← Chapters

အခန်း ၁၄၁၃

Vol. 95 Ch. 1413

အခန်း ၁၄၁၃

Vol. 95 Ch. 1413

အခန်း ( ၁၄၁၃ ) ငါ့မှာ ဓားတစ်ချောင်းပဲ ရှိတယ်။

ကောင်းကင်ဓားတောင်ရှိ လေထုက အလွန်တိတ်ဆိတ်နေသည်။

မကြာသေးမီက အရှိန်အဝါကြီးပြီး လွှမ်းမိုးချုပ်ကိုင်ထားသည့် ‌ဟွင်းဝမ်က ဤအခြေအနေမျိုး ဖြစ်လာမည်ဟု မည်သူထင်ထားခဲ့မည်နည်း။

သားရဲဦးခေါင်းခုနစ်ခုစလုံးက ဓားတစ်ချက်တည်းဖြင့် ပြတ်ကျသွားခဲ့သည်။

"ဒါက ဘယ်လိုဓားသိုင်းလဲ၊ ကြောက်စရာကောင်းလိုက်တာ"

"ကျွင်းရှောင်ယောက်က ဓားပညာကို မလေ့ကျင့်ဘူးဆို... ဒါက ဓားပညာကို မလေ့ကျင့်တာလား"

ပတ်ဝန်းကျင်ရှိ အခြားသူများက အံ့အားသင့်သွားကြသည်။

အထူးသဖြင့် ဓားသမားအချို့မှာ ထိုဓားချက်ကြောင့် သူတို့၏ ကျောရိုးများထိ အေးစက်သွား၏။

ဒါက ဓားရေးမကျွမ်းကျင်သူတစ်ဦးရဲ့ ဓားချက်မျိုးလား။

"ဒါက..."

ဓားဧကရာဇ်၏ မျက်လုံးများက အရောင်လက်သွားသည်။

ကျွင်းရှောင်ယောက်၏ ဓားချက်က သူ့ကို အံ့အားသင့်စေသော်လည်း...

အဓိကအားဖြင့် ကျွင်းရှောင်ယောက်၏ တာ့လော့ဓားသန္ဓေကို သူ ပိုပြီး အာရုံစိုက်သည်။

တာ့လော့ဓားသန္ဓေက ဓားဧကရာဇ်၏ အစစ်အမှန်ပုံစံကို တုံ့ပြန်သကဲ့သို့ပင်။

ဓားဧကရာဇ်သည်လည်း တာ့လော့ဓားသန္ဓေက သူ့အတွက် အလွန်အရေးကြီးကြောင်းကို ခံစားခဲ့ရသည်။

အကယ်၍ တာ့လော့ဓားသန္ဓေကို သူ့ခန္ဓာကိုယ်ထဲသို့ သန့်စင်ပေးနိုင်လျှင်...

ဓားဧကရာဇ်က အရည်အသွေးပိုင်းဆိုင်ရာ အသွင်ကူးပြောင်းမှုကို ရရှိမည်ဟု ယုံကြည်သည်။

သူက ကောင်းကင်နဂါးနှင့် ဖီးနစ်အဆင့်တွင် ထိပ်တန်းငါးဦးတွင်ပင် ပါဝင်နိုင်လိမ့်မည်။

ဓားဧကရာဇ်က အသက်ရှူနှုန်း အနည်းငယ် မြန်လာသည်။

ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်းတွင် ထိပ်တန်းငါးဦးကမှ ကောင်းကင်ကိုးပါး၏ အတောက်ပဆုံး ကြယ်ငါးပွင့် ဖြစ်သည်။

"ဓားဧကရာဇ်၊ မင်း ဘာရပ်လုပ်နေသေးတာလဲ"

ဟွင်းဝမ်က အော်ဟစ်လိုက်သည်။

သူ၏ သားရဲဦးခေါင်းခုနစ်ခုက ဖြတ်တောက်ခံခဲ့ရသော်လည်း...

၎င်းတို့မှာ သူ ဝါးမျိုခဲ့သော သားရဲခုနစ်ကောင်မျှသာ ဖြစ်သည်။

ဟွင်းဝမ်၏ ဒဏ်ရာက ပြင်းထန်သော်လည်း မသေသေးပါ။

ကျွင်းရှောင်ယောက်က လက်တစ်ဖက်ကို လေထဲသို့ဖြန့်ပြီး ဖမ်းဆုပ်ဟန်ပြုလိုက်သည်။ အားကောင်းသော နတ်စွမ်းအင်က တံဆိပ်ခတ်ခြင်းစွမ်းအားဖြင့် ပြောင်းလဲသွားပြီး ဟွင်းဝမ်ကို ချုပ်နှောင်လိုက်၏။

သူက ဟွင်းဝမ်ကိုသတ်ရန် စိတ်ကူးမရှိပါ။

နောက်ဆုံးတွင်၊ သူက သားရဲဂူ၏ ဘုရင်ငယ်လေးပါးစလုံးကို ဖိနှိပ်ရန် ပြောထားပြီး ဖြစ်သည်။

ဟွင်းဝမ်က အစွမ်းကုန် တွန်းလှန်ရန် ကြိုးစားသေးသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ စွမ်းအားက ကြောက်မက်ဖွယ်ကောင်းလွန်းသည်။ သူ၏ သွေးနှင့်ချီက ဆူပွက်လာ၏။

"မဖြစ်နိုင်တာ၊ မြင့်မြတ်ခန္ဓာတာအိုသန္ဓေမှာတောင် ဒီလို ပုံမှန်မဟုတ်တဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုမျိုး မရှိသင့်ဘူး"

ဟွင်းဝမ်က တုန်လှုပ်သွားသည်။

ဟုတ်သည်၊ ကျွင်းရှောင်ယောက်က ကောင်းကင်ကျမ်းကိုးအုပ်ထဲမှ တစ်ခုဖြစ်သော ခန္ဓာကျမ်းကို လေ့ကျင့်ထားကြောင်း သဘာဝအတိုင်း သူ မသိခဲ့ပါ။

ဟွင်းဝမ်က ဖိနှိပ်ခြင်းကို လက်မခံလိုဘဲ ကစဉ့်ကလျား၏ အနှစ်သာရစွမ်းအားကိုပင် အသုံးပြုခဲ့သည်။

သို့သော်...

ဤစွမ်းအားက အခြားသူများအတွက် ဝှက်ဖဲဖြစ်နိုင်သော်လည်း ကျွင်းရှောင်ယောက်ကဲ့သို့ ကျွမ်းကျင်သူတစ်ဦး၏ရှေ့မှာတော့ အသုံးမဝင်ခဲ့ပေ။

သူ့အပေါ် လုံးဝ အကျိုးသက်ရောက်မှု မရှိခဲ့ပါ။

နောက်ဆုံးတွင်၊ ဟွင်းဝမ်က အနည်းငယ်မျှသာ လှုပ်ရှားနိုင်ပြီး ဖိနှိပ်ခံလိုက်ရသည်။

ထို့‌နောက် ကျွင်းရှောင်ယောက်က ဓားဧကရာဇ်ကို လှမ်းကြည့်လိုက်သည်။

ဓားဧကရာဇ်က တာ့လော့ဓားသန္ဓေအား လောဘမျက်လုံးတို့ဖြင့် ကြည့်နေတာကို သူ သတိပြုမိ၏။

ဓားဧကရာဇ်ကလည်း တာ့လော့ဓားသန္ဓေကို ဝါးမျိုချင်ပုံရသည်။

"ကျွင်းရှောင်ယောက်၊ မင်းက အဲဒီဓားသန္ဓေကို လက်နှစ်ဖက်နဲ့ ကမ်းလှမ်းပြီး ကျောက်ဧကရာဇ်လေးကို တောင်းပန်မယ်ဆိုရင် ပြန်လည်သင့်မြတ်ဖို့ နေရာရှိသေးတယ်"

ဓားဧကရာဇ်က လောဘဇောဖြင့် ပြောလိုက်သည်။

တကယ်တော့ ဒါက သူ့သဘာဝ မဟုတ်ပါ။

မြင့်မြတ်ဝိညာဉ် အပျက်အယွင်း၏ ထိပ်သီးပါရမီရှင်ဖြစ်သောကြောင့် သူသည် အရင်းအမြစ်များ ချို့တဲ့ရန် မဖြစ်နိုင်ပါ။

သို့သော်လည်း ဤတာ့လော့ဓားသန္ဓေက အခြားအရင်းအမြစ်များထက် သူ့အတွက် ပိုအရေးကြီးသည်ဟု သူခံစားမိသည်။

"သေခါနီးအချိန်မှာတောင် မင်းမှာ ဒီလိုအတွေးတွေရှိနေတုန်းပဲ၊ ဝမ့်ယန်ကို မိုက်မဲတယ်လို့ ငါထင်ခဲ့ပေမဲ့ မင်းက ပိုပြီးတော့ မိုက်မဲဖို့ ငါမမျှော်လင့်ထားဘူး"

"မင်း ငါ့ကို တကယ်စိတ်ပျက်စေတယ်"

ကျွင်းရှောင်ယောက်က ခေါင်းယမ်းရင်း ပြောလိုက်သည်။

"မင်းက ဒီလိုဆိုမှတော့ မင်းကို ငါ အရင်ဖိနှိပ်လိုက်မယ်"

ဓားဧကရာဇ်၏ မျက်လုံးများက အေးစက်စက်အလင်းတို့ တောက်ပလာသည်။

ကျွင်းရှောင်ယောက်က တိုက်ခိုက်မှု အနည်းငယ်ဖြင့် ဟွင်းဝမ်ကို အနိုင်ယူခဲ့သော်လည်း သူ မကြောက်ပေ။

ဓားသင်္ချိုင်းတွင် သူရရှိခဲ့သည့်အရာမှာ ဟွင်းဝမ် ရရှိခဲ့သည်ထက် များစွာကြီးမားသည်။

ဓားဧကရာဇ်က လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက် နီမြန်းသော ဓားအလင်းတစ်ခု လင်းလက်သွားသည်။

ဒါက အကြွင်းမဲ့ သတ်ဖြတ်ခြင်း၏ အရိပ်အယောင် ဖြစ်၏။

"စိတ်ဝင်စားစရာပဲ"

ရဲ့ကူချန်က ကောင်းကင်ဓားတောင်ထိပ်သို့ ချက်ချင်း မတက်သေးဘဲ ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေသည်။

သူ့အတွက်၊ ကျွင်းရှောင်ယောက်နှင့် ဓားဧကရာဇ်တို့ကြား တိုက်ပွဲက ထိုးထွင်းသိမြင်မှုအချို့ ရရှိစေမည့် အခွင့်အရေးတစ်မျိုးပင်။

ထိုအချိန်တွင်၊ ဓားဧကရာဇ်က တိုက်ခိုက်မှုထုတ်ဖော်လိုက်သည်နှင့် ကမ္ဘာတစ်ခုလုံးက သွေးလွှမ်းသော မုန်တိုင်းတိုက်ခတ်ခံလိုက်ရပုံပေါ်သည်။

ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း ဓားစွမ်းအင်က ရဲ့ကူချန်၏ မျက်လုံးများကို တောက်ပစေခဲ့၏။

ဒါက ကျွင်းရှောင်ယောက်၏ တိုက်ပွဲမဟုတ်လျှင် သူလည်း တိုက်ခိုက်ရန် သွေးဆောင်ခံရမည် ဖြစ်သည်။

"စိတ်ဝင်စားစရာပဲ"

ကျွင်းရှောင်ယောက်သည် ဓားဧကရာဇ်၏ အစစ်အမှန်ပုံစံက အလွန်ထူးခြားသည်ဟု ကြားခဲ့ဖူးသည်။

ယခုတော့ ဒါက အမှန်ဖြစ်ပုံပင်။

ဤကဲ့သို့ အားကောင်းသော လှုပ်ရှားမှုကို ရင်ဆိုင်ရသောအခါ ကျွင်းရှောင်ယောက်က သူ့လက်ချောင်းများကို ဓားအဖြစ်သုံးပြီး ညွှန်ပြလိုက်သည်။

အင်မော်တယ်သတ်ဓားသိုင်း၊ မူလတာအိုအုပ်ချုပ်သူဓား၊ ရွက်လွှာကိုးခု မြက် ဓားသိုင်း၊ ကောင်းကင်ဖျက်ဆီးခြင်းကျမ်း၊ အင်မော်တယ်ကပ်ဘေးဓားသိုင်း...

ဓားသိုင်းငါးခုကို ကျွင်းရှောင်ယောက်က ဆက်တိုက်ထုတ်လွှတ်ခဲ့သည်။

ဒါက အလွန်ကြောက်စရာကောင်း၏။

အင်မော်တယ်များကို သတ်ဖြတ်နေသော ပုံရိပ်၊ ဓားသဏ္ဍာန်မြက်များ၏ ပုံရိပ်ကဲ့သို့ထူးခြားသော ပုံရိပ်များက မိုးနှင့်မြေကြားတွင် ပေါ်လာတော့သည်။

"ဟမ့်၊ မင်းက ငါ့ကို ဓားပညာနဲ့ ရင်ဆိုင်ချင်တာလား"

ဓားဧကရာဇ်၏ မျက်လုံးများက အေးစက်လာသည်။ သူ့လက်များက လှုပ်ရှားသွားပြီး မရေမတွက်နိုင်သော ဓားအလင်းများ ထွက်ပေါ်လာ၏။

ဓားအလင်းတစ်ခုစီက အဓိပတိများ၏ ခန္ဓာကိုယ်ကို အလွယ်တကူ ခွဲထုတ်နိုင်သည်။

သာမန် ကောင်းကင်အဓိပတိများပင် ဒဏ်ရာရသွားလိမ့်မည်။

"ဒါက ဓားဧကရာဇ်ရဲ့ စွမ်းရည်လား"

ပါရမီရှင်များ အားလုံး အံ့ဩသွားကြသည်။

"ဒီလိုလုပ်စရာမလိုပါဘူး၊ ဒီအတိုင်းဆက်ဖြစ်နေရင် ပျင်းစရာပဲကောင်းလိမ့်မယ်"

ဓားဧကရာဇ်၏ ပညာစမ်းသော တိုက်ခိုက်မှုများကို ရင်ဆိုင်ရသောအခါ ကျွင်းရှောင်ယောက်က တာ့လော့ဓားသန္ဓေကို မသုံးခဲ့ပေ။

သူ့လက်ချောင်းကို ဓားအဖြစ်သုံးပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

"ငါက မင်းကို လေ့ကျင့်ရေးအရုပ်အဖြစ် သုံးနေရုံပဲ"

ဓားဧကရာဇ်က‌ အေးစက်စက် ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ကျွင်းရှောင်ယောက်က ဟာသတစ်ခုကို ကြားလိုက်ရသလို ပြုံးလိုက်သည်။

ဟုတ်သည်၊ ဓားဧကရာဇ်က ထိုသို့ပြောလိုက်သော်လည်း မမိုက်မဲပေ။ သူ၏ အဆုံးစွန်နည်းလမ်းကို ထုတ်ဖော်ခဲ့သည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ မရေမတွက်နိုင်သော ဓားအမှတ်အသားများက အသက်ဝင်လာပုံရ၏။

သတ်ဖြတ်မှု ဓားစိတ်ဆန္ဒ၊ ကျိန်စာ ဓားစိတ်ဆန္ဒ၊ သုတ်သင်ရှင်းလင်းခြင်း ဓားစိတ်ဆန္ဒ...

ဓားဧကရာဇ်ထံမှ ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒမျိုးစုံတို့ ပေါ်လာခဲ့သည်။

ယင်းကြောင့် ဓားသမားအားလုံး ဆွံ့အသွားပေသည်။

"ဓားစိတ်ဆန္ဒက များလှချေလား"

သာမန်လူများအတွက် ဓားစိတ်ဆန္ဒနှစ်ခု၊ သုံးခုကို နားလည်နိုင်လျှင်ပင် အကြွင်းမဲ့ ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်နိုင်ပြီ ဖြစ်သည်။

သို့သော်လည်း ယခုအချိန်တွင် ဓားဧကရာဇ်ထံမှ ဓားစိတ်ဆန္ဒ တစ်ရာထက်မနည်း ထွက်ပေါ်လာတော့သည်။

"အိုး..."

ကျွင်းရှောင်ယောက်က အနည်းငယ် စိတ်ဝင်စားလာမိသည်။

ယုတ္တိဗေဒအရ ဓားသမားတို့သည် ဓားစိတ်ဆန္ဒများစွာကို နားလည်နိုင်သော်လည်း ၎င်းတို့အားလုံးကို ၎င်းတို့၏ခန္ဓာကိုယ်ထဲသို့ လိုက်လျောညီထွေဖြစ်အောင် ပေါင်းစည်းရန်မှာ မလွယ်ပေ။

သို့ရာတွင်၊ ဓားဧကရာဇ်ရ လုပ်နိုင်ခဲ့သည်။

၎င်းက သူ၏ မူလပုံစံနှင့် သက်ဆိုင်လိမ့်မည်။

"ဓားတစ်သောင်း ကောင်းကင်ငရဲ"

ဓားဧကရာဇ်က သူ၏ အဆုံးစွန်နည်းလမ်းကို ထုတ်လွှတ်လိုက်သည်သည်။ သူ့ခန္ဓာကိုယ်မှ အဆုံးမရှိသော ဓားစွမ်းအင်စီးကြောင်းများ ထွက်လာပုံရ၏။

၎င်းတို့က အချင်းချင်း ရောယှက်ပြီး ဓားများနယ်မြေအဖြစ် ပြောင်းလဲသွားကြတော့သည်။

ကျွင်းရှောင်ယောက်က ဤဓားများနယ်မြေထဲတွင် ပိတ်မိသွားသည်။

၎င်းက ကျွင်းရှောင်ယောက်၏ နတ်ဘုရားများ၏အကျဉ်းထောင်နှင့် ခပ်ဆင်ဆင်တူပေသည်။

ဟုတ်သည်၊ သူတို့၏ စွမ်းအားက ကမ္ဘာနှင့်ချီ ဝေးကွာပြီး တူညီသောအဆင့်တွင် လုံးဝ မရှိပေ။

သို့သော်လည်း ကျွင်းရှောင်ယောက်က ဓားဧကရာဇ်ကို ရင်ဆိုင်ရန်အတွက် ကမ္ဘာဦးကျမ်းကို ထုတ်ဖော်ရန် စိတ်မဝင်စားပါ။

"ဖျက်ဆီးစေ"

ဓားဧကရာဇ်၏ စကားသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက်၊ မရေမတွက်နိုင်သော ဓားများက ကျွင်းရှောင်ယောက်ကို ဖုံးအုပ်လိုက်သည်။

ထို့နောက် ကျွင်းရှောင်ယောက်ကို တစ်စစီ ခုတ်ပစ်ရန် ဓားအလင်းအများအပြား ထွက်ပေါ်လာ၏။

ကျွင်းရှောင်ယောက်က သူ့လက်ကို ညင်သာစွာ မြှောက်လိုက်ပြီး ဆုပ်ကိုင်လိုက်သည်။

တာ့လော့ဓားသန္ဓေက နောက်ဆုံးတွင် သူ့လက်ထဲသို့ ကျရောက်လာပြီ။

"မင်းမှာ ဘယ်လိုနည်းလမ်းတွေပဲ ရှိပါစေ... မင်းရဲ့ဓားစိတ်ဆန္ဒက ဘယ်လောက်ပဲ များပြားပါစေ... ငါ့မှာ ဓားတစ်ချောင်းပဲရှိတယ်"

ကျွင်းရှောင်ယောက်က တာ့လော့ဓားသန္ဓေဖြင့် ရိုးရှင်းစွာ ခုတ်ချလိုက်သည်။

ဒါက ရိုးရိုးရှင်းရှင်း ခုတ်လိုက်ခြင်းဟု ထင်ရသော်လည်း အချိန်က ရပ်တန့်သွားပုံရ၏။

ကမ္ဘာပေါ်ရှိ အရာအားလုံးက ဖယ်ရှားပစ်လိုက်ပုံရသည်။

ထိုဓားအလင်းကသာ ထာဝရတောက်ပမှုကို ထင်ဟပ်နေပုံရပေသည်။

ဤဓားချက် ထွက်ပေါ်လာချိန်တွင် အရာအားလုံးက ပြတ်တောက်သွားပုံရသည်။

ဤဓားကို ဘယ်သူကမှ တားဆီးလို့မရပေ။

All Chapters