← Chapters

အခန်း ၁၄၅၁

Vol. 99 Ch. 1451

အခန်း ၁၄၅၁

Vol. 99 Ch. 1451

အခန်း ( ၁၄၅၁ ) သက်ရှည်ခြင်းဧကရာဇ်၏သားတော် ပေါ်လာပြီ။

ကျွင်းရှောင်ယောက်က လက်ညှိုးတစ်ချက်ညွှန်လိုက်သည်။ ဓားအလင်းတစ်ခုက နဂါးတစ်ကောင်ကဲ့သို့ ပျံတက်သွားပြီး အနက်ရောင်လက်ကြီးကို ထိုးသွင်းလိုက်၏။

သို့သော်... အံ့ဩဖွယ်ကောင်းအောင် ဓားအလင်းက အနက်ရောင်လက်ကို ထိလိုက်သောအခါ တိတ်ဆိတ်စွာ ဝါးမျိုခြင်းကို ခံလိုက်ရတော့သည်။

"ဪ"

ကျွင်းရှောင်ယောက်က အနည်းငယ် မျက်ခုံးပင့်လိုက်သည်။

သူ့လက်ကိုမြှောက်လိုက်သောအခါ တစ်ခုတည်းသော ရေဝဲတွင်းနက်က ပေါ်လာပြီး အနက်ရောင်လက်ကြီးကို တိုက်ရိုက် ဝါးမျိုသွား၏။

"အလို"

အံ့အားသင့်စွာ ရေရွတ်လိုက်သံ ထွက်ပေါ်လာသည်။

အားလုံးက အသံလာရာသို့ ကြည့်လိုက်သောအခါ လူတစ်စုကို မြင်ရလေသည်။

ဦးဆောင်လာသူမှာ ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ်ခန့် လူငယ်တစ်ဦး ဖြစ်သည်။ သူ၏ မျက်လုံးများမှာတော့ နက်မှောင်နေပြီး အဖြူအိမ်ကို လုံးဝ မမြင်ရပေ။

သူ့နဖူးပေါ်မှာလည်း တောက်ထျဲ အမှတ်အသားတစ်ခုရှိပြီး ကြောက်စရာကောင်းသော အရိပ်အယောင်မျိုးကို ခံစားရစေသည်။

"တောက်ဝမ်"

ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။

သားရဲဂူ၏ ဘုရင်ငယ်လေးပါးအနက် အသန်မာဆုံးတစ်ဦး... ‌ကောင်းကင်နဂါးနှင့်ဖီးနစ်စာရင်း၏ ဒုတိယအဆင့် ပါရမီရှင်က လူငယ်လေးတစ်ဦးကဲ့သို့ပင်။

သို့သော်လည်း တကယ်တမ်းတွင် သူက အလွန်အသက်ကြီးနေပြီ ဖြစ်သည်။

လူတိုင်းက ကျွင်းရှောင်ယောက်ကဲ့သို့ ငယ်ငယ်ရွယ်ရွယ်ဖြင့် ဤအဆင့်ကို ရောက်ရှိနိုင်ခြင်း မရှိပါ။

"တောက်ဝမ်၊ ကျုပ်တို့ကို ကယ်ပါဦး"

ရထားကိုဆွဲရန် သားရဲအသွင် ပြောင်းလဲထားရသော ရှားဝမ်၊ ရှုံးဝမ်နှင့် ဟွင်းဝမ်တို့က သံပြိုင်အော်ဟစ်လိုက်ကြသည်။

"အသုံးမကျတဲ့ အမှိုက်၊ မင်းတို့က သားရဲဂူအတွက် အရှက်ရစရာပဲ"

တောက်ဝမ်က အေးစက်စက်ဖြင့် လှမ်းကြည့်လိုက်၏။

ဘုရင်ငယ်သုံးပါးက ချက်ချင်း ငြိမ်ကျသွားလေသည်။

သူတို့က အလွန်ရှက်ရွံ့နေကြကြောင်း ထင်ရှားသည်။

"အဲဒါက တောက်ဝမ်မဟုတ်လား၊ သူ့ကိုကြည့်ရတာ တကယ်ကို သာမန်မဟုတ်ဘူး"

"ဒီတောက်ဝမ်က ဝါးမျိုခြင်းအင်မော်တယ်ကျမ်းကို လေ့ကျင့်ထားတဲ့အပြင် ထူးကဲပြီး အလွန်ကြောက်စရာကောင်းတဲ့ ကိုယ်ပိုင်လမ်းကို ပုံဖော်ခဲ့တယ်တဲ့"

ကောင်းကင်ကိုးပါးမှ ကျင့်ကြံသူအချို့က အချင်းချင်း ပြောဆိုလိုက်ကြသည်။

တောက်ဝမ်၏ မူလအသွင်က‌ တောက်ထျဲသားရဲကြီးဖြစ်ကာ ဝါးမျိုခြင်း၏ အဆုံးစွန်စွမ်းအားဖြင့် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။

ထို့ပြင်၊ သူက ဝါးမျိုခြင်းအင်မော်တယ်ကျမ်းကို လေ့ကျင့်ထားပြီး ကိုယ်ပိုင်လမ်းကိုလည်း ဖော်ဆောင်ခဲ့၏။

သူ၏ ခွန်အားက စိတ်ကူးကြည့်ရန် မလွယ်ပေ။

တောက်ဝမ်က အခြားလူများကို လျစ်လျူရှုကာ ကျွင်းရှောင်ယောက်ကို စိုက်ကြည့်သည်။

"ဝါးမျိုခြင်းနိယာမနဲ့ ပတ်သက်ပြီး မင်းမှာလည်း ကိုယ်ပိုင် နားလည်မှုတွေ ရှိနေပုံရတယ်"

ကျွင်းရှောင်ယောက်မှ ထုတ်ဖော်ခဲ့သော တစ်ခုတည်းသောတွင်းနက်က တောက်ဝမ်ကို အံ့အားသင့်စေခဲ့ကြောင်း ထင်ရှားပေသည်။

၎င်းကို ဝါးမျိုခြင်းလမ်းစဉ်၏ အခြားလမ်းကြောင်းတစ်ခုဟု ဆိုနိုင်သည်။

ကျွင်းရှောင်ယောက်က တစ်ခွန်းမျှ မတုံ့ပြန်ဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။

သူ၏ တစ်ခုတည်းသော တွင်းနက်က ဤမျှ မရိုးရှင်းပေ။

၎င်းတွင် ဝါးမျိုခြင်းနိယာမဆိုင်ရာ ပညာရပ်များဖြစ်သော ဝါးမျိုခြင်း နိယာမ၊ ဝါးမျိုခြင်းဖင်းဂေါ့ကျမ်း၊ နတ်ဘုရားဝါးမျိုခြင်း စွမ်းရည်၊ ကောင်းကင်ကိုဝါးမျိုပြီး နတ်ဖန်ဆင်းခြင်းကျင့်စဉ်တို့ ပါဝင်သည်။

ဝါးမျိုခြင်းနိယာမနှင့် ပတ်သက်၍ သူ၏ လက်ရှိနားလည်မှုက တောက်ထျဲမျိုးနွယ်ထက် အားမနည်းဟု ဆိုနိုင်ပေသည်။

"ငါ မင်းကို သန့်စင်နိုင်ရင် ငါ့ရဲ့ ဝါးမျိုခြင်းစွမ်းရည်က အနှိုင်းမဲ့တဲ့ အဆင့်ကို ရောက်ရှိနိုင်မှာ သေချာတယ်"

ကျွင်းရှောင်ယောက်ကိုစိုက်ကြည့်ရင်း တောက်ဝမ်၏ အနက်ရောင် မျက်လုံးများတွင် ပူပြင်းသော လောဘအရိပ်အယောင်များ ပေါ်လာသည်။

တောက်ထျဲမျိုးနွယ်စုဝင်များအတွက် အဓိကအကျဆုံးသော တွန်းအားမှာ ဝါးမြိုပြီး သန့်စင်ရန် ဖြစ်သည်။

ယခုလည်း သူက အမှန်တကယ်ပင် ကျွင်းရှောင်ယောက်ကို ဝါးမျိုပြီး သန့်စင်ချင်နေပြီ။

"မင်းမှာ အရည်အချင်းရှိရင်ပေါ့"

ကျွင်းရှောင်ယောက်ကတော့ ဒေါသမထွက်ပေ။

မည်သူမဆို ကြီးကြီးကျယ်ကျယ် ပြောလို့ရသည်။

သို့ရာတွင်၊ ပါးစပ်က ပြောသည့်အတိုင်း လုပ်နိုင်စွမ်းရှိရန် လိုအပ်ပေသည်။

နောက်ဆုံးတွင် မည်သူက မည်သူ့ကို ဝါးမျိုပစ်မလဲဆိုတာ‌ ပြောရန်ခက်သည်။

အကယ်၍ ကျွင်းရှောင်ယောက်က တောက်ဝမ်၏ လျို့ဝှက်ချက်များကို ရယူနိုင်ခဲ့မည်ဆိုလျှင် သူ့စွမ်းအားများ တိုးလာစေမည့်အပြင် တစ်ခုတည်းသော တွင်းနက်မှာလည်း အရည်အသွေးပိုင်းဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပေါ်လာစေမည် ဖြစ်သည်။

နှစ်ယောက်စလုံးက တစ်ဦးကိုတစ်ဦး သန့်စင်ရန် ရည်ရွယ်ထားသည်ဟု ဆိုနိုင်ပေသည်။

ထိုအချိန်တွင် ခရမ်းရောင် အခိုးအငွေ့များက ရုတ်တရက် ပေါ်လာသည်။

"ဒါ သူပဲ"

ဤအုံ့ဆိုင်းနေသော ခရမ်းရောင်မြူများကို မြင်လိုက်ရသည်နှင့် မည်သူရောက်လာသလဲဆိုတာကို ပြေးကြည့်စရာမလိုဘဲ သိလိမ့်မည်။

ပြိုးပြိုးပြက်ပြက် တောက်ပနေသော ခရမ်းရောင်နတ်အလင်းများက ပုံရိပ်တစ်ခုကို ဖုံးအုပ်ထားသည်။

၎င်းက ခရမ်းရောင်နေတစ်စင်းကဲ့သို့‌ ထွန်းလင်းတောက်ပ၏။

ထိုသူကား ဧကရာဇ်ကြွေလွင့်တောင်၏ သခင်လေး ဝမ့်ယန်မှတပါး အခြားမဟုတ်ပေ။

သို့သော်လည်း ယခုတစ်ကြိမ်တွင်၊ သူက စန်းရှန်းအင်မော်တယ်ဂူကဲ့သို့ အာဒိကပ္ပခရမ်းရောင်ချီမျိုးစေ့ ကိုယ်ပွားတစ်ခုနှင့် ရောက်ရှိလာခြင်း မဟုတ်ပါ။

မူလခန္ဓာဖြင့် လာခဲ့ခြင်း ဖြစ်သည်။

"ဆန်းကြယ်ကောင်းကင်အဓိပတိ၊ တကယ်ကို ဆန်းကြယ်ကောင်းကင်အဓိပတိအဆင့်ပဲ"

ဝမ့်ယန်ထံမှ ထွက်ပေါ်လာသော ပြင်းထန်သောဖိအားကို ခံစားမိသောအခါ လူတိုင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်းတွင် ထိပ်တန်းတစ်ဆယ်အတွင်းဝင်သည့် ဝမ့်ယန်၏အင်အားက မျှော်လင့်ထားသည့်အတိုင်းပင်။

သူ၏ စစ်မှန်သည့်ခွန်အားက ထိပ်ဆုံးသုံးယောက်ထဲတွင် စာရင်းသွင်းရန် လုံလောက်သည်။

"ကျွင်းရှောင်ယောက်"

ဝမ့်ယန်က ရောက်လာသည်နှင့် တပြိုင်နက်၊ ကျွင်းရှောင်ယောက်ကို စိုက်ကြည့်လိုက်သည်။

"ငါက ဘယ်သူများလဲလို့ အောက်မေ့နေတာ၊ လက်စသတ်တော့ ဖားတစ်ကောင်ပဲ"

ကျွင်းရှောင်ယောက်က ပြုံးလိုက်၏။

ဖားတစ်ကောင်လား။

လူတိုင်း အံ့ဩသွားကြသည်။

ထို့နောက် ယခင်အကြောင်းအရာများကို ပြန်လည်သတိရလာ၏။

ဝမ့်ယန်က ကျန်းလော့လီကို လက်ထပ်နိုင်ရန် အမြဲ ကြိုးစားနေခဲ့သည်။

သို့သော်လည်း မအောင်မြင်ခဲ့ပေ။

ထို့ကြောင့် သူ့ကို ငန်းအသားကိုစားလိုသော ဖားဟု ပြောလိုက်ခြင်း ဖြစ်သည်။

"ကျွင်းရှောင်ယောက်၊ စကားလုံးတွေနဲ့ ထိုးနှက်တာက ဘာအသုံးဝင်မှာလဲ"

ဝမ့်ယန်က တည်ငြိမ်စွာ ပြောသည်။

ကျန်းလော့လီကို မရလိုက်ခြင်းက သူ၏ ကျင့်ကြံမှုကို အမှန်တကယ် နှောင့်နှေးစေခဲ့သည်။

ထိုမျှသာမကဘဲ၊ ယောက်ျားတစ်ယောက်အနေဖြင့် သူ၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေခဲ့၏။

သူ၏ အဆင့်အတန်းဖြင့် အမျိုးသမီးများမှ သူ့ကို အစပြုကာ ဆွဲဆောင်လာရမည် ဖြစ်သည်။

သို့သော်လည်း ကျန်းလော့လီနှင့် တွေ့ရာမှာတော့ အရှက်တကွဲ ဖြစ်ခဲ့ရပေသည်။

"ဒါက တကယ်ပဲ အသုံးမဝင်ပါဘူး၊ ဒါပေမဲ့ ငါ့ကို စိတ်ကျေနပ်စေတယ်"

ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။

ဝမ့်ယန်အတွက်တော့ ထိုအပြုံးက ပြေးရိုက်ချင်စရာပင်။

"ကျွင်းရှောင်ယောက်၊ မင်းက ကွေ့ရှအပျက်အယွင်းကို ဝင်ဝံ့မှတော့ အချိန်တန်ရင် ဒီအကြွေးကို ဖြေရှင်းရမယ်"

ဝမ့်ယန်က ဘာမျှထပ်မပြောတော့ပါ။

ကွေ့ရှအပျက်အယွင်းတွင် အာဒိကပ္ပခရမ်းရောင်ချီမျိုးစေ့ကို အသွင်ပြောင်းစေရန် အင်မော်တယ်ဓာတ်စွမ်းအင်များကို လုံလောက်စွာ ရှာတွေ့နိုင်သရွေ့....

ကျွင်းရှောင်ယောက်ကို ဖားတစ်ကောင်အကြောင်း ကောင်းကောင်းနားလည်စေမည် ဖြစ်သည်။

ယခုအခါ ကောင်းကင်ကိုးပါးမှ ထိပ်တန်း ပါရမီရှင်များ အားလုံးနီးပါး ရောက်ရှိနေကြပြီ။

သို့သော်လည်း လူတိုင်းက စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။

ဟုတ်သည်၊ ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်း၏ နံပါတ်တစ် ပါရမီရှင် ရောက်ရှိလာသည်ကို စောင့်ဆိုင်းနေကြခြင်းပင်။

"ဝမ်..."

ထိုစဉ်၊ နတ်အလင်းများက လေထဲတွင် တောက်ပလာသည်။

နိယာမစွမ်းအင်များဖြင့် ဖွဲ့စည်းထားသော တံတားတစ်စင်းက အဝေးမှ ဖြန့်ကျက်ပြီး ထိုးခင်းလာ၏။

တံတားပေါ်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက အေးအေးလူလူ လျှောက်လာနေကြသည်။

အမျိုးသမီးက အံ့ဖွယ်ကောင်းအောင် လှပသည့်အပြင် ထူးထူးကဲကဲ ဆွဲဆောင်မှုတစ်မျိုးလည်း ရှိသည်။

သူက သက်ရှည်ခြင်းနတ်ဘုရားမပင်။

သက်ရှည်ရှည်ကျွန်း၏ ပါရမီရှင်တစ်ဦးအနေဖြင့် သက်ရှည်ခြင်းနတ်ဘုရားမက သန်မာသည့်အပြင် အဆင့်အတန်း မြင့်မားသည်။

သို့သော်လည်း ယခုအချိန်တွင်၊ သူက သူ့ဘေးနားရှိလူရွယ်၏နောက်မှ ငြိမ်သက်စွာ လိုက်ပါလာသည်။

သူ့ကိုကြည့်ရသည်မှာ တစ်ဖက်လူ၏ အစေအပါးတစ်ဦးကဲ့သို့ပင်။

ဒါက အံ့သြစရာကောင်းသည်။

ထိုလူကို တောက်ပသော အလင်းများက ဝန်းရံထားပြီး ထူးထူးခြားခြား ချောမောခန့်ညားသူ ဖြစ်သည်။

သူ့ဆံပင်ရှည်များကိုမူ ကျောထက်တွင် ဖြန့်ချထား၏။ သူ၏ ဆံချည်တစ်မျှင်စီတိုင်းက အိစိုနေသည်။

ထိုမျှသာမကဘဲ သူ၏အသားအရေကလည်း ကျောက်စိမ်းကဲ့သို့ ချောမွေ့ပြီး မိန်းမတစ်ယောက်ထက်ပင် ပို၍ နူးညံ့သေးသည်။

သူ၏ မျက်လုံးများမှာတော့ လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတနှစ်ခုကဲ့သို့ နက်နဲလှသည်။

ထို့ထက်၊ အထူးခြားဆုံးအချက်က သူ ကိုင်ဆောင်ထားသော ရွှေရောင်မီးခွက်တစ်ခုပင်။

မီးခွက်အတွင်း၌ လောင်ကျွမ်းနေသော မီးတောက်များက ရွန်းများမှ ဖြစ်ပေါ်လာပုံရသည်။

မီးတောက်ကို အားဖြည့်နေသော လောင်စာက အံ့ဖွယ်ကောင်းအောင် အင်မော်တယ်ဓာတ်စွမ်းအင်များ ဖြစ်၏။

တောက်လောင်နေသော ဆီးမီးထဲတွင် ‌ကမ္ဘာတစ်ခုလုံးကို ရောင်ပြန်ဟပ်နေပုံရသည်။

ရွှေရောင်မီးခွက်ဖြင့် သူ့အသွင်က အမှန်တကယ် ထူးခြားကာ လောကီလူသားတို့ဖြင့် ကင်းဝေးပုံရလေသည်။

သို့ရာတွင်... သူက ကူချမ်မြဲ့၊ ဝမ့်ယန်နှင့် တောက်ဝမ်တို့ကဲ့သို့ ဖိနှိပ်ခြင်း ခံစားချက်များ မရှိပါ။

ဆန့်ကျင်ဘက်အနေဖြင့် အလွန်အေးချမ်းကာ သီးခြားဆန်သည်။

ကျွင်းရှောင်ယောက်ကို မြင်သောအခါ သူက အနည်းငယ်ပြုံးလိုက်လေသည်။

"ညီနောင်ကျွင်း၊ ခင်ဗျားရဲ့နာမည်ကို ကြားဖူးတာတော့ ကြာပါပြီ။ ဒီနေ့ လူချင်းတွေ့ရမှပဲ တကယ်ကို သာမန်မဟုတ်ကြောင်း သိရတယ်"

"သက်ရှည်ခြင်းဧကရာဇ်ရဲ့သားတော်..."

ကျွင်းရှောင်ယောက်ကလည်း လှမ်းကြည့်လိုက်သည်။

ရွှေရောင်မီးခွက်ကို ကိုင်ဆောင်ထားသော သက်ရှည်ခြင်းဧကရာဇ်၏သားတော်က ဝမ့်ယန်နှင့် အခြားသူများကဲ့သို့ ကြီးစိုးခြင်းမရှိပေ။

သို့ရာတွင်၊ တစ်ချက်ကြည့်ရုံဖြင့် သူက မရိုးရှင်းဘဲ တစ်စုံတစ်ခုဖြစ်ကြောင်း သိနိုင်သည်။

အထူးသဖြင့် ကမ္ဘာတစ်ခုလုံးကို ရောင်ပြန်ဟပ်နေပုံရသည့် သက်ရှည်ခြင်းဧကရာဇ်၏လက်ထဲရှိ ရွှေရောင်မီးခွက်က အမှန်တကယ် ထူးခြားသည်။

ကျွင်းရှောင်ယောက်၏ အမြင်အရ သက်ရှည်ခြင်းဧကရာဇ်၏သားတော်ကို ပုရွက်ဆိတ်တစ်ကောင်အဖြစ် မမှတ်ယူနိုင်တော့ပါ။

ပိုးကောင်တစ်ကောင်ဟု ဆိုရမည်။

All Chapters