အခန်း ၁၄၁၈
Vol. 95 Ch. 1418
အခန်း ( ၁၄၁၈ ) မဟာဆရာသခင်များကို ဆန့်ကျင်ခဲ့သော သူရဲကောင်း။
"ဓားလမ်းစဥ်ရဲ့ ဒဏ္ဍာရီ၊ တစ်ဦးတည်းသော ဓားနတ်ဘုရား"
ဝူမင်၏ စကားကို ကြားသောအခါ ကျွင်းရှောင်ယောက်နှင့် ရဲ့ကူချန်တို့ တုန်လှုပ်သွားကြသည်။
ဓားသင်္ချိုင်းက သမိုင်းတလျှောက်တွင် အထူးချွန်ဆုံးသော ဓားသမားအများစု၏ နေရာဖြစ်ပြီး ကောင်းကင်ကိုးပါးတွင် နာမည်ကျော်ကြားသည်။
သို့သော်လည်း ဓားသင်္ချိုင်း၏ သမိုင်းတစ်လျှောက်တွင် တစ်ဦးတည်းသော ဓားနတ်ဘုရား၊ ဓားလမ်းစဉ် ဒဏ္ဍာရီဟု ခေါ်နိုင်သူက တစ်ဦးသာ ရှိ၏။
ဒါက တုကူးဓားနတ်ဘုရားပင်။
ဓားလမ်းစဉ်၏ ဒဏ္ဍာရီ... ဤစကားများက ကြီးမားသော သက်ရောက်မှုရှိသည်။
ဤဘွဲ့က သာမန်လူတစ်ဦး ကိုင်တွယ်နိုင်သော အရာမဟုတ်ပေ။
၎င်းက သာမန်ဘွဲ့တစ်ခုမျှသာမဟုတ်ဘဲ လျှို့ဝှက်ဆန်းကြယ်သော ကံကြမ္မာကိုလည်း သယ်ဆောင်ထားသည်။
ဥပမာအားဖြင့် ကျွင်းရှောင်ယောက်ကို အင်မော်တယ်နယ်မြေကြီး၏ မျိုးဆက်သစ် လူငယ်များကြားတွင် နံပါတ်တစ်ဟု လူသိများသည်။
ထို့ကြောင့် ထိပ်သီး ပါရမီရှင် တော်တော်များများက ကျွင်းရှောင်ယောက်ကို စိန်ခေါ်ကာ အနိုင်ယူပြီး ထိုဘွဲ့ကို ရယူရန်အတွက် ကြိုးစားဖူးပေသည်။
"ဓားနတ်ဘုရား" ဟူသော ဘွဲ့ကို ခံယူနိုင်ခြင်းက တုကူးဓားနတ်ဘုရား၏ စွမ်းအားကို သိနိုင်သည်။
"တုကူး... ဓားနတ်ဘုရား..."
ထိုစကားကို ကြားသောအခါ ရဲ့ကူချန်က မင်သက်သွားသည်။
ဓားသင်္ချိုင်းသို့ သူပထမဆုံးရောက်ချိန်က သူ့စိတ်ထဲတွင် ပေါ်လာသော အပိုင်းအစများကို ပြန်သတိရမိ၏။
ဝတ်စုံနက်ကို ဝတ်ဆင်ထားပြီး တုနှိုင်းမယှဉ်သော အရှိန်အဝါမျိုးဖြင့် လူတစ်ဦးက ဓားတစ်လက်ကို ကိုင်ဆွဲကာ မကောင်းမိစ္ဆာအားလုံးကို ချေမှုန်းခဲ့သည်။
အဲဒီလူက တုကူးဓားနတ်ဘုရားလား။
တုကူးဓားနတ်ဘုရားနှင့် သူက မည်ကဲ့သို့ ပတ်သက်မှုရှိသနည်း။
သူ၏ ယခင်ဘဝက ဓားနတ်ဆိုး တုကူးဝူပိုက် ဖြစ်သည်။
သူတို့နှစ်ဦးစလုံးက တုကူး မျိုးရိုးအမည် တူညီကြပေသည်။
၎င်းက ကြိုတင်သတ်မှတ်ထားသော အကြောင်းအကျိုး သက်ရောက်မှုတစ်ခု ဖြစ်မည်လော။
ဒါကိုကြားတော့ ကျွင်းရှောင်ယောက်က လက်ယှက်ပြပြီး မေးလိုက်သည်။
"အကြီးအကဲဝူမင်၊ တုကူးဓားနတ်ဘုရားနဲ့ ညီနောင်ရဲ့ကြား ပတ်သက်ဆက်နွယ်မှုက ဘာလဲ"
ဝူမင်က သက်ပြင်းချပြီး ပြောလိုက်၏။
"တုကူးဓားနတ်ဘုရားက သူ့ရဲ့ ရှုံးနိမ့်မှုကိုရှာဖွေခြင်းဓားလို အင်မတန် ခိုင်မာပြတ်သားတဲ့ စရိုက်ရှိတယ်"
"ဒါဆိုရင် ဒီဓားက တုကူးဓားနတ်ဘုရား အသုံးပြုတဲ့ ဓားပေါ့"
ရဲ့ကူချန်က သူ့လက်ထဲမှ ရွှင်းချိုရှီးပိုက်ဓားကို စိုက်ကြည့်ရင်း အတွေးထဲတွင် ခေတ္တာ နစ်မျောသွားသည်။
ဤသစ်သားဓားက တုကူးဓားနတ်ဘုရားနှင့် တူညီသည်ဟု သူလည်း ခံစားရပေသည်။
သို့ဆိုလျှင်...
"မှန်ပါတယ်၊ မင်းက တုကူးဓားနတ်ဘုရားပဲ"
ဝူမင်က စကားအဆုံးတွင် ရဲ့ကူချန်ကို စူးစိုက်ကြည့်လိုက်သည်။
ထိုအချိန်တွင် ဓားသင်္ချိုင်းတစ်ခုလုံး တုန်လှုပ်သွားပုံရသည်။
ကျွင်းရှောင်ယောက်လည်း အံ့အားသင့်စွာဖြင့် ရဲ့ကူချန်ကို လှည့်ကြည့်လိုက်၏။
ရဲ့ကူချန်က ဓားသင်္ချိုင်းရှိ တန်ခိုးကြီးသော ပုဂ္ဂိုလ်တစ်ဦးနှင့် ပတ်သက်နိုင်သည်ဟု အစပိုင်းတွင် သူမှန်းဆခဲ့သည်။
၎င်းတို့က သွေးဖြင့် ဆက်နွယ်နေခြင်း ဖြစ်နိုင်သည်၊ သို့မဟုတ် လူဝင်စားခြင်းကဲ့သို့ အရာတစ်မျိုးမျိုး ဖြစ်လိမ့်မည်။
သို့ရာတွင်၊ ရဲ့ကူချန်က တုကူးဓားနတ်ဘုရားဖြစ်မည်ဟု ဘယ်တုန်းကမှ သူမမျှော်လင့်ခဲ့ပေ။
သို့သော်လည်း ယင်းနောက်ကွယ်တွင် လျှို့ဝှက်ချက်အချို့ရှိရမည်။
တစ်ချိန်က၊ ဓားလမ်းစဉ်၏ ဒဏ္ဍာရီဟု လူသိများသော တုကူးဓားနတ်ဘုရားက အင်မော်တယ်နယ်မြေကြီး၏ ဓားနတ်ဆိုးဖြစ်လာပြီး နောက်ပိုင်း ရဲ့ကူချန်အဖြစ် လူပြန်ဝင်စားခြင်းမှာ မည်သို့ဖြစ်သနည်း။
ကျွင်းရှောင်ယောက်ကို မဆိုထားဘိ၊ ရဲ့ကူချန်ကိုယ်တိုင်ပင် အံ့ဩသွားခဲ့သည်။
သူတို့၏ မျက်လုံးများမှ စိတ်ရှုပ်ထွေးမှုများကို မြင်နေရဟန်ဖြင့် ဝူမင်က ပြောလိုက်သည်။
"အားလုံးသိကြတဲ့အတိုင်း၊ ငါ့ရဲ့ဓားသင်္ချိုင်းက တခြားတားမြစ်နယ်မြေတွေနဲ့ မတူဘူး။ ကသောင်းကနင်း ကပ်ဘေးတွေမှာလည်း တစ်ခါမှ မပါဝင်ဖူးပါဘူး"
"မှန်ပါတယ်"
ကျွင်းရှောင်ယောက်က ခေါင်းညိတ်လိုက်၏။
ဒါကပင်၊ သူက ဓားသင်္ချိုင်းကို အထင်မြင်ကောင်းရှိခြင်း အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။
"တကယ်လို့ ဓားသင်္ချိုင်းက ကသောင်းကနင်း ကပ်ဘေးမှာ မပါဝင်တဲ့အပြင် ရပ်တန့်ဖို့ကြိုးစားခဲ့တယ်ဆိုရင် မင်း ဘာပြောမလဲ"
ဝူမင်က ပြောလိုက်၏။
"ဘာ"
ကျွင်းရှောင်ယောက် အလွန်အံ့သြသွားသည်။
ကောင်းကင်ကိုးပါးတွင် တားမြစ်နယ်မြေဆယ်ခုရှိသော်လည်း ၎င်းတို့အားလုံးက ကသောင်းကနင်းတွင် ပါဝင်မည် မဟုတ်ပါ။
သို့ရာတွင်၊ ယေဘုယျအားဖြင့် မပါဝင်ကြသည့်တိုင် တားဆီးမည်လည်း မဟုတ်ပေ။
သူတို့က ဤအတိုင်း စောင့်ကြည့်နေရုံသာဖြစ်မည်။
၎င်းတို့ကို တားဆီးရန် ကြိုးစားပါက၊ အခြား တားမြစ်နယ်မြေများနှင့် မလွဲမသွေ ရင်ဆိုင်ရလိမ့်မည်။
ကောင်းကင်ကိုးပါးတွင် ရှင်သန်ရန် အလွန်ခက်ခဲမည် ဖြစ်သည်။
"အကြီးအကဲဆိုလိုတာ တုကူးဓားနတ်ဘုရားက..."
ကျွင်းရှောင်ယောက်က မေးလိုက်သည်။
“မှန်ပါတယ်။ တုကူးဓားနတ်ဘုရားက ကသောင်းကနင်းကို တားဆီးခဲ့ပေမဲ့ ကောင်းကင်ကိုးပါးမှာ ရှိနေတဲ့အတွက် အင်မော်တယ်နယ်မြေကြီးက မသိနိုင်ဘူး”
ဝူမင်က ပြောလိုက်၏။
"ဒီလိုပဲကို"
ကျွင်းရှောင်ယောက်က နားလည်သွားသည်။ တုကူးဓားနတ်ဘုရားက ကသောင်းကနင်းဖြစ်ခြင်းကို တားဆီးခဲ့မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ရဲ့ကူချန်လည်း ဤတော့မှ နားလည်သွားသည်။
သူ၏ အသိစိတ်ထဲမှ မြင်ကွင်းအပိုင်းအစများတွင်...
တုကူးဓားနတ်ဘုရားသည် မဟာဆရာသခင်က ကမ္ဘာပေါ်တွင် မရှိသင့်ဟု ပြောခဲ့သည်။
ဒါက ကသောင်းကနင်းဖြစ်ရပ်များကို တားဆီးရန် ကြိုးစားနေခြင်း ဖြစ်မည်လော။
ထိုသို့ဆိုလျှင်၊ မဟာဆရာသခင်က ကသောင်းကနင်းဖြစ်ရပ်များကို လှုံ့ဆော်သူ ဖြစ်နိုင်သည်။
"အကြီးအကဲ၊ မဟာဆရာသခင်က ဘာလဲ"
ရဲ့ကူချန်က ရုတ်တရက် မေးလိုက်သည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများက လျှို့ဝှက်စွာ တောက်ပလာသည်။
ရဲ့ကူချန်က 'မဟာဆရာသခင်'ဟူသော စကားလုံးကို အဘယ်ကြောင့် အသုံးပြုသနည်း။
ဝူမင်က ခေတ္တရပ်လိုက်ပြီး သူ့မျက်နှာပေါ်တွင် ရှားရှားပါးပါး လေးနက်သော အမူအရာတစ်ခု ပေါ်လာသည်။
ကောင်းကင်ဓားဝူမင်၏ အမူအရာကိုပင် ပြောင်းလဲစေခြင်းက 'မဟာဆရာသခင်'ဟူသော ခေါင်းစဉ်၏ ကြီးမားသောအလေးချိန်ကို သိနိုင်သည်။
"နားမလည်နိုင်ခြင်း၊ တိုင်းတာမရနိုင်ခြင်း၊ အဆုံးမရှိ အစွမ်းထက်ခြင်း၊ အဆုံးစွန်တားမြစ်ချက်"
ဤစကားလုံးများက မဟာဆရာသခင်၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် စွမ်းအားကို အပြည့်အဝ ဖော်ပြပေသည်။
ဒါကိုကြားတော့ ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် ထူးခြားသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
မဟာဆရာသခင်၏ အမိန့်ကို သူသည်လည်း လက်မှတ်ရေးထိုးခဲ့၏။
သို့ဆိုလျှင် သူက မဟာဆရာသခင် ဖြစ်မည်လော။
ကျွင်းရှောင်ယောက်သည် မဟာဆရာသခင်၏ အမိန့်တော်အရ အနည်းဆုံး မဟာဆရာသခင် ငါးဦးရှိမည်ဟု ခန့်မှန်းမိခဲ့သည်။
ဝူမင်က ဆက်ပြောလိုက်သည်။
"တိကျတဲ့ အကြောင်းအရင်းနဲ့ သက်ရောက်မှုက အရမ်းလေးနက်လွန်းတာကြောင့် အသေးစိတ်အချက်အလက်တွေကိုတော့ ငါလည်း မသိဘူး"
"မဟာဆရာသခင်ရဲ့အကြောင်းက ပေါ့ပေါ့တန်တန် မပြောနိုင်ဘူး"
ဝူမင်၏ စကားများက ကျွင်းရှောင်ယောက်၏ အမူအရာကို အနည်းငယ် ပိုလေးနက်စေသည်။
မဟာဆရာသခင်က သူထင်ထားတာထက် ပိုကြောက်စရာကောင်းပုံရသည်။
နက်နဲလွန်းသော အရာတစ်ခုကို ဆွေးနွေးခြင်းသည်ပင် အကျိုးအကြောင်း ပတ်သက်မှုကို ဖြစ်ပေါ်စေနိုင်သည်။
“ဒါပေမဲ့ ငါပြောနိုင်တာတစ်ခုက မဟာဆရာသခင်ဟာ ကြီးမားတဲ့ သန့်စင်ရှင်းလင်းခြင်းရဲ့ အရင်းမြစ်ပဲ"
ဝူမင်က ပြောလိုက်သည်။
ကောင်းကင်ကိုးပါးတွင် ကြီးမားသော ကသောင်းကနင်းဖြစ်ရပ်ကို မဟာ သန့်စင်ရှင်းလင်းခြင်းဟု ခေါ်သည်။
ဒါက အင်မော်တယ်နယ်မြေကြီးအတွက် လှောင်ပြောင်ခြင်းတစ်ခုဟု ဆိုရမည်။
ဤသန့်စင်ရှင်းလင်းခြင်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ဖြစ်သည်။
သို့သော် ကောင်းကင်ကိုးပါးတွင် မဟာ သန့်စင်ရှင်းလင်းခြင်းဟုဟု ခေါ်သည်။
“အဲဒီတုန်းက တုကူးဓားနတ်ဘုရားဟာ မဟာဆရာသခင်ကို သူ့ကိုယ်ပိုင်အင်အားနဲ့ စိန်ခေါ်ခဲ့တယ်"
"ဒါက မငြိမ်သက်မှုတွေကို အပြည့်အဝ မတားဆီးနိုင်ပေမဲ့ မဟာဆရာသခင်လည်း တန်ကြေးတစ်ခုကို ပေးဆပ်ခဲ့ရပါတယ်"
"ဒါပေမဲ့ နောက်ဆုံးမှာ သူ့ဝိညာဉ်က ပျက်သုဉ်းသွားခဲ့ပြီး သူ့ရဲ့ ရှေးဦးဝိဉာဉ်လည်း ပြိုလဲသွားခဲ့တယ်"
"အသက်မဲ့ခန္ဓာနဲ့ သစ်သားဓားတစ်လက်ပဲ အပျက်အယွင်းတွေကြားထဲမှာ မြင်ခဲ့ရတယ်လေ"
"ဒါကြောင့်မို့လို့ နောက်ပိုင်းမှာ ဓားသင်္ချိုင်းက ဒီကပ်ဘေးတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေမှာ ဝင်ရောက်စွက်ဖက်ခြင်း မပြုတော့ဘူး"
"တုကူးဓားနတ်ဘုရားရဲ့ ဒဏ္ဍာရီကလည်း ပြီးဆုံးသွားပြီလို့ ငါတို့ ထင်ခဲ့တယ်"
"ဒါပေမဲ့... အခုတော့ သူ့ရဲ့ မငြိမ်းအေးနိုင်တဲ့ ဝိညာဉ်က အင်မော်တယ်နယ်မြေကြီးကို ကျရောက်ပြီး ပြန်လည်ဝင်စားခဲ့မယ်လို့ မမျှော်လင့်ထားဘူး"
"အဲဒီ အသိစိတ်ဝိညာဉ်က တကယ်တော့ မင်းပဲ... ရဲ့ကူချန်"
ဝူမင်က ရဲ့ကူချန်ကို ကြည့်လိုက်သည်။
ရဲ့ကူချန်၏ အမူအရာက အေးခဲသွားသည်။
သူက တုကူးဓားနတ်ဘုရားရဲ့ ဝိညာဉ် ပြန်ဝင်စားသူလား။
"ဒါပေမဲ့... ဘာဖြစ်လို့လဲ"
ရဲ့ကူချန်က အံ့အားသင့်စွာ မေးလိုက်သည်။
ဝူမင်က ရှင်းပြလိုက်၏။
"ယုတ္တိဗေဒအရပြောရရင်၊ တုကူးဓားနတ်ဘုရားဟာ သူ့စိတ်ဝိညာဉ်တစ်ဝက်ကိုတောင် ချန်ထားခဲ့ဖို့ မဖြစ်နိုင်ပါဘူး"
"သူက ဓားလမ်းစဉ်မှာ ဒဏ္ဍာရီဖြစ်ပေမဲ့ မဟာဆရာသခင်တွေကို တစ်ဦးတည်း ရင်ဆိုင်ခဲ့ရတာ"
"ဒါပေမဲ့ ဒီဝိညာဉ်က တုကူးဓားနတ်ဘုရားရဲ့ အဆုံးစွန်စွဲလမ်းမှုတစ်ခု ဖြစ်နိုင်တယ်လို့ ငါယုံကြည်တယ်"
"သူ့ရဲ့ စွဲလမ်းမှုက သူ့ကို ဒီလိုမျိုး သေဆုံးသွားခွင့်ပြုမှာ မဟုတ်ဘူး"
"မရေမတွက်နိုင်တဲ့ ကပ်ဘေးတွေ၊ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ဓားနတ်ဘုရားက နောက်ဆုံးမှာ ပြန်လည်ရောက်ရှိလာလိမ့်မယ်"
ဝူမင်ပင်လျှင် ဤအကြောင်းကို ပြောသောအခါ စိတ်လှုပ်ရှားမှုကို ခံစားလိုက်မိသည်။
အင်မော်တယ်လက်နက် ကောင်းကင်ဓား၏ ဝိညာဉ်အနေဖြင့်...
တစ်နေ့တွင် ကောင်းကင်ဓားက တုကူးဓားနတ်ဘုရား၏ လက်ထဲသို့ တစ်ဖန်ပြန်လည်ရောက်ရှိမည်ဟု သူမျှော်လင့်ခဲ့ပေသည်။
ဝူမင်၏စကားကို ကြားသောအခါ ကျွင်းရှောင်ယောက်က သက်ပြင်းချလိုက်သည်။
ဤကဲ့သို့ လျှို့ဝှက်ချက်မျိုးကို သိရမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
တုကူးဓားနတ်ဘုရားက အမှန်ပင် ကိုယ်ကျိုးမဖက်သော သူရဲကောင်းဟု ဆိုနိုင်သည်။
အင်မော်တယ်နယ်မြေကြီအတွက် ကပ်ဘေးများကို တားဆီးပေးခဲ့သည့် ပုဂ္ဂိုလ်ကြီးတိုင်းမှာ သမိုင်းတွင် မှတ်တမ်းတင်ခံရပြီး လူတိုင်း၏ လေးစားကြည်ညိုမှုကို ခံယူကြရသည်။
လွမ်ကုဧကရာဇ်နှင့် အဆုံးမဲ့ဧကရာဇ်တို့ဆိုလျှင်လည်း အင်မော်တယ်နယ်မြေကြီးရှိ မရေမတွက်နိုင်သော သတ္တဝါများက အလေးပြုနေကြဆဲပင်။
တုကူးဓားနတ်ဘုရားကတော့ ကောင်းကင်ကိုးပါးတွင် မငြိမ်သက်မှုများကို တားဆီးခဲ့သောကြောင့် အင်မော်တယ်နယ်မြေကြီးမှလူများ မသိနိုင်တော့ပါ။
ကောင်းကင်ကိုးဘုံ၏ တားမြစ်နယ်မြေများကလည်း သူတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သောကြောင့် သဘာဝအတိုင်း တုကူးဓားနတ်ဘုရား၏ အကြောင်းကို ဖြန့်ကျက်မှု နည်းသည်။
တုကူးဓားနတ်ဘုရားသည် တစ်ချိန်က ဒီရေကိုပြောင်းလဲစေပြီး မဟာဆရာသခင်အား ရပ်တန့်စေခဲ့သော သူရဲကောင်းတစ်ဦး ဖြစ်သည်။
သို့သော်လည်း လူမသိသူမသိ ကွယ်ပျောက်ခဲ့ရပေသည်။
ဒါဟာ တကယ်ကို ဝမ်းနည်းစရာကောင်းသည်။