← Chapters

အခန်း ၁၄၈၃

Vol. 102 Ch. 1483

အခန်း ၁၄၈၃

Vol. 102 Ch. 1483

အခန်း ( ၁၄၈၃ ) သက်ရှည်ခြင်းဧကရာဇ်သားတော်ရဲ့ ဝှက်ဖဲ။

သက်ရှည်ခြင်းဧကရာဇ်သားတော်တို့ သုံးဦး၏ ပူးပေါင်းတိုက်ခိုက်မှုက သက်ရှည်ခြင်းနတ်ဘုရားမအတွက် မျှော်လင့်ချက်ရောင်ခြည်တစ်ခုကို ပေးစွမ်းနိုင်ခဲ့သည်။

သို့သော်ငြားလည်း စိတ်ကူးနှင့် လက်တွေ့က ထပ်တူကျခဲပေသည်။

ပြင်းထန်သော ထိပ်တိုက်တွေ့ဆုံမှု၏ ဗဟိုချက်မတွင် နေတစ်စင်း ပေါက်ကွဲသကဲ့သို့ အဆုံးမဲ့ နိယာမစွမ်းအားများက လှိုင်းတံပိုးများသဏ္ဍာန် ပျံ့နှံ့သွားခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ လူရိပ်သုံးခုမှာ လွင့်စင်ထွက်သွားကြ၏။

သက်ရှည်ခြင်းနတ်ဘုရားမ မျှော်လင့်ထားသည့် အံ့ဖွယ်အမှုမှာ ဖြစ်မလာခဲ့ပေ။

အမှန်တရားက အလွန်ပင် ရက်စက်သည်။

တစ်ဖက်တွင်၊ ကျွင်းရှောင်ယောက်မှာမူ သူ၏ ဝတ်ရုံဖြူက တဖျတ်ဖျတ်လွင့်လျက် တည်ငြိမ်စွာပင် ရှိနေသည်။

သူက ခြေတစ်လှမ်းမျှပင် နောက်သို့ မဆုတ်ခဲ့ရပေ။

ဤအချက်က သက်ရှည်ခြင်းဧကရာဇ်သားတော်တို့ထံသို့ မကြုံစဖူးသော စိတ်ပျက်အားငယ်မှုကို သယ်ဆောင်လာခဲ့သည်။

စင်စစ်တွင် ဤသို့ဖြစ်ပျက်ခြင်းမှာ အလွန်ပင် သဘာဝကျသည်။

ကျွင်းရှောင်ယောက်၏ စွမ်းအားကို ကျင့်ကြံမှုအဆင့်တစ်ခုတည်းဖြင့် တိုင်းတာ၍ မရနိုင်ပေ။

သူ၏ ကျင့်ကြံမှုအဆင့်က သက်ရှည်ခြင်းဧကရာဇ်သားတော်ထက် နိမ့်ပါးနေချိန်၌ပင် သူ့ကို ဖိနှိပ်နိုင်ခဲ့သည် မဟုတ်ပါလော။

ယခုဆိုလျှင်၊ သူ၏ အဆင့်က ပို၍ပင် မြင့်မားနေပြီ ဖြစ်သည်။

ထို့ကြောင့် တစ်ဖက်လူများကို အပြတ်အသတ် ချေမှုန်းနိုင်စွမ်း ရှိနေခြင်းမှာ ပုံမှန်ပင်။

အခြားတစ်ဖက်တွင်မူ ဝမ့်ယန်၊ တောက်ဝမ်နှင့် အခြားသူများမှာ နှုတ်ခမ်းထောင့်များမှ သွေးများ စီးကျလာခဲ့သည်။

သူတို့၏ ဝတ်ရုံများမှာလည်း သွေးဖြင့် ရွဲရွဲစိုနေတော့၏။

သက်ရှည်ခြင်းဧကရာဇ်သားတော်မှာ အနည်းငယ် ပိုကောင်းသော်လည်း ထူးထူးခြားခြားကြီး မဟုတ်ပေ။

၎င်းမှာ သူ၏လက်ထဲတွင် အမြဲတမ်းလင်းလက်နေသော ရွှေရောင်မီးအိမ်ကြောင့် ဖြစ်သည်။

၎င်းက သူ့ကို ကာကွယ်ပေးထားသောကြောင့်သာ တုန်ခါမှုအချို့ကို ခံနိုင်ရည်ရှိနေခဲ့ခြင်းပင်။

ဤရွှေရောင်မီးအိမ်မှာ သူ မွေးဖွားလာစဉ်ကတည်းက ပါလာသော အသက်လက်နက်ဖြစ်ပြီး အလွန်ပင် ထူးခြားသည်။

သို့သော်လည်း မီးအိမ်က ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသည့်တိုင် သက်ရှည်ခြင်းဧကရာဇ်သားတော်မှာ ဒဏ်ရာအချို့ ရရှိသွားခဲ့သေးသည်။

ဒါက သူ၏ တစ်သက်တာတွင် အလွန်ပင် ရှားပါးသော အတွေ့အကြုံ ဖြစ်သည်။

အကြောင်းမှာ သူ ဒဏ်ရာရဖူးသည့် အကြိမ်အရေအတွက်က လက်ချိုးရေတွက်၍ ရသောကြောင့်ပင်။

"ငါတို့ အသက်ကိုရင်းပြီး မတိုက်ခိုက်ရင် အားလုံး သေရလိမ့်မယ်... သတ်ကြ"

သက်ရှည်ခြင်းဧကရာဇ်သားတော်က ထပ်မံ၍ တိုက်ခိုက်လိုက်သည်။

တောက်ဝမ်နှင့် ဝမ့်ယန်တို့မှာလည်း သူတို့၏ အစွမ်းအစများကို အဆုံးစွန်ထိ ထုတ်ကြတော့၏။

တောက်ဝမ်၏ နဖူးပေါ်မှ တောက်ထျဲ အမှတ်အသားက လင်းလက်လာသည်။

ထို့နောက်တွင် တောက်ဝမ်က သူ၏ မူလသားရဲပုံစံသို့ ပြောင်းလဲသွား၏။

၎င်းက ကြောက်မက်ဖွယ်ကောင်းသော တောက်ထျဲ သားရဲကြီးအဖြစ် ပြောင်းလဲသွားကာ ကျွင်းရှောင်ယောက်ကို ဝါးမျိုရန် ကြိုးစားလာတော့သည်။

တောက်ထျဲ သားရဲကြီး၏ ခန္ဓာကိုယ်က ရှေးဟောင်း နတ်ဆိုးတောင်ကြီးတစ်ခုကဲ့သို့ ကောင်းကင်နှင့် မြေပြင်ကို ဖိသိပ်ထားသည်။

၎င်း၏ ရက်စက်ကြမ်းကြုတ်မှုမှာလည်း အနှိုင်းမဲ့ပင်။

ဝမ့်ယန်သည်လည်း အာဒိကပ္ပခရမ်းရောင်ချီ စွမ်းအင်ကို အဆုံးစွန်ထိ ထုတ်ဖော်လိုက်သည်။

အာဒိကပ္ပစကြာဝဠာ၏ အစိတ်အပိုင်းတစ်ခုက အရာအားလုံးကို ကြိတ်ခြေပစ်တော့မည့်အလား ကျရောက်လာ၏။

သို့သော်လည်း ကျွင်းရှောင်ယောက်က ဝတ်ရုံဖြူဖြင့် မြင့်မြတ်သော နတ်တစ်ပါးကဲ့သို့ တည်ငြိမ်စွာ ရပ်နေဆဲပင်။

သူ၏ ခန္ဓာကိုယ်ပေါ်တွင် စွမ်းအင်ခုခံကာကွယ်ခြင်း နတ်စက်ဝန်းများ အထပ်ထပ် ပေါ်ပေါက်လာသည်။

သူ၏ နောက်ကျောဘက်မှာတော့ မြင့်မြတ်ခန္ဓာ၏ ထူးခြားသော ဖြစ်စဉ်များ ပေါ်ထွက်လာ၏။

သူ၏ ဘယ်ဘက်လက်က ခွန်ပန်မဟာနတ်ဘုရားသိုင်းကို အသက်သွင်းလိုက်ပြီး ညာဘက်လက်က မိုးကြိုးဧကရာဇ်၏ နတ်ဘုရားစွမ်းရည်ကို အသုံးပြုလိုက်တော့သည်။

သူ့ခန္ဓာကိုယ်ပေါ်တွင် နတ်မီးလျှံများလည်း တောက်ပနေပြီး မြင့်မြတ်ခန္ဓာ၏ စွမ်းအားကို လှုံ့ဆော်လိုက်သည်။

ဤအခိုက်အတန့်တွင် ကျွင်းရှောင်ယောက်က အမှန်တကယ်ပင် သေမျိုးလောကထဲသို့ ဆင်းသက်လာသော ဝတ်ရုံဖြူဝတ် နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

"မင်းတို့ အသက်ရှင်ခွင့်ရခဲ့တဲ့ နောက်ဆုံး တန်ဖိုးက... ငါ့ရှေ့မှာ လူပြက်တွေလို ကခုန်‌အသုံးတော်ခံဖို့ပဲ"

ကျွင်းရှောင်ယောက်၏ အသံက တည်ငြိမ်စွာ ထွက်ပေါ်လာသည်။

သူ့လေသံက နတ်ဘုရားတစ်ပါးကဲ့သို့ မထီမဲ့မြင်ပြုမှုများ ပြည့်နှက်နေ၏။

"ကျွင်းရှောင်ယောက်... မင်းကိုယ်မင်း တကယ်ပဲ နတ်ဘုရားတစ်ပါးလို့ ထင်နေတာလား"

သက်ရှည်ခြင်းဧကရာဇ်သားတော်က အော်ဟစ်လိုက်သည်။

သူကသာ အမြဲတစေ အခြားသူများကို အထင်သေးခဲ့သူ ဖြစ်သည်။

အခြားသူတစ်ဦးက သူ့ကို မည်ကဲ့သို့ နှိမ့်ချဝံ့သနည်း။

သက်ရှည်ခြင်းဧကရာဇ်သားတော်က လက်ညှိုးညွှန်ပြလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု စုစည်းလာသည်။

၎င်းက လောကီလူသားတို့၏ အမျိုးမျိုးသော ခံစားချက်များကို ဆွဲထုတ်နိုင်စွမ်း ရှိပုံရ၏။

၎င်းမှာ ကိလေသာ ခုနစ်ပါးနှင့် တပ်မက်မှု ခြောက်ပါးပင် ဖြစ်၏။

ယခုအချိန်တွင် သက်ရှည်ခြင်းဧကရာဇ်သားတော်၏ လက်ချောင်းက အမျိုးမျိုးသော ခံစားချက်များကို နှိုးဆွနိုင်ရုံသာမက အတွင်းစိတ်နတ်ဆိုးများကိုပါ ပေါ်ပေါက်လာစေနိုင်ပုံ ရသည်။

'သက်ရှည်ခြင်း ကပ်ဘေးခုနစ်ပါး လက်ချောင်း'

ဒါက သက်ရှည်ခြင်း အင်မော်တယ်ကျမ်းထဲမှ တစ်မူထူးခြားသော ဝှက်ဖဲ တိုက်ကွက်တစ်မျိုး ဖြစ်သည်။

ဤတိုက်ကွက်နှင့် ကြုံတွေ့ရသူမှာ ကိလေသာ ခုနစ်ပါး လှိုင်းထလာနိုင်သည်။

အတွင်းစိတ်နတ်ဆိုးများမှာလည်း ရုန်းကြွလာပြီး ရှေးဦးဝိညာဉ်နှင့် အသိစိတ်အပေါ်တွင် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော သေစေနိုင်စွမ်းမျိုး ရှိပေသည်။

"ပညာရပ်ကောင်းတစ်ခုပဲ၊ ဒါပေမဲ့... ငါ့အတွက်တော့ ဘာထူးခြားမှုရှိနိုင်မှာလဲ"

ကျွင်းရှောင်ယောက်က လှောင်ပြုံးပြုံးလိုက်သည်။

သူ၏ မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်မှာ ရှေးယခင်မှ ယနေ့တိုင် အနှိုင်းမဲ့၏။

သူ၏ စိတ်ဓာတ်မှာလည်း ခိုင်မာပြီး အပြစ်ဆိုဖွယ် မရှိချေ။

ဤတိုက်ခိုက်မှုနှင့် အမှန်တကယ် ထိမှန်သွားခဲ့လျှင်ပင် မည်သည့် အတွင်းစိတ်နတ်ဆိုးမျှ ပေါ်လာမည် မဟုတ်ပါ။

သို့သော်လည်း ကျွင်းရှောင်ယောက်က ရန်သူကို အထင်သေးပြီး မည်သည့် အားနည်းမှုကိုမျှ လုပ်ဆောင်မည်မဟုတ်ပေ။

"ဝုန်း"

ကျွင်းရှောင်ယောက်က မြင့်မြတ်ခန္ဓာ၏ ရူပါရုံများနှင့် စွမ်းအားတို့ကို ပေါင်းစပ်ကာ ဖိနှိပ်လိုက်သည်။

သက်ရှည်ခြင်းဧကရာဇ်သားတော်တို့ သုံးဦးလည်း တုန်လှုပ်သွားကြပြီး သွေးများ အန်ထုတ်လိုက်ရပြန်တော့သည်။

တောက်ဝမ်၏ ဧရာမ တောက်ထျဲ ခန္ဓာကိုယ်ကြီးမှာ သွေးများဖြင့် ရဲသွားသည်။ အရိုးများမှာလည်း ကျိုးကြေကုန်တော့၏။

ဝမ့်ယန်ဆိုလျှင် သွေးများ အန်ထုတ်လိုက်ရင်း အရိုးများ ကြေမွလျက် လွင့်စင်ထွက်သွားချေပြီ။

ထိုသို့ ထိပ်တိုက်တွေ့နေသည့် အချိန်မှာပင် သက်ရှည်ခြင်းဧကရာဇ်သားတော်က ရုတ်တရက် ရွှေရောင်မီးအိမ်ကို အသက်သွင်းလိုက်သည်။

သူသည် သူ၏ အနှစ်သာရသွေးများ ပါဝင်သော သွေးတစ်လုပ်ကို ထွေးထုတ်လိုက်၏။

ချက်ချင်းပင် ရွှေရောင်မီးအိမ်ပေါ်တွင် ရွန်းစွမ်းအင် မီးပွားများ ပေါက်ကွဲထွက်လာတော့သည်။

ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များမှာလည်း လောကကြီးကို လောင်မြိုက်စေတော့မည့်အလား တိုးထွက်လာခဲ့သည်။

ထိုမီးတောက်များတွင် နိယာမများနှင့် ရွန်းစာလုံးများ ရောယှက်နေပြီး စွမ်းအားမှာလည်း ထိတ်လန့်ဖွယ် ကောင်း၏။

ဒါက သက်ရှည်ခြင်းဧကရာဇ်သားတော်၏ 'လောကကို လောင်မြိုက်ခြင်း' ဝှက်ဖဲဖြစ်ပြီး သူ မည်သည့်အခါမျှ အသုံးမပြုခဲ့ဖူးပေ။

သာမန်လူများက ဤရွှေရောင်မီးအိမ်မှာ သူ့ကို ကာကွယ်ပေးရုံသာ ရှိသည်ဟု သိကြသည်။

၎င်းတွင် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား ရှိနေသည်ကို မည်သူမျှ မသိခဲ့ကြပေ။

ဤတိုက်ကွက်က အလွန်ပင် ရုတ်တရက် ဆန်လွန်းလှသဖြင့် ကျွင်းရှောင်ယောက်ပင်လျှင် လောကကို လောင်မြိုက်စေခြင်း မီးတောက်များအတွင်းသို့ ခဏချင်း နစ်မြုပ်သွားတော့သည်။

"ဟားဟားဟား... ကျွင်းရှောင်ယောက်၊ ဒါက ရန်သူကို အထင်သေးတဲ့သူရဲ့ အကျိုးဆက်ပဲ"

သက်ရှည်ခြင်းဧကရာဇ်သားတော်က အားပါးတရ ရယ်မောလိုက်သည်။

သူသည် ကျွင်းရှောင်ယောက်ကို တစ်ကွက်တည်းနှင့် အပြီးသတ်ရန် ဤအခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

ဤမီးတောက်ကို အင်မော်တယ်ဓာတ်စွမ်းအင်နှင့် သူ၏ အနှစ်သာရသွေးတို့ဖြင့် လောင်စာပြုထားခြင်း ဖြစ်၏။

သာမန် နတ်ဖန်ဆင်းခြင်းအဓိပတိများပင်လျှင် ပြာအဖြစ်သို့ လောင်ကျွမ်းသွားလိမ့်မည်။

"အောင်မြင်သွားပြီလား"

ဒဏ်ရာပြင်းထန်စွာ ရရှိထားသော တောက်ဝမ်နှင့် ဝမ့်ယန်တို့လည်း ဝမ်းသာအားရ ဖြစ်သွားကြသည်။

သက်ရှည်ခြင်းနတ်ဘုရားမမှာလည်း သူ၏ မျက်နှာပေါ်တွင် ဝမ်းသာရိပ်အချို့ ပေါ်လာခဲ့၏။

သို့သော်လည်း ခဏချင်းမှာပင် သူမ၏ အမူအရာမှာ အေးခဲသွားသည်။

အကယ်၍ ကျွင်းရှောင်ယောက်သာ အမှန်တကယ် ကျဆုံးသွားခဲ့လျှင်...

သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ တားမြစ်စွမ်းအားများမှာ ပျောက်ကွယ်သွားရမည် ဖြစ်သော်လည်း ယခုတော့ ပျောက်ကွယ်မသွားခဲ့ပေ။

သူက မယုံမရဲ မျက်ဝန်းတို့ဖြင့် လောင်ကျွမ်းနေသော မီးတောက်များ၏ ဗဟိုချက်ဆီသို့ စိုက်ကြည့်လိုက်မိသည်။

ထိုစဉ်မှာပင်၊ သက်ရှည်ခြင်းဧကရာဇ်သားတော်တို့ သုံးဦးစလုံးကို လုံးဝ စိတ်ပျက်အားငယ်သွားစေမည့် အသံတစ်ခုမှာ ခပ်တိုးတိုး ထွက်ပေါ်လာတော့သည်။

"နည်းလမ်းက‌တော့ မဆိုးပါဘူး၊ ဒါပေမဲ့... အားနည်းလွန်းတယ်..."

ကျွင်းရှောင်ယောက်၏ အညစ်အကြေးကင်းစင်သော ဝတ်ရုံဖြူကို ဝတ်ဆင်ထားသည့် ပုံရိပ်က လောင်မြိုက်နေသော ရွန်းမီးတောက်များအတွင်းမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

သက်ရှည်ခြင်းဧကရာဇ်သားတော်တို့၏ မျက်ဝန်းအစုံမှာ ရုတ်တရက် ကျုံ့သွားကြ၏။

အကြောင်းမှာ၊ ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ဝန်းကျင်တွင် အဆုံးမဲ့ နိယာမ ရွန်းစာလုံးများ လည်ပတ်နေသောကြောင့်ပင်။

တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ရာနှင့်ချီသော နိယာမများမှာ တစ်ခုနှင့်တစ်ခု ရောယှက်နေကြကြောင်း သိနိုင်သည်။

၎င်းမှာ နိယာမဝတ်ရုံ အလွှာတစ်ခုအဖြစ် ပြောင်းလဲသွားပုံရပြီး မီးတောက်၏ လောင်မြိုက်မှုကို တားဆီးခဲ့ခြင်းပင်။

"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ နိယာမလမ်းစဉ် တစ်ရာကျော်တောင်လား"

သက်ရှည်ခြင်းဧကရာဇ်သားတော်၊ တောက်ဝမ်နှင့် ဝမ့်ယန်တို့မှာ စိတ်ပျက်အားငယ်လွန်းသဖြင့် တုန်တုန်ယင်ယင် ဖြစ်သွားကြသည်။

ဒါက ဘယ်လို မကောင်းဆိုးရွားမျိုးလဲ။

အနှိုင်းမဲ့သော ခန္ဓာကိုယ်...

စွမ်းအားကြီးမားသော ရှေးဦးဝိညာဉ်...

ဒါက လုံးဝကို မျှော်လင့်ချက် ကင်းမဲ့သွားခြင်းပင်။

သက်ရှည်ခြင်းဧကရာဇ်သားတော်၏ မာန်မာနပင်လျှင် ဤအခိုက်အတန့်တွင် ပြိုလဲလုနီးပါး ဖြစ်နေချေပြီ။

သူ၏ မျက်လုံးများက နီရဲလာပြီး ဟိန်းဟောက်လိုက်သည်။

"ကျွင်းရှောင်ယောက်... မင်း ဘာတွေစဉ်းစားနေတာလဲ"

ကျွင်းရှောင်ယောက်က အသာအယာ ပြုံးလိုက်ပြီး ဆို၏။ "ငါ... ငါက မင်းတို့ရဲ့ စိတ်ပျက်အားငယ်မှုကို ကြည့်နေတာပေါ့။ ဒါပေမဲ့ အခုတော့ ငါ နည်းနည်း ငြီးငွေ့လာပြီ။ အဲဒီတော့... အဆုံးသတ်ရမဲ့အချိန် ရောက်ပြီ"

ကျွင်းရှောင်ယောက်က ပြောဆိုပြီးနောက် သူ့လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

သူက လက်ချောင်းငါးချောင်းကို ဖြည်းဖြည်းချင်း ဆုပ်လိုက်၏။

"ကမ္ဘာဦးကျမ်း၊ နတ်ဘုရားများရဲ့ အကျဉ်းထောင်"

All Chapters