အခန်း ၁၄၈၄
Vol. 102 Ch. 1484
အခန်း ( ၁၄၈၄ ) အားလုံး ကျဆုံးခြင်း။
ကျွင်းရှောင်ယောက်၏ အသံမှာ သေမင်း၏ တီးတိုး ရေရွတ်သံကဲ့သို့ပင်။
သူ၏ အသံအဆုံးတွင် ပတ်ဝန်းကျင် ဟင်းလင်းပြင်၌ ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းများ အလွှာလိုက် ပေါ်ထွက်လာသည်။
၎င်းမှာ ငရဲကြီးဆယ့်ရှစ်ထပ် ဖြစ်၏။
ငရဲဘုံများက တစ်ခုနှင့်တစ်ခု ထပ်ရက် ပေါ်ပေါက်လာပြီး သက်ရှည်ခြင်းဧကရာဇ်သားတော်တို့ သုံးဦးမှာ ထိုအထဲသို့ ဆွဲသွင်းခံလိုက်ရတော့သည်။
လျှာဖောက် ငရဲ၊ ကတ်ကြေး ငရဲ၊ သံဆူးသစ်ပင် ငရဲ၊ ပြစ်မှုမြင်ကြေးမုံ ငရဲ၊ ရေနွေးငွေ့ ငရဲ၊ ကြေးနီတိုင်ငရဲ၊ ဆီပူအိုး ငရဲ ၊ ခန္ဓာကိုယ်ပိုင်းဖြတ်ခြင်း ငရဲ...
ဓားတောင် ငရဲ၊ ရေခဲတောင် ငရဲ၊ လျှာဆွဲ ငရဲ၊ ဖိနှိပ်ကြိတ်ချေခြင်း ငရဲ၊ မြှားမိုး ငရဲ၊ သွေးကန် ငရဲ၊ အမြဲမပြတ် ငရဲ၊ အမှောင်ထု ငရဲ၊ သံပူခင်း ငရဲ၊ သံနွား ငရဲ။
မည်သည့် ငရဲမဆို သာမန် သက်ရှိများအတွက် ကြီးစွာသော ညှဉ်းပန်းနှိပ်စက်မှုကြီး ဖြစ်သည်။
ယခုဆိုလျှင်၊ ငရဲကြီးဆယ့်ရှစ်ထပ်စလုံး ပေါ်ပေါက်လာပြီး ထိုနာကျင်မှုနှင့် ဆင်းရဲဒုက္ခမှာ ဖော်ပြ၍ပင် မရနိုင်တော့ပေ။
ထို့ပြင် ကြီးမားသော အပြစ်တရားစွမ်းအား၏ ထောက်ပံ့မှုလည်း ရှိနေသေးသည်။
နတ်ဘုရားများ၏ အကျဉ်းထောင်၏ စွမ်းအားမှာ ပို၍ပင် ထိတ်လန့်စရာ ကောင်းလာခဲ့သည်။
သက်ရှည်ခြင်းဧကရာဇ်သားတော်တို့ သုံးဦးမှာ ချက်ချင်းပင် အပြစ်တရားများ စွန်းထင်သွားတော့သည်။
ရုပ်ခန္ဓာက နာကျင်မှုများကို ခံစားနေရစဉ်မှာပင် သူတို့၏ ရှေးဦးဝိညာဉ်များမှာလည်း အပြစ်တရားစွမ်းအား၏ တိုက်စားညစ်ညမ်းစေမှုကို ခံလိုက်ရချေပြီ။
"မလုပ်ပါနဲ့... ကျွင်းရှောင်ယောက်၊ ငါတို့တွေ ညှိနှိုင်းလို့ ရပါသေးတယ်..."
ဝမ့်ယန်မှာ ထပ်မံ၍ မခံစားနိုင်တော့ပေ။
အသက်သေခါနီးအချိန်တွင် လူဘယ်လောက်များများက စိတ်တည်ငြိမ်မှု ရှိနိုင်ကြမည်နည်း။
သို့သော်လည်း ကျွင်းရှောင်ယောက်ကမူ မည်သည့် ခံစားချက်မျှ မရှိပေ။
သူက ကောင်းကင်ကိုးပါးထက်တွင် မြင့်မြတ်စွာ ရပ်တည်နေသော နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်ပြီး သက်ရှည်ခြင်းဧကရာဇ်သားတော်တို့ကို သေဒဏ်ပေးပြီးသား ဖြစ်သည်။
တောက်ဝမ်ကလည်း တစ်ဆယ့်ရှစ်ထပ်ငရဲအတွင်းမှ ရုန်းထွက်နိုင်ရန် အသည်းအသန် ကြိုးစားလိုက်သည်။
သို့သော်၊ ဒါက အဘယ်သို့ ဖြစ်နိုင်ပါအံ့နည်း။
ကျွင်းရှောင်ယောက်၏ လက်ရှိ ကျင့်ကြံမှုအဆင့်မှာ သူတို့ထက် သာလွန်နေချေပြီ။
ထို့ပြင် ဤအကျဉ်းထောင်မှာ ကျွင်းရှောင်ယောက် ကိုယ်တိုင် ဖန်တီးထားသော မူလတာအို နတ်ဘုရားစွမ်းရည် ဖြစ်သည်။
သူ၏ အခြေခံအကျဆုံး ဝှက်ဖဲ တိုက်ကွက်တစ်ခုလည်း ဖြစ်ပေသည်။
အကယ်၍ ဤတိုက်ကွက်အတွင်းမှ သက်ရှည်ခြင်းဧကရာဇ်သားတော်တို့ လွတ်မြောက်သွားမည်ဆိုလျှင်...
ကျွင်းရှောင်ယောက် ဖန်တီးထားသော မူလတာအိုစွမ်းအားဆိုသည်မှာ အဘယ်မှာအဓိပ္ပာယ်ရှိတော့မည်နည်း။
သူက သူ့ကိုယ်သူ တို့ဖူးနှင့် ရိုက်သတ်လိုက်လျှင်ပင် ပိုကောင်းဦးမည်။
"မင်းလည်း သူတို့နဲ့အတူ သွားလိုက်ပါ... မသေခင်မှာ ငရဲရဲ့ အရသာကို ခံစားကြည့်လိုက်ဦးပေါ့"
ကျွင်းရှောင်ယောက်က လက်ကိုမြှောက်ကာ သက်ရှည်ခြင်းနတ်ဘုရားမကို နတ်ဘုရားများ၏ အကျဉ်းထောင်အတွင်းသို့ ပစ်ထည့်လိုက်သည်။
သက်ရှည်ခြင်းနတ်ဘုရားမမှာလည်း အသည်းအသန် ရုန်းကန်နေ၏။
ပုရွက်ဆိတ်ပင်လျှင် အသက်ရှင်ချင်သေးသည် မဟုတ်ပါလော။
သူကဲ့သို့ အသိရှိသူတစ်ဦးဆိုလျှင် ဆိုဖွယ်ရာ မရှိပေ။
"သခင်လေး... ကျွန်မရဲ့ အသက်ကို ချမ်းသာပေးပါ။ ရှင့်ရဲ့ လျှို့ဝှက်ချက်တွေ အားလုံးကို ကျွန်မ နှုတ်လုံအောင် ထိန်းပါ့မယ်၊ ဘယ်သူ့ကိုမှ မပြောပါဘူး"
"ကျွန်မကို ပိတ်လှောင်ထားလည်း ရပါတယ်။ ရှင့်ရဲ့ တစ်သက်စာ ကျွန်အဖြစ် ခံယူပြီး ကျွန်မကို ကြိုက်သလို စီရင်နိုင်ပါတယ်... နှိပ်စက်နိုင်ပါတယ်... အသက်ရှင်ရရုံနဲ့တင် ကျေနပ်ပါပြီ"
သက်ရှည်ခြင်းနတ်ဘုရားမထံမှ ပြင်းထန်သော ရှင်သန်လိုစိတ်များ ပေါက်ကွဲထွက်လာသည်။
"သက်ရှည်ခြင်းနတ်ဘုရားမ... မင်း ဘာဖြစ်လို့ သူ့ကို တောင်းပန်နေရတာလဲ"
အကျဉ်းထောင်အတွင်း နှိပ်စက်ခံနေရသော သက်ရှည်ခြင်းဧကရာဇ်သားတော်မှာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သွေးတစ်လုပ် အန်မတတ် ဖြစ်သွားသည်။
သက်ရှည်ခြင်းနတ်ဘုရားမက သူ့အပေါ် အမြဲတမ်း သစ္စာရှိခဲ့သူပင် မဟုတ်ပါလော။
"အို... သက်ရှည်ခြင်းဧကရာဇ်အပေါ်မှာ ထားတဲ့ မင်းရဲ့ ယုံကြည်ချက်တွေ ပြိုလဲသွားပြီ ထင်တယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
မျှော်လင့်ချက်ရောင်ခြည်ကို မြင်လိုက်ရသဖြင့် သက်ရှည်ခြင်းနတ်ဘုရားမက အသည်းအသန် ထပ်မံ ပြောလိုက်၏။
"ဟုတ်ပါတယ်... အရင်ကတော့ ကျွန်မ မျက်စိကွယ်ခဲ့လို့ သက်ရှည်ခြင်းဧကရာဇ်သားတော်ကို နံပါတ်တစ်လို့ ထင်ခဲ့မိတာပါ"
"အခုတော့ သိပါပြီ... သခင်လေးနဲ့ နှိုင်းယှဉ်ရင် သူက ရေတွင်းထဲက ဖားတစ်ကောင်... ရွှံ့နွံထဲက ပိုးကောင်တစ်ကောင်ထက် မပိုပါဘူး"
ကျွင်းရှောင်ယောက်၏ မျက်နှာသာပေးမှုကို ရရန်အတွက် သက်ရှည်ခြင်းနတ်ဘုရားမက သက်ရှည်ခြင်းဧကရာဇ်သားတော်ကိုပင် နှိမ်ချပြောဆိုတော့သည်။
မည်သို့ပင်ဆိုစေကာမူ သက်ရှည်ခြင်းဧကရာဇ်သားတော်က သေရတော့မည်ဖြစ်ရာ ဤနေရာမှ ထွက်သွားနိုင်မည်မဟုတ်သလို သူမကိုလည်း လက်စားချေနိုင်မည် မဟုတ်ပေ။
"သက်ရှည်ခြင်းနတ်ဘုရားမ... မင်း မိန်းမယုတ်၊ သူက မင်းကို ကစားနေတာကို မမြင်ဘူးလား"
သက်ရှည်ခြင်းဧကရာဇ်သားတော်၏ မျက်ဝန်းများမှ မီးတောက်များ ထွက်လာတော့မည့်အလား ထင်ရသည်။ သူက ဒေါသကို မထိန်းနိုင်တော့ပေ။
သူ့ကို အမြတ်နိုးဆုံးဟု ထင်ရသောသူကပင် ယခုမူ သူ့ကို ဆဲဆိုနှိမ်ချနေချေပြီ။
ဤကဲ့သို့ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ နှစ်ထပ်ကွမ်း နှိပ်စက်မှုကြောင့် သက်ရှည်ခြင်းဧကရာဇ်သားတော်၏ ရင်ထဲမှာ ဓားနှင့် မွှန်းခံရသကဲ့သို့ ခံစားလိုက်ရသည်။
သူက အဆုံးစွန်သော ဒေါသနှင့် နာကျင်မှုကို နောက်ဆုံးတွင် ခံစားလိုက်ရ၏။
တစ်ဖက်မှာတော့ သက်ရှည်ခြင်းနတ်ဘုရားမမှာ ကျွင်းရှောင်ယောက်၏ရှေ့တွင် ဒူးထောက်ကာ သနားခံနေဆဲ ဖြစ်သည်။
သူက သက်ရှည်ခြင်းဧကရာဇ်သားတော်ကို မထီမဲ့မြင် ကြည့်လိုက်ပြီး ဆိုသည်။
"သခင်လေးရဲ့ ကစားစရာ အဖြစ် ခံယူရတာက နင်နဲ့အတူ သေရတာထက်စာရင် အများကြီး ပိုမြတ်တယ်"
"မင်း... မင်း..."
သက်ရှည်ခြင်းဧကရာဇ်သားတော်မှာ သွေးတစ်လုပ် အန်ထုတ်လိုက်ရလေသည်။
"ဟားဟား... အရမ်းကောင်းတဲ့ ပြကွက်ပဲ။ ခွေးအချင်းချင်း ကိုက်တာကို ကြည့်ရတာ တကယ် စိတ်ဝင်စားစရာကောင်းတယ်။ ဒါပေမဲ့... စိတ်မေကာင်းစရာက မင်းဟာ ငါ့ရဲ့ ကျွန်ဖြစ်ဖို့တောင် အရည်အချင်း မပြည့်မီဘူး"
ကျွင်းရှောင်ယောက်က သက်ရှည်ခြင်းနတ်ဘုရားမကို နတ်ဘုရားများ၏ အကျဉ်းထောင်အတွင်းသို့ တိုက်ရိုက် ပစ်ထည့်လိုက်သည်။
"မလုပ်ပါနဲ့"
သက်ရှည်ခြင်းနတ်ဘုရားမထံမှ စိတ်ပျက်အားငယ်သော အော်ဟစ်သံကြီး ထွက်ပေါ်လာ၏။
"မင်း မိန်းမယုတ်မ... သေပေတော့"
သက်ရှည်ခြင်းဧကရာဇ်သားတော်က သူ၏ အာဃာတများကို သက်ရှည်ခြင်းနတ်ဘုရားမအပေါ်တွင် ပုံချလိုက်ပြီး သူမကို တိုက်ရိုက် သတ်ဖြတ်လိုက်တော့သည်။
ကောင်းကင်ကိုးပါး၏ နံပါတ်တစ် အလှလေးမှာ ဤကဲ့သို့သော နည်းလမ်းမျိုးဖြင့် အဆုံးသတ်သွားလိမ့်မည်ဟု မည်သူမျှ ထင်ထားခဲ့မည် မဟုတ်ပေ။
"ကိုင်း... မင်းတို့လည်း သွားဖို့အချိန်တန်ပြီ"
ကျွင်းရှောင်ယောက်၏ မျက်ဝန်းများတွင် မည်သည့် လှုပ်ခတ်မှုမျှ မရှိပါ။
လက်စားချေမှုက ပြီးဆုံးသွားခဲ့ပြီ။
သို့ရာတွင်၊ ဒါက မြင့်မြတ်ခန္ဓာမျိုးရိုး၏ နာကျင်မှုများအတွက် အမြည်းမျှသာ ရှိပါသေးသည်။
သူ အလိုရှိသည်မှာ သက်ရှည်ခြင်းကျွန်း တစ်ခုလုံးကို သွေးကြွေး ပြန်ဆပ်ရန် ဖြစ်သည်။
မြင့်မြတ်ခန္ဓာမျိုးရိုးမှ ဘိုးဘေးများ၏ သွေးမြေကျခဲ့ရမှုများအတွက် ပြန်ပေးဆပ်စေရမည်။
ကျွင်းရှောင်ယောက်က လက်ကိုမြှောက်လိုက်ပြီး လက်ချောင်းများကို ဖြည်းဖြည်းချင်း ဖမ်းဆုပ်ဟန်ပြုလိုက်သည်။
နတ်ဘုရားများ၏ အကျဉ်းထောင် စွမ်းအားမှာ ထပ်မံ၍ မြင့်တက်လာ၏။
"ဝုန်း"
ပထမဆုံးအနေဖြင့် ဝမ့်ယန်မှာ ထပ်မံ၍ မခံစားနိုင်တော့ဘဲ အဆုံးမဲ့ နာကျင်မှုနှင့် နှိပ်စက်မှုများကြားတွင် ခန္ဓာကိုယ်နှင့် ဝိညာဉ် ကြေမွသွားတော့သည်။
တောက်ဝမ်မှာမူ အသည်းအသန် ကြိုးစားနေဆဲ ဖြစ်သည်။
နောက်ဆုံးတွင်၊ သူက ရှေးဟောင်းသားရဲတစ်ကောင် ဖြစ်သဖြင့် သူ၏ ခန္ဓာကိုယ်မှာ အတော်လေး ခံနိုင်ရည် ရှိသည်။
"အို... ငါ မေ့တော့မလို့ပဲ၊ မင်းမှာ လှည်းဆွဲရမဲ့ တာဝန် ရှိသေးတယ်။ ဒီလိုဆိုမှဖြင့် မင်း အသက်ကို ခဏ ချမ်းသာပေးလိုက်ဦးမယ်"
ကျွင်းရှောင်ယောက်က တောက်ဝမ်ကို လွှတ်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် တောက်ဝမ်၏ ရှေးဦးဝိညာဉ်အတွင်းသို့ တားမြစ်ရွန်းစာလုံးတစ်ခုကို ထည့်သွင်းလိုက်၏။
"မင်း တစ်ခုခု ဖောက်ပြန်ဖို့ ကြံစည်တာ... ဒါမှမဟုတ် နတ်ဘုရားစိတ်အာရုံ နည်းနည်းလောက် ထုတ်လွှင့်ဖို့ ကြိုးစားတာနဲ့တင် အဲဒီရွန်းစာလုံးက မင်းရဲ့ ရှေးဦးဝိညာဉ်ကို တိုက်ရိုက် ပေါက်ကွဲစေလိမ့်မယ်"
"ဒါကြောင့် မင်း လျှို့ဝှက်ချက်ကို ပေါက်ကြားအောင် လုပ်ဖို့ မဖြစ်နိုင်ဘူး။ ကိုယ့်အသက်ကို အလကား အဆုံးရှုံးမခံပါနဲ့"
ဤအခိုက်အတန့်တွင် တောက်ဝမ်၏ တကိုယ်လုံး သွေးချင်းချင်းနီနေသည်။
သူ၏ မျက်လုံးထဲတွင် ကျွင်းရှောင်ယောက်က နတ်ဆိုးတစ်ကောင်ဖြစ်ပြီး သူတို့ကဲ့သို့ ရှေးဟောင်းသားရဲများထက်ပင် ပို၍ ကြမ်းကြုတ်လှပေသည်။
ကျွင်းရှောင်ယောက်၏ စကားကို ကြားသောအခါ သူက မည်သည့်အတွေးမျှ မတွေးရဲတော့ပေ။
နောက်ဆုံးတွင် သက်ရှည်ခြင်းဧကရာဇ်သားတော် တစ်ဦးတည်းသာ ကျန်သည်။
"ကျွင်းရှောင်ယောက်... မင်း ငါ့ကို သတ်လို့ မရဘူး။ ဒီမီးအိမ် မငြိမ်းမချင်း ငါ မသေဘူးကွ"
သက်ရှည်ခြင်းဧကရာဇ်သားတော်က အော်ဟစ်လိုက်သည်။ သူ့လက်ထဲရှိ မီးအိမ်က သူ၏ ရှေးဦးဝိညာဉ်အား ဖျက်ဆီး၍မရအောင် ပြုလုပ်ပေးထားသော စွမ်းအားတစ်ခု ရှိနေပုံရ၏။
မီးအိမ်နှင့် သူက တစ်သားတည်း ဖြစ်နေသကဲ့သို့ပင်။
"စိတ်ဝင်စားစရာပဲ၊ ဒါက ငါ့ရဲ့ အရာအားလုံးရဲ့မိခင်ချီ ဒယ်စောက်အိုးအတွက် အာဟာရ ဖြစ်စေတယ်"
ကျွင်းရှောင်ယောက်က အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးကို ထုတ်ဖော်လိုက်ပြီး နတ်ဘုရားများ၏ အကျဉ်းထောင်အတွင်းသို့ ထည့်လိုက်သည်။
သက်ရှည်ခြင်းဧကရာဇ်သားတော်က ရွှေရောင်မီးအိမ်ဖြင့် အစွမ်းကုန် ခုခံသော်လည်း နောက်ဆုံးတွင် မီးအိမ်မှာ အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုး၏ ဖိနှိပ် ချေဖျက်ခြင်းကို ခံလိုက်ရတော့သည်။
အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုး၏ အရှိန်အဝါများက ထပ်မံ မြင့်တက်လာခဲ့သည်။
၎င်းက အဆင့်တက်မသွားသေးသော်လည်း သိပ်ပြီးလိုတော့ပေ။
အချိန်တန်လျှင် ၎င်းက ထိပ်တန်း ဧကရာဇ်လက်နက်တစ်ခု ဖြစ်လာပေလိမ့်မည်။
"မဖြစ်နိုင်ဘူး..."
သက်ရှည်ခြင်းဧကရာဇ်သားတော်၏ နောက်ဆုံး ဝှက်ဖဲမှာ ပျောက်ကွယ်သွားချေပြီ။
သူ၏ တန်ဖိုးမှာ အမှန်တကယ် ကုန်ဆုံးသွားပြီဟု ဆိုနိုင်သည်။
သက်ရှည်ခြင်းအင်မော်တယ်ကျမ်း ဖြစ်စေ၊ ရွှေရောင်မီးအိမ် ဖြစ်စေ...
ကျွင်းရှောင်ယောက်က အကုန်အစင် ရယူသွားခဲ့ပြီ ဖြစ်သည်။
သူ့တွင် မည်သည့် တန်ဖိုးမျှ မရှိတော့ပေ။
"ကျွင်းရှောင်ယောက်... ငါ့အသက်နဲ့ မင်းကို ကျိန်..."
သက်ရှည်ခြင်းဧကရာဇ်သားတော်က အော်ဟစ်လိုက်သော်လည်း စကားသံမဆုံးမီမှာပင် သူ အသက်ပျောက်သွားတော့သည်။
ခန္ဓာကိုယ်က နှိပ်စက်မှုများအတွင်း ပျက်စီးသွားပြီး ရှေးဦးဝိညာဉ်မှာလည်း ငရဲဘုံအတွင်း၌ ပြာအဖြစ်သို့ လောင်ကျွမ်းသွားခဲ့သည်။
ကောင်းကင်ကိုးပါး နဂါးနှင့်ဖီးနစ်စာရင်း၏ နံပါတ်တစ်... သက်ရှည်ခြင်းဧကရာဇ်သားတော် ကျဆုံးသွားခဲ့ပြီ။
ကွေ့ရှအပျက်အယွင်းနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာမှာလည်း တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားတော့သည်။
တကိုယ်လုံး သွေးများ ယိုစီးနေသော တောက်ဝမ် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။
သူ၏ မျက်ဝန်းများထဲမှာတော့ မကြုံစဖူးသော ကြောက်ရွံ့မှုနှင့် ထုံထိုင်းမှုများ ပြည့်နှက်နေ၏။
သူ၏ တစ်ခုတည်းသော ကျန်ရှိသည့် တန်ဖိုးမှာ ကျွင်းရှောင်ယောက်အတွက် လှည်းဆွဲပေးရမည့် တိရစ္ဆာန်အဖြစ် ရှိနေရခြင်းပင်။
သို့သော်လည်း တောက်ဝမ်မှာ မည်သည့် အတွေးအပိုမျှ မတွေးရဲတော့ပါ။
ကျွင်းရှောင်ယောက်က စစ်မှန်သော ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှု ဆိုသည်မှာ ဘာကိုဆိုလိုကြောင်း သူ့အား ကောင်းကောင်း နားလည်စေခဲ့ပြီ ဖြစ်သည်။
"ဒါက မပြီးသေးပါဘူး၊ အခုမှ အစပဲရှိသေးတာ"
ကျွင်းရှောင်ယောက်က လက်နှစ်ဖက်ကို နောက်သို့ယှက်ကာ ပြုံးလိုက်သည်။
ဤမျှများပြားသော ထိပ်တန်း ပါရမီရှင်များ ကျဆုံးသွားခြင်းက ကောင်းကင်ကိုးပါးကို မည်မျှအထိ တုန်လှုပ်စေမည်ဖြစ်ကြောင်း သူ သိသည်။
ကျွင်းရှောင်ယောက်က ချက်ချင်းပင် လူအများ၏ ပစ်မှတ် ဖြစ်လာတော့မည်။
စစ်မှန်သော မုန်တိုင်းက လာပါဦးမည်။