← Chapters

အခန်း ၁၄၁၂

Vol. 95 Ch. 1412

အခန်း ၁၄၁၂

Vol. 95 Ch. 1412

အခန်း ( ၁၄၁၂ ) ကောင်းကင်ဓားတောင်တွင် စုရုံးကြခြင်း။

"ကောင်းတယ်"

ကျွင်းရှောင်ယောက်က တဒင်္ဂ၏အလှတရား စွမ်းအားကို ကျေနပ်သွားမိသည်။

သူက ပေါ့ပေါ့ပါးပါး ခုတ်လိုက်ခြင်းဖြစ်သော်လည်း ထိုစွမ်းအားကို ပိုင်ဆိုင်ထားသေးသည်။

ထို့ပြင်၊ တဒင်္ဂ၏အလှတရားကို သတ်ဖြတ်ခြင်းဓားနှင့် ပေါင်းစပ်လိုက်ပါက ၎င်း၏စွမ်းအားမှာ အဆများစွာ တိုးလာမည် ဖြစ်သည်။

"ကောင်းကင်ဓားတောင်ထိပ်ကို သွားဖို့ အချိန်တန်ပြီ"

ကျွင်းရှောင်ယောက်က ဓားသင်္ချိုင်း၏ အနက်ရှိုင်းဆုံးနေရာသို့ တိုက်ရိုက်သွားခဲ့သည်။

ကောင်းကင်ဓားတောင်ထိပ်က ဓားသင်္ချိုင်း၏ နက်နဲရာတွင် တည်ရှိသည်။ ၎င်းက ဓားသင်္ချိုင်း၏ အမွေဆက်ခံရန် အရေးကြီးဆုံး နေရာတစ်ခုလည်း ဖြစ်ပေသည်။

ထိုနေရာကို ရောက်ရှိအောင် သွားနိုင်သူက အလွန်ရှားသည်။

တစ်ချက်ကြည့်လိုက်ပါက ကောင်းကင်ဓားတောင်ထိပ်ဟာ ဧရာမ ဓားတစ်လက်ကဲ့သို့ပင်။

ကောင်းကင်ဓားတောင်ထိပ်၏ ပတ်ဝန်းကျင်တွင် နဂါးကြီးများကဲ့သို့ သံကြိုးများစွာ ရှိသည်။

တောင်ထိပ်မှာတော့ ဓားအမြောက်အများကို နေရာအနှံ့ စိုက်ထူထား၏။

ဓားများ၏ စိတ်ဆန္ဒက အလွန်အေးစက်ပြီး ကြီးမားသော ဖိအားအငွေ့အသက်တို့ကို သယ်ဆောင်ထားသည်။

ကောင်းကင်ဓားတောင်ထိပ်ကို တက်လှမ်းရန် မဆိုထားဘိ၊ တောင်ခြေတွင် ရပ်နေတာကတောင် ကြီးမားသောဖိအားကြောင့် အသက်ရှူရန် ခက်နေပြီ။

သို့သော်လည်း ကောင်းကင်ဓားတောင်သို့ ရောက်လာနိုင်သူများ ရှိနေဆဲ ဖြစ်သည်။

ကောင်းကင်ဓားတောင်ကို ပထမဆုံး‌ ရောက်လာသူက ရဲ့ကူချန်နှင့် စစ်ထူရွယ်တို့ပင်။

"ညီနောင်ကျွင်းက မရောက်သေးဘူးလား"

ရဲ့ကူချန်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။

တခြားသူများ မရောက်သေးသောကြောင့် သူ မအံ့ဩပါ။

သို့ရာတွင်၊ ကျွင်းရှောင်ယောက် မရောက်သေးတာက သူ့ကို အံ့ဩစေသည်။

ကျွင်းရှောင်ယောက်၏ ခွန်အားဖြင့် ဤနေရာကို ရောက်ရှိရန် မခက်ခဲသင့်ပေ။

တကယ်တော့ ကျွင်းရှောင်ယောက်က ဓားပညာများကို လေ့လာနေသောကြောင့် အနည်းငယ် နှောင့်နှေးနေခဲ့ခြင်း ဖြစ်သည်။

"ရဲ့သခင်လေး၊ ရှင်က ဒီကို ပထမဆုံးရောက်ဖို့ မမျှော်လင့်ထားဘူး"

ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

ကျိချင်းရီက ကောင်းကင်မှ ပျံသန်းလာပြီး ဆင်းသက်လိုက်၏။ သူ့ထံမှ တောက်ပပြီး ‌သာလွန်မြင့်မားသော ‌အငွေ့အသက်များက ထွက်ပေါ်နေ၏။

သူက ဓားသင်္ချိုင်းမှ ထူးခြားသော အရာတစ်ခုကို ရရှိခဲ့သည်မှာ ထင်ရှားသည်။

"ဝှစ်..."

ဓားအလင်းတစ်ခုက ကျယ်ပြောလှသော ကောင်းကင်ကို ဖြတ်သန်းလာပြန်သည်။

ဓားဧကရာဇ် ရောက်ရှိလာပြီ။

သူ့အရှိန်အဝါက ယခင်ကထက် ပိုနက်ရှိုင်းသည်။ သူ၏ ဆံချည်တစ်မျှင်တိုင်းက ဓားစွမ်းအင်တွေ ပြည့်နှက်နေပုံရ၏။

တချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ပေါ်တွင် ဓားဒဏ်ရာအသစ်များ အများအပြား ပေါ်လာသည်။

ဤဓားအမှတ်အသားများက ဓားနိယာမများ၏ အမှတ်အသားပင်။

တစ်နည်းဆိုရလျှင်၊ ဓားဧကရာဇ်၏ ဓားပညာကျွမ်းကျင်မှုက ယခင်ကထက် များစွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။

ဓားသင်္ချိုင်းကဲ့သို့ နေရာမျိုးက ဓားဧကရာဇ်အတွက် အခွင့်အလမ်းကောင်းများ အပြည့်ရှိသော ရတနာသိုက်တစ်ခုပင်။

ဓားဧကရာဇ်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။

"အလို၊ ကျွင်းရှောင်ယောက်က မရောက်သေးပါလား။ ကောလဟာလတွေက လိမ်လည်မှုတွေသက်သက် ဖြစ်ပုံရတယ်"

ဓားဧကရာဇ်က လျစ်လျူရှုစွာ ပြောလိုက်သည်။

ဤကာလအတွင်း၌၊ ကောင်းကင်ကိုးပါးတွင် ပျံ့နှံ့နေသော သတင်းမျိုးစုံက ကျွင်းရှောင်ယောက်ကို နတ်ဘုရားတစ်ပါးပမာ ဖြစ်စေခဲ့သည်။

ယခုတော့ သူဟာ ကောင်းကင်ဓားတောင်ကိုပင် မရောက်နိုင်သေးပေ။

ကြယ်ကောင်းကင်၏ တစ်ဖက်ခြမ်းတွင် ဆိုးရွားသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။

ဟွင်းဝမ်လည်း ရောက်ရှိလာခဲ့ပြီ။

အလွန်ကြောက်စရာကောင်းသော မိစ္ဆာသားရဲခေါင်းခုနစ်ခုဖြင့် ထူးခြားသော သူ့အသွင်က ကြောက်စရာကောင်းလှသည်။

သူ့အရှိန်အဝါကလည်း ယခင်ကထက် တိုးတက်ခဲ့၏။ သို့ရာတွင်၊ ‌ဓား‌ဧကရာဇ်ကိုတော့ တိုးတက်မှုနှုန်း မယှဉ်သာပေ။

နောက်ဆုံးမှာတော့ သူသည် ဓားပညာကို အထူးပြုသော ပါရမီရှင်တစ်ဦး မဟုတ်ပါ။

"ကျွင်းရှောင်ယောက် ဘယ်မှာလဲ၊ သူ မရောက်သေးဘူးလား"

ဟွင်းဝမ်က ကျွင်းရှောင်ယောက်ကို ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း ထင်ရှားသည်။

ထို့နောက်တွင်၊ ထိပ်တန်း ပါရမီရှင်များ တစ်ယောက်ပြီးတစ်ယောက် ရောက်လာသည်။

ရန်ယုမန်လည်း ရောက်လာခဲ့၏။

ကျွင်းရှောင်ယောက်က မရောက်သေးတာကို တွေ့ရသောအခါ စိုးရိမ်မှု အရိပ်အမြွက်တို့ ပေါ်လာတော့သည်။

သူက ကျွင်းရှောင်ယောက်၏ ခွန်အားကို ယုံကြည်သော်လည်း သဘဝအတိုင်း စိုးရိမ်နေဆဲ ဖြစ်သည်။

ဓားဧကရာဇ်နှင့် ဟွင်းဝမ်တို့က လှောင်ပြောင်ပြောဆိုတော့မည့်အချိန်တွင်...

အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။

"ဘာလဲ၊ မင်းတို့အားလုံးကို ငါဖိနှိပ်တာခံရဖို့ စောင့်မနေနိုင်တော့ဘူးလား"

စကားသံအဆုံးတွင်၊ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူရိပ်တစ်ခုက ဓားတစ်လက်ကိုစီးပြီး ပျံသန်းလာတာကို မြင်လိုက်ရသည်။

ကျွင်းရှောင်ယောက်က တာ့လော့ဓားသန္ဓေကို စီးနင်းပြီး ပျံသန်းလာခြင်း ဖြစ်၏။

သူက ဒဏ္ဍာရီထဲက ဓားအင်မော်တယ်ကဲ့သို့ပင်။

ယခုအချိန်တွင် ကျွင်းရှောင်ယောက်ထက် ဓားအင်မော်တယ်ဘွဲ့နှင့် ပိုပြီး ထိုက်တန်သူမရှိပေ။

ဒါက ရဲ့ကူချန်၏ ဓားနတ်ဆိုးဘွဲ့နှင့် အတူတူ ဖြစ်သည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်က ဓားပညာကို အထူးပြုသော ဓားသမားမဟုတ်ပေ။

ရန်ယုမန်၏ မျက်လုံးများက တောက်ပလာသည်။

ကျိချင်းရီကလည်း ကျွင်းရှောင်ယောက်ကို ကြည့်လိုက်၏။

ကျွင်းရှောင်ယောက်က ဓားသမားတစ်ဦး၏ အရှိန်အဝါတို့ အနည်းငယ် ပိုလာသည်ဟု သူ ခံစားမိသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ အသွင်အပြင်သည် ဓားသမားဖြစ်ရန် အမှန်တကယ် သင့်လျော်သည်ဟု ဆိုရမည်။

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဓားတစ်လက်ကိုစီး၍ ကောင်းကင်သို့ ပျံတက်သွားသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က သူ့လက်တစ်လျှောက်တွင် လက်သီး၊ လက်ဝါးဖြင့်သာ အားလုံးကို အကြွင်းမဲ့ ချေမှုန်းခဲ့ပေသည်။

"နောက်ဆုံးတော့ မင်း ရောက်လာပြီပဲ။ ငါက မင်းကို ကောင်းကင်ဓားတောင်ကိုတောင် မရောက်လာနိုင်တော့ဘူးလို့ ထင်နေတာ"

ဓားဧကရာဇ်က အေးစက်သောလေသံဖြင့် ပြောလိုက်သည်။

သူက စစ်မှန်သော ဓားသမားဖြစ်ကြောင်း ထင်ရှားသည်။

ကျွင်းရှောင်ယောက်က သူ့ထက် ဓားသမားနှင့် ပိုတူသည်ဟု အဘယ်ကြောင့် ခံစားရသနည်း။

ဓားသမားများမှာလည်း ရုပ်ရည်က ‌အရေးပါသေးတာလား။

"ပျင်းစရာကောင်းတဲ့ စကားစစ်ထိုးတာတွေ တော်လောက်ပြီ။ တစ်ခုပဲ ပြောမယ်"

"မင်းနဲ့ ဟွင်းဝမ်တို့ နှစ်ယောက်စလုံး ကောင်းကင်ဓားတောင်ထိပ်ကို ခြေမချရဘူး"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"မင်းက ငါတို့နှစ်ယောက်စလုံးကို တပြိုင်နက်တည်း စိန်ခေါ်ချင်တာလား"

ဟွင်းဝမ်၏ ခေါင်းခုနစ်လုံးက တပြိုင်နက်တည်း ဟိန်းဟောက်လိုက်၏။ အေးစက်ပြီး အားကောင်းသော အငွေ့အသက်များလည်း ထွက်ပေါ်လာတော့သည်။

ဒါက သူတို့အတွက် စော်ကားခံရခြင်း ဖြစ်သည်။

"ဒါက မင်းတို့ကို စိန်ခေါ်နေတာ မဟုတ်ဘူး၊ အမှိုက်ရှင်းဖို့ပဲ"

ကျွင်းရှောင်ယောက်၏ လေသံက အေးစက်ပြီး အထင်မြင်သေးမှုတို့ ပြည့်နေ၏။

ထို့နောက်တွင်၊ သူက ရဲ့ကူချန်ကိုကြည့်ကာ ပြောလိုက်သည်။

"ညီနောင်ရဲ့၊ ခင်ဗျား အရင်သွားနှင့်ပါ။ ဒီပုရွက်ဆိတ်နှစ်ကောင်ကို ဖြေရှင်းပြီးရင် ကျုပ်လိုက်ခဲ့မယ်"

ကျွင်းရှောင်ယောက်၏ စကားကိုကြားတော့ ရဲ့ကူချန်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။

ကျွင်းရှောင်ယောက်က တစ်ယောက်တည်း တိုက်ခိုက်လိုသောကြောင့် သူ ဝင်စွတ်ဖက်စရာမရှိပေ။

"ဝှစ်"

ဟွင်းဝမ်က ဒေါသကို မထိန်းနိုင်ဘဲ ပထမဆုံး လှုပ်ရှားလိုက်သည်။

ထူးဆန်းသော သားရဲခေါင်းခုနစ်ခုစလုံးက တပြိုင်နက်တည်း ဟိန်းဟောက်ကြ၏။ သူတို့၏ ဟိန်းဟောက်သံများက ကောင်းကင်ကို ဖြိုခွဲလုနီးပါးပင်။

သူ့နောက်တွင် ကြောက်မက်ဖွယ်ကောင်းသော သားရဲအရိပ်ခုနစ်ခု ပေါ်လာပုံရသည်။

တစ်ခုစီသည် ကြောက်မက်ဖွယ်ကောင်းပြီး ရှေးကျသော သားရဲမျိုးစိတ်များ ဖြစ်၏။

ဟွင်းဝမ်က ရှေးဦးသားရဲခုနစ်ကောင်၏ ပေါင်းစပ်စွမ်းအားကို အမှန်တကယ် ပိုင်ဆိုင်ထားသည်။

ဒါက ယခင် ရှုံးဝမ်နှင့် ရှားဘုရင်တို့ထက် များစွာ ပိုအားကောင်းသည်။

သူက သားရဲဂူ၏ ဘုရင်ငယ်လေးပါးတွင် ဒုတိယအဆင့် ရခဲသည်မှာ အံ့ဩစရာမဟုတ်ပေ။

"မင်းကို ဖိနှိပ်ပြီး ငါ့သားရဲဂူရဲ့ အရှက်တရားကို ဆေးကြောပစ်ရမယ်"

ဟွင်းဝမ်က ဟိန်းဟောက်လိုက်သည်။ သူ၏ သားရဲခေါင်းခုကြားတွင် ဆင်ဦးခေါင်းက ‌နတ်အလင်းများကို ထုတ်လွှတ်လာ၏။

ချက်ခြင်းပင်၊ သူက နတ်ဆင်၏ စွမ်းအားကို လက်ခံရရှိကာ ခွန်အားက အလွန်တိုးတက်လာတော့သည်။

"အိုး၊ နတ်ဆင်ရဲ့စွမ်းအားလား"

ကျွင်းရှောင်ယောက်က တစ်ချက်ပြုံးလိုက်သည်။

နောက်ဆုံးတွင် သူကိုယ်တိုင်လည်း အနှိုင်းမဲ့ နတ်ဆင်ခွန်အားကို လေ့ကျင့်ဖူးသည် မဟုတ်လော။

သူက မသုံးတာကြာပြီဖြစ်သော်လည်း ဟွင်းဝမ်မှ ထုတ်ဖော်ခဲ့သော နတ်ဆင်ခွန်အားထက် မနိမ့်ကျပေ။

ကျွင်းရှောင်ယောက်က သူ့လက်ကို မြှောက်လိုက်သောအခါ စွမ်းအင်များက မြင့်တက်လာပြီး ရှေးဦးနတ်ဆင်တစ်ကောင်၏ ပုံရိပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

၎င်းက မိုးနှင့်မြေကို ဖိနှိပ်နိုင်စွမ်းရှိပုံရ၏။

"ဒါက ဘယ်လိုဖြစ်တာလဲ၊ မင်းက ရှေးဦးနတ်ဆင်ခွန်အားကို ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်နိုင်တာလဲ"

ဟွင်းဝမ်က အနည်းငယ် တုန်လှုပ်သွားသည်။

"ဝုန်း"

သူတို့နှစ်ယောက် တိုက်မိခြင်းက ဧရာမ သတ္တဝါကြီးနှစ်ကောင် တိုက်မိသွားသလိုပင်။

ကံကောင်းထောက်မစွာဖြင့်၊ ဤသည်မှာ ဓားသင်္ချိုင်း ဖြစ်သည်။ ထို့ပြင် နိယာမစွမ်းအားနှင့် ဖိနှိပ်မှုအင်အား ကြီးမားသော ကောင်းကင်ဓားတောင်နေရာလည်း ဖြစ်သဖြင့် ပြင်းထန်သော အပျက်အစီးများ ဖြစ်ပေါ်လာမည် မဟုတ်ပါ။

ဟွင်းဝမ်က အမြောက်ဆံကဲ့သို့ မြေပြင်ပေါ်ကို ပြင်းထန်စွာ ပြုတ်ကျသွားသည်။

သားရဲဦးခေါင်း ခုနစ်ကောင်စလုံးက တပြိုင်နက် တုန်ခါပြီး သွေးများ စီးကျလာ၏။

နတ်ဆင်အင်အားနှင့် ပေါင်းစပ်ထားသော ဟွင်းဝမ်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် ရှုံးဝမ်နှင့် ရှားဘုရင်တို့ထက် အများကြီး သာလွန်သည်။

သို့သော်၊ ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ပို၍ ကြောက်စရာကောင်းသည်။ ၎င်းက သမိုင်းတစ်လျှောက်တွင် ပြိုင်စံရှားဟု ဆိုနိုင်ပေသည်။

"ထပ်လာမယ်"

ဟွင်းဝမ်က ဒေါသတကြီး ဟိန်းဟောက်ပြီး အစွမ်းကုန် ထုတ်ဖော်လိုက်သည်။

သူ၏ သားရဲဦးခေါင်းခုနစ်ခုစလုံးက တောက်ပနေလာ၏။

စွမ်းနီ( ‌ခြင်္သေ့နှင့်တူသော ဒဏ္ဍာရီလာ သတ္တဝါ)ဦးခေါင်းက ဟိန်းဟောက်လိုက်သည်။ ခြင်္သေ့ဟိန်းသံကဲ့သို့ ကျယ်လောင်သော ဟိန်းဟောက်သံက ထွက်ပေါ်လာသည်။

ကွေ့နျိုဦးခေါင်းကလည်း အလင်းရောင်များ တောက်ပနေ၏။

ဟွင်းဝမ်၏ ဦးခေါင်းခုနစ်ခုတွင် တစ်ခုစီက ဒဏ္ဍာရီလာ သားရဲများ၏ အထူးစွမ်းရည်များရှိသည်ဟု ဆိုနိုင်သည်။

ဒဏ္ဍာရီလာ သားရဲခုနစ်ကောင် ပေါင်းစည်းလိုက်သောအခါ ၎င်းတို့၏ စွမ်းအားက အကန့်အသတ်မရှိဘဲ ကြောက်မက်ဖွယ် ကောင်းလွန်းပေသည်။

သို့သော်... ကျွင်းရှောင်ယောက်၏ မျက်လုံးထဲတွင် ဤအရာအားလုံးက ထူးခြားမှု မရှိပေ။

"မင်းမှာ ခေါင်းတွေအရမ်းများနေတယ်၊ ဒါက ငါ့အတွက် လှည်းဆွဲတဲ့အခါ ဒုက္ခဖြစ်နိုင်တယ်။ ဒါကြောင့် ဒီခေါင်းတွေက မလိုအပ်တော့ဘူး"

ကျွင်းရှောင်ယောက်က တာ့လော့ဓားသန္ဓေကို ဆုပ်ကိုင်လိုက်သည်။

သူက သူအသစ်သင်ယူထားသော ဓားသိုင်းကို ထုတ်ဖော်လိုက်၏။

‌တောက်ပသော ဓားအလင်းတစ်ခုက ရုတ်တရက် ပေါ်လာသည်။

ဤအခိုက်တွင်၊ အချိန်က အေးခဲသွားပုံရ၏။

သို့မဟုတ် အဆပေါင်းများစွာ နှေးကွေးသွားပုံရသည်။

ထို့နောက်မှာတော့...

"ရွှပ်"ခနဲ အသံနှင့်အတူ လတ်ဆတ်သော သွေးများက ပန်းထွက်လာတော့သည်။

သားရဲဦးခေါင်း ခုနစ်ခုက တချိန်တည်းမှာပင် လိမ့်ဆင်းသွားကြသည်။

All Chapters