အခန်း ၁၄၂၉
Vol. 96 Ch. 1429
အခန်း ( ၁၄၂၉ ) ဧကရာဇ်အရိုးများ ပေါင်းစပ်ခြင်း။
အခြေအနေက တစ်ဆစ်ချိုး ပြောင်းလဲသွားမည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။
မကြာသေးမီကပင် ပြန်လည်ဝင်စားခြင်းပင်လယ်၏ သခင်လေးသုံးဦးမှာ အရေးသာပြီး အနိုင်ရလုနီး ဖြစ်ခဲ့သည်။
ယခုတော့ ကြီးစွာသော အကျပ်အတည်းတစ်ခုကို ရင်ဆိုင်နေရပြီ။
"မကောင်းတော့ဘူး"
ရွှမ်လီနှင့် ရွှမ်မော့တို့၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။
နတ်ဘုရားအားလုံး၏ကပ်ဘေးဒုက္ခကို ထုတ်ဖော်လိုက်သည်နှင့် အကန့်အသတ်မဲ့ ဓားအလင်းက နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပုံရပြီး သူတို့ထံ ဖြတ်သန်းသွား၏။
"ဝုန်း..."
လေဟာနယ်က တုန်ခါနေပြီး အောက်ဘက်မှ ပြန်လည်ဝင်စားခြင်းပင်လယ်မှာ လှိုင်းလုံးကြီးများ ရိုက်ခတ်နေတော့သည်။
ရွှမ်လီနှင့် ရွှမ်မော့တို့က ပြင်းထန်စွာ တုန်လှုပ်သွားသည်။ သူတို့က သွေးများ အန်ထွက်လာပြီး ထိတ်လန့်တုန်လှုပ်ခြင်းများ ပြည့်နှက်သွား၏။
"တုကူးဓားနတ်ဘုရား"
သူတို့က မနေနိုင်တော့ဘဲ အော်ဟစ်လိုက်ကြသည်။
တုကူးဓားနတ်ဘုရားက ကောင်းကင်ကိုးပါး၏ အဓိကတားမြစ်ချက် ဖြစ်ပြီး သူ့နာမည်ကို ပေါ့ပေါ့တန်တန် မပြောနိုင်ပေ။
သူက မဟာဆရာသခင်ကို မနာခံသောကြောင့် ကောင်းကင်ကိုးပါးကို ပုန်ကန်သူအဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။
အထူးသဖြင့် ကြီးစွာသော မငြိမ်သက်ခြင်းများကိုဖြစ်စေသော တားမြစ်နယ်မြေများက တုကူးဓားနတ်ဘုရားနှင့် ပတ်သက်သည်များကို ဖျက်ဆီးလိုကြသည်။
ဓားသင်္ချိုင်းတွင် ဝှက်ဖဲအချို့ရှိနေသေးသောကြောင့် မဟုတ်ပါက... ဓားသင်္ချိုင်းကို ဖျက်ဆီးပစ်ရန် ကြိုးစားခဲ့ပြီးပြီ။
ထိုတားမြစ်နယ်မြေများက ဓားသင်္ချိုင်းကို ဆန့်ကျင်ပြီးဖြစ်မည်။
ယခုအချိန်တွင် ရဲ့ကူချန်၏ ဓားချက်က တုကူးဓားနတ်ဘုရား၏ အသွင်အပြင်ကို သယ်ဆောင်သွားပုံရသည်။
ဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းသနည်း။
ရောက်ရှိလာသူအများစုမှာ လူငယ်များဖြစ်ေသာကြောင့် တုကူးဓားနတ်ဘုရား၏ လုပ်ရပ်များကို တစ်ခါမျှ မကြားဖူးကြပေ။
သို့သော်လည်း ကောင်းကင်ကိုးပါး၏ မျိုးဆက်ဟောင်း ကျင့်ကြံသူအချို့က အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
"အဲ့ဒီလူက... တကယ်ဖြစ်နိုင်မလား"
"ဓားသင်္ချိုင်းက ကျွင်းရှောင်ယောက်အစား ရဲ့ကူချန်ကို အမွေဆက်ခံသူအဖြစ် ခန့်အပ်ခဲ့တာ အံ့ဩစရာမရှိတော့ပါဘူး။ ဒါက အဖြေပဲ"
ယခုအချိန်မှာတော့ လူတော်တော်များများက အခြေအနေကို ရုတ်တရက် သဘောပေါက်သွားကြသည်။
ဓားသင်္ချိုင်းက ရဲ့ကူချန်ကို အဘယ်ကြောင့် ဆက်ခံသူအဖြစ် ခန့်အပ်သနည်း။
ဒါက ကျွင်းရှောင်ယောက်၏ မျက်နှာသာပေးခြင်းအပြင်...
ရဲ့ကူချန်က ထူးခြားလွန်းသောကြောင့် ဖြစ်သည်။
"တကယ်ပါပဲ"
ကျွင်းရှောင်ယောက်ကလည်း တိုက်ပွဲတစ်လျှောက် အကဲခတ်နေခဲ့သည်။
ပြင်းထန်သော ဖိအားအောက်တွင်သာ ရဲ့ကူချန်၏ အလားအလာကို ထုတ်လွှတ်နိုင်လိမ့်မည်။
ထို့ကြောင့် ယခုလေးတင် ကျွင်းရှောင်ယောက်က ဝင်ရောက်မစွတ်ဖက်ခဲ့ခြင်း ဖြစ်သည်။
"အကိုကြီး"
ရွှမ်လီနှင့် ရွှမ်မော့က နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ကြသည်။ သူတို့က မျက်နှာပျက်စွာဖြင့် ရွှမ်မီကို ကြည့်လိုက်ကြ၏။
ညီအစ်ကို သုံးယောက်က ပူးပေါင်းပြီး ပြန်လည်ဝင်စားခြင်းပင်လယ်၏ နယ်မြေထဲတွင် တိုက်ခိုက်ခဲ့ကြသော်လည်း ရဲ့ကူချန်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့သေးသည်။
ဒါက ရှက်စရာကောင်းလွန်းသည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ၊ သူက ဘယ်သူလဲ..."
ရွှမ်မီမှာလည်း ကျောက်ရုပ်ပမာ ဖြစ်နေသည်။
ယခုလေးတင် သူတို့က ဦးဆောင်နေမှန်း ထင်ရှားသော်လည်း အခြေအနေက ခဏချင်း ပြောင်းပြန်ဖြစ်သွား၏။
ပြန်လည်ဝင်စားခြင်းဧကရာဇ်၏အရိပ် ဖျက်ဆီးခံရခြင်းကြောင့် သူကိုယ်တိုင်လည်း တန်ပြန်သက်ရောက်မှုကို ခံစားခဲ့ရသည်။
'သူ့ဇာစ်မြစ်က ဖြစ်နိုင်ပါ့မလား....'
ရွှမ်မီ၏ မျက်လုံးများက အံ့မှုနှင့် အေးစက်မှုတို့ ပေါ်လာခဲ့သည်။
'သူက တုကူးဓားနတ်ဘုရားနဲ့ တကယ်ဆက်စပ်နေတာလား။ ဒါဆိုရင် ငါတို့က သူ့ကို ပိုပြီးတော့ ရှင်းပစ်ရတော့မယ်'
ရွှမ်မီ၏ မျက်လုံးများမှ သတ်ဖြတ်လိုစိတ်က ပိုပြင်းထန်လာသည်။
ဒါက သူတို့ညီအစ်ကိုသုံးယောက်၏ အရှက်ရခြင်းအတွက်သာ မကပါ။
ပြန်လည်ဝင်စားခြင်းပင်လယ်ကဲ့သို့ တားမြစ်နယ်မြေများ၏ ဆန္ဒဟုလည်း ဆိုနိုင်သည်။
သူတို့က ဓားသင်္ချိုင်းတွင် ဒုတိယမြောက် တုကူးဓားနတ်ဘုရားကို မပေါ်လာစေချင်ပေ။
"သုံးပါးတစ်ဆူ တိုက်ပွဲဝင်အစီရင်"
ရွှမ်မီက အေးစက်စွာ ပြောလိုက်သည်။
"အစ်ကိုကြီး၊ ကျွန်တော်တို့ သူ့ကိုကိုင်တွယ်ဖို့အတွက် ဒီနည်းလမ်းကို တကယ်သုံးရမှာလား"
ကျန်နှစ်ယောက်က အံ့အားသင့်သွားသော်လည်း ရွှမ်မီ၏ ရည်ရွယ်ချက်ကို နားလည်သွားပြီးနောက် သူတို့၏အကြည့်များ အေးစက်သွားကြသည်။
ညီအကို သုံးယောက်က ၎င်းတို့၏ သက်ဆိုင်ရာ ဧကရာဇ်အရိုးများ၏ စွမ်းအားကို တပြိုင်နက်တည်း အသက်သွင်းလိုက်သည်။
ဧကရာဇ်အရိုးသုံးခု၏ စွမ်းအားက အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲတွင် ပေါင်းစည်းသွား၏။
ထို့နောက်မှာတော့ ရောင်စုံအလင်းများ တောက်ပပြီး ဧကရာဇ်အရှိန်အဝါများဖြင့် လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်ကြီးတစ်ခုက လေထဲတွင် ပေါ်လာတော့သည်။
"သူတို့ရဲ့ ဝှက်ဖဲကို ထုတ်ဖော်တော့မှာလား"
ရောက်ရှိလာသူတိုင်း၏ အမူအရာများ ပြောင်းလဲသွားကြသည်။
ရဲ့ကူချန် တစ်ယောက်တည်းက ပြန်လည်ဝင်စားခြင်းပင်လယ်၏ သခင်လေးသုံးဦးကို သူတို့၏ဝှက်ဖဲများ အသုံးပြုစေရန် ဖိအားပေးခဲ့သည်။
သို့သော်၊ နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့တာက သူတို့ကို ပို၍ အံ့ဩစေခဲ့သည်။
ပြန်လည်ဝင်စားခြင်းပင်လယ်တွင် ကြီးမားသော လှိုင်းလုံးကြီးများက ရုတ်တရက် ဖြစ်ပေါ်လာသည်။
လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက ထွက်ပေါ်လာပြီး ကြီးမားသော ဖိအားလည်း ပေါက်ကွဲထွက်လာခဲ့၏။
"သူတို့က သူတို့ရဲ့ ဝှက်ဖဲကို ထုတ်ဖော်တဲ့အပြင် လူပြန်လည်ဝင်စားခြင်းပင်လယ်ရဲ့ ကောင်းချီးတွေလည်း ရှိသေးတယ်"
ဒါကိုမြင်လိုက်ရသော လူအားလုံး၏ အမူအရာက ပြောင်းလဲသွားကြသည်။
ဒါက လှည့်စားတယ်ဟု ယူဆလို့ မရတော့ပေ။
၎င်းက လုံးဝ အရှက်ကင်းမဲ့သည်။
သူတို့သုံးယောက်က အတူတူလှုပ်ရှားသည့်အပြင် ပြန်လည်ဝင်စားခြင်းပင်လယ်၏ အထောက်အပံ့ကိုလည်း ရယူခဲ့သေးသည်။
ဒါကို မည်ကဲ့သို့ တိုက်ခိုက်ရမည်နည်း။
လူတိုင်းက နှာခေါင်းရှုံ့ကုန်သည်။
သို့ရာတွင်၊ မည်သူမျှတော့ ပွင့်ပွင့်လင်းလင်း မပြောရဲကြပေ။
ယခုအချိန်တွင် ပြန်လည်ဝင်စားခြင်းပင်လယ်မှ သခင်လေးသုံးဦး၏ အရှိန်အဝါများနှင့် စွမ်းအင်များက လုံးဝ ပေါင်းစပ်သွားခဲ့သည်။
ဧကရာဇ်အရိုးသုံးခုသည် တူညီသောအရင်းအမြစ်မှ ဆင်းသက်လာကြခြင်း ဖြစ်သည်။ ယခုအခါ ၎င်းတို့၏ စွမ်းအားက တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်သွား၍ နောက်ဆုံးတွင် ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်အရိပ်ကြီးတစ်ခု ပေါ်လာတော့သည်။
ထို့ထက် အရေးကြီးဆုံးအချက်က ပြန်လည်ဝင်စားခြင်းပင်လယ်၏ ကောင်းချီးများ ရှိသည်။
ဒါက သေချာနေသော အနိုင်အရှုံး ဆုံးဖြတ်ခြင်းပင်။
ရဲ့ကူချန်က ကြောက်ရွံ့ခြင်းမရှိသော်လည်း သူ့အမူအရာမှာ ပို၍ လေးနက်လာသည်။
"ရွှမ်း"
ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းက ကောင်းကင်ကို တစ်ဖန် ဖြတ်သန်းသွားခဲ့သည်။
ဤဓားအလင်းသည် အလွန်ကြောက်စရာကောင်း၏။
၎င်းက သူတို့သုံးဦးစလုံးကိုပင် ဒဏ်ရာရစေနိုင်သည်။
ယခုမူ သူတို့သုံးဦးက ၎င်းတို့၏ ဝှက်ဖဲကို ထုတ်လွှတ်လိုက်ကြပြီး ဧကရာဇ်အရိုးများ၏ စွမ်းအားကလည်း လုံး၀ ပေါင်းစပ်သွားပြီ ဖြစ်သည်။
ထို့ပြင် ပြန်လည်ဝင်စားခြင်းပင်လယ်ကလည်း ထောက်ပံ့ထားသေးသဖြင့် စွမ်းအားက သာမန်မဟုတ်တော့ပေ။
ဧကရာဇ်အရိပ်၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
၎င်းက စစ်မှန်သော ဧကရာဇ်ကဲ့သို့ အပြည့်အဝ စွမ်းအားမရှိသော်လည်း မဟာကောင်းကင်အဓိပတိများ ကိုင်တွယ်နိုင်သောအရာ မဟုတ်သေးပေ။
ဆန်းကြယ်ကောင်းကင်အဓိပတိပင်လျှင် ရင်ဆိုင်ရန် ခက်ခဲမည် ဖြစ်သည်။
ရဲ့ကူချန်က ထူးကဲသော အရည်အချင်းရှိသော်လည်း ဖွံ့ဖြိုးတိုးတက်ဖို့ အချိန်လိုသေးသည်။
"ရှောင်ရဲ့ကျစ်"
စစ်ထူရွယ်၏ မျက်နှာက စက္ကူကဲ့သို့ ဖြူဖျော့သွားသည်။
ရဲ့ကူချန်က ၎င်းကို ရင်ဆိုင်ရန် ဟန်ပြင်လိုက်ချိန်...
ရုတ်တရက်၊ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူရိပ်တစ်ခုက သူ့ရှေ့တွင် ပေါ်လာသည်။
"ညီနောင်ရဲ့၊ ဒီလောက်ဆိုရင် ရပါပြီ"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြုံးပြလိုက်သည်။
သူက ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ထူးကဲသော ရူပါရုံခြောက်ခုကို တစ်ပြိုင်နက် အသက်သွင်းလိုက်၏။
ပထမ - သူတော်စင်တစ်သောင်း အရိုအသေပေးခြင်း...
ဒုတိယ - အင်မော်တယ်ဘုရင် လင်းကျိုးထျန်း...
တတိယ - ယင်ယန် သေခြင်းရှင်ခြင်းပန်းချီကား...
စတုတ္ထ - ရှေးဦးပျက်စီးခြင်းမိုးပြာရောင်ကြာပန်း...
ပဉ္စမ - လှပသော တောင်တန်းနှင့်မြစ်ပြင်...
ဆဋ္ဌမ - မိုးနှင့်မြေ၏ ဆန်းကြယ်တံခါး။
"လမ်းစဉ်ခြောက်သွယ် ဆမ်ဆရာလက်သီး"
ကျွင်းရှောင်ယောက်က လက်သီးဆုပ်ပြီး ကောင်းကင်ကို ဖြိုချနိုင်ပုံရသော စွမ်းအားမျိုးဖြင့် လက်သီးချက် ထုတ်ဖော်လိုက်သည်။
ကျွင်းရှောင်ယောက်က ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ရူပါရုံခြောက်ခုစလုံးကို တပြိုင်နက်တည်း ထုတ်ဖော်ခဲ့၏။
ထိုမျှသာမကဘဲ မတူကွဲပြားသော ရူပါရုံခြောက်ခုကို ထိန်းချုပ်ရန် လမ်းကြောင်းခြောက်သွယ် ဆမ်ဆာရာလက်သီးသိုင်းကို အသုံးပြုခဲ့သေးသည်။
ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ရူပါရုံခြောက်ခုက ရန်သူအားလုံးကို သုတ်သင်ဖယ်ရှားနိုင်စွမ်း ရှိသည်။
ထိုအခြေအနေတွင် လမ်းကြောင်းခြောက်သွယ် ဆမ်ဆာရာလက်သီးသိုင်းကို ထပ်မံအသုံးပြုခြင်းက ကျားကို အတောင်ပံတပ်ပေးလိုက်သလိုပင်။
ဤလက်သီးချက်တွင် ပြန်လည်ဝင်စားခြင်းအလင်းရောင်က တောက်ပလာပြီး ကောင်းကင်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်သည်။
"ကျွင်းရှောင်ယောက်၊ မင်း..."
ရွှမ်မီတို့ ညီအစ်ကိုသုံးယောက်၏ မျက်လုံးများတွင် ထိတ်လန့်ခြင်းများ ပေါ်လာခဲ့ကြသည်။
ကြီးမားသော ဧကရာဇ်၏အရိပ်က ဤလက်သီးအောက်တွင် တိုက်ရိုက်ကွဲကြေသွား၏။
ပြန်လည်ဝင်စားခြင်း၏ ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်က အရပ်ရပ်သို့ ပျံ့လွင့်သွားသည်။
ပြန်လည်ဝင်စားခြင်းပင်လယ်မှာလည်း လှိုင်းထန်နေတော့သည်။
"ဖူး..."
သွေးအန်သံများ ထွက်ပေါ်လာခဲ့သည်။
ရွှမ်မီ၊ ရွှမ်လီနှင့် ရွှမ်မော့သုံးဦးက ပြိုင်တူ လွင့်သွားကြ၏။
သူတို့၏အရိုးများက ကွဲအက်နေပြီး သွေးများ အန်ထွက်လာကြတော့သည်။
လက်သီးတစ်ချက်က ကံကြမ္မာကို အဆုံးအဖြတ် ပြုနိုင်သည်။