အခန်း ၁၄၉၀
Vol. 102 Ch. 1490
အခန်း ( ၁၄၉၀ ) ကောင်းကင်ကိုးပါး၏ စစ်မှန်သော နံပါတ်တစ် အလှပိုင်ရှင်။
ကျွင်းရှောင်ယောက်နှင့် အခြားသူများက အိပ်မက်ကောင်းကင်ဘုံသို့ အလျင်အမြန် ခရီးနှင်နေကြစဉ်...
အခြားတစ်ဖက်... အင်မော်တယ်နယ်မြေကြီး၏ မသိနိုင်သော အမှောင်ကြယ်စုတန်းတစ်ခုအတွင်း၌...
အနက်ရောင်ဝတ်ရုံခြုံထားသော လူအချို့ ပေါ်ထွက်လာခဲ့သည်။
သူတို့၏ အရှိန်အဝါများက အလွန်ပင် ကြောက်မက်ဖွယ်ကောင်းပြီး သေခြင်းတရား၏ အငွေ့အသက်များ ပြည့်နှက်နေ၏။
၎င်းတို့မှာ မြေအောက်ကမ္ဘာမှ လူများပင် ဖြစ်သည်။
"ဧကရာဇ်သားတော် သုံးဦးစလုံး ကျဆုံးသွားပြီ ထင်တယ်"
အနက်ရောင်ဝတ်ရုံခြုံထားသူတစ်ဦးက အေးစက်စွာ ဆိုလိုက်သည်။
"ဟင်း၊ ဒီလူငယ်တွေ အရမ်းပေါ့ဆသွားတာပဲ"
နောက်ထပ်တစ်ဦးက သက်ပြင်းချရင်း ရေရွတ်လိုက်၏။
"တကယ်တော့... သူတို့ ပေါ့ဆတယ်လို့တော့ ပြောလို့မရပါဘူး။ သူတို့က ကောင်းကောင်း ပြင်ဆင်ခဲ့ကြတာပဲလေ။ ကောင်းကင်ကိုးပါးက ထိပ်တန်း ပါရမီရှင်တွေနဲ့တောင် ပူးပေါင်းခဲ့သေးတာ။ ကျွင်းရှောင်ယောက်ရဲ့ အစွမ်းက သူတို့ ခန့်မှန်းထားတာထက် ပိုပြီး အစွမ်းထက်နေလို့သာ ဖြစ်လိမ့်မယ်"
"ဒါကို ဒီအတိုင်းပဲ ထားလိုက်တော့မှာလား"
မြေအောက်ကမ္ဘာ၏ ဧကရာဇ်သားတော် သုံးဦးမှာ အလောင်းသန့်စင်ခြင်းခန်းမ၊ အမှောင်ဘုရင်ခန်းမနှင့် တစ္ဆေခန်းမတို့မှ ပါရမီရှင်များ ဖြစ်ကြပြီး ၎င်းတို့ကို ပျိုးထောင်ရန်အတွက် အရင်းအမြစ်များစွာ အသုံးပြုခဲ့ရပေသည်။
"ခဏသည်းခံပြီး စောင့်နေလိုက်ပါ... သုတ်သင်ရှင်းလင်းမှုကြီး ရောက်လာတော့မယ်။ သက်ရှည်ခြင်းကျွန်းက ပုဂ္ဂိုလ်ကြီးက ဒီအခွင့်အရေးကို သုံးပြီး မြင့်မြတ်ခန္ဓာမျိုးရိုးကို အမြစ်ပြတ် သုတ်သင်လိမ့်မယ်။ ကျွင်းမိသားစုတောင် ဒီဘေးထဲမှာ ပါသွားနိုင်တယ်"
"အဲဒီအချိန်က ကျုပ်တို့ မြေအောက်ကမ္ဘာအတွက် မြင့်မြတ်ခန္ဓာရဲ့ သွေးကို ရဖို့ အခွင့်အရေးပဲ။ ကျွင်းရှောင်ယောက်ရဲ့ မြင့်မြတ်ခန္ဓာတာအိုသန္ဓေ သွေးတွေနဲ့ စစ်မှန်တဲ့ ကစဉ့်ကလျားသွေးကို ရနိုင်ရင် ကျုပ်တို့ မြေအောက်ကမ္ဘာရဲ့ အစီအစဉ်က ကြီးမားတဲ့ ခြေလှမ်းတစ်လှမ်း တက်လှမ်းနိုင်လိမ့်မယ်"
"အင်မော်တယ်ခုံရုံး၊ ကျွင်းမိသားစုနဲ့ ကောင်းကင်ကိုးပါး တားမြစ်နယ်မြေတွေ အချင်းချင်း သတ်ဖြတ်နေကြတဲ့အချိန်မှာ နောက်ဆုံးမှ ကျုပ်တို့ မြေအောက်ကမ္ဘာက အသီးအနှံကို ခူးဆွတ်ရမယ်။ အဲဒီနေ့လည်း ရောက်ဖို့ မဝေးတော့ပါဘူး...."
...............
ကောင်းကင်ကိုးပါးတွင်၊ ကျွင်းရှောင်ယောက်နှင့် အခြားသူများက နောက်ဆုံးတွင် အိပ်မက်ကောင်းကင်ဘုံသို့ ချဉ်းကပ်လာခဲ့ကြပြီ ဖြစ်သည်။
စင်စစ်တွင်၊ လမ်းညွှန်ရန်ပင် မလိုအပ်ဘဲ လမင်းကြီးရှိရာသို့ ဦးတည်သွားရခြင်း ဖြစ်၏။
သို့သော်လည်း လူတိုင်းကတော့ ထိုနေရာသို့ ဝင်ရောက်နိုင်ခြင်း မရှိချေ။
လမင်းကြီးနှင့် အတိုင်းအတာတစ်ခုအထိ နီးကပ်သွားသောအခါ မည်သို့ပင် ဆက်သွားစေကာမူ အကွာအဝေးတစ်ခုက ခြားနားနေမည်သာ ဖြစ်သည်။
"အထူး အစီရင် ကန့်သတ်ချက်တွေ ရှိနေတာလား"
ကျွင်းရှောင်ယောက်က မေးလိုက်သည်။
နတ်ဆိုးဧကရီလေးက ရှေ့သို့တိုးလာကာ ထူးခြားသော တံဆိပ်တော်တစ်ခုကို ပြုလုပ်ရင်း ပြောလိုက်၏။
"အိပ်မက်ကောင်းကင်ဘုံက ပြင်ပလူတွေကို လုံးဝ လက်ခံတာ မဟုတ်ဘူး။ အရင်က ဒီမှာ ငါနဲ့ သခင်မကြီး နှစ်ယောက်ပဲ ရှိခဲ့တာ။ နောက်ပိုင်း ငါက အင်မော်တယ်နယ်မြေကြီးကို ဆင်းသက်သွားတော့ သခင်မကြီး တစ်ယောက်တည်းပဲ ကျန်ခဲ့တာပေါ့"
ကျွင်းရှောင်ယောက်လည်း နားထောင်နေရင်း အတွေးတစ်မျိုး ဝင်လာမိသည်။
အမျိုးသမီးတစ်ဦးက လမင်းကြီးပေါ်တွင် တစ်ကိုယ်တည်း နှစ်ပေါင်းများစွာ နေထိုင်နေခဲ့သည်ဆိုခြင်းမှာ အလွန်ပင် အထီးကျန်ဆန်သော အလှတရားတစ်ခုပင် ဖြစ်ပေလိမ့်မည်။
နတ်ဆိုးဧကရီလေး၏ တံဆိပ်တော်အောက်တွင် နိယာမသံကွင်းဆက်ကြိုးများ ယှက်နွယ်သွားပြီး လမင်းကြီးပေါ်မှ တံတားတစ်ခု သွယ်တန်းလာခဲ့သည်။
"သွားကြစို့"
နတ်ဆိုးဧကရီလေးက အရင်ဆုံး တက်လှမ်းသွားပြီး ကျွင်းရှောင်ယောက်နှင့် ရန်ယုမန်တို့က နောက်မှ လိုက်ပါသွားကြသည်။
ဆန်းကြယ်သော မြင်ကွင်းအပြောင်းအလဲများ ဖြစ်ပေါ်ပြီးနောက် သူတို့က လအပေါ်သို့ ရောက်ရှိသွားကြ၏။
လမင်းအပေါ်သို့ ခြေချလိုက်သည်နှင့် ရန်ယုမန်မှာ အံ့သြခြင်းများစွာဖြင့် ရေရွတ်လိုက်မိသည်။
"လှလိုက်တာ"
ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင်၊ လမင်းက နတ်ဘုံနတ်နန်းကဲ့သို့ အပြစ်ပြောစရာမရှိသော မြင့်မြတ်မြေအဖြစ် တည်ရှိနေသည်။
လှပသော တောင်တန်းများ၊ ထူထပ်သော တောအုပ်များနှင့် ရှုခင်းအမျိုးမျိုးမှာ အဆုံးမရှိပေ။
သမင်များ၊ မြေခွေးများ၊ ဝိညာဉ်ငှက်များ၊ ကြိုးကြာငှက်များ၊ မက်မွန်သီးပင်များနှင့် ဝါးပင်များဖြင့် စုံလင်လှချေသည်။
ပေတစ်ထောင်မြင့်မားသော ရေတံခွန်ကြီးမှာလည်း ကိုးပါးကောင်းကင်မှ နဂါးငွေ့တန်းကြီး ကျလာသကဲ့သို့ စီးဆင်းနေပြီး ဖြူလွလွ မြူခိုးများကို ဖြစ်ပေါ်စေသည်။
သို့သော်... ကျွင်းရှောင်ယောက်ကို ပို၍ အံ့သြစေသည်မှာ အင်မော်တယ် အရင်းအမြစ်များ စီးဆင်းနေသည့် စိမ့်စမ်းရေတွင်းတစ်ခုကို မြင်တွေ့လိုက်ရခြင်းပင်။
အင်မော်တယ် မြူခိုးများမှာ ထူထပ်လှပြီး အင်မော်တယ် အလင်းတန်းများမှာလည်း မိုးပြာနဂါး၊ ကျားဖြူ၊ ဖီးနစ်နှင့် လိပ်နက် စသည့် သားရဲကြီးများအသွင်သို့ အစဉ်မပြတ် ပြောင်းလဲနေကြသည်။
ဤစမ်းရေတွင်းထဲမှ အင်မော်တယ်ဓာတ်စွမ်းအင် ပမာဏမှာ ကျွင်းရှောင်ယောက် ယခုအချိန်အထိ ရရှိထားသမျှ အားလုံးထက်ပင် ပို၍ များပြားသည်။
ထို့ပြင်၊ ဤအင်မော်တယ် စမ်းရေတွင်းမှာ ကျင့်ကြံရန်အတွက် မဟုတ်ဘဲ အလှဆင်ရန်အတွက်သာ ထားရှိခြင်း ဖြစ်ပုံရသဖြင့် ကျွင်းရှောင်ယောက်မှာ ဆွံ့အသွားရတော့သည်။
'သူက တကယ်ပဲ ချမ်းသာတဲ့ အမျိုးသမီးလား'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ ရေရွတ်မိလိုက်သည်။
ကျွင်းရှောင်ယောက်က တည်ငြိမ်သူဖြစ်၍သာ တော်တော့သည်။
အခြားသူသာ မြင်လျှင် မနာလိုလွန်းသဖြင့် ချက်ချင်း တူးဆွယူမိလိမ့်မည် ဖြစ်သည်။
"သခင်မကြီးက ရှောင်ယောက်လာမယ်ဆိုတာ ကြိုသိနေပုံရတယ်"
နတ်ဆိုးဧကရီလေးက ပြောလိုက်သည်။
"ဘာဖြစ်လို့ အဲလိုပြောရတာလဲ"
"တကယ်တော့ ဒီနေရာရဲ့ မြင်ကွင်းတွေက သခင်မရဲ့ စိတ်အခြေအနေပေါ် မူတည်ပြီး ပြောင်းလဲနေတာလေ။ သခင်မကြီးရဲ့ စိတ်ထဲမှာ အေးစက်နေရင် ဒီနေရာမှာ နှင်းတွေ ဖုံးလွှမ်းနေလိမ့်မယ်။ တကယ်လို့ သခင်မ အထီးကျန်နေရင်တော့ ဒီမြေပြင်က ခြောက်သွေ့နေလိမ့်မယ်"
နတ်ဆိုးဧကရီလေးက ရှင်းပြလိုက်သည်။
"တကယ်ကို ဆန်းကြယ်တာပဲ"
ရန်ယုမန်မှာလည်း ကမ္ဘာကြီးကို ပထမဆုံးအကြိမ် မြင်ဖူးသည့် ကလေးငယ်တစ်ဦးကဲ့သို့ အံ့သြနေလေသည်။
မကြာမီ၊ နတ်ဆိုးဧကရီလေး၏ ဦးဆောင်မှုဖြင့် ဝိညာဉ်တောင်ဘေးတွင် တည်ရှိသော နန်းတော်ကြီးတစ်ခုသို့ ရောက်လာခဲ့သည်။
နန်းတော်က ငွေရောင်အလင်းတန်းများမှာ တောက်ပနေပြီး အင်မော်တယ် အငွေ့အသက်များ ဝိုင်းရံနေသဖြင့် ဒဏ္ဍာရီလာ လနန်းတော်ကဲ့သို့ပင် ဖြစ်နေတော့သည်။
"သွားကြစို့၊ သခင်မ အထဲမှာ ရှိနေတယ်"
နတ်ဆိုးဧကရီလေးက ကျွင်းရှောင်ယောက်ကို နန်းတော်အတွင်းသို့ ခေါ်ဆောင်သွားသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်မှာ ထူးခြားသော ဖိအား သို့မဟုတ် အရှိန်အဝါမျိုးကို မခံစားရသဖြင့် ထူးဆန်းနေမိလေသည်။
၎င်းမှာ လျှို့ဝှက်ဆန်းကြယ်သော အိပ်မက်ဧကရာဇ်က အလွန်ပင် နက်ရှိုင်းသော အဆင့်အတန်းသို့ ရောက်ရှိနေခြင်းကြောင့် ဖြစ်သည်။
သူက တမင်တကာ ထုတ်မပြလျှင် အောက်ဘက်အဆင့်ရှိသူများအနေဖြင့် သူမ၏ အရှိန်အဝါကို လုံးဝ ခံစားနိုင်မည် မဟုတ်ပါ။
ကျွင်းရှောင်ယောက်က နန်းတော်အတွင်းသို့ ဝင်လိုက်သည်နှင့် အခြားကမ္ဘာတစ်ခုအတွင်းသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
အကြောင်းမှာ၊ သူက စကြဝဠာကြီးတစ်ခုအတွင်းသို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။
စကြဝဠာ နဂါးငွေ့တန်း၏ အဆုံးသတ်တွင်မူ တောက်ပသော ကြယ်တာရာများဖြင့် ဖန်တီးထားသော ပလ္လင်တော်တစ်ခု ရှိနေသည်။
ထိုပလ္လင်တော်ပေါ်တွင်မူ သွယ်လျလှပသော ပုံရိပ်တစ်ခု ထိုင်နေလေ၏။
၎င်းမှာ ပန်းချီပညာရှင်၏ စုတ်ချက်ဖြင့် ရေးသားဖော်ပြရန်ပင် ခက်ခဲလှသော အမျိုးသမီးတစ်ဦး ဖြစ်သည်။
သူမ၏ မျက်နှာက အိပ်မက်ဆန်သော ခံစားချက်ကို ပေးစွမ်းပြီး လူများ မြင်တွေ့ချင်သည့်တိုင် စစ်မှန်သော ပုံရိပ်ကို မမြင်နိုင်သကဲ့သို့ပင်။
မြူခိုးကြားမှ ပန်းများကို ကြည့်နေရသကဲ့သို့ ဝေဝါးဝါး ဖြစ်သည်။
သူမ၏ ဝတ်စုံမှာတော့ အလွန်ပင် ရိုးရှင်းသည်။ အဖြူရောင် ဝတ်ရုံရှည်ကြီးကို ကျောက်စိမ်းခါးစည်းကြိုးဖြင့် ပတ်ထား၏။
သူ့တွင် နတ်ဆိုးဧကရီလေးကဲ့သို့ ထင်ရှားသော ခန္ဓာကိုယ် ကောက်ကြောင်းများ မရှိသော်လည်း ပြီးပြည့်စုံသော အလှတရားမျိုး ရှိသည်။
သူမ၏ ဆံနွယ်ရှည်များမှာ ခြေကျင်းဝတ်အထိ ကျဆင်းနေပြီး ရွှဲအိနေလေသည်။
သူက ဖိနပ်စီးမထားသောကြောင့် ကျောက်စိမ်းကဲ့သို့ ဖြူစင်ပြီး အပြစ်ပြောစရာမရှိအောင်ပင် လှပသော ခြေအစုံကို မြင်ရသည်။
၎င်းမှာ နတ်မိမယ်တစ်ဦးကဲ့သို့လည်းကောင်း... အိပ်မက်တစ်ခုကဲ့သို့လည်းကောင်း... စိတ်ကူးပုံရိပ်ယောင်တစ်ခုကဲ့သို့လည်းကောင်း... ဆန်းကြယ်လှသော အမျိုးသမီးတစ်ဦးပင်။
သူ့ကို တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ဒူးထောက်ဝတ်ပြုချင်သော ခံစားချက်မျိုး ပေါ်ပေါက်လာစေနိုင်သည်။
ယခင်က သက်ရှည်နတ်ဘုရားမကို ကောင်းကင်ကိုးပါး၏ နံပါတ်တစ် အလှပိုင်ရှင်ဟု သတ်မှတ်ခဲ့ကြသော်လည်း...
အိပ်မက်ဧကရာဇ်နှင့် တွေ့ဆုံပြီးနောက်မှ ထိုအမည်မှာ မမှန်ကန်တော့ကြောင်း သိလိုက်ရပေသည်။
အိပ်မက်ဧကရာဇ်က အလွန်ပင် အေးအေးဆေးဆေး နေတတ်ပြီး လူမြင်ကွင်းသို့ ထွက်လေ့မရှိသောကြောင့်သာ လူမသိကြခြင်း ဖြစ်မည်။
"ယောင်ယောင်က သခင်မကို ဂါရဝပြုပါတယ်"
နတ်ဆိုးဧကရီလေးက ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။
သူမ၏ ပုံမှန် ဆွဲဆောင်မှုရှိသော အမူအရာနှင့် မတူဘဲ ယခုအချိန်တွင် အလွန်ပင် တည်ငြိမ်လေးနက်နေချေသည်။
"အငယ်လေး ကျွင်းရှောင်ယောက်က၊ အကြီးအကဲ အိပ်မက်ဧကရာဇ်ကို ဂါရဝပြုပါတယ်"
ကျွင်းရှောင်ယောက်သည်လည်း အနည်းငယ် ဦးညွှတ်လိုက်သည်။
ရန်ယုမန်သည်လည်း ယဉ်ကျေးစွာဖြင့် ဂါရဝပြုလိုက်၏။
အိပ်မက်ဧကရာဇ်သည် သူမ၏ အကြည့်ကို ကျွင်းရှောင်ယောက်ဆီသို့ ပို့လွှတ်လိုက်သည်။
ထိုအကြည့်ဖြင့် မျက်ဝန်းများမှာ ကြယ်တာရာများကဲ့သို့ တောက်ပနေပြီး ကြည်လင်သော ရေကဲ့သို့ စူးရှပြီး နက်ရှိုင်းလှ၏။
ကျွင်းရှောင်ယောက်က သူ့ကို တစ်ဖက်လူက ဖောက်ထွင်းမြင်နေရသကဲ့သို့ ခံစားလိုက်ရသည်။
၎င်းမှာ စိတ်အထင်လား သို့မဟုတ် အမှန်တကယ်လားဆိုသည်ကို သူ မသိချေ။
သို့သော်လည်း...
ထူးဆန်းသည်မှာ၊ အိပ်မက်ဧကရာဇ်ကို ပထမဆုံး မြင်လိုက်ရသည့် အခိုက်အတန့်၌...
ကျွင်းရှောင်ယောက်သည် ထူးဆန်းသည့် ရင်းနှီးကျွမ်းဝင်မှုမျိုးကို ခံစားလိုက်ရသည်။
ဤကဲ့သို့သော ရင်းနှီးမှုမျိုးက ကျွင်းရှောင်ယောက် ကိုယ်တိုင်ပင်လျှင် နားမလည်နိုင်သော ခံစားချက်တစ်ခုပင်။