အခန်း ၁၄၄၆
Vol. 98 Ch. 1446
အခန်း ( ၁၄၄၆ ) ပြီးပြည့်စုံသော အမဲလိုက်ကွင်း။
"သက်ရှည်ကျွန်း"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။
"အမှန်ပဲ၊ ကောင်းကင်ကိုးပါးရဲ့ တားမြစ်နယ်မြေဆယ်ခုမှာ အင်အားကွာခြားမှု အများကြီးမရှိပေမဲ့ တကယ်တမ်းမှာတော့ ကွာခြားမှုတွေ ရှိနေသေးတယ်"
"ဒီအထဲမှာ သက်ရှည်ကျွန်းက ကောင်းကင်ကိုးပါးရဲ့ တားမြစ်နယ်မြေ ဆယ်ခုထဲမှာ အမြဲ ပထမဖြစ်ခဲ့တယ်"
"ဒါပေါ့၊ သက်ရှည်ကျွန်းက အခြား တားမြစ်နယ်မြေတွေထက် အများကြီး သာလွန်နေတာမျိုး မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ဟာ လျှို့ဝှက်ဆန်းကြယ်လွန်းလှတယ်"
"ပြီးတော့ သက်ရှည်ကျွန်းရဲ့ ယဇ်ဆရာသခင်... သူရှိနေသရွေ့ သက်ရှည်ကျွန်းရဲ့ အဆင့်အတန်းက ဘယ်တော့မှ ကျဆင်းမှာ မဟုတ်ဘူး"
သက်ရှည်ကျွန်းမှ ထိုလူအကြောင်း ဆိုရသောအခါ ခွန်းရှန်ပင်လျှင် အကူအညီမဲ့ခြင်း အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။
ဒါက အကြွင်းမဲ့အင်အားရှေ့တွင် စွမ်းအားကင်းမဲ့ခြင်းမျိုးပင်။
ကျွင်းရှောင်ယောက်က သက်ပြင်းချလိုက်သည်။
သက်ရှည်ကျွန်းမှ ထိုလူက အလွန်ကြောက်စရာကောင်းပုံရသည်။
ကြောက်စရာကောင်းလွန်းသဖြင့် သူတို့၏ နာမည်ကို မဖော်ပြနိုင်ပေ။
ကျွင်းရှောင်ယောက်က ရုတ်တရက် နောက်တစ်ခုကို တွေးလိုက်မိသည်။
သက်ရှည်ကျွန်းက မြင့်မြတ်ခန္ဓာကျိန်စာတွင်လည်း ပါဝင်ပတ်သက်မှုရှိပုံရသည်။
သက်ရှည်ကျွန်း၏ ပုဂ္ဂိုလ်ကလည်း ယဇ်ဆရာသခင်ရာထူးကို အမြဲတမ်း ချုပ်ကိုင်ထားနိုင်သော တစ်ဦးတည်းသောသူ ဖြစ်၏။
သူက ပထမ ယဇ်ဆရာသခင်ပင် ဖြစ်နိုင်သည်။
ဒါက တိုက်ဆိုင်မှုတစ်ခုပဲလား။
'ဘာဖြစ်လို့ သက်ရှည်ကျွန်းက မြေအောက်ကမ္ဘာနဲ့ ပူးပေါင်းပြီး မြင့်မြတ်ခန္ဓာမျိုးရိုးကို ကျိန်စာတိုက်ခဲ့တာလဲ'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်မိသည်။
ခွန်းရှန်၏ စကားများက လျှို့ဝှက်ချက်အချို့ကို သိလာစေခဲ့သည်။
သို့သော်လည်း တကယ်တမ်းတော့ ဖြေရှင်းလို့မရသေးသော လျှို့ဝှက်ချက်များ ရှိနေသေးသည်။
ဥပမာအားဖြင့် ပျက်စီးခြင်းဧကရာဇ်ကို တိုက်ခိုက်ရာတွင် နောက်ကွယ်မှ လက်မည်းကြီးကို ခွန်းရှန်က မဖော်ပြခဲ့ပါ။
အားလုံး၏နောက်ကွယ်မှ လက်မည်းကြီးက ဖရိုဖရဲခေတ်နှင့် လုံးဝ မသက်ဆိုင်တာ ဖြစ်နိုင်မလား။
ကျွင်းရှောင်ယောက်ကတော့ ထိုသို့မထင်ပေ။
ထို့ပြင် သက်ရှည်ကျွန်း၏ ယဇ်ဆရာသခင်က မြင့်မြတ်ခန္ဓာကျိန်စာနှင့် ပတ်သက်နေသလော။
အဘယ်ကြောင့် သူဟာ မြင့်မြတ်ခန္ဓာမျိုးရိုးကို ပစ်မှတ်ထားသနည်း။
ထိုမှတပါး ကျွင်းရှောင်ယောက်ဟာ တိဟောက်ထျန်းကို တွေးမိသည်။
ဤပြန်လည်မွေးဖွားလာသူက ထူးခြားသော ကျောက်အပိုင်းအစများကို ရှာဖွေနေသည်။
ထိုကျောက်တုံးအပိုင်းအစများနှင့် အင်မော်တယ်မုခ်ဝအကြား ဆက်စပ်မှုကား အဘယ်နည်း။
ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် အတွေးများစွာဖြင့် လျင်မြန်စွာ လှုပ်ရှားနေခဲ့သည်။
ဤရှေးခေတ် ပူးပေါင်းကြံစည်မှုများနှင့် လျှို့ဝှက်ချက်များက တကယ်ကို မယုံနိုင်လောက်အောင် ရှုပ်ထွေးသည်ဟု ဆိုရမည်။
၎င်းက လူအများစု နားလည်နိုင်ရန် ခက်ခဲသည်။
ခွန်းရှန်၏ သတင်းစကား တစ်ခုတည်းဖြင့်ပင် လက်ရှိ လူတိုင်းမှာ အေးစက်နေရပြီ။
ဤသတင်းက အလွန်စိတ်ပျက်စရာကောင်းသည်။
ယဇ်ဆရာသခင်ငါးပါးက ပျက်စီးခြင်း၏ နတ်ဘုရားများကဲ့သို့ အင်မော်တယ်နယ်မြေကြီးကို ဆင်းသက်ကြလိမ့်မည်။
ထို့ပြင် တားမြစ်နယ်မြေအသီးသီးရှိ တားမြစ်တည်ရှိမှုများကလည်း သုတ်သင်ရှင်းလင်းမှုတွင် ပါဝင်ဆောင်ရွက်ကြမည် ဖြစ်သည်။
၎င်းက ယခင် မငြိမ်သက်မှုများထက် ပို၍ ကြောက်မက်ဖွယ်ကောင်းပြီး တွန်းလှန်မရနိုင်သော အင်အားတစ်ခုပင်။
ယခင်က အန္တိမကပ်ဘေးကြီးဟာ အလွန်ကြောက်စရာကောင်းခဲ့သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်၊ ကျွင်းဝူဟွေ့နှင့် အခြားသူများက ချေမှုန်းနိုင်ခဲ့ကြပေသည်။
သို့ရာတွင်၊ ဤတစ်ကြိမ် အရှုပ်အထွေးကို မည်သူက ဟန့်တားနိုင်မည်နည်း။
အားကျိုးက အတွေးနက်နေသော ကျွင်းရှောင်ယောက်ကို လှမ်းကြည့်လိုက်သည်။
ကျွင်းရှောင်ယောက်၏ အမူအရာက များစွာ မပြောင်းလဲပေ။
ကြောက်ရွံ့မှု၊ ထိတ်လန့်မှု သို့မဟုတ် စိုးရွံ့မှု အနည်းငယ်မျှ မရှိခဲ့ပါ။
သူက လေးလေးနက်နက် တွေးနေပုံရသည်။
"သခင်လေး..."
အားကျိုးက ခပ်တိုးတိုးလေး ညည်းညူလိုက်သည်။
ကျွင်းရှောင်ယောက် ခံစားနေရသော ဖိအားများကို သူ နားလည်ပေသည်။
အချိန်တန်လျှင် ကျွင်းရှောင်ယောက်က ထိုင်နေနိုင်မည် မဟုတ်ပေ။
ကျွင်းရှောင်ယောက်က အမှန်တကယ် ထူးချွန်သည်။
သို့သော်လည်း သူက အလွန်ငယ်ရွယ်နေသေးသည်။
ငယ်ငယ်ရွယ်ရွယ်ဖြင့် ဤကပ်ဆိုးမျိုးကို အကြိမ်ကြိမ် ရင်ဆိုင်ရခြင်းက အားကျိုး၏ နှလုံးသားကို နာကျင်စေခဲ့သည်။
ထို့ပြင်၊ သူကိုယ်တိုင်က ကျွင်းရှောင်ယောက်ကို များစွာ ကူညီနိုင်မည် မဟုတ်ပေ။
ပျက်စီးခြင်းတာအိုသခင်ကို ထိပ်တန်း အကျော်အမော်တစ်ဦးဟု ဆိုနိုင်သည်။
သို့သော် ထိုကဲ့သို့သော ကသောင်းကနင်းဖြစ်မှုမျိုးတွင် သူတို့က ပုရွက်ဆိတ်များနှင့် မခြားပေ။
"ဒါပေမဲ့လည်း ဒါက အကြမ်းဖျင်းအကြောင်းရာတွေပါပဲ"
"ငါ့ရဲ့ ခွန်းလွန်းမျိုးနွယ်ဟာ မငြိမ်သက်မှုတွေမှာ မပါဝင်ဖူးတာကြောင့် ပိုနက်ရှိုင်းတဲ့ အကြောင်းရာတွေကို မသိရှိထားဘူး"
ခွန်းရှန်က ပြောလိုက်သည်။
ပုံမှန်အားဖြင့် ဤရက်စက်ကြမ်းကြုတ်သောအမှန်တရားကို သိရှိပြီးနောက်...
အင်မော်တယ်နယ်မြေကြီးရှိ သာမန် ကျင့်ကြံသူများမှာ စိတ်ပျက်အားငယ်မှုကို မြေကြီးလက်ခတ်မလွဲ ခံစားရပေမည်။
သို့သော်လည်း ခွန်းရှန်ကို အံ့အားသင့်စေအောင် ကျွင်းရှောင်ယောက်၏ အမူအရာက နက်ရှိုင်းသော ရေကန်တစ်ခုကဲ့သို့ ငြိမ်သက်နေခဲ့သည်။
ခွန်းရှန်၏ အဆင့်ဖြင့် ကျွင်းရှောင်ယောက်၏ တည်ငြိမ်မှုမှာ ဟန်ဆောင်နေခြင်းမဟုတ်ကြောင်း သိနိုင်ပေသည်။
ဤစိတ်နေစိတ်ထားမျိုးက ခွန်းရှန်ကို လေးစားစေသည်။
ကျွင်းဝူဟွေ့က ကျွင်းမိသားစု၏ ကံကြမ္မာကို ထိန်းထားနိုင်သူဟု ယခင်က သူ တွေးခဲ့ဖူးသည်။
သို့ရာတွင်၊ မမျှော်လင့်ဘဲ သူ့သားက ပို၍ပင် ကြမ်းနေသေးသည်။
ခွန်းရှန်က သူ့စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။
ခွန်းလွန်းမျိုးနွယ်၏ မျိုးဆက်များက ကျွင်းရှောင်ယောက်နှင့် ကောင်းမွန်သောဆက်ဆံရေးရှိရမည်။
ကျွင်းရှောင်ယောက်က သူတို့ကို လက်စားချေရန်ပင် ကူညီပေးနိုင်သည်။
နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်နှင့် စန်းမျိုးနွယ်က ပြေလည်မှုမရှိကြောင်း သူသိသည်။
"မိတ်ဆွေလေး၊ မင်း ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ"
ခွန်းရှန်က ပြုံးလျက် မေးလိုက်သည်။
ကျွင်းရှောင်ယောက်က ခဏစဉ်းစားပြီး ပြောလိုက်၏။
"နောက်ပိုင်းက ကွေ့ရှအပျက်အယွင်းကို စောင့်မယ်"
ကျွင်းရှောင်ယောက်က ကွေ့ရှအပျက်အယွင်းသို့ မဖြစ်မနေ သွားရမည် ဖြစ်သည်။
အင်မော်တယ်မုခ်ဝက ကွေ့ရှအပျက်အယွင်း၏ အနက်ရှိုင်းဆုံးနေရာတွင် ရှိပေမည်။
ထို့ပြင်၊ အင်မော်တယ်မုခ်ဝကို ပူဇော်ရန်အတွက် အင်မော်တယ်ယဇ်ပလ္လင်ကလည်း ကွေ့ရှအပျက်အယွင်း၌ ရှိသည်။
ကျွင်းရှောင်ယောက်က သူ လက်မှတ်ထိုးဝင်ခြင်းမှ ရရှိခဲ့သော ယဇ်ဆရာသခင်၏အမိန့်တော် အသုံးပြုပုံကို စူးစမ်းလိုပေသည်။
ထို့ပြင်၊ ကျွင်းရှောင်ယောက်အတွက် အရေးပါသော အင်မော်တယ်ဓာတ်စွမ်းအင်များကလည်း ကွေ့ရှအပျက်အယွင်း၌ ရှိသည်။
ယဇ်ဆရာသခင်များက ဤမျှလောက်ကို ဂရုမစိုက်ပေ။
သို့သော်လည်း ကျွင်းရှောင်ယောက်ကဲ့သို့ လူငယ်လေးများအတွက်တော့ ၎င်းက အလွန်များပြားနေပြီ ဖြစ်သည်။
ထို့ကြောင့်ပင် သက်ရှည်ခြင်းဧကရာဇ်၊ တောက်ဝမ်၊ ကူချမ်မြဲ့၊ ဝမ့်ယန်နှင့် အခြားသူများက ကွေ့ရှအပျက်အယွင်းသို့သွားရန် ပြင်ဆင်နေခဲ့ကြသည်။
ကျွင်းရှောင်ယောက်၏ စကားကို ကြားသောအခါ ခွန်းရှန်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"တကယ်တော့ အင်မော်တယ်မုခ်ဝမတိုင်ခင်မှာ ကွေ့ရှအပျက်အယွင်းက ထူးခြားတဲ့ လှုပ်ရှားမှုတွဖြစ်လိမ့်မဖြစ်လိမ့်မယ်"
“ဒါက အခြေအနေတွေကို နက်နက်နဲနဲ လေ့လာဖို့ အခွင့်အရေးတစ်ခုပဲ"
"ဒါပေမဲ့ မိတ်ဆွေလေး၊ မင်း သတိထားရမယ်။ နောက်ဆုံးမှာတော့ မင်းက ကောင်းကင်ကိုးပါးမှာ ရန်သူအများကြီးနဲ့ ရန်ငြိုးဖွဲ့ထားတာကြောင့် မင်းကို ဖျက်ဆီးပစ်ချင်တဲ့ တားမြစ်နယ်မြေတွေ အများကြီးရှိနေတယ်"
ခွန်းရှန်က သတိပေးလိုက်သည်။
"သူတို့က ဝံ့ရဲကြလို့လား"
ကျွင်းရှောင်ယောက်က ပြောသည်။
ခွန်းရှန်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်၏။
"မိတ်ဆွေလေး မသိသေးတာဖြစ်ရမယ်"
"ကွေ့ရှအပျက်အယွင်းဟာ အင်မော်တယ်မုခ်ဝ ဆင်းသက်ရာနေရာဖြစ်လို့ မိုးနဲ့မြေရဲ့ စည်းမျဉ်းတွေဟာ အင်မတန်ထူးခြားတယ်"
"နတ်ဘုရားစိတ်အာရုံ ဒါမှမဟုတ် အကြောင်းအကျိုး ရေစက်ကြိုးတွေက အဲဒီနေရာကို ဝင်ရောက်နိုင်မှာ မဟုတ်ဘူး"
"အထဲမှာ ရှိတဲ့သူတွေက အပြင်ကို သတင်း အချက်အလက် ပို့လို့မရဘူးလေ"
"တစ်နည်းဆိုရရင် တစ်စုံတစ်ယောက်က မင်းကို လုပ်ကြံဖို့ ကြံစည်နေတယ်ဆိုရင် အပြင်လူတွေ သိဖို့ မဖြစ်နိုင်ဘူး"
"မင်းတစ်ခုခုဖြစ်သွားရင် ကျွင်းမိသားစုကတောင် မင်းကို ဘယ်သူပစ်မှတ်ထားခဲ့တယ်ဆိုတာ သိနိုင်မှာမဟုတ်ဘူး"
ကျွင်းရှောင်ယောက်က သေချာစဉ်းစားနေပြီးနောက် မေးလိုက်သည်။
"ဒါဆိုရင် ကိုယ်ပွားတစ်ခုနဲ့ ကွေ့ရှအပျက်အယွင်းကို ဝင်ရောက်တဲ့အခါ... မူလခန္ဓာက အခြေအနေကို မသိနိုင်ဘူးလား"
ကျွင်းရှောင်ယောက်က အမှန်တကယ် သိလိုသည်။
ကွေ့ရှအပျက်အယွင်းက အကြောင်းအကျိုး သက်ရောက်မှုအားလုံးကို ဖြတ်တောက်နိုင်လျှင် ကိုယ်ပွားတစ်ခုနှင့် ဝင်ရောက်သည့်အခါ အပြင်လောကမှ မူလခန္ဓာက မည်သို့နေမည်နည်း။
ခွန်းရှန်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
"မိတ်ဆွေလေး၊ မင်းက ချီတစ်ခုကိုသုံးခုပြောင်းကျင့်စဉ်ကို လေ့ကျင့်ထားတယ်ဆိုတာ ငါသိပါတယ်"
"ဒါပေမဲ့ ကိုယ်ပွား၊ ဓမ္မခန္ဓာ ဒါမှမဟုတ် ဘယ်လိုနည်းလမ်းနဲ့ဖြစ်ဖြစ် ကွေ့ရှအပျက်အယွင်းကို ဝင်ရောက်လိုက်တဲ့အခါ ပြင်ပကမ္ဘာနဲ့ ချက်ချင်း ဖြတ်တောက်ခံရလိမ့်မယ်"
"မင်းရဲ့ မူလခန္ဓာတောင်မှ ကိုယ်ပွားမှာ ဘယ်လိုဖြစ်သွားတယ်ဆိုကို နားမလည်နိုင်ဘူး"
"ကိုယ်ပွားက ကွေ့ရှအပျက်အယွင်းကနေ ထွက်လာပြီးမှသာ မူလခန္ဓာနဲ့ အဆက်အသွယ် ပြန်ရလိမ့်မယ်"
ထိုရှင်းပြချက်ကို ကြားရပြီးနောက် ကျွင်းရှောင်ယောက်က ခေါင်းညိတ်လိုက်သည်။
သို့ရာတွင် သူက ကြောက်ရွံ့မှုမဖြစ်မိပေ။ ထိုအစား သူ့မျက်လုံးထဲတွင် အလင်းရောင်တစ်ခု လျှို့ဝှက်စွာ ပေါ်လာသည်။
ထိုသို့ဆိုလျှင် ပို၍ကောင်းမည် မဟုတ်လော။
ကွေ့ရှအပျက်အယွင်းက သူ့အတွက် ပြီးပြည့်စုံသော အမဲလိုက်ကွင်း ဖြစ်လာလိမ့်မည်။