အခန်း ၁၄၅၈
Vol. 99 Ch. 1458
အခန်း ( ၁၄၅၈ ) ရှေးဦးဝိညာဉ် အဆင့်တက်ခြင်း။
နိယာမ တစ်ရာ့ငါးဆယ်...
ယင်းက အံ့ဩစရာ ကိန်းဂဏန်းပမာဏတစ်ခုပင်။
အရေးကြီးဆုံးအချက်က ကျွင်းရှောင်ယောက်ဟာ အလွန်ငယ်ရွယ်သည်။
သူက သိုင်းဧကရာဇ်ပင် မဖြစ်သေးပါ။
အဓိပတိနယ်ပယ်ခုနစ်ခုမှ ကျင့်ကြံသူတစ်ဦးက နိယာမပေါင်း တစ်ရာ့ငါးဆယ်ကို နားလည်သည်။
ဒါက မည်သူမျှ မလုပ်နိုင်သော အရာပင်။
သို့သော်လည်း ဤတိုးတက်မှုက ကျွင်းရှောင်ယောက်ကို သိပ်ပြီး ပျော်ရွှင်စေရန် မလုံလောက်သေးပါ။
နောက်ဆုံးတွင်၊ နိယာမသုံးထောင်နှင့်နှိုင်းယှဉ်ပါက နိယာမတစ်ရာကျော်မှာ အမှန်တကယ် များပြားခြင်းမရှိပါချေ။
"ဒါက သိပ်မများပေမဲ့လည်း ရှေ့ကို ခြေတစ်လှမ်းတိုးတာပါပဲ"
ကျွင်းရှောင်ယောက်က တီးတိုးရေရွတ်လိုက်သည်။
သို့သော်လည်း သူ့စကားကို အပြင်လူများသိလျှင် ချက်ချင်း ထခုန်မိကြလိမ့်မည်။
သက်ရှည်ခြင်းနတ်ဘုရားမလည်း တိတ်ဆိတ်နေသည်။
ကျွင်းရှောင်ယောက်က ဤလမ်းကြောင်းကို အမှန်တကယ် လျှောက်လှမ်းမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
သက်ရှည်ကျွန်း၏ ပုဂ္ဂိုလ်ကြီးမှာ တုနှိုင်းမယှဉ်သာသော အဆင့်တစ်ခုသို့ ရောက်နေပြီ ဖြစ်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ငယ်ငယ်ရွယ်ရွယ်ဖြင့် ထိုသို့ပြုလုပ်ရန် ရဲဝံ့နေသည်။
သူမ အလေးစားရဆုံး သက်ရှည်ခြင်းဧကရာဇ်၏သားတော်ပင်လျှင် ဤလမ်းကြောင်းကို တစ်ခါမှ မစဉ်းစားဖူးပါ။
အကြောင်းမှာ မဖြစ်နိုင်သလောက်ဖြစ်ပြီး အလွန်ခက်ခဲလွန်းသောကြောင့် ဖြစ်သည်။
သက်ရှည်ခြင်းနတ်ဘုရားမ၏ နှလုံးသားမှာ ရုတ်တရက် လေးလံလာသည်။
သူမ၏ ယုံကြည်မှုက ကျွင်းရှောင်ယောက်ကြောင့် အမှန်တကယ် ပြိုလဲရတော့မည်လော။
ကျွင်းရှောင်ယောက်က စိတ်ခံစားချက်များ သိမ်မွေ့စွာ ပြောင်းလဲလာသော သက်ရှည်ခြင်းနတ်ဘုရားမကို လျစ်လျူရှုလိုက်သည်။
နိယာမများကို နားလည်ပြီးနောက် ကျွင်းရှောင်ယောက်က ဧကရာဇ်၏ အကြွင်းအကျန်ဝိညာဉ်ကို စုပ်ယူသန့်စင်လိုက်၏။
ဧကရာဇ်တစ်ပါး၏ အကြွင်းအကျန်ဝိညာဉ်မှ ဝိညာဉ်စွမ်းအားများဖြင့် သူ၏ ရှေးဦးဝိညာဉ်အဆင့်မှာလည်း မြင့်တက်လာတော့သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်အဆင့်က ယခုအခါ ထာဝရသဲအဆင့်တွင် ရှိနေသည်။
ဒါက အလွန်မြင့်မားသော အဆင့်တစ်ခု ဖြစ်နေပြီ။
ထို့ကြောင့် ဧကရာဇ်တစ်ပါး၏ အကြွင်းအကျန်ဝိညာဉ်ကို မှီခိုခြင်းဖြင့် ဗလာနယ်ကပ်ဘေး ဝိညာဉ်အဆင့်ကို ဖြတ်ကျော်နိုင်သည်ဟု တွေးခြင်းမှာ လက်တွေ့မကျပေ။
ဧကရာဇ်၏ အကြွင်းအကျန်ဝိညာဉ်က ဧကရာဇ်ကြီးတစ်ပါး၏ ဝိညာဉ်ဖြစ်သော်လည်း...
နောက်ဆုံးတွင် အကြွင်းအကျန်ဝိညာဉ်မျှသာ ဖြစ်သည်။
သို့တိုင်၊ ၎င်းက ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်မဆင့်ကို ပိုမိုတိုးတက်လာစေရန် ကူညီနိုင်သေးသည်။
အချိန်ကြာလာသည်နှင့်အမျှ...
ကျွင်းရှောင်ယောက်က ဧကရာဇ်၏ အကြွင်းအကျန်ဝိညာဉ်ကို တဖြည်းဖြည်း သန့်စင်ခဲ့သည်။
သူ၏ ရှေးဦးဝိညာဉ်အဆင့်မှာလည်း ထာဝရသဲအဆင့် အလယ်လတ်အဆင့်မှ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားကာ အဆင့်ငယ်တစ်ခုကို ဖြတ်ကျော်နိုင်ခဲ့ပေသည်။
သူ၏ ရှေးဦးဝိညာဉ်မှ အားကောင်းသော အတက်အကျများကို ခံစားမိသောအခါ သက်ရှည်ခြင်းနတ်ဘုရားမ၏ အမူအရာက နောက်တစ်ဖန် ပြောင်းလဲသွားခဲ့သည်။
"ထာဝရသဲအဆင့်... ထာဝရသဲအဆင့် ရှေးဦးဝိညာဉ်..."
သက်ရှည်ခြင်းနတ်ဘုရားမက ဘာပြောရမည်မှန်းမသိတော့ပေ။
ထိတ်လန့်မှုများက တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပြီး သူမ၏စိတ်ကို လွှမ်းမိုးသွားသည်။
ထာဝရသဲအဆင့် ရှေးဦးဝိညာဉ်...
၎င်းက အဓိပတိနယ်ပယ်ခုနစ်ခုမှ ကျင့်ကြံသူတစ်ဦး ရောက်ရှိနိုင်သော အဆင့်တစ်ခု ဖြစ်သလော။
ကျွင်းရှောင်ယောက်တွင် လျှို့ဝှက်ချက်များ ဘယ်လောက်များများ ရှိနေသေးသနည်း။
သက်ရှည်ခြင်းနတ်ဘုရားမသည် ကျွင်းရှောင်ယောက်အပေါ် သူ၏ ယခင်သုံးသပ်ချက်များက အပေါ်ယံဆန်လွန်းကြောင်း သိလာခဲ့သည်။
သူတို့က ကျွင်းရှောင်ယောက်၏ နောက်ကြောင်းကို လုံးဝမသိသလို သူ၏ အားသာချက်၊ အားနည်းချက်များကိုလည်း မခန့်မှန်းနိုင်ကြပေ။
"ကွေ့ရှအပျက်အယွင်းက တကယ်ကို ရတနာသိုက်ကြီးပဲ"
ကျွင်းရှောင်ယောက်က အနည်းငယ် ပြုံးလိုက်သည်။
သူက အပျက်အယွင်းကို အမှန်တကယ် မစူးစမ်းရသေးသော်လည်း အကျိုးအမြတ် အလွန်များနေပြီ။
သူ၏ နိယာမ နားလည်ခြင်းက တစ်ရာ့ငါးဆယ်အထိ ရောက်ခဲ့သည်။
သူ၏ ရှေးဦးဝိညာဉ်မှာလည်း ထာဝရသဲအဆင့်၏ နှောင်းပိုင်းအဆင့်သို့ ရောက်ခဲ့ပြီ။
ထို့ထက်၊ ၎င်းမှာ အဓိကဟင်းလျာမတိုင်မီ အဆာပြေစားစရာတစ်ခုသာ ဖြစ်သည်။
ကျွင်းရှောင်ယောက်က နောက်ပိုင်း ရရှိလာမည်များကို ပိုမို မျှော်လင့်လာခဲ့ပိလေသည်။
ရွန်းနယ်မြေတွင် နောက်ထပ် စူးစမ်းစရာများ မရှိတော့သဖြင့် ကျွင်းရှောင်ယောက်က ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
သူက သက်ရှည်ခြင်းနတ်ဘုရားမကို တစ်ချက်ကြည့်ပြီး စဉ်းစားလိုက်၏။
ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး နိယာမကြိုးဖြင့် သက်ရှည်ခြင်းနတ်ဘုရားမ၏ လည်ပင်းတွင် စွပ်ချလိုက်တော့သည်။
"လျှောက်စမ်း"
ကျွင်းရှောင်ယောက်က သူမကို ဆွဲခေါ်သွားသည်။
"ကျွင်းရှောင်ယောက်၊ နင်..."
သက်ရှည်ခြင်းနတ်ဘုရားမ၏ မျက်လုံးများက နီမြန်းသွားသည်။
သူ ဒေါသထွက်သွား၏။
သူ့ကို မည်ကဲ့သို့ ကိုင်တွယ်နေသနည်း။
သူသည် ကောင်းကင်ကိုးပါး၌ အလှပဆုံး အမျိုးသမီးတစ်ဦး ဖြစ်သည်။
သို့သော်လည်း ယခုအခါ သူ့ကို ကျွင်းရှောင်ယောက်က သံကြိုးဖြင့်ချည်ပြီး ခေါ်ဆောင်သွားနေပြီ။
သို့သော်လည်း သူမ၏ ကျင့်ကြံမှုကို ကျွင်းရှောင်ယောက်က ပိတ်ဆို့လိုက်သောကြောင့် လုံးဝ မခံနိုင်ပေ။
သူက နှုတ်ခမ်းကို တင်းတင်းကိုက်ပြီး အရှက်ရခြင်းကို သည်းခံကာ သက်ရှည်ခြင်းဧကရာဇ်၏သားတော် လာရောက်ကယ်တင်မည့်အချိန်အား စောင့်ဆိုင်းရုံသာ တတ်နိုင်သည်။
ရွန်းနယ်မြေမှ ထွက်ခွာပြီးနောက် ကျွင်းရှောင်ယောက်က ကွေ့ရှအပျက်အယွင်းထဲသို့ နက်နဲရာကို ဆက်လက်ဝင်ရောက်ခဲ့လေသည်။
နိယာမများကို နားလည်ခြင်းကိစ္စက ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း သူက အဓိကအရေးကိစ္စကို မမေ့ပေ။
၎င်းက အင်မော်တယ်ဓာတ်စွမ်းအင်များကို ရယူရန် ဖြစ်သည်။
ကျွင်းရှောင်ယောက်က အင်မော်တယ်ဓာတ်စွမ်းအင်များကို သူကိုယ်တိုင်အတွက်သာမကပေ။
သူ၏ဆွေမျိုးများ၊ မိတ်ဆွေများ၊ နောက်လိုက်များနှင့် ကျွင်းမိသားစု၏ အခြားသူများအတွက်လည်း ရှာရသည်။
ကျွင်းဧကရာဇ်ခုံရုံးလည်း ရှိသည်။
သူ့နောက်မှ လူတိုင်းက သူ၏ကျွေးမွေးမှုကို စောင့်နေကြရပေသည်။
ကျွင်းရှောင်ယောက်တွင် သူတို့ကို ကူညီရန် တာဝန်မရှိပါ။
သို့သော်လည်း ကျွင်းရှောင်ယောက်က သူ့ပတ်ဝန်းကျင်မှ လူများအတွက် ဘယ်တုန်းကမျှ ကပ်စေးနှဲသူ မဖြစ်ခဲ့ပေ။
ထို့ကြောင့် သူဟာ အင်မော်တယ်ဓာတ်စွမ်းအင်များစွာကို လိုအပ်နေသည်။
'အင်မော်တယ်ဓာတ်စွမ်းအင်တွေကို ရရှိဖို့ဆိုရင် အင်မော်တယ်ကျောက်တွင်းတွေကို ရှာဖွေပြီး အင်မော်တယ်သွေးကြောတွေကို တူးဖော်ရမယ်'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှတွေးပြီး ဆက်လျှောက်သွားသည်။
အချိန် မည်မျှကြာသွားပြီမသိ...
ကျွင်းရှောင်ယောက်က အင်မော်တယ်ဓာတ်စွမ်းအင်၏ အရိပ်အယောင်ကို ခံစားလိုက်ရသည်။
နောက်ဆုံးတွင် သူက အင်မော်တယ်ဓာတ်စွမ်းအင်များစွာကို သန်စင်ဖူးသဖြင့် ၎င်းတို့နှင့် အတော်လေး ရင်းနှီးလေသည်။
ထို့ပြင် သူ၏ ရှေးဦးဝိညာဉ်အဆင့်မှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။
ထို့ကြောင့် သဘာဝအတိုင်း ခံစားရလွယ်ပေသည်။
ရှေ့တွင် မိုင်ရာပေါင်းများစွာ အချင်းရှိသော တွင်းကြီးတစ်ခုကို သူမြင်လိုက်ရသည်။
ဤနေရာက ရွန်းနယ်မြေကဲ့သို့ အခြားနေရာများနှင့် မတူပေ။
ပန်းနံ့၊ ဆေးရနံ့များနှင့် သင်းပျံ့နေပြီး အခြားနေရာများကဲ့သို့ လူသူကင်းမဲ့သော ခံစားချက်တို့ မရရှိပါ။
'အင်မော်တယ်သွေးကြောကြောင့် ပတ်ဝန်းကျင် ဒေသမှာလည်း ပြောင်းလဲသွားရတာ ဖြစ်နိုင်တယ်'
ကျွင်းရှောင်ယောက်က တွင်းထဲကို ဆင်းသက်သွားခဲ့သည်။
နတ်ဘုရားစိတ်အာရုံက ရေဒါကဲ့သို့ ပတ်ဝန်းကျင်ကို ပျံ့နှံ့သွား၏။
ထို့နောက်၊ သူက လက်တစ်ဖက်ကိုမြှောက်ပြီး ဆွဲငင်ခြင်းအင်အားတစ်ခုကို ထုတ်ဖော်လိုက်ရာ မြေပြင်က တုန်ခါလာတော့သည်။
မကြာမီ၊ မိုင်ဆယ်ဂဏန်းခန့် ရှည်လျားသော နို့နှစ်ရောင် အင်မော်တယ်သွေးကြောတစ်ခုကို ဖမ်းယူနိုင်ခဲ့သည်။
'ဒါက တတိယအဆင့် အသ်မော်တယ်သွေးကြောပဲ'
ကျွင်းရှောင်ယောက်က ၎င်းကို လှမ်းကြည့်လိုက်သည်။
ခွန်းရွှီကျစ်က သူ့ကို ရှင်းပြဖူးပေသည်။
အင်မော်တယ်သွေးကြောများကို ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်ဟူ၍ အဆင့်သုံးဆင့် ခွဲခြားထားသည်။
၎င်းတို့က ဆယ်မိုင်၊ မိုင်တစ်ရာနှင့် မိုင်တစ်ထောင် အသီးသီး ရှည်လျားကြသည်။
အင်မော်တယ်သွေးကြောက အဆင့်မြင့်လေ၊ အင်မော်တယ်ဓာတ်စွမ်းအင်များကို ပို၍ ထုတ်ယူနိုင်လေပင်။
ကျွင်းရှောင်ယောက်က သူ့လက်ကို ဖမ်းဆုပ်ဟန်ပြုလိုက်သောအခါ နိယာမစွမ်းအားက မီးဖိုတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
သူက အင်မော်တယ်သွေးကြောကို လျင်မြန်စွာ သန့်စင်လိုက်၏။
အဆုံးတွင်၊ မိုင်ဆယ်ကျော်ရှည်လျားသော အင်မော်တယ်သွေးကြောက လူ့ဦးခေါင်းအရွယ်ရှိသော အင်မော်တယ်ဓာတ်စွမ်းအင် အစုအဝေးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"ဒီလောက်လေးပဲလား"
ကျွင်းရှောင်ယောက်က အနည်းငယ် အံ့အားသင့်သွားသည်။
ကျွင်းရှောင်ယောက်၏ စိတ်ချင်စိတ်ကို ဖြည့်ဆည်းရန်အတွက် ကွေ့ရှအပျက်အယွင်းရှိ အင်မော်တယ်သွေးကြောများကို သန့်စင်ရမည့်ပုံရသည်။
'ငါသာ ကိုယ့်အားကိုကိုးပြီး ရှာနေမယ်ဆိုရင် အချိန်ဘယ်လောက်တောင် ကြာလိုက်မလဲ'
ကျွင်းရှောင်ယောက်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
သူကိုယ်တိုင် အင်မော်တယ်သွေးကြောများ ရှာဖွေရန် အကြံကို ချက်ချင်း စွန့်လွှတ်လိုက်၏။
'ဒါပေမဲ့ ကိစ္စတော့မရှိဘူး။ တခြားပါရမီရှင်တွေကို အရင်သွားပြီး ရှာဖွေတူးဖော်ခိုင်းလိုက်ပါ၊ ပြီးတော့မှ နောက်မှ သူတို့နဲ့ ရင်းရင်းနှီးနှီး အပြန်အလှန် ဆွေးနွေးကြတာပေါ့'
ထို့နောက်၊ သူ့စိတ်ထဲတွင် နောက်ထပ်အကြံတစ်ခု ပေါ်လာသည်။
အဘယ်ကြောင့် သူကိုယ်တိုင် အပင်ပန်းခံကာ ရှာဖွေရမည်နည်း။
ရရှိပြီးသား အရာများကိုသာ အဘယ်ကြောင့် မယူဆောင်ဘဲနေရမည်နည်း။
ဒါက စည်းမျဉ်းများ၊ ကိုယ်ကျင့်သိက္ခာတို့ကို ဆန့်ကျင်နေလျှင်ပင် သူ ဂရုမစိုက်ပေ။
စည်းမျဉ်းများမှာ အင်အားကြီးသူများအတွက် အဓိပ္ပာယ်မရှိပါ။ အားနည်းသူများအတွက်လည်း မျှော်လင့်ချက်ပေးနိုင်ရုံသာ ဖြစ်သည်။
အထူးသဖြင့် ကွေ့ရှအပျက်အယွင်းကဲ့သို့ အလုံပိတ်နေရာမျိုးတွင် စည်းမျဉ်းများက လုံးဝ အရေးမပါပေ။
ထို့ပြင်၊ သူက ခွန်းရွှီကျစ်ကဲ့သို့ လူအနည်းငယ်မှလွဲ၍ ကောင်းကင်ကိုးပါးမှ ပါရမီရှင်များအပေါ် အမှန်တကယ် ကောင်းမွန်သောခံစားချက်မရှိပါ။
ထို့ကြောင့် သူသည် လုံးဝ အပြစ်ရှိသည်ဟု ခံစားရမည်မဟုတ်ချေ။
ကျွင်းရှောင်ယောက်က ကျောက်တွင်းမှ ထွက်ခွာလာပြီး ပိုမိုနက်ရှိုင်းစွာ ဆက်လက်စူးစမ်းခဲ့သည်။
ရုတ်တရက်၊ ကျွင်းရှောင်ယောက်၏ နတ်ဘုရားစိတ်အာရုံမှာ အနည်းငယ် လှုပ်ရှားသွားသည်။
သူ၏ သိုလှောင်ခြင်းရတနာအတွင်းရှိ ကျောက်စိမ်းစလစ်မှ သတင်းတစ်ခု ရောက်လာသည်ကို သတိပြုလိုက်မိသည်။
'နောက်ဆုံးတော့ အချိန်တန်ပြီပေါ့'
ကျွင်းရှောင်ယောက်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်၏။
မကြာမီ၊ မိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လှပသောပုံရိပ်တစ်ခုက ကောင်းကင်မှ ဆင်းသက်လာတော့သည်။
ကျိချင်းရီ ဖြစ်သည်။