← Chapters

အခန်း ၁၄၈၂

Vol. 102 Ch. 1482

အခန်း ၁၄၈၂

Vol. 102 Ch. 1482

အခန်း ( ၁၄၈၂ ) ပါရမီရှင်တို့၏ နောက်ဆုံးတိုက်ပွဲ။

'မျှော်လင့်ချက် ရှိသေးတယ်... သူသာ အဲဒီဓမ္မခန္ဓာကို အသုံးမပြုဘူးဆိုရင် ငါတစ်ယောက်တည်းနဲ့တင် သူ့ကို သတ်နိုင်တယ်'

သက်ရှည်ခြင်းဧကရာဇ်သားတော်၏ မျက်ဝန်းအစုံတွင် တောက်ပသော အလင်းတန်းများ ဖြတ်ပြေးသွားသည်။

သူ့ရင်ထဲ၌ မျှော်လင့်ချက်ရောင်ခြည် တစ်ခု ပေါ်ပေါက်လာ၏။

သို့သော်လည်း ကျွင်းရှောင်ယောက်က ယခုချိန်တွင် နတ်ဘုရားဓမ္မခန္ဓာကို အသုံးမပြုပါဟု ကတိပေးထားသော်လည်း...

တကယ်တမ်း အသက်ဘေးနှင့် ကြုံလာရလျှင် သူက ကတိတည်ပါဦးမလား မပြောနိုင်ပါ။

သို့သော်...

သက်ရှည်ခြင်းဧကရာဇ်သားတော်က မိမိ၏ တိုက်ကွက်များမှာသာ လုံလောက်အောင် ပြင်းထန်ပြီး မြန်ဆန်နေမည်ဆိုလျှင်...

ကျွင်းရှောင်ယောက် သတိပေါ့လျော့နေစဉ် တစ်ကွက်တည်းနှင့် အပြီးသတ် သုတ်သင်နိုင်လိမ့်မည်ဟု ခံစားနေရသည်။

ဤမတိုင်မီမှာတော့ သူနှင့်တိုက်ခိုက်ရင်း သတိထားမှု ပေါ့လျော့လာအောင် အချိန်ဆွဲထားရပေမည်။

'ကျွင်းရှောင်ယောက်... မင်းရဲ့ မာန်မာနက မင်းကိုပျက်စီးအောင် တွန်းပို့လိုက်တဲ့ အကြီးမားဆုံး အရာဖြစ်လာလိမ့်မယ်လို့ မင်း ထင်ထားမှာမဟုတ်ဘူး'

သက်ရှည်ခြင်းဧကရာဇ်သားတော်က သူ့ရင်ထဲမှ လှောင်ပြုံးပြုံးလိုက်ပြီးနောက် လှည့်ပြောလိုက်သည်။

"ကျွင်းရှောင်ယောက်က ဒီလောက်တောင် မာန်တက်နေမှတော့ ငါတို့လည်း လက်တွန့်နေဖို့ မလိုတော့ဘူး... တိုက်ကြစို့"

တောက်ဝမ်နှင့် ဝမ့်ယန်တို့ကလည်း ခေါင်းကို အသာအယာ ငြိမ့်လိုက်ကြ၏။

ပုံမှန်အချိန်များတွင် သူတို့ သုံးဦးမှာ ကိုယ်စီ အကြံအစည်များ ရှိကြသော်လည်း...

ယခုအချိန်တွင်မူ သူတို့အားလုံး၌ တူညီသော ရန်သူတစ်ဦး ရှိနေပြီ ဖြစ်သည်။

ထို့ကြောင့် သူတို့က ရန်ငြိုးများကို ခေတ္တဘေးဖယ်ထားပြီး ရန်သူကို တိုက်ခိုက်ရန် ပေါင်းစည်းလိုက်ကြတော့သည်။

"ဝမ်"

သက်ရှည်ခြင်းဧကရာဇ်သားတော်၊ တောက်ဝမ်နှင့် ဝမ့်ယန်တို့ သုံးဦးစလုံးက ကျွင်းရှောင်ယောက်ကို ဖိနှိပ်ရန် အတူတကွ တိုက်ခိုက်လိုက်ကြသည်။

အကယ်၍၊ ဤမြင်ကွင်းကို ပြင်ပမှ ကောင်းကင်ကိုးပါး၏ ကျင့်ကြံသူများ မြင်တွေ့သွားပါက တုန်လှုပ်ခြောက်ခြားပြီး စကားပင် ဆိုနိုင်ကြတော့မည် မဟုတ်ပေ။

ဒါက ကောင်းကင်ကိုးပါးရဲ့ ထိပ်တန်း ပါရမီရှင် သုံးယောက် မဟုတ်ဘူးလား။

ယခုမူ သူတို့က လူတစ်ယောက်တည်းကို တိုက်ခိုက်ရန် ပူးပေါင်းလိုက်ကြပြီ။

ဒါက တကယ်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲသော အရာဖြစ်သည်။

သက်ရှည်ခြင်းဧကရာဇ်သားတော်က မည်သည့် စမ်းသပ်မှုကိုမျှ မလုပ်တော့ဘဲ စတင်လိုက်သည်နှင့် အစစ်အမှန်နဂါး သဘာဝစွမ်းရည်ကို ထုတ်သုံးလိုက်သည်။

ရွှေရောင် နဂါးလက်သည်းတစ်ခုက ကောင်းကင်ယံကို ဖြတ်ကျော်ကာ ဟင်းလင်းပြင်ကို ဆုပ်ဖြဲလျက် ကျွင်းရှောင်ယောက်ဆီသို့ ကုတ်ဆွဲလိုက်၏။

တောက်ဝမ်ကလည်း တိုက်ခိုက်လိုက်ရာ အမှောင်အလင်းတန်းများ လှိုင်းထလာတော့သည်။

သူဖြတ်သန်းသွားသမျှ မည်သည့်အရာမဆို ဝါးမြိုခံလိုက်ရသကဲ့သို့ပင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ ဝမ့်ယန်၏ တိုက်ခိုက်မှုအောက်မှာ ခရမ်းရောင်အရှိန်အဝါများက အရှေ့ဘက် မိုင်သုံးထောင်အထိ လွှမ်းမိုးသွား၏။

သို့သော်လည်း သူ၏ လက်ရှိ တိုက်ကွက်များမှာ သိသိသာသာပင် အားနည်းနေသကဲ့သို့ ခံစားရသည်။

ဒါဟာ သူ၏ အာဒိကပ္ပခရမ်းရောင်ချီမျိုးစေ့ မရှိတော့သောကြောင့် ဖြစ်သည်။

သူ၏ အသက်သဖွယ်ဖြစ်သော အာဒိကပ္ပခရမ်းရောင်ချီမျိုးစေ့ကို သူကိုယ်တိုင် ကျွင်းရှောင်ယောက်ထံ ဆက်သခဲ့မိသည် မဟုတ်ပါလော။

ထို့ကြောင့် သူ၏ အစွမ်းမှာ သိသိသာသာ လျော့နည်းသွားခဲ့ရပေသည်။

သို့သော်ငြားလည်း ဝမ့်ယန်မှာ ဧကရာဇ်ကြွေလွင့်တောင်၏ သခင်လေးဖြစ်သည့်အပြင် သူ၏ အစွမ်းကို နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားသူ ဖြစ်သည်။

အာဒိကပ္ပခရမ်းရောင်ချီမျိုးစေ့ မရှိတော့သော်လည်း သူ၏ အစွမ်းမှာ အလွန်အမင်း အားနည်းသွားခြင်းမျိုးတော့ မဟုတ်ပေ။

သူတို့ သုံးဦး၏ ပူးပေါင်းတိုက်ခိုက်မှုက ကောင်းကင်ကိုးပါး၌ မြင်တွေ့ရန် ခက်ခဲသော မြင်ကွင်းပင် ဖြစ်သည်။

အကယ်၍ တိဟောက်ထျန်းပင် ဤနေရာတွင် ရှိနေပါက သူသည်လည်း အကျပ်ရိုက်သွားနိုင်ပြီး ဒဏ်ရာရသွားပေလိမ့်မည်။

ကျွင်းရှောင်ယောက်ကမူ တည်ငြိမ်နေဆဲ ဖြစ်သည်။

သူက လက်တစ်ဖက်ဖြင့် လက်ဟန်သင်္ကေတများ ပြုလုပ်လိုက်ရာ ကောင်းကင်ဘုံကို ဖိနှိပ်ထားသကဲ့သို့သော ခေါင်းလောင်းကြီးတစ်ခု ပေါ်ထွက်လာခဲ့၏။

၎င်းက အဆုံးမဲ့တံဆိပ်တော်ပင်။

ဤတိုက်ကွက်မှာ အလွန်အမင်း စွမ်းအားကြီးလှသည်။

ယခုဆိုလျှင်၊ ကျွင်းရှောင်ယောက်၏ ကျင့်ကြံမှုအဆင့် တိုးတက်လာသောကြောင့် ဤတိုက်ကွက်၏ စွမ်းအားမှာလည်း ပို၍ပင် ထိတ်လန့်ဖွယ် ကောင်းလာချေပြီ။

၎င်းက အဆုံးမဲ့ နိယာမများ၊ ရွန်းစာလုံးများဖြင့် ဖွဲ့စည်းထားသော အဆုံးမဲ့ခေါင်းလောင်းအဖြစ် ပြောင်းလဲကာ သူတို့ သုံးဦးကို ဖိနှိပ်လိုက်တော့တော့သည်။

ကျွင်းရှောင်ယောက်၏ ကျင့်ကြံမှုအဆင့်ကို ခံစားမိလိုက်သည့် အခိုက်အတန့်တွင်...

သူတို့ သုံးဦးစလုံး၏ မျက်နှာအမူအရာများမှာ သိသိသာသာကြီး ပြောင်းလဲသွားကြသည်။

သက်ရှည်ခြင်းဧကရာဇ်သားတော်ပင်လျှင် မနေနိုင်ဘဲ ရေရွတ်လိုက်မိ၏။

"ဆန်းကြယ်ကောင်းကင် အဓိပတိနယ်ပယ် ကြီးမားသောပြီးပြည့်စုံခြင်း အဆင့်လား... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ဝုန်း"

တိုက်ကွက်ချင်း ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။

ကျွင်းရှောင်ယောက်က မလှုပ်မယှက် ရှိနေဆဲပင်။

အခြားတစ်ဖက်တွင်မူ သက်ရှည်ခြင်းဧကရာဇ်သားတော်တို့ သုံးဦးစလုံးမှာ နောက်သို့ တိုက်ရိုက် လွင့်စင်သွားကြသည်။

သက်ရှည်ခြင်းဧကရာဇ်သားတော်က အနည်းငယ် ပိုကောင်းသည်။

သို့ရာတွင်၊ သူက ခြေလှမ်း ရာဂဏန်းခန့် နောက်သို့ ဆုတ်သွားရပြီး လက်မနှင့် လက်ညှိုးကြား အရေပြားမှာ ကွဲအက်သွား၏။

‌ဒါတောင် သူက သုံးယောက်ထဲမှာ အားအကောင်းဆုံး ဖြစ်သည်။

တောက်ဝမ်မှာမူ ရင်ဘတ်ထဲတွင် သွေးနှင့်ချီများ ဗလုံးဗထွေး ဖြစ်သွားပြီး သွေးအန်မတတ် ခံစားလိုက်ရသည်။

ဝမ့်ယန်မူကား မူလက သက်ရှည်ခြင်းဧကရာဇ်သားတော်၊ တောက်ဝမ်တို့နှင့် အစွမ်းချင်း တူညီသူ ဖြစ်သော်လည်း...

ယခုမူ အရေးအကြီးဆုံးဖြစ်သော အာဒိကပ္ပခရမ်းရောင်ချီမျိုးစေ့ မရှိတော့ပေ။

ထို့ကြောင့် သူက အရှက်ရဆုံး အခြေအနေနှင့် ကြုံလိုက်ရသည်။

သူက သွေးတစ်လုပ် အန်ထုတ်လိုက်ရပြီး မျက်နှာမှာလည်း မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေတော့သည်။

"ဆန်းကြယ်ကောင်းကင် အဓိပတိနယ်ပယ် ကြီးမားသော ပြီးပြည့်စုံခြင်း အဆင့်တဲ့လား... မင်းက ဘယ်လိုလုပ်ပြီး ဒီအဆင့်ကို ရောက်နေရတာလဲ"

သက်ရှည်ခြင်းဧကရာဇ်သားတော်တို့ သုံးဦးစလုံး တုန်လှုပ်သွားကြသည်။

ကျွင်းရှောင်ယောက်က ကောင်းကင်ကိုးပါးသို့ စတင်ဝင်ရောက်လာစဉ်မှာ သူ၏ ကျင့်ကြံမှုက မည်သည့်အဆင့်တွင် ရှိခဲ့သနည်း။

သာမန် ကောင်းကင်အဓိပတိငယ် အဆင့်မျှသာ ရှိခဲ့သည် မဟုတ်ပါလော။

ကောင်းကင် နဂါးနှင့်ဖီးနစ်စာရင်း၏ အောက်ဆုံးတွင် ရှိသော ဓားဧကရာဇ်သားတော်တို့ပင် ထိုစဉ်က ကျွင်းရှောင်ယောက်ထက် ကျင့်ကြံမှု ပိုမြင့်ခဲ့ကြသည်။

သက်ရှည်ခြင်းဧကရာဇ်သားတော်တို့ကဲ့သို့ ဆန်းကြယ်ကောင်းကင် အဓိပတိနယ်ပယ် ပါရမီရှင်များ၏ မျက်လုံးထဲမှာဆိုလျှင်...

ထိုစဉ်က ကျွင်းရှောင်ယောက်မှာ သူတို့၏ အာရုံကိုပင် မဖမ်းစားနိုင်ခဲ့ချေ။

တိုက်ခိုက်ရန်လည်း စိတ်မဝင်စားခဲ့ကြပါ။

ယခုမူကား...

ကျွင်းရှောင်ယောက်၏ အစွမ်းမှာ ဆန်းကြယ်ကောင်းကင် အဓိပတိနယ်ပယ် ကြီးမားသော ပြီးပြည့်စုံခြင်း အဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားချေပြီ။

ဒါဟာ ကောင်းကင်ကိုးပါးမှ ပါရမီရှင်အားလုံးကို အရှိန်အဟုန်ဖြင့် ကျော်တက်သွားခြင်းပင် ဖြစ်သည်။

သူတို့ထဲတွင် ခေါင်းဆောင်ဖြစ်သော သက်ရှည်ခြင်းဧကရာဇ်သားတော်ပင်လျှင် ဆန်းကြယ်ကောင်းကင် အဓိပတိနယ်ပယ် သေးငယ်သော အောင်မြင်ခြင်းအဆင့်မျှသာ ရှိသေးသည်။

ကျွင်းရှောင်ယောက်က မျိုးဆက်သစ်အားလုံး၏ ရှေ့ဆုံးသို့ ရုတ်တရက် ရောက်ရှိသွားခြင်း ဖြစ်သည်။

ဤကျင့်ကြံမှု အရှိန်အဟုန်က မြန်ဆန်လွန်းလှချေသည်။

"မင်းတို့လို ပုရွက်ဆိတ်တွေရဲ့ အမြင်နဲ့ နတ်ဘုရားရဲ့ လုပ်နိုင်စွမ်းကို မတိုင်းတာပါနဲ့လေ"

ကျွင်းရှောင်ယောက်က ဆိုလိုက်သည်။

"မကြောက်ကြနဲ့... သူက အဆင့်အနည်းငယ် မြင့်နေရင်တောင် ငါတို့က သုံးယောက်ပဲ"

သက်ရှည်ခြင်းဧကရာဇ်သားတော်က ပြောလိုက်၏။

ကျင့်ကြံမှုအဆင့်မှာ ခွန်အား၏ အစိတ်အပိုင်းတစ်ခု ဖြစ်သော်လည်း...

အနိုင်အရှုံးကို အဆုံးအဖြတ်ပေးမည့် အချက်များစွာ ရှိနေသေးသည်။

သူတို့ သုံးဦးစလုံးမှာ ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည်။

သူတို့သုံးဦးသာ လက်တွဲလိုက်မည်ဆိုပါက နတ်ဖန်ဆင်းခြင်းအဓိပတိနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိကြပေသည်။

"မှန်တယ်... အခုချိန်မှာတော့ ဘာမှ ဖုံးကွယ်မထားကြနဲ့တော့၊ ဒါက အသက်လုပွဲပဲ"

တောက်ဝမ်ကလည်း အော်ဟစ်လိုက်၏။

ယခင်က သူတို့ သုံးဦးမှာ ကိုယ်စီ အကြံအစည်များ ရှိနေသောကြောင့် အစွမ်းကို ဖုံးကွယ်ထားခဲ့ကြသည်။

သို့သော်လည်း ယခုမူ ကျွင်းရှောင်ယောက်၏ စစ်မှန်သော ခွန်အားနှင် ကျင့်ကြံမှုအဆင့်ကို မြင်တွေ့ပြီးပြီမို့ သူတို့ အစွမ်းကုန် တိုက်ခိုက်ရတော့မည်။

"သတ်ကြ"

သုံးဦးသား ထပ်မံ တိုက်ခိုက်လိုက်ကြသည်။

ယခုတစ်ကြိမ်တွင်မူ စမ်းသပ်ခြင်း မဟုတ်တော့ဘဲ အစစ်အမှန် တိုက်ကွက်များပင်။

"အာဒိကပ္ပစကြာဝဠာ"

ဝမ့်ယန်၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးများက လောင်မြိုက်ပြီး ဆူပွက်လာသကဲ့သို့ ခံစားရသည်။

သူ၏ သွေးထဲတွင် ခရမ်းရောင် စွမ်းအင် အရိပ်အယောင်များ အမှန်တကယ် ရှိနေ၏။

ဝမ့်ယန်မှာ ဒဏ္ဍာရီလာ အာဒိကပ္ပတာအိုခန္ဓာ မဟုတ်သော်လည်း...

သူသည် အာဒိကပ္ပခရမ်းရောင်ချီဖြင့် အချိန်အတော်ကြာ ကျင့်ကြံခဲ့သူ ဖြစ်သည်။

ထို့ကြောင့် သူ၏ ခန္ဓာကိုယ်မှာ အာဒိကပ္ပ အငွေ့အသက်များ စွဲကပ်နေခြင်းမှာ သဘာဝပင်။

ဤ "အာဒိကပ္ပစကြာဝဠာ" ဆိုသော တိုက်ကွက်မှာ ဝမ့်ယန်က အာဒိကပ္ပခရမ်းရောင်ချီမျိုးစေ့ကို နားလည်သဘောပေါက်ချိန်တွင် ရရှိခဲ့သော နောက်ဆုံး တိုက်ကွက် ဖြစ်သည်။

ဤအခိုက်အတန့်တွင် ဝမ့်ယန်က သူ့လက်နှစ်ဖက်ဖြင့် လှုပ်ရှားလိုက်ရာ...

သူ၏ လက်ဝါးနှစ်ဖက်ကြားမှ ခရမ်းရောင် စကြာဝဠာတစ်ခု ပေါ်ထွက်လာပုံရသည်။

ဒါဟာ ရှေးကမ္ဘာဦးမှ ကြယ်တာရာများ လည်ပတ်ပြီး အရာခပ်သိမ်း ဆင့်ကဲပြောင်းလဲလာသကဲ့သို့ ခံစားရစေသည်။

ဤတိုက်ကွက်ကို တောက်ဝမ်နှင့် သက်ရှည်ခြင်းဧကရာဇ်သားတော်တို့ပင် ခဏမျှ ငေးကြည့်လိုက်မိကြ၏။

အကယ်၍ ဝမ့်ယန်၌သာ အာဒိကပ္ပခရမ်းရောင်ချီမျိုးစေ့ ရှိနေသေးပါက ဤတိုက်ကွက်မှာ မည်မျှအထိ အစွမ်းထက်မည်ကို သူတို့ စိတ်ကူးကြည့်နိုင်သည်။

'ဒီတိုက်ကွက်က ငါ့ကို စိန်ခေါ်ဖို့ ချန်ထားတာ ဖြစ်ရမယ်' သက်ရှည်ခြင်းဧကရာဇ်သားတော်က သူ့စိတ်ထဲမှ တွေးလိုက်မိသည်။

ဝမ့်ယန်က သူ၏အစွမ်းကို နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားခဲ့သူ ဖြစ်သည်။

သို့သော်လည်း ယခုမူ ဤတိုက်ကွက်ကို ကျွင်းရှောင်ယောက်အပေါ်တွင် သုံးလိုက်ရချေပြီ။

ဝမ့်ယန်က အာဒိကပ္ပခရမ်းရောင်ချီမျိုးစေ့ကိုလည်း ပြန်လည် ရယူလိုသည်။

တောက်ဝမ်ကလည်း သူ၏ အထူး တိုက်ကွက်ကို ထုတ်သုံးလိုက်ပြီး လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

သူ့လက်ဝါးမှ အမှောင်ထု စက်ဝိုင်းများမှာ လှိုင်းများကဲ့သို့ ပျံ့နှံ့သွား၏။

"အမှောင်ကမ္ဘာ ဝါးမျိုုခြင်း လက်ဝါး"

ဒါဟာ တောက်ထျဲမျိုးရိုး၏ သဘာဝစွမ်းရည်ဖြစ်သလို ဝါးမျိုခြင်းအင်မော်တယ်ကျမ်းမှ အံ့မခန်း တိုက်ကွက်တစ်ခုလည်း ဖြစ်သည်။

ဤလက်ဝါးတစ်ချက်က ကမ္ဘာတစ်ခုလုံးကို ဝါးမြိုပြီး ထာဝရ အမှောင်ထုအတွင်းသို့ အရာအားလုံးကို ဆွဲသွင်းသွားသကဲ့သို့ပင်။

သက်ရှည်ခြင်းဧကရာဇ်သားတော်ကလည်း အားကောင်းသော တိုက်ကွက်ကို ထုတ်သုံးလိုက်သည်။

သူ၏ လက်နှစ်ဖက်ဖြင့် နေနှင့်လကို ဆုပ်ကိုင်ထားသကဲ့သို့ ပြုလုပ်လိုက်၏။

"နေနဲ့လ အင်မော်တယ်တံဆိပ်တော်"

ကောင်းကင်ကိုးပါး၏ အစွမ်းအထက်ဆုံး ပါရမီရှင် သုံးဦး...

အစွမ်းအထက်ဆုံးသော တိုက်ကွက် သုံးမျိုးက ကျွင်းရှောင်ယောက်ဆီသို့ တပြိုင်နက်တည်း ကျရောက်လာတော့သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က မည်သည့် ပြင်ပအင်အားကိုမျှ အသုံးမပြုရန် ဆုံးဖြတ်ထားသည်။

လက်နက်များကိုပင် အသုံးမပြုရန် ကြံရွယ်ထား၏။

သူက ရိုးရှင်းသော လက်သီးတစ်ချက်ကိုသာ ပစ်သွင်းလိုက်ပြီး အရာအားလုံးကို ရင်ဆိုင်လိုက်တော့သည်။

ဤထိပ်တိုက်တွေ့ဆုံမှုကို ကြည့်ရင်း...

သက်ရှည်ခြင်းနတ်ဘုရားမ၏ စိတ်ပျက်အားငယ်နေသော မျက်ဝန်းများထဲတွင် မျှော်လင့်ချက် အလင်းရောင်လေး တစ်ခု ပေါ်လာခဲ့သည်။

ဖြစ်ကောင်းဖြစ်နိုင်တာက...

သက်ရှည်ခြင်းဧကရာဇ်သားတော်တို့ သုံးဦးက ကျွင်းရှောင်ယောက်ကို တစ်ခါတည်းနဲ့ သတ်ပစ်နိုင်မလား။

All Chapters