အခန်း ၁၄၅၅
Vol. 99 Ch. 1455
အခန်း ( ၁၄၅၅ ) ယင်နတ်ဆိုးနတ်ဘုရား။
ကျွင်းရှောင်ယောက်၏ တိုက်ခိုက်ရေးသတိက အလွန်အားကောင်းသည်။
မှောင်မိုက်သောအရိပ်က တိုက်ခိုက်လာသည်နှင့် ကျွင်းရှောင်ယောက်က တုံ့ပြန်ပြီးပြီ။
သူက ခြေတစ်ကွက်ရွှေ့ပြီး ရှောင်တိမ်းလိုက်သည်။
တစ်ချိန်တည်းမှာပဲ သူ့လက်နှစ်ချောင်းကို ဓားတစ်ချောင်းကဲ့သို့ အသုံးပြုပြီး ပေါ့ပေါ့ပါးပါး လွှဲခုတ်လိုက်၏။ အနက်ရောင်အရိပ်က နှစ်ခြမ်းကွဲထွက်သွားတော့သည်။
"ဘယ်သူလဲ"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အေးစက်သွားသည်။
သို့သော်လည်း သေချာကြည့်လိုက်ပြီးနောက် သူ အနည်းငယ် အံ့ဩသွား၏။
ထိုအနက်ရောင်အရိပ်က တကယ်ကို အနက်ရောင်အရိပ်တစ်ခုသာ ဖြစ်သည်။
၎င်းက အနက်ရောင်မြူခိုးများ ထူထပ်စွာ သိပ်သည်းရာမှ ဖြစ်ပေါ်လာသကဲ့သို့ပင်။
၎င်းထံမှ ကြီးစွာသော မကျေနပ်မှု အရိပ်အယောင်များဖြင့် စွမ်းအားတစ်မျိုး ထွက်ပေါ်လာသည်။
ဓားအလင်းက သူ့ကို ထက်ခြမ်းခွဲလိုက်သော်လည်း ချက်ချင်း ပြန်ကောင်းသွား၏။
"ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုက ထိရောက်မှုမရှိဘူးလား"
ကျွင်းရှောင်ယောက်က အနည်းငယ် အံ့အားသင့်သွားသည်။
ရုတ်တရက်၊ သူဟာ သတ္တဝါတစ်မျိုးအကြောင်းကို တွေးလိုက်မိသည်။
ယင်နတ်ဆိုးနတ်ဘုရား။
သူတို့က ယင်စွမ်းအင်သိပ်သည်းပြီး ထူးဆန်းသော ပတ်ဝန်းကျင်မျိုးတွင် ပေါ်လာတတ်ကြသည်။
၎င်းက ယင်စွမ်းအင်နှင့် နာကျည်းမှုတို့ ဆုံစည်းသောအခါလည်း ဖြစ်လာတတ်၏။
ကွေ့ရှအပျက်အယွင်းက ယင်စွမ်းအင်နှင့် နာကျည်းမှုတို့ ရောနှောနေသော နေရာမျိုး ဖြစ်သည်။
အချိန်အလုံအလောက်ပေးလျှင် ယင်နတ်ဆိုးနတ်ဘုရားအဖြစ် ပေါင်းစည်းသွားရန် မခက်ပေ။
သို့ရာတွင်၊ ဤယင်နတ်ဆိုးနတ်ဘုရား၏ နာကျည်းမှုက ဘယ်ကလာသနည်း။
မြေပြင်ပေါ်မှ အလောင်းများက အရင်းအမြစ်ဖြစ်ခဲ့လျှင် ဤပါရမီရှင်တွေ လေ့ကျင့်နေစဉ်အတွင်း ရုတ်တရက်သေဆုံးသွားစေသည့် တခြားအရင်းအမြစ်တစ်ခု ရှိရမည်။
သူက စဉ်းစားလိုက်သော်လည်း ကြာကြာမတွေးနိုင်ပါ။
နောက်ထပ် ယင်နတ်ဆိုးနတ်ဘုရားများ သူ့ပတ်ဝန်းကျင်တွင် ပေါ်လာပြန်သည်။
၎င်းတို့က အလွန်များပြားပြီး ရာနှင့်ချီ ပေါ်လာခဲ့၏။
ဤယင်နတ်ဆိုးနတ်ဘုရားများက ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများကို ခံနိုင်ရည် ရှိသည်။
ဆန်းကြယ်ကောင်းကင်အဓိပတိများပင်လျှင် ဤအခြေအနေမျိုးမှာ အခက်ကြုံရလိမ့်မည်။
ယင်နတ်ဆိုးနတ်ဘုရားက အသိစိတ်ကို နှောင့်ယှက်ပြီး ဝိညာဉ်ကို ဝါးမျိုပစ်နိုင်သည်။ ၎င်းက အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။
သို့သော်... ဒါတွေအားလုံးက ကျွင်းရှောင်ယောက်နှင့် မသက်ဆိုင်ပါ။
သူက ရှေးဦးဝိညာဉ်စွမ်းအားကို အသက်သွင်းလိုက်သည်။
"ပစ္စုပ္ပန် ရှေးဦးဝိညာဉ် စွမ်းရည်... မဟာနေမင်းသထ္ထကထာ"
အမြင့်ပေတစ်သောင်းရှိသော ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်တစ်ခုက သူ၏ ဝိညာဉ်ပင်လယ်တွင် ပေါ်လာခဲ့သည်။
မဟာနေမင်းသထ္ထကထာ၏ နေအလင်းရောင် ကျဆင်းလာသောအခါ ယင်နတ်ဆိုးနတ်ဘုရားများက နေရောင်ခသော နှင်းကဲ့သို့ လျင်မြန်စွာ အရည်ပျော်ကျသွား၏။
အခြားအကောင်များလည်း ကြောက်လန့်တကြား အော်ဟစ်ပြီး နေရာအနှံ့ကို ခွဲဖြာ ထွက်ပြေးသွားကြတော့သည်။
ဒါက သူ၏ အထူးစွမ်းရည်တစ်မျိုး ဖြစ်သည်။
ထို့ပြင်၊ သူကိုယ်တိုင်က အလွန်အားကောင်းသော ယန်ဓာတ်ရှိသည့် ရှေးဟောင်းမြင့်မြတ်ခန္ဓာကို ပိုင်ဆိုင်ထားသဖြင့် မိစ္ဆာဝိညာဉ်များ မထိပါးနိုင်ပေ။
ထို့ကြောင့် ဤယင်နတ်ဆိုးနတ်ဘုရားများက သူ့ကို ဘာမျှ ထိခိုက်စေနိုင်မည် မဟုတ်ပါ။
"ဒါက ရွန်းနယ်မြေရဲ့ ထူးခြားမှုလား"
ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။
သူက ရှေ့ကိုဆက်သွားခဲ့၏။
လမ်းတစ်လျှောက်ရှိ ယင်နတ်ဆိုးနတ်ဘုရားများကတော့ ကျွင်းရှောင်ယောက်ထံ နောက်တစ်ကြိမ် မချဉ်းကပ်ဝံ့တော့ပါ။
နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်က ရွန်းလျှို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ရောက်ရှိလာခဲ့သည်။
ထိုနေရာတွင် သွေးစွန်းနေသော ကျောက်တုံးကြီးတစ်ခုကို တွေ့ရသည်။
ကျောက်တုံးအပေါ်မှာတော့ အက်ကြောင်းထနေသော ရှေးဟောင်း ဦးခေါင်းခွံတစ်ခု ရှိ၏။
ဦးခေါင်းခွံက သလင်းကျောက်တစ်ခုလို ကြည်လင်နေသည်။
၎င်းက အက်ကွဲနေသော်လည်း အလွန်လျှို့ဝှက်ဆန်းကြယ်ကာ တောက်ပသော အလင်းများ ဖြာထွက်နေသေးသည်။
ယခင်က ကျွင်းရှောင်ယောက် မြင်တွေ့ခဲ့ရသော လေထဲမှ ရွန်းများနှင့် နိယာမများမှာ ဦးခေါင်းခွံအတွင်းရှိ အက်ကြောင်းမှ ထင်ဟပ်နေခြင်း ဖြစ်သည်။
ဤဦးခေါင်းခွံအတွင်းတွင် ရွန်းများနှင့် နိယာမများက တစ်ခုနှင့်တစ်ခု ရောယှက်၍ တောက်ပသော အလင်းရောင်အမျိုးမျိုးကို ထုတ်လွှတ်နေပေသည်။
"မတူညီတဲ့ နိယာမ ဒါဇင်ချီ...၊ မဟုတ်သေးဘူး... အနည်းဆုံး ရာနဲ့ချီရှိတယ်..."
ကျွင်းရှောင်ယောက်က မနေနိုင်တော့ဘဲ အံ့အားသင့်စွာ အော်လိုက်မိသည်။
နိယာမတစ်ရာခန့်က နိယာမသုံးထောင်နှင့် နှိုင်းယှဉ်လျှင် အမှန်တကယ် မများလှပါ။
သို့သော်လည်း ကျွင်းရှောင်ယောက်ကဲ့သို့ မကောင်းဆိုးရွားမျိုးသာ ဒါကို နားလည်နိုင်ကြောင်း သိထားကြရမည် ဖြစ်သည်။
ယေဘုယျအားဖြင့် အဓိပတိတစ်ပါးအတွက် နိယာမတစ်ခုကို နားလည်လျှင် လုံလောက်ပေသည်။
သို့ရာတွင်၊ ဤဦးခေါင်းခွံအတွင်းမှာတော့ နိယာမပေါင်း တစ်ရာကျော်ရှိသည်။
ဒါက မဟာပုဂ္ဂိုလ်ကြီးတစ်ဦး၏ ဦးခေါင်းခွံဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။
၎င်းက ပြန်လည်ဝက်စားခြင်းပင်လယ်မှ ရွှမ်ညီအစ်ကိုသုံးယောက်တို့၏ နဖူးရိုး၊ ရင်ညွန့်ရိုးနှင့် လက်အရိုးတို့ထက် များစွာသာလွန်သည်။
"ဒါက သာမန်ဧကရာဇ်မဖြစ်နိုင်ဘူး"
ကျွင်းရှောင်ယောက်က မှန်းဆလိုက်သည်။
နိယာမတစ်ရာကျော်အထိ နားလည်နိုင်ခြင်းက လွန်စွာ အံ့ဖွယ်ကောင်းနေပြီမဟုတ်လော။
ကျွင်းရှောင်ယောက်က ဦးခေါင်းခွံရှေ့တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။
ထို့နောက် နိယာမများကို ဆက်သွယ်ပြီး နားလည်ရန် နတ်ဘုရားစိတ်အာရုံကို ဖြည်းညှင်းစွာ ပို့လွှတ်လိုက်၏။
ဟုတ်သည်၊ ကျွင်းရှောင်ယောက်က သတိလက်လွတ်ခြင်းတော့ မရှိပေ။
မည်သို့ပင်ဆိုစေ၊ ထိုယင်နတ်ဆိုးများ၏ မူလရင်းမြစ်က ဤဦးခေါင်းခွံနှင့် မသက်ဆိုင်ဘူးဟု မဆိုနိုင်ပါ။
ကျွင်းရှောင်ယောက်၏ နတ်ဘုရားစိတ်အာရုံက ဦးခေါင်းခွံကို ထိတွေ့လိုက်ချိန်...
ရုတ်တရက်... သူ၏ အသိစိတ်ပင်လယ်မှာ အနှိုင်းမဲ့ကြီးမားပြီး ကြီးစိုးသော ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။
၎င်းက ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်ကို ဖျက်ဆီးရန် ကြိုးစားလာခြင်း ဖြစ်၏။
"မျှော်လင့်ထားတဲ့အတိုင်းပဲ"
ကျွင်းရှောင်ယောက်က အံ့ဩခြင်းမရှိပေ။
ဒါက သူမျှော်လင့်ထားသည့်အတိုင်း အတိအကျ ဖြစ်သည်။
ကျွင်းရှောင်ယောက်က သူ၏ မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်ကို အသက်သွင်းလိုက်သည်။
မဟာလမ်းစဉ် ပန်းသုံးပွင့်က ယိမ်းနွဲ့လျက် အသိစိတ်ပင်လယ်တွင် ပေါ်လာခဲ့၏။
အတိတ် ရှေးဦးဝိညာဉ်၊ ပစ္စုပ္ပန် ရှေးဦးဝိညာဉ်နှင့် အနာဂတ် ရှေးဦးဝိညာဉ်...
ရှေးဦးဝိညာဉ်သုံးခုက နတ်ဘုရားသုံးပါးကဲ့သို့ လေထဲတွင် တင်ပျဉ်ခွေထိုင်နေကြသည်။
"ဘာ၊ ဒါက... မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်လား"
ဝိညာဉ်စွမ်းအားအစုအဝေးမှ အံ့အားသင့်ခြင်းနှင့် သံသယတို့ ပါဝင်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။
နောက်ဆုံးတွင်၊ ၎င်းက ကြီးမားသော ပုံရိပ်တစ်ခုအဖြစ် ပေါင်းစည်းသွားပြီး ဧကရာဇ် အရှိန်အဝါတို့ကို ထုတ်လွှတ်လိုက်၏။
ဒါက ဧကရာဇ်တစ်ပါး၏ အကြွင်းအကျန်ဝိညာဉ်ပင်။
"တားမြစ်နယ်မြေရဲ့ မဟာပုဂ္ဂိုလ်တစ်ဦးက အကြွင်းအကျန်ဝိညာဉ်လေးနဲ့ ခန္ဓာလုပြီး ပြန်ရှင်သန်ချင်နေပုံရတယ်"
ကျွင်းရှောင်ယောက်က လှောင်ပြောင်သရော်ဟန်ဖြင့် ကြည့်လိုက်သည်။
"မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်၊ မဆိုးဘူး... ဒါက ငါ့အတွက် ပိုကောင်းတယ်"
"ပါရမီရှင် ထောင်ပေါင်းများစွာရဲ့ ဝိညာဉ်တွေကို ဝါးမျိုခဲ့ရင်တောင် သူတို့ရဲ့ ရှေးဦးဝိညာဉ်က မင်းတစ်ယောက်တည်းနဲ့ ယှဉ်လို့မရဘူး"
ဧကရာဇ်၏ အကြွင်းအကျန်ဝိညာဉ်က ပြောလိုက်သည်။ သူက ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်ကို ဝါးမျိုရန် စိတ်ကူးလိုက်၏။
"မင်းက ဧကရာဇ်တစ်ပါးဖြစ်ခဲ့ရင်တောင် ဘာဖြစ်လဲ။ အခု အကြွင်းအကျန်ဝိညာဉ်တစ်ခုပဲ ရှိတော့တယ်၊ ဒါကြောင့် အပိုတွေသိပ်မလုပ်နဲ့"
"အစက ငါဟာ နိယာမတွေကိုပဲ နားလည်ချင်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ မင်း ဧကရာဇ်၏ အကြွင်းအကျန်ဝိညာဉ်ကို ငါ လက်ခံလိုက်တော့မယ်"
ကျွင်းရှောင်ယောက်ကလည်း ဧကရာဇ်၏ အကြွင်းအကျန်ဝိညာဉ်ကို အမှန်တကယ် ဝါးမျိုချင်သည်။
"ဟမ့်၊ ဒီဧကရာဇ်ကို စော်ကားလို့မရဘူးကွ"
ဧကရာဇ်၏ အကြွင်းအကျန်ဝိညာဉ်က အင်အားကြီးမားသော ဝိညာဉ်စွမ်းအားတို့ကို ထုတ်လွှတ်လိုက်သည်။
ကျွင်းရှောင်ယောက်၏ မျိုးဆက်သုံးခုရှေးဦးဝိညာဉ်ကလည်း သက်ဆိုင်ရာ စွမ်းရည်များကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်၏။
ပြန်လည်ဝင်စားခြင်း သံသရာ၊ မဟာနေမင်း သထ္ထကထာ၏ ဓမ္မပုံရိပ်၊ တစ်ဖက်ကမ်းသို့ ဝိညာဉ်တံတား။
ရှေးဦးဝိညာဉ်သုံးခု၏ စွမ်းအားများက အလွန်အားကောင်းသည်။
ထို့ထက် ဧကရာဇ်၏ အကြွင်းအကျန်ဝိညာဉ်ကို ပို၍ ထိတ်လန့်စေခဲ့သောအရာမှာ...
ကျွင်းရှောင်ယောက်၏ အသိစိတ်ပင်လယ်၌ ရှေးဟောင်းအဆောင်တစ်ခု ရုတ်တရက် ပေါ်လာခြင်း ဖြစ်သည်။
၎င်းတွင် ဧကရာဇ်တစ်ပါး၏ အလွန်အမင်း ကြီးမားသော စွမ်းအားလည်း ရှိ၏။
အဆောင်အတွင်းမှ ကောင်းကင်နှင့် မြေပြင်ကို လှုပ်ခတ်စေပြီး ခေတ်အဆက်ဆက်ကို တုန်လှုပ်စေခဲ့သော ခမ်းနားထည်ဝါတဲ့ ပုံရိပ်တစ်ခု ပေါ်ထွက်လာတော့သည်။
"ဒါ...ဒါက... လွမ်ကုပဲ"
"မင်းက ဒါကို ဘယ်လိုလုပ်ပြီး ရခဲ့တာလဲ"
ဧကရာဇ်၏ အကြွင်းအကျန်ဝိညာဉ်က အလွန်အံ့အားသင့်သွားပြီး တုန်လှုပ်စွာ ပြောလိုက်သည်။
ဤအကြွင်းအကျန်ဝိညာဉ်က ကောင်းကင်ကိုးပါး တားမြစ်နယ်မြေမှ အကျော်အမော်တစ်ဦးဖြစ်ကြောင်း ထင်ရှားပေသည်။
သူက လွမ်ကုဧကရာဇ်အကြောင်းကို သဘာဝအတိုင်း သိနိုင်သည်။
နောက်ဆုံးတွင်၊ လွမ်ကုဧကရာဇ်၏ ဂုဏ်သတင်းက အဆုံးမဲ့ဧကရာဇ်ထက် များစွာ မနိမ့်ကျပေ။
ဤအဆောင်က သဘာဝအတိုင်း လွမ်ကုဧကရာဇ်အဆောင် ဖြစ်သည်။
လွမ်ကုဧကရာဇ်အဆောင်က ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်ကို အမြဲကာကွယ်ပေးခဲ့လေသည်။
၎င်းက ကျွင်းရှောင်ယောက်အား အသက်အန္တရာယ်ရှိသော အခြေအနေများကို ကျော်လွှားနိုင်ရန် အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့သည်။
ကြေးအင်မော်တယ်နန်းတော်နှင့် ရှန်းရွှီကမ္ဘာမှာဆိုလျှင်လည်း ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က လုံးဝပျက်စီးသွားခဲ့သည်။
လွမ်ကုဧကရာဇ်အဆောင်ကြောင့်သာ သူ့ဝိညာဉ်ကို ထိန်းသိမ်းထားနိုင်ခဲ့ခြင်းပင်။
သို့ဖြစ်ပေရာ၊ ရလဒ်က အထူးပြောနေရန် မလိုတော့ပါ။
ကျွင်းရှောင်ယောက်တွင် ဂင်္ဂါမြစ်အတွင်းမှ သဲများနှင့် နှိုင်းယှဉ်နိုင်သည့် ရှေးဦးဝိညာဉ်အဆင့်နှင့် အထူးရှေးဦးဝိညာဉ်... မျိုးဆက်သုံးခု ရှေးဦးဝိညာဉ် ရှိသည်။
ရှေးဦးဝိညာဉ်ကို အထူးကာကွယ်ပေးသည့် လွမ်ကုဧကရာဇ်အဆောင်ကဲ့သို့သော ဧကရာဇ်လက်နက်များလည်း ရှိသေးသည်။
ဤဧကရာဇ်၏ အကြွင်းအကျန်ဝိညာဉ်က ကျွင်းရှောင်ယောက်ကို အမှန်တကယ် မထိခိုက်စေနိုင်ပေ။
ထိုမျှသာမကဘဲ သူကိုယ်တိုင်ပင် ကျွင်းရှောင်ယောက်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။
"ကစဉ့်ကလျားနတ်ကြိတ်ဆုံ"
ကျွင်းရှောင်ယောက်က ကစဉ့်ကလျားနတ်ကြိတ်ဆုံကို ထုတ်ဖော်လိုက်သည်။
သွေးများ စွန်းထင်းပေကျံနေသော ကြိတ်ဆုံကြီးက ဧကရာဇ်၏ အကြွင်းအကျန်ဝိညာဉ်ကို ကြိတ်ချေလိုက်၏။
သွေးပျက်ဖွယ် အော်သံတစ်ခုက ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။
သို့သော်... အပြင်ပန်းမှကြည့်လျှင် ကျွင်းရှောင်ယောက်က အသိစိတ်မဲ့နေသူတစ်ဦးပမာ မလှုပ်မယှက် ထိုင်နေခြင်း ဖြစ်သည်။
သူ၏ အငွေ့အသက်များပင် အလွန်အားနည်းသွား၏။
ထိုအချိန်တွင် အရိပ်တစ်ခုက ရုတ်တရက် ပေါ်လာပြီး ကျွင်းရှောင်ယောက်ကို နောက်ဘက်မှ တိုက်ခိုက်လာတော့သည်။
သူက လှောင်ပြောင်သရော်သော လေသံမျိုးဖြင့်လည်း ပြောလိုက်သည်။
"ကျွင်းရှောင်ယောက်၊ နင်ဒီမှာကျဆုံးရမယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး မဟုတ်လား"
"ဒီကြည်လင်တဲ့ ဦးခေါင်းခွံမှာ ဧကရာဇ်တစ်ပါးရဲ့ အကြွင်းအကျန်ဝိညာဉ်ရှိတယ်။ ဒါကြောင့် လူတိုင်း မအောင်မြင်ခဲ့ကြတာပေါ့။ တကယ်လို့ တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် ယုံကြည်မှုလွန်ကဲလွန်းတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်လိုက်ပါ"
ဤလှပသောပုံရိပ်က နောက်ကနေ တိတ်တဆိတ် လိုက်ပါလာသော သက်ရှည်ခြင်းနတ်ဘုရားမမှတပါး အခြားမဟုတ်ပေ။
သူက ကျောက်စိမ်းဓားကို ကိုင်ဆောင်ထားပြီး ကျွင်းရှောင်ယောက်ကို တစ်ချက်တည်းဖြင့် အဆုံးသတ်ရန် ဦးခေါင်းကိုချိန်ရွယ်၍ ထိုးစိုက်လိုက်သည်။
သို့သော်...၊ ထိုအချိန်တွင်...
ကျွင်းရှောင်ယောက်က ရုတ်တရက် မျက်လုံးဖွင့်လာပြီး သူ့ကို လှည့်ကြည့်လိုက်သည်။
သူက သက်ရှည်ခြင်းနတ်ဘုရားမ၏ ကျောက်စိမ်းဓားကိုလည်း လက်ချောင်းနှစ်ချောင်းဖြင့် ညှပ်ယူဖမ်းထားလိုက်တော့သည်။
"စိတ်မရှိပါနဲ့၊ မင်း ဘာပြောလိုက်တာလဲ"