← Chapters

အခန်း ၁၄၈၁

Vol. 102 Ch. 1481

အခန်း ၁၄၈၁

Vol. 102 Ch. 1481

အခန်း ( ၁၄၈၁ ) လက်ခံရခက်သော အမှန်တရား။

ဤအခိုက်အတန့်တွင် သက်ရှည်ခြင်းဧကရာဇ်သားတော်တို့ သုံးဦး၏ ခံစားချက်ကို မည်သည့်စကားလုံးဖြင့်မျှ ဖော်ပြနိုင်မည်မဟုတ်ပေ။

သူတို့သည် ချက်ချင်းပင် တုံ့ပြန်နိုင်စွမ်းမရှိကြတော့ပါ။

အကြောင်းမူကား၊ သူတို့ရှေ့မှ မြင်ကွင်းက သူတို့ကို အလွန်အမင်း ဇဝေဇဝါဖြစ်စေပြီး ဦးနှောက်မှာလည်း အလုပ်မလုပ်နိုင်တော့သလောက် ဖြစ်သွားသောကြောင့်ပင်။

ကျွင်းရှောင်ယောက်က ပဉ္စမမြောက် ယဇ်ဆရာသခင်၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသလော။

ဒါက တကယ်ပဲ ဘာတွေဖြစ်နေသနည်း။

"ကျွင်းရှောင်ယောက်လား... ဘာတွေဖြစ်နေတာလဲ"

"ဒါမှမဟုတ် ယဇ်ဆရာသခင်ကြီးက ငါတို့ရဲ့ စိတ်အစွဲအလမ်း နတ်ဆိုးတွေကို ပုံဖော်ပြလိုက်တာလား"

"နောက်ပြီးတော့ ကျွင်းရှောင်ယောက်က အဲဒီနတ်ဆိုး အရိပ်အယောင်လား"

ယခုအချိန်ထိပင် သက်ရှည်ခြင်းဧကရာဇ်သားတော်တို့ သုံးဦးစလုံးမှာ အိပ်မက်မက်နေသည်ဟု ခံစားနေရသေးသည်။

သူတို့က ရှေ့မှ ကျွင်းရှောင်ယောက်ကို ယဇ်ဆရာသခင်ကြီးက တစ်နည်းနည်းဖြင့် သူတို့၏ စိတ်အစွဲများကို ပုံပြောင်းထားခြင်းဖြစ်မည်ဟုပင် ထင်မှတ်နေကြသည်။

"ယဇ်ဆရာသခင်ကြီး... ဒါကလည်း ကျွန်တော်တို့အတွက် စမ်းသပ်မှုတစ်ခုပဲလား"

ဝမ့်ယန်က မနေနိုင်ဘဲ မေးမြန်းလိုက်သည်။

"အဟက်"

ကျွင်းရှောင်ယောက်က သရော်ပြုံး ပြုံးလိုက်မိ၏။

ဤမြင်ကွင်းမှာ တကယ်ပင် ရယ်စရာကောင်းလှသည်။

ယခုအချိန်အထိ သူတို့၏ ဦးနှောက်များမှာ အခြေအနေမှန်ကို သဘောမပေါက်နိုင်ကြသေးချေ။

သက်ရှည်ခြင်းနတ်ဘုရားမမှာမူ စိတ်ပျက်အားငယ်မှုများဖြင့် ထုံထိုင်းနေသော မျက်နှာထားဖြင့် ရှိနေပြီး မျက်ရည်ပင် မကျနိုင်တော့ပါ။

သက်ရှည်ခြင်းဧကရာဇ်သားတော်မှာမူ ရင်ထဲတွင် ညည်းတွားနေမိတော့၏။

သူ၏ အတွေးများမှာလည်း ရပ်တန့်သွားသလို ဖြစ်နေချေသည်။

ရှေ့မှ ကျွင်းရှောင်ယောက်မှာ အတွင်းစိတ်နတ်ဆိုး ဟုတ်၏၊ မဟုတ်၏ သူမသိသော်လည်း သက်ရှည်ခြင်းနတ်ဘုရားမမှာ အစစ်အမှန် ဖြစ်သည်။

နောက်ဆုံးတွင်၊ သက်ရှည်ခြင်းနတ်ဘုရားမက သူနှင့် အမြဲတစေ အတူရှိခဲ့ပြီး သူနှင့် အရင်းနှီးဆုံးသော လူသားတစ်ဦး မဟုတ်ပါလော။

"ဒါ... ဒါက..."

သက်ရှည်ခြင်းဧကရာဇ်သားတော်တို့ သုံးဦးစလုံး ဆွံ့အကုန်ကြသည်။

သူတို့က မြေပြင်ပေါ်တွင်ပင် ဆက်လက် ဒူးထောက်နေမိဆဲ ဖြစ်၏။

ကျွင်းရှောင်ယောက်က ရယ်မောပြီးနောက် ဘာမျှပြောမနိုင်တော့သည့်အလား ခေါင်းခါယမ်းလိုက်သည်။

ကောင်းကင်ကိုးပါးမှ ပါရမီရှင်တို့၏ စိတ်ဓာတ်မှာ ဤအမှန်တရားကို လက်ခံရန်အတွက် ကြံ့ခိုင်မှု မရှိသေးပေ။

သူက သက်ရှည်ခြင်းနတ်ဘုရားမဘက်သို့ လှည့်ကြည့်လိုက်သည်။

"သက်ရှည်ခြင်းနတ်ဘုရားမ... ငါတော့ ဒီရယ်စရာ ပြကွက်တွေကို ကြည့်လို့ ဝသွားပြီ။ အခု သူတို့ကို အမှန်တရား ပြောပြလိုက်လို့ ရပါပြီ"

သက်ရှည်ခြင်းနတ်ဘုရားမမှာ ယခုချိန်တွင် အသက်မဲ့သော အလောင်းတစ်ကောင်ကဲ့သို့ ဖြစ်နေသော်လည်း ယခင်က ဖြစ်ပျက်ခဲ့သမျှကို အကုန်ပြောပြလိုက်လေသည်။

ကျွင်းရှောင်ယောက်က အင်မော်တယ်ယဇ်ပလ္လင်သို့ အရင်ဦးဆုံး ရောက်ရှိလာခြင်းမှစ၍... ယဇ်ဆရာသခင်အမိန့်တော်ကို ထုတ်ယူလိုက်ခြင်းနှင့် နတ်ဘုရားဓမ္မခန္ဓာမှတစ်ဆင့် ပဉ္စမမြောက် ယဇ်ဆရာသခင်အဖြစ် ဟန်ဆောင်ခဲ့ပုံတို့ကို အကုန်အစင် ပြောပြလိုက်၏။

အရာအားလုံးကို ပြောပြပြီးနောက်တွင် သက်ရှည်ခြင်းဧကရာဇ်သားတော်၊ တောက်ဝမ်နှင့် ဝမ့်ယန်တို့၏ မျက်နှာအမူအရာများမှာ သစ်သားတုံးများ၊ ကျောက်တုံးများကဲ့သို့ အေးစက်တောင့်တင်းသွားကြတော့သည်။

ယခုချိန်တွင် သူတို့၌ ခံစားချက်တစ်ခုသာ ရှိသည်။

အဓိပ္ပာယ်မရှိ... ရယ်စရာကောင်းသည်။

တကယ့်ကို ရယ်စရာကောင်းလွန်းလှ၏။

ယဇ်ဆရာသခင်ကြီးနှင့် ကျွင်းရှောင်ယောက်ဆိုသည်မှာ မည်သို့မျှ မပတ်သက်နိုင်သော အရာများပင် မဟုတ်လော။

လုံးဝ ဆက်စပ်မှု မရှိနိုင်သောအရာ နှစ်ခုက ပေါင်းစည်းသွားခြင်းမှာ သူတို့ကို အိပ်မက်မက်နေသကဲ့သို့ ခံစားရစေသည်။

"ပဉ္စမမြောက် ယဇ်ဆရာသခင်... မင်းက ဘယ်လိုလုပ်ပြ ပဉ္စမမြောက် ယဇ်ဆရာသခင် ဖြစ်နိုင်မှာလဲ"

တောက်ဝမ်က မယုံနိုင်ဘဲ ပြောလိုက်သည်။

သူတို့ တုန်လှုပ်သွားသည်မှာ ယုံကြည်ခြင်း နတ်ဘုရားဓမ္မခန္ဓာကြောင့် မဟုတ်ပေ။

နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်၌ ဓမ္မခန္ဓာရှိခြင်းမှာ လျှို့ဝှက်ချက်မဟုတ်တော့ပါ။

သူတို့ အံ့သြသွားသည်မှာ ကျွင်းရှောင်ယောက်က မည်သို့မည်ပုံ ယဇ်ဆရာသခင်အမိန့်တော်ကို ရရှိသွားပြီး ယဇ်ဆရာသခင် အဆင့်အတန်းကို ရယူနိုင်ခဲ့သလဲဆိုတာပင်။

ဤသည်မှာ သူတို့ကို အမှန်တကယ် ဇဝေဇဝါ ဖြစ်စေသောအချက် ဖြစ်သည်။

ပုံမှန်အားဖြင့် ကောင်းကင်ကိုးပါး တားမြစ်နယ်မြေများမှ အမြင့်မြတ်ဆုံးသော တားမြစ် ပုဂ္ဂိုလ်ကြီးများသာ ယဇ်ဆရာသခင် အဆင့်အတန်းကို ရရှိနိုင်သည် မဟုတ်ပါလော။

ကျွင်းရှောင်ယောက်မှာမူ ကောင်းကင်ကိုးပါးမှ လူတစ်ဦးပင် မဟုတ်ချေ။

ကျွင်းမိသားစုဝင် တစ်ဦးက ယဇ်ဆရာသခင် အဆင့်အတန်းကို ရရှိသွားခြင်းမှာ... မည်သို့သော အဓိပ္ပာယ်ဆောင်သည်ကို သက်ရှည်ခြင်းဧကရာဇ်သားတော်တို့ ကောင်းစွာ သိကြသည်။

ထို့ပြင် ကျွင်းရှောင်ယောက်က သွေးယဇ်ပူဇော်ခြင်း စွမ်းအားကိုလည်း ရရှိထားပြီးသား ဖြစ်သည်မှာ ထင်ရှားပေသည်။

"ကျွင်းရှောင်ယောက်... မင်း"

ဝမ့်ယန်၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းနေပြီ။

ချောမောခန့်ညားသော ရုပ်ရည်မှာလည်း ပုံပျက်ပန်းပျက် ဖြစ်နေသည်။

သူကိုယ်တိုင် သူ၏ အာဒိကပ္ပခရမ်းရောင်ချီမျိုး‌စေ့ကို ကျွင်းရှောင်ယောက်လက်ထဲသို့ ထည့်ပေးခဲ့မိသည် မဟုတ်ပါလော။

ဤထက် ပို၍ ရယ်စရာကောင်းသည်မှာ ရှိဦးမည်လော။

သို့သော်လည်း ပို၍ ရယ်စရာကောင်းသည်မှာ...

သက်ရှည်ခြင်းဧကရာဇ်သားတော်နှင့် တောက်ဝမ်တို့က သူပေးသည့် အဖိုးအခမှာ ကြီးလွန်းသည်ဟု ပြောခဲ့ကြသည်။

ထိုစဉ်က ဝမ့်ယန်မှာ ထိုစကားကို ဂရုမစိုက်ခဲ့ပေ။

သက်ရှည်ခြင်းဧကရာဇ်သားတော်တို့က သူ သွေးယဇ်ပူဇော်ခြင်း စွမ်းအား ရရှိသွားမည်ကို စိုးရိမ်နေသည်ဟုသာ ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။

ယခုမူကား ဝမ့်ယန်မှာ မိမိပါးကို မိမိပင် ပြန်ရိုက်ချင်နေမိတော့သည်။

"ကျွင်းရှောင်ယောက်... မင်း သေချင်နေပြီပဲ"

တောက်ဝမ်မှာလည်း ဒေါသကြောင့် ရင်ကွဲမတတ် ဖြစ်နေသည်။

သက်ရှည်ခြင်းဧကရာဇ်သားတော်အတွက်မူ ရင်ထဲက ဒေါသတရားက စကားလုံးဖြင့်ပင် ဖော်ပြ၍ မရနိုင်တော့ပေ။

ကျွင်းရှောင်ယောက်က ကောင်းကင်ကိုးပါး၏ ထိပ်တန်းပါရမီရှင်များကို မျောက်များကဲ့သို့ ကစားနေခဲ့သည် မဟုတ်လော။

မဟုတ်သေး၊ မျောက်ကဲ့သို့ ကစားခြင်းထက်ပင် ပိုသည်။

ဒါက အရှက်ရဖွယ် ကစားစရာ တစ်ခုကဲ့သို့ပင်။

ကောင်းကင်ကိုးပါး၏ ဂုဏ်သိက္ခာနှင့် အစွမ်းအထက်ဆုံးသော ပါရမီရှင် သုံးဦးကို ကျွင်းရှောင်ယောက်က စိတ်ကြိုက် ကစားနေခဲ့ခြင်း ဖြစ်သည်။

သူတို့က လူရွှင်တော်သုံးဦးနှင့် မခြားတော့ပေ။

သက်ရှည်ခြင်းဧကရာဇ်သားတော်ကဲ့သို့ တည်ငြိမ်သူပင်လျှင် ဤအခိုက်အတန့်တွင် စိတ်ဓာတ်များ ပြိုလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူတို့ သုံးဦးလုံး မြေပြင်မှ ချက်ချင်း ထရပ်လိုက်ကြ၏။

သို့သော်လည်း ကျွင်းရှောင်ယောက်ရှေ့တွင် ဒူးထောက်ခဲ့ရသည့် အရှက်ကွဲမှုမှာမူ မည်သည့်အခါမျှ ပျောက်ကွယ်သွားတော့မည် မဟုတ်ပေ။

ဖော်ပြ၍မရနိုင်သော နာကျည်းမှုများကြောင့် ရှုံ့တွနေသည့် သက်ရှည်ခြင်းဧကရာဇ်သားတော်၏ မျက်နှာကို ကြည့်ရင်း ကျွင်းရှောင်ယောက်၏ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ပေါ်လာခဲ့သည်။

"နာကျင်နေလား... ဒေါသထွက်နေတာလား"

"အရင်က မင်းတို့တွေပဲ မြင့်မြတ်ခန္ဓာမျိုးရိုးတွေက ခံသင့်လို့ ခံရတာလို့ ပြောခဲ့တယ်လေ"

"အခု... မင်းတို့လည်း ခံသင့်လို့ ခံရတာပဲ"

ကျွင်းရှောင်ယောက်၏ စကားများကြောင့် ဘေးနားရှိ သက်ရှည်ခြင်းနတ်ဘုရားမမှာ ကြေကွဲစွာ ပြုံးလိုက်မိသည်။

ကျွင်းရှောင်ယောက် ပြောခဲ့သည့် စကားများမှာ အမှန်တကယ် ဖြစ်လာခဲ့ချေပြီ။

သူက သူမနှင့် သက်ရှည်ခြင်းဧကရာဇ်သားတော်တို့ကို အဆုံးစွန်သော အရှက်ကွဲမှုနှင့် နာကျင်မှုကို ခံစားစေရမည်ဟု ဆိုခဲ့ဖူးသည်။

ယခုတော့ သူတို့က တကယ်ပင် ခံစားနေရချေပြီ။

ယခုအချိန်မှာတော့ သက်ရှည်ခြင်းဧကရာဇ်သားတော်တို့ သုံးဦး၏ ကျွင်းရှောင်ယောက်အပေါ် ထားရှိသည့် အာဃာတမှာ... ပင်လယ်လေးစင်း၏ ရေဖြင့် ဆေးကြောလျှင်ပင် စင်ကြယ်နိုင်တော့မည် မဟုတ်ပေ။

သူတို့က ကျွင်းရှောင်ယောက်၏ သွေးကို သောက်၍ အသားကို စားချင်လောက်အောင်ပင် မုန်းတီးနေကြသည်။

ဝမ့်ယန်က မနေနိုင်တော့ဘဲ တိုက်ခိုက်ရန် ဟန်ပြင်လိုက်၏။

သို့သော်လည်း သက်ရှည်ခြင်းဧကရာဇ်သားတော်က နတ်ဘုရားစိတ်အာရုံဖြင့် ဆက်သွယ်ပြီး တားမြစ်လိုက်သည်။

'မလုပ်နဲ့... အခုချိန်မှာ ငါတို့ လုပ်ရမှာက ကွေ့ရှအပျက်အယွင်းကနေ အမြန်ထွက်ပြေးပြီး ဒီသတင်းကို ကြေညာဖို့ပဲ'

'ကျွင်းရှောင်ယောက်က ပဉ္စမမြောက် ယဇ်ဆရာသခင် ဖြစ်နေတာ သက်ရောက်မှု အရမ်းကြီးလွန်းတယ်'

'တကယ်လို့ ဒီသတင်းသာ ပျံ့သွားရင် သူ့ကို နှိမ်နင်းမဲ့ အကြီးအကဲတွေ ပေါ်လာကြမှာ အသေအချာပဲ'

ဤမျှ အစွန်းရောက်သော အမုန်းတရားနှင့် ဒေါသများ ပြည့်နှက်နေသည့် အခြေအနေမျိုးတွင်ပင် သက်ရှည်ခြင်းဧကရာဇ်သားတော်က ဤကဲ့သို့ တည်ငြိမ်မှုမျိုး ရှိနေနိုင်သေးသည်။

ဤတစ်ချက်တည်းဖြင့်ပင် သူက တကယ့်ကို ကောင်းကင်ကိုးပါး၏ မျိုးဆက်သစ်များထဲတွင် နံပါတ်တစ် ဖြစ်ထိုက်သည်။

"ထွက်ပြေးချင်တာလား"

ကျွင်းရှောင်ယောက်၏ အတွေးတစ်ချက်နှင့် နတ်ဘုရားဓမ္မခန္ဓာ၏ ဖိအားက နယ်မြေတစ်ခုလုံးကို လွှမ်းမိုးသွားသည်။

သက်ရှည်ခြင်းဧကရာဇ်သားတော်တို့ သုံးဦးလုံး၏ မျက်နှာများမှာ ချက်ချင်း ဖြူဖျော့သွားကြတော့၏။

စင်စစ်တွင်၊ ကျွင်းရှောင်ယောက်ကို မဆိုထားဘိ...

ဤနတ်ဘုရားခန္ဓာ တစ်ခုတည်းနှင့်တင် သူတို့အတွက် ထွက်ပြေးလွတ်မြောက်ရန်မှာ မဖြစ်နိုင်သောအရာပင်။

"ကျွင်းရှောင်ယောက်... မင်းမှာ တစ်ခုခု ထူးခြားတာ ရှိလိမ့်မယ်လို့ ငါထင်ခဲ့တာ၊ ဒါပေမဲ့ မင်းက ဒီလို အောက်တန်းကျတဲ့ နည်းလမ်းတွေနဲ့ ငါတို့ကို ထောင်ချောက်ဆင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

သက်ရှည်ခြင်းဧကရာဇ်သားတော်၏ လေသံတွင် ရိုးတွင်းခြင်ဆီအထိ နာကျည်းနေသော အမုန်းတရားများ ပြည့်နှက်နေသည်။

အကယ်၍ ဤနတ်ဘုရားဓမ္မခန္ဓာသာ မရှိပါက သူသည် ကျွင်းရှောင်ယောက်ကို သူသေကိုယ်သေ တိုက်ခိုက်ပစ်သည်မှာ ကြာလှပြီ။

"အဓိပ္ပာယ်မရှိတာတွေ ပြောမနေပါနဲ့၊ မင်းတို့ ဘာတွေးနေလဲဆိုတာ ငါသိတယ်"

"ဒါပေမဲ့ စိတ်မပူပါနဲ့... မင်းတို့က ဒီနတ်ဘုရားဓမ္မခန္ဓာရဲ့ စွမ်းအားနဲ့ အသတ်ခံရဖို့တောင် မထိုက်တန်ဘူး"

"ငါတစ်ယောက်တည်းနဲ့တင် မင်းတို့ သုံးယောက်လုံးကို သတ်နိုင်တယ်"

ကျွင်းရှောင်ယောက်က လက်နှစ်ဖက်ကို နောက်သို့ယှက်လိုက်သည်။

သူ့မျက်နှာတွင် အပျော်သဘောမျိုး အပြုံးတစ်ခု ပေါ်လာခဲ့၏။

နတ်ဘုရားဓမ္မခန္ဓာကို အသုံးပြု၍ သူတို့ကို သတ်ဖြတ်ရန်မှာ လွယ်ကူလွန်းလှသည်။

သို့သော်... ကျွင်းရှောင်ယောက်က သက်ရှည်ခြင်းဧကရာဇ်သားတော်၏ မျက်နှာပေါ်မှ စိတ်ပျက်အားငယ်သော အမူအရာမျိုးကို ပို၍ မြင်ချင်နေမိသည်။

ဤသို့သော လူမျိုးကို ကိုင်တွယ်ရန်မှာ ကိုယ်ပိုင်စွမ်းအားဖြင့် သူတို့ရင်ထဲမှ မာန်မာနများကို ချိုးနှိမ်ပစ်ရန်သာ ရှိသည်။

ထို့ပြင်၊ ကျွင်းရှောင်ယောက်က သူတို့ကို အနက်ရှိုင်းဆုံးသော နာကျင်မှုနှင့် စိတ်ပျက်အားငယ်မှုများကို ပေးအပ်မည်ဟု ဆိုခဲ့ဖူးသည် မဟုတ်လော။

"ကျွင်းရှောင်ယောက်... မင်း အတည်ပြောတာလား။ မင်းရဲ့ကိုယ်ပွားကို တကယ် အသုံးမပြုဘူးလား"

ဝမ့်ယန်က မယုံသင်္ကာဖြင့် မေးမြန်းလိုက်သည်။

သူတို့သုံးဦးထဲတွင်၊ သူက ကျွင်းရှောင်ယောက်ကို အတိုက်ချင်ဆုံးသော လူသားတစ်ဦး ဖြစ်၏။

အကြောင်းမှာ၊ သူ၏ အာဒိကပ္ပခရမ်းရောင်ချီမျိုးစေ့ကို ပြန်လည် ရယူလိုသောကြောင့်ပင်။

တကယ်တော့ ကျွင်းရှောင်ယောက်က သူတို့၏ အစီအစဉ်များကို ကောင်းစွာ သိရှိနေသည်။

သူတို့က သူ့ကို ကတိပေးခိုင်းပြီး အနိုင်တိုက်ကာ ထွက်ပြေးရန် ကြံစည်နေခြင်းပင်။

ဒါဟာ သူတို့၏ နောက်ဆုံးသော မျှော်လင့်ချက်လည်း ဖြစ်သည်။

သို့ဆိုလျှင်...

ကျွင်းရှောင်ယောက်က အဘယ်ကြောင့် သူတို့ကို ဤမျှော်လင့်ချက်မျိုး မပေးရမည်နည်း။

"စိတ်မပူပါနဲ့... ငါ ကတိပေးတယ်။ မင်းတို့ကို နတ်ဘုရားဓမ္မခန္ဓာနဲ့ လုံးဝ မတိုက်ခိုက်ဘူး။ ငါက သဘောထားကြီးသလို နှလုံးသားထဲမှာလည်း ကရုဏာတရား ရှိသူပဲလေ"

ကျွင်းရှောင်ယောက်က ပြုံးစစဖြင့် ပြောလိုက်၏။

သက်ရှည်ခြင်းဧကရာဇ်သားတော်တို့ သုံးဦးလုံး၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားကြသည်။

သူတို့၏ မျက်ဝန်းများတွင် မျှော်လင့်ချက် ရောင်ခြည်တစ်ခု ပေါ်ပေါက်လာတော့သည်။

ဒါဟာ အသက်ရှင်သန်ခွင့် မျှော်လင့်ချက် ဖြစ်သည်။

ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။

စစ်မှန်သော စိတ်ပျက်အားငယ်မှု ဆိုသည်မှာ မျှော်လင့်ချက်ကို တစ်စစီ ဆုပ်ဖြဲပစ်လိုက်ခြင်း ဖြစ်သည်။

တစ်ဖက်လူကို ဦးစွာ စိတ်ပျက်အားငယ်စေသည်။

ထို့နောက် မျှော်လင့်ချက် ပေးလိုက်၏။

နောက်ဆုံးတွင်မှ ပို၍ နက်ရှိုင်းသော စိတ်ပျက်အားငယ်မှုအတွင်းသို့ ပြန်လည် ကျဆင်းသွားအောင် လုပ်ဆောင်လိုက်ခြင်းပင် ဖြစ်တော့သည်။

All Chapters