အခန်း ၁၄၄၈
Vol. 98 Ch. 1448
အခန်း ( ၁၄၄၈ ) ကျိချင်းရီ၏ ရည်ရွယ်ချက်။
မိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းမလှလေးထံမှ ထွက်ပေါ်လာသော စကားများက ကြောက်စရာကောင်းလွန်းသည်။
ကူချမ်မြဲ့က မည်သူနည်း။
အင်မော်တယ်နတ်ဆိုေကာင်းကင်ဂူ၏ မဟာနတ်ဆိုးဘုရင် ကူချမ်မြဲ့က ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်းတွင် တတိယအဆင့် ဖြစ်သည်။
သို့သော်လည်း ဒါက အရေးကြီးဆုံး မဟုတ်သေးပါ။
အရေးကြီးဆုံးအချက်က၊ ကျိချင်းရီသည် ယခုအခါ အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူ၏ အဖွဲ့ဝင်တစ်ဦးဖြစ်နေပြီ ဖြစ်သည်။
ကူချမ်မြဲ့ဆိုလျှင် သူမကို အလွန်သဘောကျ၍ သူ့အပိုင်အဖြစ်ပင် သတ်မှတ်ထားသေးသည်။
အပြင်လူများ၏အမြင်အရ...
ကျိချင်းရီနှင့် ကူချမ်မြဲ့တို့သည် အင်မော်တယ်နတ်ဆိုး ကောင်းကင်ဂူ၏ တပည့်များအနေဖြင့် စည်းလုံးညီညွတ်ကြသင့်သည်။
ကျိချင်းရီက ကူချမ်မြဲ့ကို သတ်ဖြတ်ရာတွင် သူနှင့်ပူးပေါင်းရန် ကျွင်းရှောင်ယောက်ကို ဖိတ်ခေါ်လာမည်ဟု မည်သူထင်ထားခဲ့မည်နည်း။
"ဪ"
ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် ကျေနပ်မှုအရိပ်အယောင်တို့ ပေါ်လာသည်။
ကျိချင်းရီက သူ့ကို အကူအညီတောင်းလာမည်ဟု သူမျှော်လင့်ထားပြီး ဖြစ်သည်။
သို့ရာတွင် ဤကဲ့သို့ဖြစ်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"မိန်းကလေးချင်းရီ၊ မင်းက အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူကဖြစ်ပုံရတယ်။ နောက်ပြီး ကူချမ်မြဲ့ကလည်း မင်းအပေါ်မှာ ခံစားချက်တွေရှိနေပုံပဲ"
ကောင်းကင်ပြိုတောင်ကြားမှ ယခင်ပြိုင်ဆိုင်မှုတွင် ကူချမ်မြဲ့၏ ဓမ္မခန္ဓာ ပေါ်လာခဲ့ဖူးသည်။
ထိုစဉ်အခါက သူသည် ကျိချင်းရီကို ကျွင်းရှောင်ယောက်နှင့် လုံးဝ အဆက်အသွယ်မလုပ်ရန် ပြောခဲ့ပေသည်။
ထိုမှတဆင့် ကူချမ်မြဲ့သည် ကျိချင်းရီကို သူ့အပိုင်အဖြစ် အမှတ်တကယ် မှတ်ယူထားကြောင်း ထင်ရှားသည်။
ထိုစကားကိုကြားသောအခါ ကျိချင်းရီက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူမ၏ မျက်လုံးများတွင် အေးစက်သော အလင်းတစ်ခု လင်းလက်လာ၏။
သူ့ကို အင်မော်တယ်နတ်ဆိုး ကောင်းကင်ဂူမှ ခေါ်ဆောင်လာပြီးကတည်းက၊ ကူချမ်မြဲ့သည် သူ့ကို စိတ်ဝင်စားခဲ့သည်။
သို့သော်လည်း ကျိချင်းရီက သူနှင့် ခပ်ခွာခွာ နေထိုင်ခဲ့ပေသည်။
ထို့ပြင်၊ အင်မော်တယ်နတ်ဆိုးကောင်းကင်ဂူတွင် ကျိချင်းရီကို ချီးမြှောက်ထားသည့် အဖွဲ့တစ်ခုလည်း ရှိသည်။
ထို့ကြောင့် ကူချမ်မြဲ့သည် သူ့အား အတင်းအကြပ် မလုပ်ဝံ့ခဲ့ပေ။
သို့သော်လည်း ကြီးစွာသောမငြိမ်သက်မှု နီးကပ်လာသောအခါ အင်မော်တယ်နတ်ဆိုး ကောင်းကင်ဂူက သူ့အား ကူချမ်မြဲ့နှင့် နီးစပ်စေရန် ကြိုးစားလာကြသည်။
ဒါက ကျိချင်းရီ လုံးဝ လက်မခံနိုင်သောအရာပင်။
ထို့ကြောင့် သူ့ကို ကူညီနိုင်စေရန် အကူအညီရှာရသည်။
ဤအတွက် ကျိချင်းရီ၏ နှလုံးသားထဲတွင် လူတစ်ယောက်သာ ရှိပေသည်။
"ကူချမ်မြဲ့ရဲ့ သဘောထားက ချင်းရီကို စိတ်မသက်မသာ ဖြစ်စေတယ်"
ကျိချင်းရီက ပြောလိုက်သည်။
ကျွင်းရှောင်ယောက်က ကျိချင်းရီကို လေးနက်စွာကြည့်ပြီး တစ်ချက်ပြုံးလိုက်၏။
"မိန်းကလေးချင်းရီ၊ ကူချမ်မြဲ့က မင်းကို ချဉ်းကပ်နေတာဟာ မင်းကို နှစ်သက်ရုံသက်သက်တော့ မဟုတ်ဘူးမို့လား"
"ဒါပေမဲ့ မိန်းကလေးချင်းရီက ဖုံးကွယ်ထားဦးမယ်ဆိုရင်တော့ ဆက်ပြီး ဆွေးနွေးစရာမလိုဘူး"
ကျွင်းရှောင်ယောက်က ခေါင်းကို အနည်းငယ် ခါလိုက်သည်။
ကျိချင်းရီက ခဏစဉ်းစားပြီးနောက် ပြောလိုက်လေသည်။
"ကျွင်းသခင်လေးက ချင်းရီရဲ့ တာအိုခန္ဓာကို အမြဲသိချင်နေခဲ့တယ် မဟုတ်လား"
"ချင်းရီရဲ့ တာအိုခန္ဓာဟာ တကယ်တော့ ကောင်းကင်ခန္ဓာပဲ"
"အလို၊ ကောင်းကင်ခန္ဓာလား"
ကျွင်းရှောင်ယောက်က အံ့ဩသွားမိသည်။
ဒါက အမှန်ပင် အလွန်ရှားပါးသော တာအိုခန္ဓာတစ်မျိုး ဖြစ်သည်။ ၎င်းက လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးခေတ်ကတည်းက လူအနည်းငယ်သာ ပိုင်ဆိုင်နိုင်ပေသည်။
ရုတ်တရက်၊ ကျွင်းရှောင်ယောက်က ကူချမ်မြဲ့၏ ကောင်းကင်နတ်ဆိုးခန္ဓာကို တွေးလိုက်မိသည်။
ဒါက ဖြစ်နိုင်မလား...
ကျွင်းရှောင်ယောက်၏ မျက်လုံးများမှ တွေးခေါ်မှု အရိပ်အယောင်ကို မြင်ရသော် ကျိချင်းရီက အနည်းငယ်ပြုံးလိုက်သည်။
"ကျွင်းသခင်လေး မမှားပါဘူး၊ ကျွန်မရဲ့ ကောင်းကင်ခန္ဓာနဲ့ ကူချမ်မြဲ့ရဲ့ ကောင်းကင်နတ်ဆိုးခန္ဓာက တစ်ခုကိုတစ်ခု ပံ့ပိုးပေးနိုင်တယ်"
"ဒါက နေမင်းမြင့်မြတ်ခန္ဓာနဲ့ လမင်းမြင့်မြတ်ခန္ဓာတို့ ပေါင်းစပ်ပြီးနောက် ကစဉ့်ကလျားခန္ဓာအဖြစ် ပြောင်းလဲနိုင်သလိုပဲ"
"ချင်းရီသာ ကောင်းကင်နတ်ဆိုးခန္ဓာရဲ့ အနှစ်သာရကိုရနိုင်ရင် ဒဏ္ဍာရီထဲက အင်မော်တယ်နတ်ဆိုးခန္ဓာအဖြစ် ပြောင်းလဲသွားနိုင်တယ်"
"အဲဒီအချိန်ကျရင် ကျွန်မက အင်မော်တယ်နတ်ဆိုး ကောင်းကင်ဂူရဲ့ အင်မော်တယ်လက်နက်ဖြစ်တဲ့ အင်မော်တယ်နတ်ဆိုးပန်းချီကားကို ထိန်းချုပ်နိုင်လိမ့်မယ်"
ကျိချင်းရီက ဘာကိုမျှ မဖုံးကွယ်ထားဘဲ သူ့အစီအစဉ်နှင့် ရည်မှန်းချက်ကို ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
နားထောင်ပြီးနောက် ကျွင်းရှောင်ယောက်က သက်ပြင်းချလိုက်လေသည်။
ကျိချင်းရီက နတ်သမီးတစ်ပါးကဲ့သို့ လှပသည်။ သူမ၏ အငွေ့အသက်များကလည်း ကြည်လင်သန့်ရှင်းပြီး သေမျိုးလောကနှင့် ကင်းဝေးသူတစ်ယောက်လိုပင်။
သို့ရာတွင်၊ ထိုအလှမျိုးဖြင့် မိန်းကလေးက ဤမျှရက်စက်ပြီး အကွက်ကျကျ ကြံစည်တတ်သူဖြစ်မည်ဟု မည်သူထင်ထားခဲ့မည်နည်း။
ကူချမ်မြဲ့၏ ကောင်းကင်နတ်ဆိုးခန္ဓာက သူ့အတွက် အကျိုးရှိသည်။
ထိုအခါ ကူချမ်မြဲ့ကို မည်သို့မည်ပုံ သတ်ရမလဲဆိုတာကို ချက်ချင်း စဉ်းစားတော့သည်။
"တကယ်က မင်း ကောင်းကင်နတ်ဆိုးခန္ဓာရဲ့ အနှစ်သာရကို လိုချင်ရင်တောင် သူ့ကိုသတ်ဖို့ မလိုဘူးမဟုတ်လား"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"ချင်းရီက ကူချမ်မြဲ့ကို ဘယ်တော့မှ လိုက်လျောမှာမဟုတ်ဘူး၊ ဘယ်ယောက်ျားကိုမှလည်း အလိုမရှိဘူး"
ကျိချင်းရီက ပြောသည်။ သူက ပုံမှန်အတိုင်းပြောခြင်းဖြစ်သော်လည်း ဘုရင်မတစ်ပါးကဲ့သို့ ကြီးစိုးမှုရှိ၏။
"တကယ်ရည်မှန်းချက်ကြီးသူပေပဲ"
ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။
ကျိချင်းရီသာ တကယ်အောင်မြင်နိုင်လျှင် အင်မော်တယ်နတ်ဆိုးခန္ဓာဖြင့် အလွန်ကြောက်စရာကောင်းလိမ့်မည်။
၎င်းက သမိုင်းတွင် အသန်မာဆုံး ခန္ဓာများထဲမှ တစ်ခုမဟုတ်သော်လည်း များစွာနိမ့်ကျမည် မဟုတ်ပါ။
"မိန်းကလေးချင်းရီ၊ မင်းက ကူချမ်မြဲ့ကို သတ်ချင်နေတာ ဖော်ထုတ်ခံရမှာ မကြောက်ဘူးလား။ ဒီလိုဆိုရင် အင်မော်တယ်နတ်ဆိုး ကောင်းကင်ဂူက မင်းကိုသည်းခံနေမှာ မဟုတ်ဘူးနော်"
ကျွင်းရှောင်ယောက်က ပြောသည်။
ကျိချင်းရီက ပြုံးလျက် ပြောလိုက်၏။
"ကွေ့ရှအပျက်အယွင်းမှာ လှုပ်ရှားမယ်ဆိုရင် ဘယ်သူမှ သိရှိနိုင်မှာ မဟုတ်ဘူးလေ။ အဲဒီပတ်ဝန်းကျင်က ကျွန်မတို့ရဲ့ အကြောင်းအကျိုးကို မသိနိုင်အောင် ကာကွယ်ထားနိုင်တယ်"
"ကျွင်းသခင်လေးသာ မထုတ်ဖော်ဘူးဆိုရင် ဒါက ထာဝရလျှို့ဝှက်ချက်တစ်ခုအဖြစ် ရှိလိမ့်မယ်"
ထိုစကားကိုကြားသောအခါ ကျွင်းရှောင်ယောက်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။
"အချိန်တန်ရင် ကျုပ်က လူသတ်သမားဖြစ်လာမယ်၊ အပြင်လူတွေက ကူချမ်မြဲ့ကို သတ်လိုက်သူဟာ ကျုပ်ဖြစ်မယ်လို့ သတ်မှတ်ကြမယ် မဟုတ်လား"
ကျွင်းရှောင်ယောက်၏ လှောင်ရယ်သောအကြည့်ကို မြင်သောအခါ ကျိချင်းရီ၏ မျက်လုံးများက အနည်းငယ် အရောင်ပြောင်းသွားသည်။
"ကျွင်းသခင်လေးက ဘာကိုဆိုလိုတာလဲ"
"ကျိချင်းရီ၊ မင်း ဘာတွေလုပ်နေတယ်ဆိုတာ ကျုပ်မသိဘူးမထင်နဲ့"
"အဲဒီတုန်းက ကျိတောက်ရီရဲ့ သေဆုံးမှုက တိုင်းတပါးသားတွေရဲ့ လုပ်ကြံသတ်ဖြတ်မှုလို့ ပြောခဲ့ပေမဲ့ တကယ်တမ်းတော့ မင်းက သူ့ကိုသတ်ခဲ့တာပဲ မဟုတ်လား"
"ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျိမိသားစုက ကျုပ်ကိုပဲ ပြဿနာရှာခဲ့ကြတယ်"
ကျွင်းရှောင်ယောက်က ပြောဆိုရင်း ကျိတောက်ရီ၏အနားသို့ တဖြည်းဖြည်း တိုးကပ်သွားသည်။
သူက သူ့လက်ကိုမြှောက်လိုက်ပြီး ဖြူဖွေးချောမွတ်သော မေးဖျားကို လှမ်းကိုင်လိုက်၏။
"အမှန်အတိုင်းပြောရရင် ဒီကိစ္စကို ကျုပ်က သိပ်ပြီးဘဝင်မကျလှဘူး"
ကျွင်းရှောင်ယောက်၏ မျက်နှာက အပြုံးမပျက်ပေ။
သို့သော်လည်း သူ့မျက်လုံးများတွင် ထူးခြားသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
ဤအခိုက်အတန့်တွင်၊ အရာအားလုံးကို တွက်ချက်နိုင်ခဲ့သော ကျိချင်းရီပင်လျှင် ကြီးမားသောဖိအားကို ခံစားခဲ့ရသည်။
သူ၏ တွက်ချက်မှုနှင့် အစီအစဉ်အားလုံးက အကြွင်းမဲ့အင်အား၏ရှေ့တွင် နေရာမရှိပေ။
"ကျွင်းသခင်လေး၊ ဒီကိစ္စကတော့ တကယ်ကို ချင်းရီမှားယွင်းခဲ့တာပါ။ ကျွန်မကို ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်"
ကျွင်းရှောင်ယောက်က သူမ၏မေးစေ့ကို ဖျစ်ညှစ်လိုက်သည်။
ကျွင်းရှောင်ယောက်ထံမှ အပူငွေ့တို့ကို ခံစားရ၏။
ကျိချင်းရီ၏ ပါးပြင်တို့မှာ ပန်းနုရောင်သန်းလာတော့သည်။
"ကျုပ်ကို အကြောင်းပြချက်ပေးပါ၊ မင်းကို ဘာကြောင့် ကူညီရမှာလဲ"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ကျိချင်းရီက အသက်ပြင်းပြင်းရှူရင်း သူ့ကိုယ်သူ ဦးစွာထိန်းချုပ်လိုက်လေသည်။
သူက တည်ငြိမ်စွာ ပြောလိုက်သည်။
"ချင်းရီမှာ သဘာဝအတိုင်း အကြောင်းပြချက်ရှိပါတယ်"
"ကျွန်မပြောနိုင်တာက ဒီတစ်ခေါက်မှာ ကွေ့ရှအပျက်အယွင်းကို သွားမယ်ဆိုရင် ကျွင်းသခင်လေးရဲ့ ရန်သူတွေက ကောင်းကင်ကိုးပါးရဲ့ ပါရမီရှင်တွေချည်း မဟုတ်ဘူး"
"အလို"
ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် စိတ်ဝင်စားမှု အရိပ်အယောင်တို့ ပေါ်လာသည်။
"မရဏဧကရာဇ်သုံးပါးက ရှင့်ကို ကွေ့ရှအပျက်အယွင်းမှာ တိုက်ခိုက်ကြလိမ့်မယ်"
ကျိချင်းရီ၏ စကားက ကျွင်းရှောင်ယောက်ကို အနည်းငယ် အံ့ဩသွားစေသည်။
မြေအောက်ကမ္ဘာမှ လူများက သူ့ကိုဆန့်ကျင်ရန် ကောင်းကင်ကိုးပါးသို့ အမှန်တကယ် စိမ့်ဝင်နေပြီလား။
ကျွင်းရှောင်ယောက်က မရဏဧကရာဇ်သုံးပါးအကြောင်းကို သိသည်။
ယခင်က မေ့ပျောက်ခြင်းမြေတွင် မရဏဧကရာဇ်သုံးပါးအနက် တစ်ပါးဖြစ်သော အလောင်းကောင်ဧကရာဇ်က ပေါ်လာခဲ့ဖူးသည်။
သို့သော်လည်း ၎င်းက အလောင်းကိုထိန်းချုပ်ပြီး ရောက်ရှိလာခြင်းသာ။
ယခုအခါမှာတော့ မရဏဧကရာဇ်သုံးပါးက သူ့ကိုသတ်ရန် တိတ်တဆိတ် ကြံစည်ကာ တစ်ပြိုင်နက်တည်း လှုပ်ရှားနေကြပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်က ဤအချက်ကို အမှန်တကယ် သတိမထားမိခဲ့ပေ။
"မင်းက ဒီအကြောင်းကို ဘယ်လိုသိတာလဲ"
ကျွင်းရှောင်ယောက်က မေးလိုက်သည်။
"မရဏဧကရာဇ်သုံးပါးကို ရှင့်ကိုသတ်ချင်ပေမဲ့ ပိုသေချာအောင် ကူချမ်မြဲ့နဲ့ ပူးပေါင်းဖို့ ရောက်လာကြတယ်လေ"
"အဲဒီနောက် ကူချမ်မြဲ့က ကျွန်မကို ရှင့်ဆီကိုလာပြီး ထောင်ချောက်ထဲ ဆွဲဆောင်ခိုင်းတယ်။ ကျွန်မနဲ့ ရှင်က အဆက်အစပ်ရှိတယ်ဆိုတာကို သူသိထားတယ်လေ"
ကျိချင်းရီက ရှင်းပြလိုက်သည်။
"ဒီလိုပဲ"
ကျွင်းရှောင်ယောက်လည်း သဘောပေါက်သွားလေသည်။
မြေအောက်ကမ္ဘာက သူ့ကို ကွေ့ရှအပျက်အယွင်းတွင် သုတ်သင်ရန် စီစဉ်ခဲ့သည်။
အကြောင်းမှာ၊ ကွေ့ရှအပျက်အယွင်းက အကြောင်းအကျိုးသက်ရောက်မှုကို ဖြတ်တောက်နိုင်သောကြောင့်ပင်။
အင်မော်တယ်နယ်မြေကြီးရှိ ကျွင်းရှောင်ယောက်၏ ကစဉ့်ကလျားခန္ဓာပင်လျှင် အပျက်အယွင်းအတွင်းမှ မြင့်မြတ်ခန္ဓာတာအိုသန္ဓေ၏ အခြေအနေကို သိရှိနိုင်မည် မဟုတ်ပါ။
ဤနည်းဖြင့် ကျွင်းရှောင်ယောက်က သေဆုံးသွားလျှင်ပင် တားမြစ်နယ်မြေများမှ ပါရမီရှင်များ၏လက်ချက်ဖြင့်
အသတ်ခံရသည်ဟု ပြင်ပကမ္ဘာက ယုံကြည်ကြမည် ဖြစ်သည်။
ဒါက တကယ်ကို ပါးနပ်သော အကြံအစည်တစ်ခုပင်။
"ကျွင်းသခင်လေးသာ ဆန္ဒရှိရင် ကျွန်မတို့က တိတ်တိတ်လေး ကြိုတင်စီစဉ်ပြီး စားပွဲကို လှန်ပစ်လို့ရတယ်"
"ကူချမ်မြဲ့နဲ့ မြေအောက်ကမ္ဘာရဲ့ ဧကရာဇ်သုံးပါးစလုံးကို ဖုန်မှုန့်ကနေ ဖုန်မှုန့်ကို ပြန်သွားစေနိုင်တယ်"
ကျိချင်းရီ၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်တို့ ပေါ်လာခဲ့သည်။
ကျွင်းရှောင်ယောက်က အနည်းငယ်ပြုံးပြီး ကျိချင်းရီကို ပြန်လွှတ်ပေးလိုက်လေသည်။
"ကူချမ်မြဲ့နဲ့ မရဏဧကရာဇ်သုံးပါး ပူးပေါင်းလိုက်ရင်တောင် ကျုပ်အတွက် ပြိုင်ဘက်ဖြစ်မှာ မဟုတ်ပါဘူး"
"ဒါပေမဲ့... မင်းရဲ့ရိုးသားမှုကို ကျုပ်လက်ခံလိုက်ပြီ"