အခန်း ၁၄၄၄
Vol. 98 Ch. 1444
အခန်း ( ၁၄၄၄ ) ယဇ်ဆရာသခင်များ၏ လျှို့ဝှက်ချက်။
"ယဇ်ဆရာသခင်ရာထူး ငါးခု..."
ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။
ယဇ်ဆရာသခင်များက စိတ်ကူးမယဉ်နိုင်အောင် လျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးသော တည်ရှိမှုများ ဖြစ်ကြသည်။
လူတစ်ဦးစီက ယုတ္တိမတန်အောင် ကြောက်မက်ဖွယ်ကောင်းပြီး ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေ တစ်ခုလုံးကို လှုပ်ခါစေနိုင်ပေသည်။
သူတို့က စုစုပေါင်း ငါးယောက် ရှိသည်။
ထို့ပြင် သူ လက်မှတ်ထိုးဝင်ခြင်းမှ ရရှိခဲ့သော ယဇ်ဆရာသခင် တံဆိပ်ပြားတွင် နံပါတ် ၅ ဂဏန်းကို ရေးထွင်းထားသည်။
ဒါက ကျွင်းရှောင်ယောက်ဟာ ပဉ္စမမြောက် ယဇ်ဆရာသခင်ဟု ဆိုလိုခြင်းပင် မဟုတ်လော။
ထိုအချိန်တွင် ခွန်းရှန်က ကျွင်းရှောင်ယောက်ကို စူးစူးစိုက်စိုက်ကြည့်ကာ ပြောလိုက်သည်။
"တကယ်တော့ ပြောရမယ်ဆိုရင် မင်းနဲ့ ယဇ်ဆရာသခင်ကြားမှာ ဆက်နွယ်မှုတစ်ခု ရှိကောင်းရှိနိုင်တယ်"
"ဘာဖြစ်လို့လဲ"
ကျွင်းရှောင်ယောက်က အမူအရာမပျက်ဘဲ တည်ငြိမ်စွာ မေးလိုက်၏။
သို့သော်လည်း သူ့ရင်ထဲမှာတော့ အနည်းငယ် လှိုင်းထလာသည်။
ခွန်းရှန်က စိတ်ဖတ်နိုင်ပြီး သူ့တွင် ယဇ်ဆရာသခင်၏အမိန့်တော်ရှိကြောင်း သိရှိသွားခြင်းကြောင့် ဖြစ်မည်လော။
မမျှော်လင့်ဘဲ၊ ခွန်းရှန်းက သူ့ကိုကြည့်ကာ ပြန်မေးလိုက်သည်။
"မင်းက အဆုံးမဲ့ဧကရာဇ်ရဲ့ ဆက်ခံသူဖြစ်ကြောင်း ကောလဟာလတွေ ထွက်ပေါ်နေတယ်။ အဲဒါက အမှန်ပဲလား"
ကျွင်းရှောင်ယောက်က ခေါင်းညိတ်လိုက်၏။
ခွန်းရှန်က ရယ်မောလိုက်သည်။
"အဲဒီအချိန်က အဆုံးမဲ့ဧကရာဇ်ဟာ ပြန်လည်ဝင်စားခြင်းပင်လယ်က တားမြစ်တည်ရှိမှုကို ဒဏ်ရာပြင်းပြင်းထန်ထန်ရစေပြီး အိပ်စက်သွားစေခဲ့တယ်ဆိုတာ မင်းသိသင့်တယ်"
"အဲဒီတားမြစ်တည်ရှိမှုဟာ အခြားသူမဟုတ်ဘူး၊ ယဇ်ဆရာသခင်တစ်ပါးပဲ"
ထိုစကားကို ကြားလိုက်ပြီးမှ ကျွင်းရှောင်ယောက်မှာ နားလည်သွားသည်။
ပြန်လည်ဝင်စားခြင်းပင်လယ်၏ ထွတ်မြတ် တားမြစ်တည်ရှိမှုက ပဉ္စမမြောက် ယဇ်ဆရာသခင်ကြီး ဖြစ်ခဲ့သည်။
သို့သော်လည်း သူ့ကို အဆုံးမဲ့ဧကရာဇ်က ပြင်းထန်စွာ ဒဏ်ရာရရှိစေပြီး အိပ်မောကျခြင်းသို့ ဝင်ရောက်စေခဲ့ပေသည်။
ထို့ကြောင့် ယဇ်ဆရာသခင်ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။
ကျွင်းရှောင်ယောက်က ယဇ်ဆရာသခင်၏အမိန့်ကို လက်မှတ်ထိုးဝင်နိုင်ခဲ့ခြင်းမှာ အကြောင်းတိုက်ဆိုင်မှုသက်သက် မဖြစ်နိုင်ပေ။
အဆုံးမဲ့မဟာဧကရာဇ်၏ ဆက်ခံသူအဖြစ် သူ၏အထောက်အထားကြောင့်လည်း ဖြစ်နိုင်သည်။
အဆုံးမဲ့ဧကရာဇ်က ပဉ္စမမြောက် ယဇ်ဆရာသခင်ကို ပြင်းထန်စွာ ဒဏ်ရာရစေသောကြောင့်၊ ပဉ္စမမြောက်ယဇ်ဆရာသခင်အမိန့်က အဆုံးမဲ့ဧကရာဇ်၏ ဆက်ခံသူလက်ထဲသို့ ကျရောက်သွားစေခြင်းပင်။
ထိုသို့ဆိုလျှင် အဓိပ္ပာယ်ရှိသည်။
"အဆုံးမဲ့ဧကရာဇ်က သမိုင်းမှာ အကြမ်းတမ်းဆုံး ဧကရာဇ်ကြီးတွေထဲက တစ်ပါးလို့ ဆိုနိုင်တယ်။ အတိတ်က အင်မော်တယ်နယ်မြေကြီးရဲ့ ဧကရာဇ်တိုင်းဟာ မငြိမ်သက်မှုတွေကို တိုက်ခိုက်ဖြေရှင်းခဲ့ကြပေမဲ့ ယဇ်ဆရာသခင်တွေကို အမှန်တကယ် တိုက်ခိုက်ခဲ့ရတာမဟုတ်ဘူး"
"နောက်ဆုံးမှာတော့ မငြိမ်သက်မှုတိုင်းမှာ ယဇ်ဆရာသခင်တွေ ပေါ်လာကြမှာ မဟုတ်ဘူး"
"တစ်ခါတလေ တစ်ယောက်ပဲပေါ်လာပြီး နှစ်ယောက်လည်း ပေါ်လာတတ်တယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာ သုံးလေးယောက်လောက် ပေါ်လာဖို့က တော်တော်ရှားပါတယ်”
ခွန်းရှန်က ပြောလိုက်သည်။
"ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ"
ကျွင်းရှောင်ယောက်က အံ့အားသင့်စွာ မေးလိုက်၏။
ခွန်းရှန်က ကျွင်းရှောင်ယောက်ကို လေးလေးနက်နက်ကြည့်ပြီး ပြောလိုက်သည်။
"သူတို့ကို လှုပ်ရှားစေဖို့ လုံလောက်တဲ့ အင်မော်တယ်ဓာတ်စွမ်းအင် မလုံလောက်လို့ပဲ"
"အင်မော်တယ်ဓာတ်စွမ်းအင် မလုံလောက်တာ... အမှောင်ကပ်နဲ့ အင်မော်တယ်မုခ်ဝကြားမှာ ဆက်နွယ်မှုရှိနေတဲ့သဘောလား"
ကျွင်းရှောင်ယောက်က သဘောပေါက်စပြုလာသည်။
"အမှန်ပဲ၊ ယဇ်ဆရာသခင်တွေအတွက် သူတို့ရဲ့ အထောက်အထားအပြင် ဘယ်လိုကောင်းကျိုးတွေ ရှိသေးသလဲ မင်းသိချင်လိမ့်မယ်"
"တကယ်တော့ ယဇ်ဆရာသခင်အထောက်အထားကို ရယူနိုင်သူတိုင်းက အင်မော်တယ်ဖြစ်လာဖို့အတွက် အထူး သွေးယဇ်ပူဇော်ခြင်းစွမ်းအားကို ပိုင်ဆိုင်နိုင်ကြတယ်"
"ယဇ်ပူဇော်ခြင်းအတွက် ပစ္စည်းတွေကတော့ သဘာဝအားဖြင့် အင်မော်တယ်နယ်မြေကြီးက သက်ရှိတွေပေါ့"
"ရှေးခေတ်က တိရစ္ဆာန်တွေကိုသတ်ပြီး ယဇ်ပူဇော်ကြသလိုမျိုးပဲ"
"ယဇ်ဆရာသခင်တွေရဲ့ ရည်ရွယ်ချက်က အမှောင်ကပ်နဲ့ မငြိမ်သက်မှုတွေဖြစ်အောင် လှုံ့ဆော်ဖို့နဲ့ အင်မော်တယ်နယ်မြေကြီးက သက်ရှိတွေရဲ့သွေးနဲ့ ယဇ်ပူဇော်ဖို့ဖြစ်တယ်"
"အင်မော်တယ်နယ်မြေကြီးက သက်ရှိတွေကို အဟာရအဖြစ် အသုံးပြု၊ ကွေ့ရှအပျက်အယွင်းက အင်မော်တယ်ယဇ်ပလ္လင်ကတစ်ဆင့် အင်မော်တယ်မုခ်ဝကို ပူဇော်ရမှာ"
"ဒါပေါ့၊ အင်မော်တယ်တံခါးကို ဒီနေ့အချိန်အထိ တစ်ခါမှ အပြည့်အဝ မဖွင့်ရသေးဘူး"
"ငါတို့အားလုံးသိတဲ့အချက်က စွမ်းအင်ပို့လွှတ်မှု များပြားလေလေ၊ အင်မော်တယ်တံခါး လမ်းကြောင်းက ပိုကြီးလာပြီး အင်မော်တယ်ဓာတ်စွမ်းအင်တွေ ပိုထွက်လာလေလေပဲ"
"ဒီက ပုဂ္ဂိုလ်ကြီးတွေကို တားမြစ်ချက်တွေက ချုပ်နှောင်ထားလို့ အင်မော်တယ်တံခါးကို မဝင်ရောက်နိုင်ပေမဲ့ အင်မော်တယ်ဓာတ်စွမ်းအင်ဟာ သူတို့အတွက် အများကြီး အကျိုးပြုနေသေးတယ်"
"ယဇ်ဆရာသခင်တွေက ယဇ်ပူဇော်ခြင်းရဲ့ အဓိကပုဂ္ဂိုလ်တွေအနေနဲ့ သွေးယဇ်ပူဇော်ခြင်းစွမ်းအားကို အများဆုံး ထိန်းချုပ်နိုင်သလို အင်မော်တယ်ဓာတ်စွမ်းအင်ကိုလည်း သဘာဝအတိုင်း ပိုမိုရရှိနိုင်ကြတယ်"
"ဒီလို အင်မော်တယ်ယဇ်ပလ္လင်ကတဆင့် အင်မော်တယ်တံခါးကို ယဇ်ပူဖော်ခြင်းကို ယဇ်ပူဇော်ခြင်းအခမ်းအနားလို့ ခေါ်ကြတယ်"
ခွန်းရှန်က ရှင်းပြချက်တို့က ခန်းမတစ်ခုလုံးကို အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားစေခဲ့သည်။
ဤအမှန်တရားက နျဲ့ကျန်း၊ အားကျိုးနှင့် အခြားသူများပင် ပထမဆုံး ကြားသိရခြင်းပင်။
"ဒါက ရက်စက်လွန်းတယ်။ အင်မော်တယ်နယ်မြေကြီးရဲ့ သက်ရှိသတ္တဝါတွေကို တိရစ္ဆာန်တွေလို သတ်ဖြတ်ပြီး အင်မော်တယ်တံခါးအတွက် ယဇ်ပူဇော်တာတဲ့လား"
အားကျိုးက သူမ၏ နှုတ်ခမ်းတို့ကို လက်ဖြင့်အုပ်လိုက်မိသည်။
သူသည် ပုံမှန်အားဖြင့် အေးဆေးတည်ငြိမ်သော်လည်း ဒေါသအရိပ်အယောင်တို့ ပေါ်လာမိပေသည်။
"ဒီ ယဇ်ဆရာသခင်တွေက တကယ်ကို လူသားတွေမဟုတ်ဘူး"
နျဲ့ကျန်း၏ အမူအရာမှာလည်း အေးစက်သွားသည်။
ဤပုဂ္ဂိုလ်ကြီးများ၏ အမြင်တွင် သာမန်လူများက ပုရွက်ဆိတ်များ ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော်လည်း မည်သူက ပုရွတ်ဆိတ်များအဖြစ်မှ ဖြည်းဖြည်းချင်း အသွင်းပြောင်းခဲ့ခြင်း မဟုတ်သနည်း။
အထွတ်အထိပ်မှာ ရပ်တည်နေနိုင်ရုံမျှဖြင့် ကြင်နာမှု ဤမျှကင်းမဲ့ရသလော။
အရေးကြီးဆုံးအချက်က အင်မော်တယ်တံခါးကို မဖွင့်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့ဆိုလျှင်၊ လူတွေသေခဲ့ရတာက အချည်းနှီးပင် မဟုတ်ပါလား။
နျဲ့ကျန်း၏စကားကို ကြားသောအခါ ခွန်းရှန်က ခေါင်းယမ်းပြီး ရှုတ်ချသော အပြုံးမျိုးဖြင့် ပြုံးလိုက်သည်။
"လူသားလား။ ယဇ်ဆရာသခင်တွေက လူသားလို့ ပြောလို့မရတော့ဘူးလေ"
"သူတို့က လူသားတွေရဲ့ စိတ်ခံစားချက်ခုနစ်ပါးနဲ့ ဆန္ဒခြောက်ပါးတို့ကို စွန့်ပယ်ပြီးခဲ့ပြီ"
"အင်မော်တယ်ဖြစ်လာဖို့က သူတို့ရဲ့ တစ်ခုတည်းသော ရည်မှန်းချက်ပဲ"
"ရှေ့ဆက်မဲ့လမ်းက ရှေ့မှာရှိနေပေမဲ့ အဲဒီလမ်းကို မရောက်နိုင်တဲ့ ခံစားချက်... အချိန်တွေ တဖြည်းဖြည်းကုန်လာပြီး အိုမင်းလာခြင်းရဲ့ နာကျင်မှု... ဒါတွေက တွေးကြည့်ဖို့မလွယ်ဘူး"
"ဒီလို နာကျင်မှုမျိုးက သူတို့ရဲ့ စိတ်ခံစားမှုအားလုံးကို ဆုံးရှုံးစေခဲ့တယ်"
"သူတို့အတွက်တော့ အင်မော်တယ်ဖြစ်လာနိုင်သရွေ့ လောကထဲက သက်ရှိတွေကို စတေးခဲ့ရရင်တောင် ဂရုစိုက်ကြတော့မှာမဟုတ်ဘူးလေ"
ခွန်းရှန်၏စကားများက လူတိုင်းကို တိတ်ဆိတ်စေခဲ့သည်။
မမှားပေ။
သူတို့၏အဆင့်ကို မရောက်ရှိဘဲ သူတို့၏ စိတ်အခြေအနေကို နားလည်ရန် မဖြစ်နိုင်ပါ။
သူတို့၏အမြင်တွင် တစ်ဦးတစ်ယောက်၏ ကိုယ်ကျိုးစီးပွားအတွက် အင်မော်တယ်နယ်မြေကြီးမှ သက်ရှိအားလုံးကို စတေးခြင်းက လုံးဝ ကြီးလေးသောရာဇ၀တ်မှုတစ်ခု ဖြစ်သည်။
သို့သော်လည်း ယဇ်ဆရာသခင်များ၏အမြင်မှာတော့ ပုရွက်ဆိတ်တွေ သန်းပေါင်းများစွာကို စတေးပြီး သူတို့ကိုယ်တိုင် အောင်မြင်မှု ရယူခြင်းက အမှားမရှိပေ။
ကျွင်းရှောင်ယောက်လည်း တိတ်ဆိတ်သွားသည်။
ရိုးရိုးသားသားပြောရလျှင် သူကိုယ်တိုင်ကလည်း သူတော်စင်တစ်ဦး မဟုတ်ပါ။
သူ့အတွက်တော့ အခြားသူများဟာ ပုရွက်ဆိတ်များနှင့် မခြားနားပေ။
ယခင်က အန္တိမကပ်ဘေးကြီးကို ဆန့်ကျင်သည့်တိုက်ပွဲတွင် ကျွင်းရှောင်ယောက်က အင်မော်တယ်နယ်မြေကြီးကို ကယ်တင်ခဲ့သော သူရဲကောင်းအဖြစ် သတ်မှတ်ခံခဲ့ရသည်။
သို့သော်လည်း လက်တွေ့မှာတော့ သူ၏ ရည်မှန်းချက်က သူ့အဖေ ကျွင်းဝူဟွေ့ကို ကူညီဖို့ဖြစ်ပြီး ဒုတိယက ယုံကြည်မှုစွမ်းအား ရရှိနိုင်ရန်ပင်။
သူရဲကောင်းဖြစ်ရခြင်းက အရေးမပါ။
'စနစ်က ငါ့အကြောင်းကိုသိလို့ ပဉ္စမမြောက် ယဇ်ဆရာသခင်ဖြစ်လာအောင် ယဇ်ဆရာသခင်ရဲ့အမိန့်ကို လက်မှတ်ထိုးဝင်စေခဲ့ခြင်းဖြစ်နိုင်မလား'
ကျွင်းရှောင်ယောက်က စိတ်ထဲမှ ငြီးတွားလိုက်မိသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ လျစ်လျူရှုပြီး အကွက်ချကြံစည်တတ်သော အကျင့်စရိုက်က ယဇ်ဆရာသခင်ဖြစ်လာရန် အမှန်တကယ်သင့်တော်သည်ဟု ဆိုရမည်။
သို့ရာတွင်၊ သေချာစဉ်းစားပြီးနောက် ကျွင်းရှောင်ယောက်က ဝေးဝေးမသွားသင့်ကြောင်း တွေးလိုက်မိသည်။
ကျွင်းရှောင်ယောက်နှင့် ယဇ်ဆရာသခင်များက စိတ်သဘောထားချင်း တူညီကြပုံရသော်လည်း...
တကယ်တမ်းတွင် သူနှင့် ယဇ်ဆရာသခင်များကြားမှာ ကြီးမားသော ကွာခြားချက်တစ်ခု ရှိသည်။
သူ့တွင် လောကီလူသားတို့၏ စိတ်ခံစားမှုများ အားလုံးရှိသည်။
ချောမောလှပသော မိန်းမပျိုနှစ်ဦးကလည်း စေ့စပ်ရေးကတိကို စောင့်မျှော်နေကြသေးသည်။
ကျန်းစန်းယီနှင့် ကျန်းလော့လီတို့က သူတို့၏ခင်ပွန်းကို လူမဆန်သူတစ်ဦး ဖြစ်လာစေချင်မည် မဟုတ်ပေ။
ကျွင်းဝူဟွေ့ကလည်း ဤသို့ဖြစ်စေချင်မည် မဟုတ်ပါ။
'ဒါပေမဲ့လည်း အမှောင်ထဲကို ထိုးမဆင်းချင်ရင်တောင် ယဇ်ဆရာသခင် အထောက်အထားကို အခွင့်ကောင်းယူဖို့က မဖြစ်နိုင်တာ မဟုတ်ဘူး'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲတွင် အစီအစဉ်များ စတင်နေပြီ။
လက်နက်များတွင် အကောင်းအဆိုးမရှိ၊ အသုံးပြုသူအပေါ်သာ မူတည်သည်။
ကျွင်းရှောင်ယောက်က ယဇ်ဆရာသခင်၏ အထောက်အထားနှင့် စွမ်းအားကို ရယူရန် ဆုံးဖြတ်လိုက်သည်။