အခန်း ၁၄၄၉
Vol. 98 Ch. 1449
အခန်း ( ၁၄၄၉ ) ကွေ့ရှအပျက်အယွင်းသို့။
ကျွင်းရှောင်ယောက်က ကျိချင်းရီနှင့် အခြေအနေကို အကျဉ်းချုံး ဆွေးနွေးတိုင်ပင်လိုက်သည်။
ထို့နောက် ကျိချင်းရီ ပြန်ထွက်သွား၏။
ဤတစ်ကြိမ်တွင်၊ သူက မည်သူ့ကိုမျှသတိမပေးဘဲ တိတ်တဆိတ် ထွက်လာခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် သူနှင့် ကျွင်းရှောင်ယောက်သာ ဤကိစ္စကို သိပေသည်။
ကျိချင်းရီ ထွက်ခွာသွားပုံကိုကြည့်ရင်း ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် နက်နဲသော အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။
'ဒီကျိချင်းရီက တကယ်ပါးနပ်တာပဲ'
'ပူးပေါင်းကြံစည်မှုလို့ ခေါ်တဲ့ အကြံအစည်တွေက အကြွင်းမဲ့အင်အားရဲ့ရှေ့မှာ အသုံးမဝင်ဘူးဆိုတာ သူသိတယ်'
'တကယ်လို့ သူက ငါ့ကို အသိမပေးခဲ့ရင်တောင် ကူချမ်မြဲ့နဲ့ အလောင်းဧကရာဇ်တို့သုံးယောက်က ငါ့ကို လုပ်ကြံဖို့ မဖြစ်နိုင်ဘူးဆိုတာကို သူသိပြီးသားပဲ'
'ဒါပေမဲ့ ဒီအကြောင်းကိုပြောပြခြင်းနဲ့ သူ့အပေါ် မကျေလည်မှုတွေ လျော့ပါးသွားအောင် ကြိုးစားခဲ့တယ်'
'ဒီမိန်းကလေးက တကယ်ကို ရိုးရှင်းတဲ့သူ မဟုတ်ဘူး။ ဒါပေမဲ့လည်း ငါ့ကို မနှောင့်ယှက်သရွေ့ အရာအားလုံးက ညှိနှိုင်းလို့ရပါတယ်'
ကျိချင်းရီ၏ နက်နဲစွာ တွက်ချက်တတ်သော စရိုက်က ကြောက်စရာကောင်းသည်။ ထို့ကြောင့် လူအချို့အတွက်တော့ အစွယ်နှစ်ခွနှင့် မြွေတစ်ကောင်ဟု ထင်မြင်ကြဖွယ်ပင်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်ကတော့ ထိုသို့မထင်ပါ။
အကြောင်းမှာ သူကိုယ်တိုင်ကလည်း ဤကဲ့သို့ မကြာခဏလုပ်တတ်သောကြောင့်ပင်။
ဥပမာအားဖြင့် သူသည် အင်မော်တယ်ခုံရုံးကို သွေးထိုးပြီး ပြိုကွဲစေခဲ့ဖူးသည်။
ကျိချင်းရီသာ သူ့ကို မကြံစည်သရွေ့ အမှန်တကယ် လက်တွဲ၍ လုပ်ဆောင်နိုင်ပေသည်။
သူက သုံးတတ်လျှင် ကောင်းမွန်သော ကိရိယာတစ်ခု ဖြစ်သည်။
ထို့ကြောင့် ကျွင်းရှောင်ယောက်သည် ကျိချင်းရီ၏ တောင်းဆိုမှုကို မငြင်းဆန်တော့ပေ။
'မြေအောက်ကမ္ဘာက တကယ်ကို အမှတ်မရှိဘူး၊ သူတို့က ငါ့ရဲ့ မြင့်မြတ်ခန္ဓာတာအိုသန္ဓေကို အခုထိ လိုချင်နေကြသေးတယ်'
'ဘယ်လိုတွေကြောင့်လဲ'
'သက်ရှည်ကျွန်းက မြင့်မြတ်ခန္ဓာကျိန်စာနဲ့ပတ်သက်မှုရှိပြီး မြေအောက်ကမ္ဘာက မြင့်မြတ်ခန္ဓာရဲ့ အနှစ်သာရသွေးကို လိုချင်တယ်။ သက်ရှည်ကျွန်းက မြင့်မြတ်ခန္ဓာနဲ့ ဘယ်လိုကြောင့် ရန်ငြိုးဖွဲ့ခဲ့ရတာလဲ'
'ဒါပေမဲ့ မရဏဧကရာဇ်သုံးပါးက သက်ရှည်ခြင်းဧကရာဇ်နဲ့ ပူးပေါင်းဖို့မကြိုးစားဘဲ ဘာဖြစ်လို့ ကူချမ်မြဲ့ဆီကို သွားရောက်ကြတာလဲ'
'သက်ရှည်ခြင်းဧကရာဇ်က မာနကြီးလွန်းပြီး တခြားသူတွေနဲ့ ပူးပေါင်းဖို့ ဆန္ဒမရှိတာကြောင့်လား'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ အမျိုးမျိုး စဉ်းစားနေမိသည်။
မည်သို့ပင်ဖြစ်စေ၊ ကျွင်းရှောင်ယောက်က လှည့်ကွက်နှင့် ပူးပေါင်းကြံစည်မှုအားလုံးကို ခံနိုင်ရည်ရှိပေသည်။
ဤအသေးအဖွဲ တိုက်ပွဲများနှင့် နှိုင်းယှဉ်လျှင် ကျွင်းရှောင်ယောက်က အင်မော်တယ်ယဇ်ပလ္လင်ကို ပိုအလေးထားသည်။
အရေးကြီးဆုံးအချက်က ယဇ်ဆရာသခင်၏အမိန့်ကို မည်သို့အသုံးပြုရမလဲဆိုတာပင်။
ကွေ့ရှအပျက်အယွင်းသို့ သွားရောက်ရာတွင် ဒါက အရေးကြီးဆုံးအချက် ဖြစ်သည်။
ထို့ပြင် လက်မှတ်ထိုးဝင်ရန် အခွင့်အလမ်းလည်း ရှိသေးသည်။
ကျွင်းရှောင်ယောက်က ယခုတစ်ကြိမ် သူ၏ လက်မှတ်ထိုးဝင်ခြင်းဆိုင်ရာ ဆုလာဘ်မှာ ထူးထူးခြားခြားဖြစ်နိုင်သည်ဟု ခံစားခဲ့ရသည်။
ထို့နောက် ကျွင်းရှောင်ယောက်က ခွန်းလွန်းတောင်ကို ပြန်ခဲ့လေသည်။
အားကျိုးနှင့်အတူ ကုချင်းတီးခတ်ခြင်း၊ စကားပြောဆိုခြင်းဖြင့် နေ့ရက်တွေမှာ ပျော်စရာကောင်းခဲ့သည်။
ကောင်းကင်ကိုးပါးမှ အခြား ပါရမီရှင်များက ကွေ့ရှအပျက်အယွင်းသို့သွားရန် လုံ့လစိုက်၍ လေ့ကျင့်နေချိန်...
ကျွင်းရှောင်က ပေါ့ပါးလွန်းလှသည်။
ဤသို့ဖြင့် စောင့်ဆိုင်းခြင်းက သာသာယာယာရှိခဲ့ပေသည်။
တစ်နေ့...
ကြည်လင်သော ကောင်းကင်ယံတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော မြည်ဟီးသံကို ကြားလိုက်ရသည်။
ထိုအသံက ကောင်းကင်ကိုးပါး၏အထက်မှ ထွက်ပေါ်လာခြင်းပင်။
ကောင်းကင်ကိုးပ်း တစ်ခုလုံးကို ကောင်းကင်ကိုးပါး အပျက်အယွင်းမြေဟု ခေါ်သည်။
ကောင်းကင်ကိုးပါးက တားမြစ်နယ်မြေအားလုံး၏ နေရာပင်။
သို့ရာတွင် ကွေ့ရှအပျက်အယွင်းက ကောင်းကင်ကိုးပါးအထက်တွင် ရှိနေဆဲ ဖြစ်သည်။
ထိုနေရာက လျှို့ဝှက်ဆန်းကြယ်သကဲ့သို့ ရှေးအကျဆုံးနေရာပင်။
၎င်းက အင်မော်တယ်လမ်းသို့ သွားရောက်နိုင်သည့် ဒဏ္ဍာရီလာ နေရာတစ်ခု ဖြစ်သည်။
ယခုအချိန်တွင်၊ ကောင်းကင်ယံမှ မြည်ဟီးသံကို ကြားရသောအခါ...
တားမြစ်နယ်မြေတစ်ခုစီမှ ရှေးကျသော တည်ရှိမှုများအားလုံး နိုးထလာခဲ့ကြသည်။
"ထာဝရကံကြမ္မာက ခေတ်သစ်မှာ တစ်ဖန် ဆင်းသက်လာပြီး ယဇ်ဆရာသခင်တွေက ဒီခေတ်ရဲ့ မဟာသုတ်သင်ရှင်းလင်းရေးကို ဦးဆောင်ဆင်းသက်လာလိမ့်မယ်"
"တားမြစ်နယ်မြေအနေနဲ့ ငါတို့လည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရမယ်"
"ဒီမဟာသုတ်သင်ရှင်းလင်းရေးက သမိုင်းမှာ မကြုံစဖူး ထူးကဲပြီး အရေးကြီးဆုံးပဲ။ ဒီအခွင့်အလမ်းကို ဆုပ်ကိုင်နိုင်ရင် ခြေတစ်လှမ်းနဲ့ ကောင်းကင်ကို တက်နိုင်လိမ့်မယ်"
"ဒီမဟာသုတ်သင်ရှင်းလင်းခြင်းကို ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ဘူး။ ယဇ်ဆရာသခင်ငါးပါးစလုံးက အင်မော်တယ်တံခါးကိုဖွင့်ဖို့ တစ်ချိန်တည်း ဆင်းသက်လာကြလိမ့်မယ်"
ရှေးကျ၍ အိုမင်းသော အသံများက တားမြစ်နယ်မြေများ၏ နက်နဲရာနေရာများမှ ထွက်ပေါ်လာခဲ့သည်။
သူတို့၏အမြင်အရ၊ အင်မော်တယ်နယ်မြေကြီးရှိ သက်ရှိသတ္တဝါအားလုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် ယဇ်ပူဇော်ခြင်းက သာမန်သန့်စင်ရေးလှုပ်ရှားမှုတစ်ခုထက် မပိုပေ။
အင်မော်တယ်နယ်မြေကြီးရှိ သတ္တဝါများက မွေးမြူရေးခြံထဲမှ ကြက်များကဲ့သို့ပင်။
အရွယ်ရောက်လာသည်နှင့် သတ်ဖြတ်ရောင်းချနိုင်သည်။
စားသောက်နိုင်သည်။
သူတို့က အင်မော်တယ်တံခါးကိုဖွင့်ရန် အခွင့်အရေးပင် ရနိုင်သေးသည်။
တားမြစ်နယ်မြေ အသီးသီးတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လာကြသည်။
တားမြစ်နယ်မြေအမျိုးမျိုးတွင် လေ့ကျင့်နေခဲ့သော ပါရမီရှင်များလည်း တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာပြီး သက်ဆိုင်ရာ အင်အားစုများဆီသို့ ပြန်သွားကြ၏။
ကွေ့ရှအပျက်အယွင်းမှ ပုံမှန်မဟုတ်သော လှုပ်ရှားမှုသည် အင်မော်တယ်တံခါး ဆင်းသက်လာခြင်း၏ အရိပ်အယောင်တစ်ခု ဖြစ်သည်။
အင်မော်တယ်တံခါး မရောက်ခင်မှာတော့ ကွေ့ရှအပျက်အယွင်း ပွင့်လိမ့်မည်။
ဒါက လူငယ်များအတွက် အခွင့်အလမ်းများကို ရှာဖွေနိုင်သောအချိန်လည်း ဖြစ်သည်။
နောက်ဆုံးတွင်၊ ကွေ့ရှအပျက်အယွင်းက အင်မော်တယ်တံခါး၏ ဆင်းသက်ရာနေရာဖြစ်ပြီး စိတ်ကူးမယဉ်နိုင်သော အခွင့်အရေးများ အမျိုးမျိုးရှိလိမ့်မည်။
ခွန်းလွန်းတောင်တွင်...
ခွန်းရွှီကျစ်နှင့် အခြားသူများက ကျွင်းရှောင်ယောက်ထံသို့ ရောက်လာကြသည်။
"ညီနောင်ကျွင်း၊ ငါတို့ ခရီးထွက်ဖို့အချိန်တန်ပြီ"
ခွန်းရွှီကျစ်နှင့် ခွန်းလင်ယုတို့လည်း ယခုတစ်ကြိမ်တွင် ကွေ့ရှအပျက်အယွင်းသို့ သွားမည် ဖြစ်သည်။
"ကောင်းပြီ"
ကျွင်းရှောင်ယောက်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"သခင်လေး၊ အားကျိုးက မင်းကို လိုက်ပို့ပေးပါမယ်"
အားကျိုးက ပြောလိုက်သည်။
သူ၏ ကျင့်ကြံမှုအဆင့်ဖြင့် ကွေ့ရှအပျက်အယွင်းသို့ ဝင်ရောက်ရန် သဘာဝအတိုင်း မဖြစ်နိုင်ပါ။
သို့သော်လည်း ကွေ့ရှအပျက်အယွင်းသို့ သွားရောက်သော ခရီးစဉ်ကိုတော့ လိုက်ပါနိုင်သည်။
"သူတို့အတူနေတာ ရက်ပိုင်းပဲ ရှိသေးတယ် ခွဲလို့ မရတော့ဘူးလား"
ထိုအချိန်တွင် နျဲ့ကျန်းက တိတ်တိတ်လေး ရေရွတ်လိုက်သည်။
သူကတော့ လိုက်ပါမည် မဟုတ်ပေ။
သူက သတင်းများကို ကျွင်းမိသားစုသို့ အချိန်မီ ပေးပို့ရန် လိုသည်။
ထို့နောက် ကျွင်းရှောင်ယောက်က အားကျိုး၊ ခွန်စရွှီကျစ်၊ ခွန်းလင်ယုတို့နှင့် အခြားပါရမီရှင်များနှင့်အတူ ခွန်းလွန်းမျိုးနွယ်စု အကြီးအကဲများ၏ လမ်းညွှန်မှုအောက်တွင် ကွေ့ရှအပျက်အယွင်းသို့ ခရီးထွက်ခဲ့ကြသည်။
ကွေ့ရှအပျက်အယွင်းသို့ ခရီးစဉ်က သာယာမည်မဟုတ်ပေ။
လမ်းကြောင်းနှင့် မရင်းနှီးပါက ပြဿနာကြီးကြီးမားမား ကြုံတွေ့ရနိုင်သည်။
တစ်ချိန်တည်းမှာပင်၊ အခြားသော တားမြစ်နယ်မြေများမှ ပါရမီရှင် အဖွဲ့များသည်လည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
တားမြစ်မိသားစုများမှ အချို့သော ပါရမီရှင်များသည်ပင် ထိုနေရာသို့ သွားရောက်ကြလိမ့်မည်။
နောက်ဆုံးတွင်၊ ထိုနေရာသို့ မျိုးဆက်သစ်လူငယ်အားလုံး ဝင်ရောက်နိုင်သည်။
ခွန်းလွန်းမျိုးနွယ်စုမှ အကြီးအကဲများ၏ လမ်းညွှန်မှုအောက်တွင် ကျွင်းရှောင်ယောက်က ကောင်းကင်ကိုးပါး၏ အလယ်ပိုင်းဒေသ ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့သည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါက ရှေးခေတ်တွင် သက်ရှိများ နေထိုင်ခဲ့သော ဂြိုလ်တစ်စင်းကဲ့သို့ ကြီးမားသော အပေါက်ကြီးတစ်ခုဖြင့် ဂြိုလ်တစ်စင်းကို တွေ့ရလိမ့်မည်။
“အဲဒါက ကွေ့ရှအပျက်အယွင်းဆီကို သွားရမဲ့ ဝင်ပေါက်ပဲ”
ခွန်းရွှီကျစ်က ပြုံးပြီး ပြောလိုက်သည်။
ကျွင်းရှောင်ယောက်က အနည်းငယ် ခေါင်းညိတ်လိုက်၏။
ကွေ့ရှအပျက်အယွင်းက ကောင်းကင်ကိုးပါး၏အထက်တွင် အမှန်တကယ် ရှိနေသည်။
၎င်းက မည်သို့သောနေရာမျိုး ဖြစ်သနည်း။
ကျွင်းရှောင်ယောက်နှင့် အခြားသူများက ပိုးပေါက်ကြီးထဲသို့ ဝင်သွားကြသည်။
ရုတ်တရက်၊ ကမ္ဘာကြီးက ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။ မိုးနှင့်မြေက ပြောင်းပြန်လှန်သွားပြီး ထူးဆန်းသော မြင်ကွင်းအမျိုးမျိုးဖြင့် ပြည့်နေ၏။
နောက်အခိုက်တွင်၊ ကျွင်းရှောင်ယောက်က တိတ်ဆိတ်သော နေရာတစ်ခုသို့ ရောက်ရှိလာကြောင်း သတိပြုလိုက်မိသည်။
ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်ပြီး မှောင်မိုက်၏။
တောက်ပသော လအလင်းရောင်သာ လင်းနေသည်။
"ဟင်..."
ကျွင်းရှောင်ယောက်က လတစ်စင်းကို သတိပြုလိုက်မိသည်။
ကောင်းကင်ကိုးပါးသို့ ပထမဆုံး တက်ရောက်လာစဉ်မှာလည်း ၎င်းကို သတိပြုမိသေးသည်။
ထိုတောက်ပသောလက ကောင်းကင်အထက် ကွေ့ရှအပျက်အယွင်းတွင် တောက်ပနေပြီး သာမန်ဖြစ်ပုံမရပေ။
"မိတ်ဆွေလေး၊ ဂရုစိုက်ပြီး လိုက်ခဲ့ပါ"
ခွန်းလွန်းမျိုးနွယ်၏ အကြီးအကဲတစ်ဦးက ပြောလိုက်သည်။
ကျွင်းရှောင်ယောက်က အနည်းငယ် ခေါင်းညိတ်ပြပြီး ဘုရင်ငယ်သုံးပါးဆွဲသော ရထားပေါ်တွင် အားကျိုးနှင့်အတူ ထိုင်လိုက်လေသည်။
ထို့နောက်၊ သူတို့က ရှေ့ကိုဆက်သွားခဲ့ကြသည်။
ရုတ်တရက်၊ ကျွင်းရှောင်ယောက်က တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ အဝေးမှ ကောင်းကင်တွင် အနက်ရောင်မြူလုံးများ လှုပ်ရှားနေသည်ကို တွေ့ရ၏။
ဂရုတစိုက် စစ်ဆေးပြီးနောက် ၎င်းတို့က လက်သီးဆုပ်အရွယ် ကျိုင်းကောင်များဖြစ်ကြောင်း သိလိုက်ရသည်။
"အဲဒါတွေက ဂြိုလ်စားကျိုင်းကောင်တွေပါ။ သူတို့က အစုလိုက် လှုပ်ရှားကြပြီး ရှေးဟောင်းဂြိုလ်တစ်လုံးလုံးကိုတောင် အချိန်တိုအတွင်းမှာ ကိုက်စားနိုင်ကြတယ်"
"ပျက်စီးခြင်းတာအိုသခင်တောင်မှ ဂြိုလ်စားကျိုင်းကောင်အုပ်ထဲ ကျရောက်သွားရင် လွတ်လမ်းမရှိဘူး"
ခွန်းရွှီကျစ်က ပြောလိုက်၏။
ကျွင်းရှောင်ယောက်က အကြည့်ပြန်ရုတ်လိုက်သည်။
ကွေ့ရှအပျက်အယွင်းသို့ သွားရာလမ်းက အမှန်တကယ် အေးချမ်းပုံမရပေ။