အခန်း ၁၄၃၆
Vol. 97 Ch. 1436
အခန်း ( ၁၄၃၆ ) အပြတ်အသတ် ဖိနှိပ်ခြင်း။
ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုအားလှိုင်းက ကောင်းကင်ကို တုန်ခါသွားစေခဲ့သည်။
အဆုံးမဲ့နတ်အလင်းများက ပတ်ဝန်းကျင်တစ်ခုလုံးကို လင်းထိန်သွားစေခဲ့၏။
ကျွင်းရှောင်ယောက်၏ လက်သီးချက်က ကမ္ဘာကို ထိုးခွဲလိုက်သော နတ်ဘုရား၏ လက်သီးကဲ့သို့ပင်။
ခုနစ်ရောင်ခြယ် တာအိုသခင်က တိုက်ရိုက် ဆုတ်သွားရတော့သည်။
သူ့အဝတ်အစားများက စုတ်ပြဲသွားခဲ့သည်။ သို့ရာတွင် အောက်ဘက်မှာ သက်ရောက်မှုများစွာကို ခံနိုင်ရည်ရှိစေသော ခုနစ်ရောင် ချပ်ဝတ်တန်ဆာတစ်ခု ရှိ၏။
"မင်းတို့ မြင့်မြတ်ဝိညာဉ်အပျက်အယွင်းက လိပ်ခွံတွေကို ဝတ်ဆင်ရတာ တကယ်ကြိုက်တာလား"
ကျွင်းရှောင်ယောက်က လှောင်ပြောင်လိုက်သည်။
ယခင်က ကျောက်ဧကရာဇ်လေးမှာလည်း အလားတူဖြစ်ရပ်မျိုး ကြုံဖူးသည်။ ကျောက်ဧကရာဇ် ချပ်ဝတ်တန်ဆာကြောင့်သာ မဟုတ်လျှင် သူ သေသွားလောက်ပြီ။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ မင်းလည်း ဆန်းကြယ်ကောင်းကင်အဓိပတိနယ်ပယ်ကို ရောက်နေပြီလား"
ခုနစ်ရောင်ခြယ်တာအိုသခင်က တည်ငြိမ်မှုမရှိတော့ပေ။
ကျွင်းရှောင်ယောက်၏ အင်အားက သူ့ထက် အားမနည်းကြောင်း သူ ခံစားခဲ့ရသည်။
သူက ဆန်းကြယ်ကောင်းကင်အဓိပတိနယ်ပယ်၏ အလယ်အလတ်အဆင့်တွင် ရှိသည်။
သို့ရာတွင် ကျွင်းရှောင်ယောက်က အဘယ်နည်း။
သူက အသက်သုံးဆယ်ခန့်သာ ရှိသေးသည်။
ထိုကဲ့သို့ အသက်ငယ်ငယ်ဖြင့် ဆန်းကြယ်ကောင်းကင်အဓိပတိအဆင်သို့ ရောက်ရှိနိုင်ခြင်းမှာ အံ့ဖွယ်ကောင်းသည်။
"နယ်ပယ်အဆင့်က ငါ့အတွက် အဓိပ္ပါယ်သိပ်မရှိဘူး"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
သူက အမှန်အတိုင်း ပြောလိုက်ခြင်း ဖြစ်၏။
ယခုအခါ သူ့ကို ဆန်းကြယ်ကောင်းကင်အဓိပတိတစ်ပိုင်းဟု သတ်မှတ်နိုင်သည်။
သို့သော်လည်း လက်တွေ့မှာတော့ သူ့ခွန်အားကို နယ်ပယ်နှင့် တိုင်းတာလို့ မရပေ။
"ထပ်လာမယ်"
ခုနစ်ရောင်ခြယ်တာအိုသခင်က အော်ဟစ်လိုက်သည်။ ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ အဆုံးမဲ့ အလင်းရောင်ခုနစ်မျိုးက ပိုးချည်မျှင်များကဲ့သို့ ဖြန့်ကျက်ပြီး ကျွင်းရှောင်ယောက်ကို ဖုံးအုပ်လိုက်၏။
'ဒီနည်းလမ်းက'
ကျွင်းရှောင်ယောက်၏ မျက်လုံးများက ထူးဆန်းသော အလင်းရောင်ဖြင့် လင်းလက်လာသည်။
အင်္ကျီလက်အတွင်း၌ စကြာဝဠာကို ထိန်းချုပ်နိုင်စွမ်း၊ လေနှင့်မိုးကို ဆင့်ခေါ်နိုင်စွမ်း၊ ပဲစေ့များကို စစ်သည်များအဖြစ်သို့ ပြောင်းလဲနိုင်ခြင်းနှင် ကောင်းကင်နှင့်မြေပြင်ကို အတုယူခြင်းတို့မှာ အလွန်ရှေးကျသော ပညာရပ်များ ဖြစ်ကြသည်။
'အင်္ကျီလက်အတွင်း၌ စကြာဝဠာကို ထိန်းချုပ်နိုင်စွမ်း'က အရာအားလုံးကို ဖမ်းယူပြီး သန့်စင်နိုင်သည်ဟု ဆိုသည်။
ဒါက ထိုနည်းလမ်းအစစ်မဟုတ်သော်လည်း ခုနစ်ရောင်ခြယ်တာအိုသခင်၏ နည်းလမ်းမှာ ၎င်းနှင့် အနည်းငယ် ဆင်တူပေသည်။
အရောင်ခုနစ်မျိုးဖြင့် ပိုက်ကွန်က ကျွင်းရှောင်ယောက်ကို ဖုံးအုပ်ပြီး သန့်စင်ပစ်ရန် ကြိုးစားလာခဲ့သည်။
သို့ရာတွင်၊ ကံမကောင်းစွာဖြင့် ဒါက ကျွင်းရှောင်ယောက်အတွက် လုံးဝ အသုံးမဝင်ပေ။
ကျွင်းရှောင်ယောက်က သူ့လက်နှစ်ချောင်းကို ဓားကဲ့သို့ အသုံးပြု၍ လေထဲတွင် အလျားလိုက်နှင့် ဒေါင်လိုက် တစ်ချက်စီ ဆွဲလိုက်သည်။
ကြယ်များက အချင်းချင်း ချိတ်ဆက်ပြီး လေဟာနယ်ကို ဆုပ်ဖြဲလိုက်သကဲ့သို့... ခုနစ်ရောင်ပိုက်ကွန်က ကွဲထွက်သွား၏။
၎င်းက လွမ်ကုဧကရာဇ်၏ လွမ်ထျန်းလျှို့ဝှက်ကျင့်စဉ်၊ ကြယ်ကောင်းကင်ဆုံမှတ်ကို ဖြတ်ကျော်ခြင်းပင်။
"လွမ်ထျန်းလျှို့ဝှက်ကျင့်စဉ်"
ဤလှုပ်ရှားမှုကိုမြင်သောအခါ ခုနစ်ရောင်ခြယ်တာအိုသခင်၏ အငွေ့အသက်များက မြင့်တက်လာခဲ့သည်။ သူအမူအရာက ပို၍ပင် အေးစက်သွား၏။
လွမ်ကုဧကရာဇ်၏နည်းလမ်းကို သူ့ရှေ့တွင် အသုံးပြုခြင်းက ဒေါသထွက်စရာကောင်းလွန်းသည်။
အထူးသဖြင့် ကောင်းကင်ပြိုတောင်ကြားကဲ့သို့ နေရာမျိုးတွင် ဖြစ်သည်။
ကျွင်းရှောင်ယောက်က လွမ်ထျန်းလျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုလိုက်ခြင်းကြောင့် ဖြစ်နိုင်မလား မသိပါ။
ကောင်းကင်ပြိုတောင်ကြား တစ်ခုလုံးက ဤအခိုက်အတန့်တွင် အနည်းငယ် တုန်လှုပ်သွားပုံရသည်။
ဒါက ကျွင်းရှောင်ယောက်နှင့် တစ်နည်းတစ်ဖုံ ပဲ့တင်ထပ်နေသကဲ့သို့ပင်။
"ရှေးယခင်က လွမ်ကုဧကရာဇ်ဟာ ဒီနေရာကို လာရောက်ခဲ့ပြီး မြင့်မြတ်ဝိညာဉ်အပျက်အယွင်းရဲ့ မဟာမြင့်မြတ်ဝိညာဉ်ကို သတ်ခဲ့တယ်"
"ဒီနေ့မှာ မင်းကိုလည်း ငါက လွယ်လွယ်လေး သတ်နိုင်တယ်"
ကျွင်းရှောင်ယောက်က ပြောဆိုပြီးနောက် ဓားတစ်ချက် ထုတ်ဖော်လိုက်သည်။
သတ်ဖြတ်ခြင်းဓား...
တုနှိုင်းမယှဉ်သာအောင် ကြီးမားပြီ တောက်ပသော ဓားအလင်းတစ်ခုက လေဟာနယ်ကို ခွဲထွက်သွား၏။
ပို၍ကြောက်စရာကောင်းသည်မှာ ကျွင်းရှောင်ယောက်က ဤဓားချက်တွင် 'တဒင်္ဂ၏အလှရတား'ကို ပေါင်းစပ်ထည့်သွင်းထားခြင်း ဖြစ်သည်။
ဤဓားအလင်းက အလွန်စွမ်းအားကြီးသလို မြင့်မားသော အမြန်နှုန်းကို ပိုင်ဆိုင်ထားကာ ရှောင်တိမ်းရန် လုံးဝမဖြစ်နိုင်ပေ။
ထိုအချိန်တွင် အချိန်က အေးခဲသွားပုံရသည်။
ခုနစ်ရောင်ခြယ်တာအိုသခင်၏ မျက်လုံးများက ပြူးကျယ်သွားပြီး သူ့ကိုယ်သူ ကာကွယ်ရန် အမြန်လှုပ်ရှားလိုက်၏။
သူက ပါးစပ်ကိုဟပြီး သတ္တုတံဆိပ်တော်တစ်ခုကို ထွေးထုတ်လိုက်သည်။
သို့သော်...
ထိုအတားအဆီးက ဓားအလင်း၏ရှေ့တွင် ပျက်စီးလွယ်သော စက္ကူတစ်ရွက်နှင့် မခြားပေ။
ဓားအလင်းက ခုနစ်ရောင်ခြယ်တာအိုသခင်ထံသို့ ဆက်လက် ဖြတ်သန်းသွားသည်။
သံသံချင်း ထိခတ်သံနှင့်အတူ အက်ကွဲသံများက တပြိုင်နက်တည်း ထွက်ပေါ်လာသည်။
ခုနစ်ရောင်ခြယ်တာအိုသခင်၏ ခန္ဓာကိုယ်ပေါ်ရှိ ခုနစ်ရောင် ချပ်ဝတ်တန်ဆာက အမှန်တကယ် အက်ကွဲသွား၏။
"ဝုန်း"
ခုနစ်ရောင်ခြယ်တာအိုသခင်၏ ခန္ဓာကိုယ်မှာပင် အက်ကြောင်းများက ပေါ်လာတော့သည်။
"ခုနစ်ရောင်ခြယ် တာအိုသခင်တောင်မှ သူ့ကို မယှဉ်နိုင်ဘူးလား"
ဒါကိုမြင်တော့ ကောင်းကင်ကိုးပါး၏ သတ္တဝါအားလုံး တုန်လှုပ်ခြောက်ခြားသွားပြီး မျက်လုံးများ ပြူးကျယ်သွားကြသည်။
ကျွင်းရှောင်ယောက်က ရှေ့သို့လျှောက်သွားသည်။ သူက လက်ဝါးတစ်ဖက်ဖြင့် ခုနစ်ရောင်ခြယ်တာအိုသခင်ကို ဖိနှိပ်ရန် ကြံရွယ်ထား၏။
"အဲလောက်မလွယ်ဘူးကွ"
ရုတ်တရက်၊ ခုနစ်ရောင်ခြယ်တာအိုသခင်၏ အနောက်ဘက်မှ အရောင်ခုနစ်မျိုးဖြင့် အလင်းတန်းခုနစ်ခု ထွက်လာသည်။
၎င်းတို့မှာ ဓားပျံခုနစ်လက် ဖြစ်၏။
ဓားပျံတစ်ခုစီက အင်မော်တယ်ရွှေခုနစ်မျိုးဖြင့် ထုလုပ်ထားသကဲ့သို့ ကွဲပြားသောအရောင်၊ အလင်းတို့ဖြင့် လင်းလက်တောက်ပနေကာ၊ ထူးခြားသော အမှတ်အသားများကို ရေးထွင်းထားသည်။
"ရောင်စဉ်ခုနစ်သွယ် ကောင်းကင်ဓား"
ဓားပျံများ၏ အစွန်းတစ်ဖက်စီက ဟင်းလင်းပြင်ကို ခွဲထုတ်နိုင်ပုံရပြီး ကျွင်းရှောင်ယောက်ထံ ဖြတ်သန်းသွား၏။
အရေးအကြီးဆုံးအချက်က၊ ဤဓားပျံခုနစ်လက်သည် အတူတကွ ပဲ့တင်ထပ်ပြီး ပို၍ စွမ်းအားကြီးလာနိုင်သည်။
"ဒါက မင်းနဲ့အတူပါလာတဲ့ မွေးရာပါလက်နက်ပေါ့"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက ထူးခြားသော အလင်းရောင်တို့ လင်းလက်လာခဲ့သည်။
မြင့်မြတ်ဝိညာဉ်မျိုးရိုးက အလွန်ထူးခြားသည်။
ရံဖန်ရံခါ၊ အဖော်ဝိညာဉ်သားရဲများ သို့မဟုတ် အဖော်မိစ္ဆာသားရဲများ ပါလာတတ်ပေသည်။
ထို့ကြောင့်ပင် မြင့်မြတ်ဝိညာဉ်မျိုးရိုးက စကြဝဠာအတွင်း၌ ကြီးကျယ်ခမ်းနားသော မျိုးနွယ်စုတစ်ခုဖြစ်လာခဲ့ရသည်။
ဤခုနစ်ရောင် ကောင်းကင်ဓားမှာတော့ ခုနစ်ရောင်ခြယ်တာအိုသခင်၏ အဖော်လက်နက်ပင်။
ဤအခိုက်အတန့်တွင်၊ ခုနစ်ရောင်ကောင်းကင်ဓားက ကျွင်းရှောင်ယောက်ထံသို့ ဖြတ်သွားသည်။
ရှေးဦးမိစ္ဆာသားရဲ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့်ပင် ထိုကဲ့သို့သော တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရန် မလွယ်ကူပေ။
သို့သော်... ကျွင်းရှောင်ယောက်က လက်ဗလာဖြင့် ကောင်းကင်ဓားများကို ထိုးနှက်လိုက်သည်။
"ကျွင်းရှောင်ယောက်က ရူးသွားပြီလား။ အဲဒါ ခုနစ်ရောင်ခြယ်တာအိုသခင်ရဲ့ အဖော်လက်နက်တွေပဲ"
လူများစွာ အံ့သြသွားကြ၏။
မြင့်မြတ်ဝိညာဉ်မျိုးရိုး၏ အဖော်လက်နက်များက အင်မော်တယ်ရွှေဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။
၎င်းတို့က ဖျက်ဆီးမရဘဲ ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့် ရင်ဆိုင်ရန်မဆိုထားဘိ၊ အကာကွယ် ရတနာအများစုသည်ပင် ထိုးဖောက်ခံရလိမ့်မည်။
သို့သော်လည်း နောက်အခိုက်တွင် သူတို့အားလုံး၏ မျက်လုံးများက ကျွတ်ထွက်လုနီးပါး ပြူးကျယ်သွားကြသည်။
အက်ကွဲသံများနှင့်အတူ ကောင်းကင်ဓားငါးလက်က ချက်ချင်း ကွဲကြေသွား၏။
"ဖူး"
ကောင်းကင်ဓားများ ကွဲကြေသွားသည်နှင့် ခုနစ်ရောင်ခြယ်တာအိုသခင်လည်း တုန်လှုပ်သွားကာ သွေးများအန်ထွက်လာတော့သည်။
သူ့အဖော်လက်နက် ပျက်စီးသွားလျှင် ပိုင်ရှင်ကိုယ်တိုင်လည်း ထိခိုက်ရသည်။
ယခုအခါ ရလဒ်ကို လူတိုင်း သိလိုက်ပြီ။
ခုနစ်ရောင်ခြယ်တာအိုသခင်က ထူးခြားသော နည်းလမ်းများစွာကို အသုံးပြုခဲ့သော်လည်း အကြိမ်ကြိမ် ဖျက်ဆီးခံခဲ့ရသည်။
တစ်ဖက်မှာတော့ ကျွင်းရှောင်ယောက်က တစ်လျှောက်လုံး ငြိမ်သက်နေပြီး သူ့လက်နက်ကိုပင် မထုတ်ဖော်ခဲ့ပေ။
သူ့လက်ချောင်းများဖြင့် ခုနစ်ရောင်ခြယ်တာအိုသခင်၏ အဖော်လက်နက်သည်ပင် ပျက်စီးသွားရသည်။
"ပြီးပြီ"
ကျွင်းရှောင်ယောက်က အချိန်ဆွဲပြီး တိုက်ခိုက်ရန် ပျင်းရိလွန်းသည်။
သူ့အတွက်တော့ ဤတိုက်ပွဲသည် အစမှအဆုံးထိ စိတ်လှုပ်ရှားစရာ မရှိခဲ့ပေ။
သူက ဤတိုက်ပွဲကို သေခြင်းရှင်ခြင်းတိုက်ပွဲအဖြစ် လုံးဝ မသတ်မှတ်ခဲ့ပါ။
ပုရွက်ဆိတ်ကို ဖယ်ရှားရန် တကူးတက အချိန်ပေး၍ လာခဲ့ခြင်းမျှသာ ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ နောက်တွင် ခြေထောက်သုံးချောင်းနှင့် လက်ကိုင်နှစ်ဖက်ရှိသော ကြေးဒယ်စောက်အိုးတစ်လုံး ပေါ်လာခဲ့သည်။
ဒယ်စောက်အိုး၏ မျက်နှာပြင်တွင် တောင်များ၊ မြစ်များ၊ ပင်လယ်များ၊ ပန်းများ၊ ငှက်များ၊ ပိုးကောင်များ၊ ငါးများနှင့် ရှေးလူသားများက ဦးညွတ်နေကြပုံများ... စသည်ဖြင့် ပုံရိပ်များစွာကို ရေးထွင်းထား၏။
အိုးအတွင်းမှ ကြွယ်ဝပြီး လေးနက်သော စွမ်းအားတစ်ခုကလည်း စီးဆင်းနေသည်။
၎င်းက အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးပင်။
ယခင်က ကျွင်းရှောင်ယောက်သည် ဓားဧကရာဇ်ကိုသတ်ရန် တာ့လော့ဓားသန္ဓေကို အသုံးပြုခဲ့ပြီး တာ့လော့ဓားသန္ဓေအား ဧကရာဇ်လက်နက်အဖြစ် ပြောင်းလဲစေခဲ့သည်။
ယခုလည်း ကျွင်းရှောင်ယောက်က အရာအားလုံး၏မိခင်ချီဒယ်စောက်အိုးကို အဟာရဖြည့်ဆည်းပေးလိုပေသည်။
ခုနစ်ရောင်ခြယ်တာအိုသခင်၏ မူလပုံစံက အင်မော်တယ်သတ္တုခုနစ်မျိုးဖြင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။
အရည်အသွေးအရ၊ ၎င်းသည် ဓားဧကရာဇ်၏ မူလခန္ဓာဖြစ်သော ကောင်းကင်သင်္ချိုင်းဓားကျောက်တုံးထက် မည်သို့မျှ နိမ့်ကျမည်မဟုတ်ပေ။
ထို့ကြောင့် သူ့ကို အရာအားလုံး၏မိခင်ချီဒယ်စောက်အိုးအတွက် အဟာရအဖြစ် အသုံးပြုခြင်းက မဆိုးလှပါ။
ကျွင်းရှောင်ယောက်၏ မျက်လုံးထဲတွင် မြင့်မြတ်ဝိညာဉ်မျိုးနွယ်က လက်နက်ပြုလုပ်ရန် ပစ္စည်းများမျှသာ ဖြစ်သည်။
ကျွင်းရှောင်ယောက်က ကျောက်ဧကရာဇ်လေးကို အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးသို့ သန့်စင်ရန်ပင် စဉ်းစားခဲ့ဖူးသည်။
နောက်ဆုံးတွင် ကျောက်ဧကရာဇ်လေး၏ မူလအသွင်က အင်မော်တယ်ကျောက်သန္ဓေပင် မဟုတ်လော။
ထိုသို့ဆိုလျှင် အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုး၏ အလားအလာက ထပ်မံအားကောင်းလာမည်ခဲ့မည် ဖြစ်သည်။
ယခုအချိန်တွင် ကျွင်းရှောင်ယောက်က အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးကို ဆင့်ခေါ်ထားသည်။
၎င်းအတွင်းမှ အရာအားလုံး၏မိခင်ချီစွမ်းအင်က လေဟာနယ်ကို အက်ကွဲစေ၏။
၎င်းက လျှို့ဝှက်ဆန်းကြယ်သော ရွှမ်စစ်မူတောင်များထက်ပင် လေးလံသည်။
ပြင်းထန်သော ဖိအားများကို ခံစားရသောအခါ...
ခုနစ်ရောင်ခြယ်တာအိုသခင်က အော်ဟစ်ဟိန်းဟောက်လိုက်သည်။ သူက ဆန်းကြယ်ကောင်းကင်အဓိပတိအဆင့်၏ အင်အားကို အကန့်အသတ်သို့ တွန်းပို့လိုက်၏။
ဆန်းကြယ်ကောင်းကင်အဓိပတိ၏ ကြီးမားသော စွမ်းအားက တဟုန်ထိုး မြင့်တက်လာသော်လည်း အရာအားလုံး၏မိခင်ချီစွမ်းအင်များဖြင့် အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးကို မယှဉ်နိုင်သေးပါ။
ခုနစ်ရောင်ခြယ်တာအိုသခင်က ကမ္ဘာတစ်ခုလုံးကို ထမ်းပိုးရန် ကြိုးစားနေရသည့် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ခံစားခဲ့ရသည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အစွမ်းထက်နိုင်တာလဲ"
ခုနစ်ရောင်ခြယ်တာအိုသခင်၏ စိတ်အခြေအနေက ပြိုလဲတော့မည်။
ကျွင်းရှောင်ယောက်က ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ကျော်ကြားသော ရူပါရုံကြီးခြောက်ခုကိုပင် မထုတ်ဖော်ရသေးပါ။
အခြေအနေက ဤကဲ့သို့ ဖြစ်လာမည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ပေ။
ထိုစဉ်...
နိယာမများ စီးဆင်းနေပြီး ကောင်းကင်ကို ဖုံးအုပ်ထားသည့် ဧရာမလက်ကြီးတစ်ဖက်က ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုလက်ကြီးမှ ကြီးကျယ်ခမ်းနားသော အငွေ့အသက်တို့ကို ခံစားရ၏။
ဒါက ဧကရာဇ်တစ်ပိုင်း၏ အရှိန်အဝါပင်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ မင်းတို့ရဲ့စကားကို ယုံလို့မရဘူး"
ကျွင်းရှောင်ယောက်က လှောင်ပြောင်သရော်ဟန်ဖြင့် ပြောလိုက်သည်။