← Chapters

အခန်း ၁၄၃၅

Vol. 97 Ch. 1435

အခန်း ၁၄၃၅

Vol. 97 Ch. 1435

အခန်း ( ၁၄၃၅ ) တိုက်ပွဲ။

ကျွင်းရှောင်ယောက်၏ သဘောထားက ရှုတ်ချမှုတို့ ပြည့်နေသည်ဟု ဆိုနိုင်သည်။

သူသည် ခုနစ်ရောင်ခြယ်တာအိုသခင်ကို လုံးဝ လျစ်လျူရှုခဲ့၏။

သူက ဤစိန်ခေါ်ခြင်းကို လုံးဝ အလေးအနက်မထားပါ။

ရေမျက်နှာပြင်ကဲ့သို့ အေးဆေးတည်ငြိမ်သော ခုနစ်ရောင်ခြယ်တာအိုသခင်သည်ပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။

ကျွင်းရှောင်ယောက်နှင့်အတူ ရဲ့ကူချန်နှင့် စစ်ထူရွယ်တို့က လိုက်လာခဲ့ကြသည်။

ခွန်းလင်ယုကလည်း လိုက်ပါလာ၏။

သူက မနီးမဝေးမှ ခွန်းရွှီကျစ်ကို တွေ့သောအခါ ချက်ချင်းပြုံးလိုက်ပြီး နှုတ်ဆက်ရန် လျှောက်သွားလေသည်။

"အစ်ကို..."

ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်းတွင် အဆင့်ခြောက်ဖြစ်သော ခွန်းရွှီကျစ်က အမှန်တကယ်ပင် သူမ၏အစ်ကို ဖြစ်သည်။

"ငါက မင်း ဘယ်တွေလျှောက်သွားနေတာလဲလို့ စဉ်းစားနေတာ"

ခွန်းရွှီကျစ်က ပြုံးပြီး ပြောလိုက်သည်။ ထို့နောက် ကျွင်းရှောင်ယောက်ကို လှမ်းကြည့်ကာ ပြုံးပြီး ခေါင်းညိတ်ပြလိုက်၏။

ကျွင်းရှောင်ယောက်ကလည်း ပြုံးပြနှုတ်ဆက်လိုက်သည်။

ခွန်းလင်တောင်က တော်တော်စိတ်ဝင်စားဖို့ကောင်းသည်။ နောက်ပိုင်းမှ သွားရောက်လည်ပတ်ရလိမ့်မည်။

သို့သော်လည်း ယခုအချိန်မှာတော့ ဤအသေးအဖွဲကိစ္စလေးကို ဦးစွာဖြေရှင်းရန် လိုအပ်နေသေးသည်။

"ဒါက တိုက်ပွဲလေးတစ်ခုပဲကို"

ပတ်ဝန်းကျင်က ကြယ်ကောင်းကင်မှာ ကြည့်ရှုသူများ ပြည့်နေတာကို မြင်သောအခါ ကျွင်းရှောင်ယောက်က ပြုံးပြီး ခေါင်းယမ်းလိုက်သည်။

စိတ်လှုပ်ရှားစရာမရှိသော တိုက်ပွဲကလည်း လူများစွာကို အမှန်တကယ် ဆွဲဆောင်နိုင်သလော။

"သူက ကျွင်းရှောင်ယောက်ပေါ့"

ကူချမ်မြဲ့၏ မျက်လုံးအကြည့်များက လေးနက်မှုတို့ ပေါ်လာသည်။

ကျွင်းရှောင်ယောက်၏ ကျင့်ကြံမှုကို သူမမြင်နိုင်ပေ။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်က သူ့အရှိန်အဝါကို ဖုံးကွယ်ထားချင်လျှင် ဧကရာဇ်တစ်ပိုင်းတောင်မှ ရှာတွေ့ရန် ခက်ခဲမည် ဖြစ်သည်။

သက်ရှည်ခြင်းနတ်ဘုရားမကလည်း ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။

သို့ရာတွင်၊ သေချာကြည့်မိလေ... သူက ပို၍ အံ့ဩလာလေပင်။

ကျွင်းရှောင်ယောက်၏ အငွေ့အသက်များက အောက်ခြေမရှိသော တွင်းနက်တစ်ခုကဲ့သို့ ဖြစ်သည်။

ဤခံစားချက်မျိုးကို သက်ရှည်ခြင်းဧကရာဇ်ထံတွင်သာ သူ ခံစားဖူး၏။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ သူက သက်ရှည်ခြင်းဧကရာဇ်နဲ့ ပခုံးချင်းယှဉ်ရပ်တည်နိုင်တဲ့ အရည်အချင်းရှိတာလား"

သက်ရှည်ခြင်းနတ်ဘုရားမက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

သူ့အမြင်အရ သက်ရှည်ခြင်းဧကရာဇ်သည် ကောင်းကင်ကိုးပါးရှိ မျိုးဆက်သစ်လူငယ်များကြားတွင် နံပါတ်တစ်ဖြစ်သည်။

သူနှင့် ယှဉ်နိုင်သော မျိုးဆက်သစ်လူငယ်တွေ မရှိသင့်ပေ။

သို့ရာတွင်၊ တစ်ဖက်လူက အင်မော်တယ်နယ်မြေကြီးရှိ မျိုးဆက်သစ်လူငယ်များကြားတွင် နံပါတ်တစ် ဖြစ်သည်။

သူတို့နှစ်ယောက်ဆုံလျှင် ဘယ်လိုနေမလဲဟု သူ တွေးလိုက်မိသည်။

ဟုတ်ပေသည်၊ သက်ရှည်ခြင်းနတ်ဘုရားမက စိတ်ထဲမှ တွေးမိရုံသာ ဖြစ်သည်။

ယခုအချိန်တွင် အရေးကြီးဆုံးမေးခွန်းက ကျွင်းရှောင်ယောက်သည် ခုနစ်ရောင်ခြယ်တာအိုသခင်ကို အနိုင်ယူနိုင်မလားဆိုတာပင်။

အကယ်၍ ခုနစ်ရောင်ခြယ်တာအိုသခင်ကိုတောင် အနိုင်မယူနိုင်လျှင် နောက်ပိုင်းအခြေအနေများကို စဉ်းစားစရာ မလိုတော့ပါ။

ဤအခိုက်တွင်၊ လူတိုင်း၏ စောင့်ကြည့်မှုအောက်မှာ အဓိကဇာတ်ကောင်နှစ်ဦးက ရောက်ရှိလာပြီ ဖြစ်သည်။

"ကျွင်းရှောင်ယောက်၊ ငါက ဘာဖြစ်လို့ ဒီနေရာကို ရွေးချယ်ခဲ့တာလဲဆိုတာ မင်းသိလား"

ခုနစ်ရောင်ခြယ်တာအိုသခင်က အေးစက်စက်ဖြင့် ပြောသည်။

ကျွင်းရှောင်ယောက်က နှုတ်ဆိတ်နေပြီး ဘာမှပြန်မပြောပေ။

ခုနစ်ရောင်ခြယ်တာအိုသခင်က ဆက်ပြောသည်။

"ဒီနေရာဟာ လွမ်ကုဧကရာဇ်က ငါ့မြင့်မြတ်ဝိညာဉ်မျိုးရိုးကို အရှက်ရစေပြီး ထိခိုက်နစ်နာစေခဲ့တဲ့ နေရာပဲ"

"ဒါက ငါ့မြင့်မြတ်ဝိညာဉ် အပျက်အယွင်းအတွက် အရှက်ရခြင်းတွေ ပြည့်နေတဲ့ နေရာဖြစ်တယ်"

"ဒါကြောင့် ဒီနေ့မှာတော့ မင်းရဲ့သွေး၊ လွမ်ကုဧကရာဇ်ရဲ့ ဆက်ခံသူ‌ရဲ့သွေးကို အသုံးပြုပြီး အရှက်တရားအားလုံးကို ဆေးကြောမယ်"

ခုနစ်ရောင်ခြယ်တာအိုသခင်က ပြောလိုက်သည်။ သူ့ထံမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာ၏။

"‌ဆန်းကြယ်ကောင်းကင်အဓိပတိ အလယ်လတ်အဆင့်၊ မျှော်လင့်ထားတဲ့အတိုင်း သူက အဆင့်တစ်ခု တက်လာခဲ့ပြီပဲ"

ခုနစ်ရောင်ခြယ်တာအိုသခင်၏ အငွေ့အသက်များကို ခံစားမိသောအခါ တီးတိုး ပြောဆို‌သံများ ထွက်ပေါ်လာခဲ့သည်။

အဓိပတိနယ်ပယ်ခုနစ်ခုတွင် အဆင့်တစ်ခုတက်တိုင်း ခွန်အားက သိသိသာသာ တိုးတက်လာတတ်သည်။

ခုနစ်ရောင်ခြယ်တာအိုသခင်ကဲ့သို့ ပါရမီရှင်တစ်ဦးအတွက် အဆင့်ငယ်တစ်ခု တက်လာခြင်းက ကြီးမားသောအားသာချက်ကို ပေးစွမ်းနိုင်ပေသည်။

ကျွင်းရှောင်ယောက်က မျက်ခုံးကို အနည်းငယ်ပင့်ပြီး ပြောလိုက်သည်။

"အဲဒီတော့ ဒါက သေခြင်းရှင်ခြင်းတိုက်ပွဲလို့ ဆိုလိုချင်တာလား"

"အမှန်ပဲ၊ ဒီတိုက်ပွဲမှာ ဘယ်သူမှ ဝင်စွက်ဖက်နိုင်မှာ မဟုတ်ဘူး။ တစ်ဖက်က သေမှပဲ တိုက်ပွဲပြီးဆုံးလိမ့်မယ်"

"နောက်ပြီးတော့ ဒါက ငါတို့ကြားက တိုက်ပွဲဖြစ်ပြီး၊ နောက်ကွယ်က အင်အားစုတွေ ပါ၀င်လို့မရဘူး"

ခုနစ်ရောင်ခြယ်တာအိုသခင်က ပြောလိုက်၏။

ကျွင်းရှောင်ယောက်သာ သေဆုံးသွားပါက ကျွင်းမိသားစုမှ မြင့်မြတ်ဝိညာဥ်အပျက်အယွင်းကို မတိုက်ခိုက်နိုင်စေရန် ကြိုပြောလိုက်ခြင်း ဖြစ်သည်။

မဟုတ်လျှင်၊ ၎င်းက ကြီးမားသော သက်ရောက်မှုရှိမည်ဖြစ်ပြီး နောက်ဆုံးအစီအစဥ်ကို ကောင်းစွာ ထိခိုက်စေလိမ့်မည်။

ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။

ခုနစ်ရောင်ခြယ်တာအိုသခင်၏ အကြံအစည်ကို သူသိ၏။

သို့သော်လည်း တကယ်တမ်းမှာတော့ ကျွင်းရှောင်ယောက်က ဒါမျိုးတွေကို လုံးဝ မစဉ်းစားဖူးပါ။

ကျွင်းမိသားစုက သူ့ကိုယ်စား ဝင်စွက်ဖက်စရာ အခွင့်အရေး မရှိပေ။

"လာပါ၊ မင်းက ငါ့ခွန်အားကို ဘယ်လောက်ထိ ထုတ်ဖော်စေနိုင်မလဲ ကြည့်ရအောင်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

နောက်ထပ် ပြောစရာစကား မရှိတော့ပေ။

ခုနစ်ရောင်ခြယ်တာအိုသခင်က ဦးစွာ လှုပ်ရှားလိုက်သည်။ ခုနစ်ရောင်နတ်အလင်းက သူ့လက်ဖဝါးတွင် တောက်ပလာပြီး ခုနစ်ရောင်ရှိသော ရတနာတံဆိပ်တော်အဖြစ် ပြောင်းလဲသွား၏။

၎င်းက ရောင်စဉ်ခုနစ်မျိုးရှိသော တောင်တစ်လုံးကဲ့သို့ ကျွင်းရှောင်ယောက်ကို ဖိချလိုက်တော့သည်။

ခြင်္သေ့တောင်မှ ယုန်တစ်ကောင်ကိုဖမ်းရန် ခွန်အားအပြည့်ဖြင့် ကြိုးစားသည်။

ထို့ပြင် ကျွင်းရှောင်ယောက်က မလုပ်တတ် မကိုင်တတ်သော ယုန်သူငယ်မဟုတ်ပေ။

ပြန်လည်ဝင်စားခြင်းပင်လယ်မှ ကျွင်းရှောင်ယောက်၏ စွမ်းဆောင်ရည်ကလည်း လူတိုင်းအသိ ဖြစ်ခဲ့သည်။

ထို့ကြောင့်၊ ခုနစ်ရောင်ခြယ်တာအိုသခင်က ပြိုင်ဘက်ကို လျှော့တွက်ခြင်း သို့မဟုတ် စမ်းသပ်ရန် ရည်ရွယ်ချက်မရှိပေ။

တိုက်ပွဲစတင်သည်နှင့် အသန်မာဆုံး လှုပ်ရှားမှုကို တိုက်ရိုက် ထုတ်ဖော်ခဲ့သည်။

ဤတံဆိပ်တော်က ရွှမ်စစ်မူတောင်ကဲ့သို့ အားကောင်းပြီး ကြီးမားသော အင်အားကို ပိုင်ဆိုင်ထား၏။

၎င်းက ဆွဲငင်အားနယ်ပယ်တစ်ခုကိုလည်း သယ်ဆောင်ထားသောကြောင့် ကျွင်းရှောင်ယောက်၏ ပတ်ဝန်းကျင်ရှိ လေဟာနယ်က အေးခဲလာကာ ရှောင်တိမ်းရန် ခက်ခဲစေသည်။

ဒါက ခုနစ်ရောင်ခြယ်တာအိုသခင်၏ နည်းလမ်းများထဲမှ ရတနာခုနစ်ပါး တံဆိပ်တော်ပင်။

ဤလှုပ်ရှားမှု တစ်ခုတည်းက ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်းရှိ ပါရမီရှင်များစွာကို ချေမှုန်းရန် လုံလောက်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က ရှောင်တိမ်းရန်ပင် မကြိုးစားခဲ့ပေ။

သူ့ခန္ဓာကိုယ်မှ နတ်အလင်းစက်ဝိုင်းများ တောက်ပလာသည်။

အလင်းစက်ဝိုင်းများက တစ်ခုပြီးတစ်ခု အလွှာလိုက် ပေါ်လာခြင်း ဖြစ်၏။

ရတနာခုနစ်ပါးတံဆိပ်တော်၏ အင်အားက အလင်းစက်ဝိုင်းတစ်ခုကို ဖြတ်သန်းရတိုင်း သိသိသာသာ လျော့ကျသွားရသည်။

၎င်းက နောက်ဆုံးမှာတော့ သူ့အနားကိုတောင် မရောက်နိုင်တော့ပေ။

"ဟမ်၊ စွမ်းအင်ခုခံကာကွယ်ခြင်းလား"

ခုနစ်ရောင်ခြယ်တာအိုသခင်၏ မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင်များ ပေါ်လာသည်။

သူက ကျွင်းရှောင်ယောက်ကို အနီးကပ်တိုက်ခိုက်ရန် စိတ်ကူးမရှိပေ။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက မည်မျှသန်မာကြောင်း သူသိသည်။

သူက မြင့်မြတ်ဝိညာဉ်ဖြစ်သော်လည်း ကျွင်းရှောင်ယောက်နှင့်ရင်ဆိုင်ရာတွင် ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းမှာ အားသာချက် မရှိပေ။

ခုနစ်ရောင်ခြယ်တာအိုသခင်က မျက်လုံးများကိုမှိတ်ပြီး ရုတ်တရက် ပြန်ဖွင့်လိုက်သည်။ ခုနစ်ရောင်ရှိသော နတ်အလင်းများက ပေါက်ကွဲထွက်လာပြီး ကောင်းကင်နှင့်မြေပြင်က တုန်ခါသွား၏။

"အဲဒါက ခုနစ်ရောင်ခြယ်တာအိုသခင်ရဲ့ မွေးရာပါ နတ်ဘုရားစွမ်းရည်၊ ရောင်စဉ်ခုနစ်သွယ် ဖျက်ဆီးခြင်းနတ်အလင်းပဲ"

အရောင်ခုနစ်မျိုးပါဝင်သော ဤအလင်းတန်းကို မြင်ရပြီးနောက် ပရိသတ်ထံမှ အံ့အားသင့်စွာ အော်သံများ ထွက်ပေါ်လာသည်။

ခုနစ်ရောင်ခြယ်တာအိုသခင်သည် အဓိပတိအင်မော်တယ်ရွှေခုနစ်မျိုး ပေါင်းစပ်ခြင်းမှ မွေးဖွားလာခဲ့သူ ဖြစ်သည်။

စွမ်းရည်ခုနစ်မျိုးက တစ်ခုနည်းအဖြစ် ပေါင်းစပ်လိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းရည်တစ်ခုအဖြစ် ပြောင်းလဲသွား၏။

'ရောင်စဉ်ခုနစ်သွယ် ဖျက်ဆီးခြင်းနတ်အလင်း'ဆိုသည့်အတိုင်း ၎င်း၏စွမ်းအားက အလွန်ကြောက်စရာကောင်းသည်။

ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်က အနှိုင်းမဲ့နတ်ဘုရားသွေးကို အသက်သွင်းလိုက်သည်။

အနှိုင်းမဲ့နတ်ဘုရားသွေးဟုဆိုသော်လည်း ယခင် အနှိုင်းမဲ့အရိုးမှ စွမ်းရည်သုံးခုလည်း ရှိ၏။

ကောင်းကင် နတ်ဘုရားအလင်း၊ ဆမ်ဆာရာနီဗားနားနှင့် အပြစ်သားကမ္မနတ်ဆိုးအလင်း။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ပေါ်တွင် စွမ်းရည်သုံးခုက ပြင်းထန်စွာ လောင်ကျွမ်းသွားသည်။ ၎င်းက အလွန်စွမ်းအားကြီးပြီး နတ်သံကြိုးများကို လောင်ကျွမ်းစေနိုင်ပုံရ၏။

ထိုစဥ်မှာပင် ရောင်စဉ်ခုနစ်သွယ် ဖျက်ဆီးခြင်းနတ်အလင်းက ကျွင်းရှောင်ယောက်ကို ထိမှန်သွားသည်။ ပြင်းထန်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ အားကောင်းသော တိုက်ခိုက်မှုလှိုင်းများက နေရာအနှံ့ကို ဖြာထွက်လာတော့သည်။

"သူက တကယ်ကြီး တိုက်ရိုက် ထိခံလိုက်တာလား"

ဤမြင်ကွင်းကြောင့် လူတိုင်း မျက်လုံးပြူးသွားကြသည်။

ရောင်စဉ်ခုနစ်သွယ် ဖျက်ဆီးခြင်းနတ်အလင်းက ခုနစ်ရောင်ခြယ်တာအိုသခင်ကို‌ ကျော်ကြားစေသော မွေးရာပါ နတ်ဘုရားစွမ်းရည်တစ်မျိုး ဖြစ်သည်။

သူက ရန်သူများစွာကို အနိုင်ယူရန် ဤနည်းလမ်းကို အသုံးပြုခဲ့ဖူးသည်။

ယခုမူ၊ ကျွင်းရှောင်ယောက်က အလွန်ရဲတင်းပြီး ၎င်းကို လျစ်လျူရှုခဲ့ပြီ။

သူ့ခန္ဓာကိုယ်မှ နတ်အလင်းရောင်သုံးခုက ဖြာထွက်နေပြီး ခုနစ်ရောင်နတ်အလင်း၏စွမ်းအားကို ပိတ်ဆို့ခဲ့သည်။

ထို့နောက် သူက ရောင်စဉ်ခုနစ်သွယ် ဖျက်ဆီးခြင်းနတ်အလင်းကို ဖြတ်ကျော်ကာ ခုနစ်ရောင်ခြယ်တာအိုသခင်၏ရှေ့တွင် ပေါ်လာ၏။

ထို့နောက်တွင်၊ နတ်ဆိုးနတ်ဘုရားက ကောင်းကင်ကို ဖြိုချသကဲ့သို့ လက်သီးတစ်လုံးကို ထုတ်ဖော်လိုက်သည်။

ခုနစ်ရောင်ခြယ်တာအိုသခင်က ဒယီးဒယိုင်ဖြင့် နောက်ကိုဆုတ်သွားရတော့သည်။

All Chapters