို နားလည်ခဲ့သည်။
၎င်းက မဟာနတ်ဘုရားသိုင်းငါးခုနှင့် ယှဉ်နိုင်လုနီးပါးအထိ စွမ်းအားကြီးမားသော ဓားသိုင်းတစ်ခု ဖြစ်၏။
သို့သော်လည်း ယခုအခါ ၎င်းက ကျွင်းရှောင်ယောက်အတွက် အသုံးမဝင်သလောက်ဖြစ်ပြီး ဆွဲဆောင်မှု မရှိတော့ပါ။
ကျွင်းရှောင်ယောက်က မဟာနတ်ဘုရားသိုင်းငါးခုကို ပေါင်းစပ်ထားသည့် ဓားသိုင်းကို ကျွမ်းကျင်နေပြီဖြစ်သည်။
ထိုပါရမီရှင်များသာ ကျွင်းရှောင်ယောက်၏ သဘောထားကိုသိလျှင် ပစ်လဲချင်အောင် စိတ်ဓာတ်ကျသွားနိုင်သည်။
သူတို့က ဤဓားပညာကို နားလည်ရန် ရုန်းကန်ခဲ့ကြသော်လည်း မရရှိနိုင်ပေ။
တစ်ဖက်မှာတော့ ကျွင်းရှောင်ယောက်က အကြည့်တစ်ချက်ဖြင့် နားလည်ခဲ့သည်။
လူများကြားမှ ကွာခြားချက်က နှိုင်းယှဉ်ရန်ပင် မလွယ်ပေ။
ကျွင်းရှောင်ယောက်၏ လှုပ်ရှားမှုကို မြင်လိုက်ရသောအခါ ကျန့်ချီလည်း အံ့ဩသွားခဲ့သည်။
"ဒါက ထာဝရကွဲလွဲမှုလား။ ဒါပေမဲ့ ဘာဖြစ်လို့ ပုံမှန် ထာဝရကွဲလွဲမှုနဲ့ မတူဘူးလို့ ခံစားနေရတာလဲ"
ကျန့်ချီက ရေရွတ်လိုက်သည်။
ထိုဓားပညာကို ဓားသင်္ချိုင်း၏ ရှေးပညာရှင်က ချန်ထားခဲ့ခြင်း ဖြစ်သည်။ သူ့အတွက်တောင်မှ နားလည်ရန် ဆယ်ရက်မှ လဝက်ခန့် ကြာမြင့်နိုင်သည်။
ကျွင်းရှောင်ယောက်ကတော့ အကြည့်တစ်ချက်ဖြင့် နားလည်ခဲ့၏။
ဒါက လုံးဝ လူမဆန်ပေ။
"ကျွင်းမိသားစုရဲ့ ဒီအငယ်လေးက အနာဂတ်မှာ အင်မော်တယ်သတ်ဓားရဲ့ အရှင်သခင်တောင် ဖြစ်လာနိုင်တယ်။ သူ ဘယ်အထိ ဆက်သွားနိုင်ဦးမှာလဲ"
ကျန့်ချီ၏ မျက်လုံးများတွင် စိတ်ဝင်စားမှု အရိပ်အမြွက်တို့ ပေါ်လာခဲ့သည်။
ထိုအချိန်တွင် ကျွင်းရှောင်ယောက်က တိုက်ကြီးတစ်ခွင်သို့ ဆက်လက်ခရီးဆက်ခဲ့ပေသည်။
ရုတ်တရက်၊ သူ့ရှေ့နားတွင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
၎င်းက ကျွင်းရှောင်ယောက်၏ အငွေ့အသက်ကို သတိပြုမိပြီး ထွက်ပြေးသွားပုံရ၏။
"ဟမ်"
ကျွင်းရှောင်ယောက်၏ ဝိညာဉ်အသိက ဖြာထွက်လာသည်။
အံ့ဩစရာကောင်းအောင်၊ အလင်းစီးကြောင်းတွင် ဓားတစ်ချောင်း ရှိနေတာကို တွေ့လိုက်ရသည်။
'ဒါက ဓားဝိညာဉ်ရှိတဲ့ ဓားတစ်ချောင်း ဖြစ်နိုင်မလား'
ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာသည်။
ကျန့်ချီ ပြောခဲ့သည့်အတိုင်း ဓားသင်္ချိုင်းတွင် ဓားဝိညာဉ်ရှိသော ဓားများ အများအပြားရှိသည်။
ကျွင်းရှောင်ယောက်၏ သိုလှောင်လက်စွပ်အတွင်းမှ တာ့လော့ဓားသန္ဓေက ပြင်းထန်စွာ တုန်ခါလာ၏။
ကွင်းရှောင်ယောက်လည်း အကြွင်းမဲ့ခွန်ပန်အမြန်နှုန်းကို အသုံးပြုပြီး တာ့လော့ဓားသန္ဓေကို ကိုင်ဆွဲကာ ပြေးလိုက်သွားတော့သည်။
နတ်အလင်းများ ဖြာထွက်နေသော ဓားဝိညာဉ်ကလည်း ၎င်း၏သဘာဝရန်သူကို သတိပြုမိပုံရသည်။ ၎င်း၏အရှိန်က ပိုပိုပြီး တိုးတက်လာ၏။
ကျွင်းရှောင်ယောက်က တာ့လော့ဓားသန္ဓေဖြင့် အရောင်ငါးရောင်ရှိသော ဓားဝိညာဉ်ကို ခုတ်ထစ်လိုက်သည်။
တာ့လော့ဓားသန္ဓေက သုံးပေ ရှည်လျားသည်။ ထို့ပြင် အကြမ်းထည်ပုံစံသာဖြစ်ပြီး မျက်နှာပြင်က အနည်းငယ် ကြမ်းတမ်းသေး၏။
ဓားဦးကလည်း မချွန်သေးဘဲ အနည်းငယ် တုံးသည်။ သို့တိုင် ဓားစွမ်းအင်က လေဟာနယ်ကို ဆုပ်ဖြဲပစ်ခဲ့ပေသည်။
တာ့လော့ဓားသန္ဓေကို လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသော အင်မော်တယ်အမှတ်အသားများက ဖုံးလွှမ်းထားသည်။
ဤအခိုက်အတန့်တွင် တာ့လော့ဓားသန္ဓေက သားကောင်ကို တွေ့လိုက်ရသော မုဆိုးကဲ့သို့ မြည်သံတစ်မျိုးကို ထုတ်လွှတ်လိုက်၏။
နောက်ဆုံးတွင်၊ ငါးရောင်ခြယ်ဓားဝိဥာဉ်ကို ဖိနှိပ်ခဲ့ကာ တာ့လော့ဓားသန္ဓေမှ စုပ်ယူသွားတော့သည်။
ထိုအခါ တာ့လော့ဓားသန္ဓေပေါ်ရှိ အင်မော်တယ်အမှတ်အသားများက အနည်းငယ် ပို၍ လင်းလက်သွားပုံရသည်။
ပို၍ ထင်ရှားလာ၏။
"တကယ် အလုပ်ဖြစ်တယ်"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာတော့သည်။
ဓားသင်္ချိုင်းသို့ သူလာရခြင်း၏ ရည်ရွယ်ချက်မှာ တာ့လော့ဓားသန္ဓေကို ဆင့်ကဲပြောင်းလဲစေရန် ဖြစ်သည်။
တာ့လော့ဓားသန္ဓေက စစ်မှန်သော ဧကရာဇ်လက်နက်အဖြစ် ဆင့်ကဲပြောင်းလဲနိုင်လိမ့်မည်။
ထို့ပြင်၊ ၎င်းက တူညီသောအဆင့်ရှိ အခြား ဧကရာဇ်လက်နက်များထက် ပိုအားကောင်းပြီး သတ်ဖြတ်ခြင်းအတွက် အဆုံးစွန်လက်နက်တစ်ခု ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
နောက်ပိုင်းမှာတော့ အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးကို အသွင်ပြောင်းစေရန် နောက်ထပ် အခွင့်အလမ်းကို ရှာရမည် ဖြစ်သည်။
ထိုအချိန်တွင်၊ တာ့လော့ဓားသန္ဓေက တိုက်ခိုက်ရေးကို အထူးပြုပြီး အရာအားလုံး၏မိခင်ချီဒယ်စောက်အိုးကတော့ အဓိက ကာကွယ်ရေးအင်အား ဖြစ်လိမ့်မည်။
"အရောင်ငါးမျိုးရှိတဲ့ ဓားဝိညာဉ်... ဒါက ဝိညာဉ်အတွင်းမှာပါဝင်တဲ့ စွမ်းအားကို အရောင်နဲ့ ခွဲခြားသတ်မှတ်ထားတာလား"
"ဒီအတိုင်းမှန်ရင် ဓားသင်္ချိုင်းရဲ့ နက်နဲရာမှာ ပိုအားကောင်းတဲ့ ဓားဝိညာဉ်တွေ ရှိသင့်တယ်"
ကျွင်းရှောင်ယောက်က ဓားသင်္ချိုင်း၏ နက်နဲရာကို ဆက်လက်ဝင်ရောက်သွားခဲ့သည်။
အခြားတစ်ဖက်တွင်...
အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည်လည်း ဓားဝိဥာဉ်တစ်ခုကို ဝန်းရံထားကြသည်။
ထိုဓားဝိညာဉ်က အရောင်ခုနစ်မျိုး ဖြာထွက်နေ၏။
ခုနစ်ရောင်ခြယ် ဓားဝိညာဉ် ဖြစ်သည်။
၎င်းကို ဝိုင်းရံထားသူများကတော့ သဘာဝအတိုင်း ရဲ့ကူချန်နှင့် စစ်ထူရွယ်တို့ပင်။
"ဧကရာဇ်သတ်ဓား"
ရဲ့ကူချန်က ဧကရာဇ်သတ်ဓားကို ထုတ်ယူလိုက်သည်။ သူ့ထံမှ အားကောင်းသော သတ်ဖြတ်လိုစိတ်တို့ကို ထုတ်လွှတ်လိုက်၏။
ဧကရာဇ်သတ်ဓားဖြင့် ခုတ်ပိုင်းလိုက်ပြီးနောက် ဓားဝိညာဉ်ကို သိမ်းယူလိုက်တော့သည်။
"မဆိုးဘူး"
ရဲ့ကူချန်က ကျေနပ်သွားသည်။
"ဟူး... ဒီဓားဝိဥာဉ်တွေကို ဖမ်းရတာ တကယ်ခက်တယ်"
စစ်ထူရွယ်က သက်ပြင်းတစ်ချက်ချလိုက်၏။
ထိုစဉ်၊ သူတို့၏ အနောက်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။
"ဒီဓားဝိဉာဉ်ကို ပေးပါ"
လူတစ်ယောက် ပေါ်လာခဲ့၏။ သူက ပြန်လည်ဝင်စားခြင်းပင်လယ်၏ ဒုတိယသခင်လေး ရွှမ်လီမှတပါး အခြားမဟုတ်ပေ။
"ဒါက ငါ့ရဲ့ အောင်နိုင်မှုပဲ"
ရဲ့ကူချန်က အေးစက်စွာ ပြောသည်။
"ဒါကို မင်းပိုင်ရင်တောင် ဘာဖြစ်မလဲ။ ဒါက ကောင်းကင်ကိုးပါးပဲ၊ ငါကလည်း ပြန်လည်ဝင်စားခြင်းပင်လယ်ရဲ့ ဒုတိယသခင်လေး ဖြစ်တယ်"
ရွှမ်လီက လျစ်လျူရှုစွာ ပြောလိုက်၏။ သူ့လေသံက အေးစက်ပြီး အထင်မြင်သေးမှုတို့ ပြည့်နေသည်။
ရဲ့ကူချန်က ကောင်းကင်ကိုးပါးတွင် တစ်ယောက်တည်း ဖြစ်သည်။
အင်မော်တယ်နယ်မြေကြီးတွင် ရဲ့မိသားစုက အားမနည်းသော်လည်း ကျွင်းမိသားစု၏ လွှမ်းမိုးနိုင်စွမ်းကို မယှဉ်နိုင်ပေ။
နှစ်ခုစလုံးက ရှေးဟောင်းမင်းမျိုးနွယ်မိသားစုသုံးစုတွင် ပါဝင်ကြသော်လည်း...
ရဲ့မိသားစုနှင့် ကျွင်းမိသားစု၏ သြဇာအာဏာနှင့် ခွန်အားက တူညီသောအဆင့်တွင် မရှိပါ။
ထို့ကြောင့် ကျွင်းရှောင်ယောက်က ကောင်းကင်ကိုးပါးတွင် အထိန်းအကွပ်မဲ့စွာ နေနိုင်ခြင်း ဖြစ်သည်။
တားမြစ်နယ်မြေများပင်လျှင် ကျွင်းမိသားစုကို သတိထားပြီး ပေါ့ပေါ့တန်တန် ပြုမူလိုစိတ်မရှိပေ။
သို့သော်လည်း ရဲ့ကူချန်ကတော့ မတူပါ။
ရဲ့မိသားစုက ရှေးဟောင်းမင်းမျိုးနွယ် မိသားစုများကြားတွင် သန်မာသည်ဟု ဆိုနိုင်သော်လည်း၊ ကောင်းကင်ကိုးပါး၏ တားမြစ်နယ်မြေများကို ဟန့်တားရန် အလှမ်းဝေးနေသေးသည်။
ရဲ့ကူချန်က အေးစက်စက်ဖြင့် ကြည့်နေသေးကြောင်း မြင်သောအခါ...
ရွှမ်လီ၏ မျက်လုံးများက အေးစက်သော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
"ဘာလဲ၊ မင်းက လက်မခံချင်ဘူးလား။ ဒီလိုဆိုရင် မင်းရဲ့ မိသားစုကိုပဲ အပြစ်တင်လိုက်ပါ။ သူတို့က ကျွင်းမိသားစုလောက် မသန်မာတာကြောင့် ဘယ်တားမြစ်နယ်မြေကမှ ဂရုစိုက်နေမှာမဟုတ်ဘူး"
ရွှမ်လီက ပြောလိုက်၏။
"သခင်လေးရွှမ်လီ၊ ရှင် နည်းနည်းလွန်လာပြီ"
စစ်ထူရွယ်က မနေနိုင်တော့ဘဲ ရှေ့ကိုထွက်ပြီး ပြောလိုက်သည်။
"ဪ"
ရွှမ်လီက စစ်ထူရွယ်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးများတွင် ရယ်ရွှင်သော အရိပ်အယောင်တစ်ခု ပေါ်လာ၏။
စစ်ထူမိသားစုက ပြန်လည်ဝင်စားခြင်းပင်လယ်၏ ကွပ်ကဲမှုအောက်တွင်ရှိသော မိသားစုတစ်ခုပင် မဟုတ်လော။