အခန်း ၁၄၈၉
Vol. 102 Ch. 1489
အခန်း ( ၁၄၈၉ ) နောက်ဆုံးတားမြစ်နယ်မြေ၊ အိပ်မက်ကောင်းကင်ဘုံနှင့် အိပ်မက်ဧကရာဇ်
"ခစ်ခစ်... မောင်လေးရှောင်ယောက်ကလည်း... ဒီနေရာက တကယ့်ကို နူးညံ့ပြီး အေးချမ်းတဲ့ အရပ်ပဲလေ။ တခြားဘယ်ယောင်္ကျားမှ သူတို့အိပ်မက်ထဲမှာတောင် ဒီလိုမျိုး အပြုအစုကို ရမှာမဟုတ်ဘူးနော်"
နတ်ဆိုးဧကရီလေးက ချစ်စဖွယ် ရယ်မောရင်း ပြောလိုက်သည်။
"တော်ပါတော့ဗျာ... ခင်ဗျားတို့ရဲ့ လှုပ်ခါမှုတွေကြောင့် ကျွန်တော်တောင် ခေါင်းနည်းနည်း မူးလာပြီ"
ကျွင်းရှောင်ယောက်က သူ့နဖူးကို လက်နှင့်နှိပ်နယ်ရင်း ပြောလိုက်မိသည်။
ပန်းပေါင်းသောင်းခြောက်ထောင်ကြားတွင် ကျင်လည်ခဲ့သော ကျွင်းရှောင်ယောက်ကဲ့သို့သော သူပင်လျှင် ဤအခြေအနေကို ကြံ့ကြံ့မခံနိုင်တော့ချေ။
နတ်ဆိုးဧကရီလေး၏ ဆွဲဆောင်မှုက ဟော်တုဧကရာဇ်နှင့်ပင် သိပ်မကွာပါ။
ဤကဲ့သို့သော အခြေအနေမျိုးကို မည်သူကများ တောင့်ခံနိုင်ပါမည်နည်း။
"ကဲကဲ... အတည်ပြောကြရအောင်။ ကျွန်တော့်ရင်ထဲမှာ တကယ်ပဲ သံသယတွေ ရှိနေလို့ပါ"
ကျွင်းရှောင်ယောက်၏ မျက်နှာအမူအရာက ရုတ်တရက် လေးနက်သွားခဲ့သည်။
နတ်ဆိုးဧကရီလေး၏ နောက်ကွယ်မှ တည်ရှိမှုနှင့် ပတ်သက်၍ သူ အမှန်တကယ်ပင် စူးစမ်းလိုစိတ် ဖြစ်ပေါ်နေမိသည်။
အကြောင်းမှာ၊ နတ်ဆိုးဧကရီလေး တစ်ယောက်တည်း၏ အင်အားဖြင့် သက်ရှည်ခြင်းကျွန်းနှင့် အခြားသော တားမြစ်နယ်မြေများကို ခြောက်လှန့်ရန်မှာ လုံးဝ မဖြစ်နိုင်သောကြောင့်ပင်။
သူမ၏ နောက်ကွယ်မှ ပုဂ္ဂိုလ်ကြီးကသာ တားမြစ်နယ်မြေများကို တားဆီးနိုင်စွမ်း ရှိနိုင်သည်။
"ရှောင်ယောက်ရဲ့ ရင်ထဲက သံသယတွေကို ယောင်ယောင် သိတာပေါ့။ ပြောရမယ်ဆိုရင် အရာအားလုံးက သခင့်ရဲ့ စီစဉ်မှုတွေပါပဲ"
"ဒီတစ်ခေါက် ရှောင်ယောက်ကို ဝိုင်းရံပိတ်ဆို့မှုကြားကနေ ကယ်ထုတ်ခဲ့တာရော... တားမြစ်နယ်မြေတွေကို ဆန့်ကျင်ခဲ့တာရောက သခင့်ရဲ့ ခွင့်ပြုချက်ကြောင့်ပဲ"
ထိုသခင်အကြောင်းကို ပြောလိုက်သောအခါ နတ်ဆိုးဧကရီလေး၏ မျက်နှာက လေးနက်သွားရသည်။
"သခင်လား"
ကျွင်းရှောင်ယောက် အံ့အားသင့်သွားသည်။
နတ်ဆိုးဧကရီလေးက အမြဲတမ်း ပြုံးရွှင်နေတတ်သော်လည်း သူမ၏ ပင်ကိုယ်စိတ်ဓာတ်မှာ အလွန် မာန်မာနကြီးသူ ဖြစ်ကြောင်း သူသိထား၏။
သူက ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးတွင် ကျော်ကြားသူဖြစ်သော်လည်း သူမကို တွေ့ဆုံခွင့်ရရန်ပင် အရည်အချင်းရှိသူ အလွန်နည်းပါးသည်။
ဤကဲ့သို့ မောက်မာလှသော အမျိုးသမီးတစ်ဦး၌ သခင် ရှိနေသည်ဆိုခြင်းမှာ အမှန်တကယ် မျှော်လင့်မထားသော အချက်ပင်။
ကျွင်းရှောင်ယောက်၏ အံ့သြနေသော မျက်နှာအမူအရာကို မြင်ရသောအခါ နတ်ဆိုးဧကရီလေး၏ မျက်နှာထက်တွင် ထူးဆန်းသော အပြုံးတစ်ခု တစ်ဖန် ပေါ်လာခဲ့သည်။
"ဘာလဲ... ယောင်ယောင်မှာ သခင်ရှိနေတယ်ဆိုတာ သိလိုက်ရတော့ စိတ်ထဲမှာ မသက်မသာ ဖြစ်သွားတာလား"
"အဲလိုတော့ မဟုတ်ပါဘူး"
ကျွင်းရှောင်ယောက်က ခေါင်းယမ်းလိုက်သည်။
"လိမ်မနေပါနဲ့... ယောင်္ကျားတွေအားလုံးက အတူတူပဲ။ အမျိုးသမီးတစ်ယောက်က သူ့ရဲ့လူ ဖြစ်ဖြစ်... မဖြစ်ဖြစ်၊ တခြားယောင်္ကျားတစ်ယောက်ရဲ့ လက်ထဲကို ရောက်သွားမှာကိုတော့ မလိုလားကြဘူးလေ"
"ကျွန်တော် တကယ်ပဲ အဲဒီလို မတွေးမိပါဘူး"
ကျွင်းရှောင်ယောက်က ထပ်မံငြင်းဆိုလိုက်၏။
သူက အမှန်အတိုင်းပင် ပြောလိုက်ခြင်း ဖြစ်သည်။
"စိတ်မပူပါနဲ့... ယောင်ယောင်ရဲ့ သခင်က အမျိုးသမီးတစ်ယောက်ပါ"
နတ်ဆိုးဧကရီလေးက ရယ်မောရင်း ဆိုလိုက်သည်။
"အမျိုးသမီးတစ်ယောက်လား"
ကျွင်းရှောင်ယောက်က ယခုတစ်ကြိမ်တွင် အမှန်တကယ် တုန်လှုပ်သွားရသည်။
သက်ရှည်ခြင်းကျွန်းနှင့် အခြားသော တားမြစ်နယ်မြေများကို တုန်လှုပ်စေနိုင်သော အမျိုးသမီးတစ်ဦးမှာ မည်မျှအစွမ်းထက်ရမည်နည်း။
"ယောင်ယောင်ရဲ့ သခင်မနာမည်က အိပ်မက်ဧကရာဇ်လို့ ခေါ်တယ်။ ကောင်းကင်ကိုးပါးရဲ့ တားမြစ်နယ်မြေ ဆယ်ခုထဲက တစ်ခုဖြစ်တဲ့ အိပ်မက်ကောင်းကင်နယ်မြေရဲ့ အရှင်သခင်ပေါ့"
နတ်ဆိုးဧကရီလေး၏ စကားကြောင့် ကျွင်းရှောင်ယောက်၏ မျက်လုံးအိမ်များ အနည်းငယ် တုန်ခါသွားရသည်။
သူမ၏ သခင်က အမှန်တကယ်ပင် တားမြစ်နယ်မြေတစ်ခု၏ အရှင်သခင် ဖြစ်နေသည်။
ယခုအချိန်တွင်၊ ကောင်းကင်ကိုးပါး၏ တားမြစ်နယ်မြေ ဆယ်ခုလုံးမှာ အကုန်အစင် ပေါ်ထွက်လာခဲ့ကြလေပြီ။
သက်ရှည်ခြင်းကျွန်း၊ ပြန်လည်ဝင်စားခြင်းပင်လယ်၊ မြင့်မြတ်ဝိညာဉ် အပျက်အယွင်း၊ ဧကရာဇ်ကြွေလွင့်တောင်၊ အင်မော်တယ်နတ်ဆိုး ကောင်းကင်ဂူ၊ သားရဲဂူ၊ ရှန်းလင်၊ ဓားသင်္ချိုင်း၊ ခွန်းလွန်းတောင်နှင့် အိပ်မက်ကောင်းကင်နယ်မြေတို့ ဖြစ်ကြသည်။
ထိုအထဲတွင်၊ အိပ်မက်ကောင်းကင်နယ်မြေနှင့် ပတ်သက်၍ ကျွင်းရှောင်ယောက်သည် အခြေခံအားဖြင့် ဘာမျှ မသိသလောက်ပင် ဖြစ်သည်။
၎င်းက ခွန်းလွန်းတောင်ထက်ပင် ပို၍ လူသိနည်းပြီး နှိမ့်ချနေထိုင်ပုံရပေသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ယခုမှသာ သတိပြုမိသွားသည်။
ထိုအကြောင်းကို၊ သူ တစ်ခါမှ မကြားဖူးရခြင်းမှာ အိပ်မက်ကောင်းကင်နယ်မြေက ခွန်းလွန်းတောင်ကဲ့သို့ နှိမ့်ချနေသောကြောင့် မဟုတ်ဘဲ မည်သူမျှ မပြောရဲသောကြောင့်သာ ဖြစ်ပေလိမ့်မည်။
ကောင်းကင်ကိုးပါး၏ သက်ရှိများက အိပ်မက်ကောင်းကင်နယ်မြေအကြောင်းကို ဆွေးနွေးရန်ပင် မဝံ့ရဲကြချေ။
တုကူး ဓားနတ်ဘုရား ကဲ့သို့ပင်၊ ၎င်းမှာ တားမြစ်ချက်တစ်ခု ဖြစ်နေပြီး လူပြောနည်းလှသည်။
"ငါ့ရဲ့ သခင်မကို ကောင်းကင်ကိုးပါးရဲ့ နံပါတ်တစ် အကြမ်းဆုံးပုဂ္ဂိုလ်လို့ ဘာဖြစ်လို့ သတ်မှတ်ကြလဲဆိုတာ မောင်လေရှောင်ယောက် သိရဲ့လား"
နတ်ဆိုးဧကရီလေးက ပြုံးလျက် မေးလိုက်သည်။
ကျွင်းရှောင်ယောက်က ခေါင်းယမ်းပြလိုက်၏။
ကောင်းကင်ကိုးပါး၏ နံပါတ်တစ် အကြမ်းဆုံးပုဂ္ဂိုလ်အဖြစ် ဘွဲ့ရရှိရန် ထိုအမျိုးသမီးက မည်မျှ အစွမ်းထက်ရမည်နည်း။
နတ်ဆိုးဧကရီလေးက ရှင်းပြသည်။
"ဒါက ရှင်းပါတယ်၊ အိပ်မက်ကောင်းကင်နယ်မြေ တစ်ခုလုံးမှာ ငါ့ရဲ့ သခင်မ အိပ်မက်ဧကရာဇ် တစ်ယောက်တည်းပဲ ရှိလို့"
"ဘယ်လို"
ကျွင်းရှောင်ယောက်ပင်လျှင် ယခုအခါ အံ့အားသင့်မှု အရိပ်အယောင်တို့ ပေါ်လာရသည်။
လူတစ်ယောက်တည်းက တားမြစ်နယ်မြေ တစ်ခု ဖြစ်နေသည်မှာ အလွန်ပင် အစွန်းရောက်လှသည်။
လူတကာ စနောက်ခြင်း ခံရသော ဓားသင်္ချိုင်းမှာပင် အထွတ်အထိပ် ရောက်ချိန်က လူတစ်ဒါဇင်ကျော် ရှိခဲ့သည် မဟုတ်ပါလော။
အိပ်မက်ကောင်းကင်ဘုံ၌မူ အိပ်မက်ဧကရာဇ် တစ်ဦးတည်းသာ ရှိနေသည်။
ထို့ပြင် အခြားသော တားမြစ်နယ်မြေများသည်လည်း အိပ်မက်ကောင်းကင်ဘုံကို များစွာ ကြောက်ရွံ့ပုံရကြောင်း ကျွင်းရှောင်ယောက် သတိပြုမိ၏။
အိပ်မက်ဧကရာဇ် တစ်ဦးတည်း၏ အစွမ်းကပင် ဤတားမြစ်နယ်မြေများကို မထိရဲ မခရဲ ဖြစ်အောင် လုပ်နိုင်စွမ်း ရှိနေသလား။
ကျွင်းရှောင်ယောက်က အတွေးနယ်ချဲ့နေမိသည်။
တားမြစ်နယ်မြေများက အိပ်မက်ကောင်းကင်ဘုံကို ကြောက်ရွံ့ရသည့် အကြောင်းရင်းမှာ အိပ်မက်ဧကရာဇ် ကိုယ်တိုင်၏ အစွမ်းက ကောင်းကင်ကို အာခံနိုင်လောက်အောင် အစွမ်းထက်နေခြင်းအပြင်...
နောက်ထပ် အကြောင်းရင်းတစ်ခုမှာ အိပ်မက်ဧကရာဇ်ကတစ်ကိုယ်တည်းသမား ဖြစ်နေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
သူ့တွင် နှောင်ကြိုးများ မရှိပေ။
အကယ်၍ တစ်စုံတစ်ဦးက သူမကို ပြစ်မှားမိပါက၊ သူသည် အချိန်မရွေး တိုက်ခိုက်နိုင်သလို အချိန်မရွေးလည်း ပျောက်ကွယ်သွားနိုင်သည်။
အခြားသော တားမြစ်နယ်မြေများမှာမူ ထိုသို့ လုပ်၍မရချေ။
အကြောင်းမှာ၊ သူတို့၏ အခြေစိုက်ရာ အင်အားစုများက ရှိနေသောကြောင့် ဖြစ်သည်။
ထို့ကြောင့်...
အကယ်၍ အိပ်မက်ဧကရာဇ်ကို ရန်စမိပါက အိပ်မက်ဧကရာဇ်သည် ထိုတားမြစ်နယ်မြေများကို အချိန်မရွေး ပျက်စီးအောင် လုပ်ဆောင်နိုင်သော်လည်း ၎င်းတို့ဘက်မှ အိပ်မက်ဧကရာဇ်ကို လက်စားချေရန်မှာမူ အလွန်ခက်ခဲလိမ့်မည်။
"ဒါပေမဲ့... ကျွန်တော်နဲ့ အိပ်မက်ဧကရာဇ်က ဘာပတ်သက်မှု ရှိလို့လဲ"
ကျွင်းရှောင်ယောက်က ဇဝေဇဝါ ဖြစ်နေမိသည်။
သူနှင့် အိပ်မက်ဧကရာဇ်မှာ လုံးဝ မပတ်သက်ဟု ဆိုနိုင်ပေသည်။
ဤနာမည်ကိုပင် သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်၏။
စင်စစ်တွင်၊ ကျွင်းရှောင်ယောက် မသိခဲ့သည်မှာ မေ့ပျောက်ခြင်းတိုင်းပြည်၌ ရှိစဉ်ကတည်းက အစပြုခဲ့ခြင်း ဖြစ်သည်။
မေ့ပျောက်ခြင်းမြေ၏ အလိုဆန္ဒ ဖြစ်သော ကျွမ်းရှောင်မုံ့က ကောင်းကင်ကိုးပါးမှ ဤကြောက်မက်ဖွယ်ကောင်းသော အမျိုးသမီးအကြောင်းကို ပြောပြဖူးခဲ့သည်။
ဤအမျိုးသမီးက ကျွမ်းရှောင်မုံ့ကဲ့သို့ပင် အိပ်မက်လမ်းစဥ်ကို ကျင့်ကြံသူ ဖြစ်၏။
ထိုစဉ်က ကျွမ်းရှောင်မုံ့သည် ကျွင်းရှောင်ယောက်ကို အထူးတလည် ဆက်ဆံပြီး ဂရုစိုက်ပေးခဲ့ရခြင်းမှာ...
ကျွင်းရှောင်ယောက်၏ ကိုယ်ပိုင်ဆွဲဆောင်မှုအပြင် အိပ်မက်ဧကရာဇ်၏ မျက်နှာကို ထောက်ထားခြင်းမှာလည်း အကြောင်းရင်းတစ်ခု ဖြစ်ခဲ့သည်။
သို့သော်လည်း ကျွမ်းရှောင်မုံ့က ကျွင်းရှောင်ယောက်ကို အသေးစိတ် မပြောပြခဲ့သဖြင့် သူ မသိခဲ့ခြင်းသာ ဖြစ်ပေသည်။
"မင်းနဲ့ သခင်မကြီးကြားမှာ ဘာပတ်သက်မှု ရှိလဲဆိုတာကတော့ သူ့ကို ကိုယ်တိုင် မေးကြည့်ရမှာပဲ။ ယောင်ယောင်လည်း မသိဘူး"
"နောက်ပြီးတော့ ယောင်ယောင်က နတ်ဆိုးနတ်ဘုရားနန်းတော်ကို တည်ထောင်ခဲ့တာကလည်း သခင်မကြီးရဲ့ အလိုဆန္ဒအရ ရှောင်ယောက်ကို တိတ်တဆိတ် စောင့်ကြည့်နေနိုင်ဖို့အတွက်ပဲ"
နတ်ဆိုးဧကရီလေးက လျှို့ဝှက်ချက်များကို ဖွင့်ချလိုက်သည်။
ကျွင်းရှောင်ယောက်မှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရ၏။
အိပ်မက်ဧကရာဇ် ဆိုသော ဤအမျိုးသမီးက သူ့ကို စောစီးစွာကပင် စောင့်ကြည့်နေခဲ့သလော။
သို့ရာတွင်၊ အဘယ်ကြောင့်နည်း။
ဤအကြောင်းရင်းကိုမူ အိပ်မက်ဧကရာဇ်ကို အမှန်တကယ် တွေ့ဆုံပြီးမှသာ သိနိုင်ပေလိမ့်မည်။
"အိပ်မက်ကောင်းကင်ဘုံက ဘယ်မှာလဲ"
ကျွင်းရှောင်ယောက်က မေးလိုက်သည်။
နတ်ဆိုးဧကရီလေးက သူမ၏ ကျောက်စိမ်းကဲ့သို့ ဖြူဝင်းသော လက်ညှိုးလေးကို ထုတ်၍ တစ်နေရာသို့ ညွှန်ပြလိုက်၏။
"ဟော... ဟိုမှာလေ"
ကျွင်းရှောင်ယောက်က လှမ်းကြည့်လိုက်ပြီး ဆွံ့အသွားရ၏။
နတ်ဆိုးဧကရီလေး ညွှန်ပြနေသော နေရာမှာ ကြီးမားပြီး တောက်ပလှသော လမင်းကြီး ရှိရာဆီသို့ပင် ဖြစ်သည်။
ကျွင်းရှောင်ယောက်က ကောင်းကင်ကိုးပါးသို့ စတင်ရောက်ရှိစဉ်ကတည်းက ဤလမင်းကြီး တစ်စင်းတည်းသာ ရှိသည်ကို သတိထားမိခဲ့သည်။
ဤလမင်းကြီး၏ အလင်းရောင်က ကောင်းကင်ကိုးပါးတစ်ခုလုံးနှင့် အပျက်အယွင်းနယ်မြေ အပေါ်သို့ ဖြာကျနေ၏။
အိပ်မက်ကောင်းကင်ဘုံက အမှန်တကယ်ပင် ဤလမင်းကြီးအတွင်း၌ ရှိနေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
ဆန်းကြယ်သော အိပ်မက်ဧကရာဇ်က ဤလမင်းကြီးအတွင်း၌ နေထိုင်ကာ ကိုးပါးကောင်းကင်ရှိ သက်ရှိအားလုံးကို အထက်စီးမှ ကြည့်နေခဲ့သည်။
"ကောင်းပြီလေ... ဒါဆိုရင် အိပ်မက်ကောင်းကင်ဘုံကို တိုက်ရိုက်သွားကြရအောင်"
ကျွင်းရှောင်ယောက်က အလွန်ပင် သိချင်နေမိသည်။
သူနှင့် အိပ်မက်ဧကရာဇ်မှာ တစ်ခါမျှ မဆုံဖူးခဲ့ကြချေ။
အဘယ်ကြောင့် အိပ်မက်ဧကရာဇ်က သူ့ကို တိတ်တဆိတ် ဂရုစိုက်နေရသနည်း။
သူက တားမြစ်နယ်မြေများကို ဆန့်ကျင်ပြီး သူ့ကို ကာကွယ်ပေးရသည်အထိပင်။
ဒါက သူ၏ ချောမောခန့်ညားမှုကြောင့်လား။
ကျွင်းရှောင်ယောက်က မိမိကိုယ်မိမိ ပြန်မေးလိုက်မိသည်။
သူ၏ ရုပ်ရည်မှာ မိန်းကလေးပေါင်း ထောင်သောင်းချီကို ပြာယာခတ်သွားစေနိုင်သည်မှာ မှန်သော်လည်း...
အိပ်မက်ဧကရာဇ်၏ အဆင့်အတန်းနှင့် ဤမျှ အပေါ်ယံဆန်လိမ့်မည် မဟုတ်ပေ။
ထို့ပြင် ပြန်လည်ဝင်စားသူဖြစ်သော တိဟောက်ထျန်းသည်လည်း အစပိုင်းတွင် နတ်ဆိုးဧကရီလေးနှင့် ပူးပေါင်းရန် ရွေးချယ်ခဲ့သည်။
၎င်းမှာ နတ်ဆိုးဧကရီလေး၏ နောက်ကွယ်တွင် မည်မျှ အစွမ်းထက်သော တည်ရှိမှုကြီး ရှိနေသည်ကို သူ သိထားသောကြောင့်ပင် ဖြစ်လိမ့်မည်။
ဤအချက်မှာ ကျွင်းရှောင်ယောက်၏ ရင်ထဲတွင် စူးစမ်းလိုစိတ်ကို ပို၍ပင် နှိုးဆွပေးလိုက်သည်။
အိပ်မက်ဧကရာဇ်၏ စစ်မှန်သော မျက်နှာကို သူ မြင်ချင်နေမိတော့သည်။