← Chapters

အခန်း ၁၄၉၃

Vol. 103 Ch. 1493

အခန်း ၁၄၉၃

Vol. 103 Ch. 1493

အခန်း ( ၁၄၉၃ ) ရှန်းလင်သို့။

ကျွင်းရှောင်ယောက်သည် ပုံမှန်အားဖြင့် ကျင့်ကြံခြင်း၌သာ အာရုံစိုက်လေ့ရှိသူ ဖြစ်သည်။

သူသည် ဤကဲ့သို့သော သံယောဇဉ်နှင့် အချစ်ရေးကိစ္စများကို အထူးတလည် ဂရုစိုက်လေ့မရှိပေ။

အရာအားလုံးကို သဘာဝအတိုင်းသာ ဖြစ်ပျက်ခွင့် ပေးထားတတ်သည်။

သို့ရာတွင်...

သူ့ကို ဂရုမစိုက်တတ်သူဟု ဆိုသော်လည်း ကျွင်းရှောင်ယောက်က နှလုံးသားမရှိသော လူသားတစ်ဦးဟု မဆိုလိုပါ။

သူ၏ ခံစားချက်များကို ထုတ်ပြခဲရုံသာ ဖြစ်သည်။

ကျန်းလော့လီသည် သူ့ကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့စဉ်က နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့သည့်အလား တမ်းတခဲ့သည့် အကြည့်များကို သူ မှတ်မိနေသည်။

ကြေးအင်မော်တယ်နန်းတော်အတွင်း သူ ပိတ်မိနေစဉ်အတွင်း ဝိညာဉ်မီးအိမ် ငြိမ်းသွားခဲ့စဉ်က ကျန်းစန်းယီ၏ ပူဆွေးသောကရောက်ခဲ့ရမှုများကိုလည်း သူ မေ့လျော့မသွားခဲ့ချေ။

ထို့ကြောင့်ပင် သူက ထိုအမျိုးသမီးနှစ်ဦးအတွက် ကတိတစ်ခု ပေးဆပ်ရန် လိုအပ်နေပြီ ဖြစ်သည်။

ကျွင်းရှောင်ယောက်အနေဖြင့် မင်္ဂလာဆောင်ပွဲအစား စေ့စပ်ပွဲကိုသာ ရွေးချယ်ခဲ့ရသည့် အကြောင်းရင်းမှာမူ သူ လုပ်ဆောင်စရာများစွာ ကျန်ရှိနေသေးသောကြောင့်ပင်။

နောက်ဆက်တွဲအနေဖြင့် ဖြစ်ပေါ်လာမည့် ကပ်ဘေးအမျိုးမျိုးကို သူ ရင်ဆိုင်ရဦးမည်။

ဤကဲ့သို့သော အခြေအနေဝယ် ကျွင်းရှောင်ယောက်အတွက် မိသားစုတစ်ခုကို ချက်ချင်း တည်ထောင်ရန်မှာ အာရုံစိုက်ရန် ခက်ခဲလှပေသည်။

ကလေးယူရန်ကိစ္စဆိုလျှင် ပို၍ပင် ဆိုဖွယ်မရှိတော့ချေ။

စေ့စပ်ပွဲဆိုက ထိုအမျိုးသမီးနှစ်ဦးအတွက် ပေးအပ်သော ကတိတစ်ခုဖြစ်သကဲ့သို့...

သူတို့၏ ဂုဏ်သိက္ခာအတွက် အထူးလက္ခဏာတစ်ခု ပေးအပ်ခြင်းလည်း ဖြစ်သည်။

ဒါက သူတို့နှစ်ဦးကို စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ခွင့်ပေးလိုက်ခြင်းပင်။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့်တိုင်အောင် သူတို့၏ အဖော်ပြုပေးမှုများအတွက် အသိအမှတ်ပြု

ခြင်းလည်း ဖြစ်သည်။

'အရင်ဆုံး ရှန်းလင်ကို သွားရမယ်'

ကျွင်းရှောင်ယောက်က စိတ်ကူးမိသည်နှင့် သားရဲဘုရင်လေးပါးဆွဲသော ရထားလုံးကို စီးနင်းကာ ရှန်းလင်သို့ တိုက်ရိုက် ဦးတည်ထွက်ခွာခဲ့တော့သည်။

.............

ရှန်းလင်၏နယ်မြေမှာ နတ်ဘုရားတို့ စံမြန်းရာ နယ်မြေတစ်ခုကဲ့သို့ပင် လှပတင့်တယ်သည်။

လျိုချုံးယန်၊ ယွင်ထျန်းမေနှင့် အခြားသူများမှာတော့ ပြန်လည်ရောက်ရှိနေကြပြီ ဖြစ်သော်လည်း သူတို့မှာ ရင်ခုန်စိတ်လှုပ်ရှားနေကြသေးသည်။

နောက်ဆုံးတွင်၊ အပျက်အယွင်းနယ်မြေသို့ သွားရောက်ခဲ့သော ခရီးစဉ်က သူတို့အား အလွန်ပင် ထိတ်လန့်တုန်လှုပ်စေခဲ့သည်။

ကောင်းကင်ကိုးပါး၏ နဂါးနှင့်ဖီးနစ်စာရင်းဝင် ပုဂ္ဂိုလ်များမှာ ကျွင်းရှောင်ယောက် တစ်ဦးတည်းကြောင့် ကြွေလွင့်ပျက်စီးခဲ့ရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့ပါမည်နည်း။

ယခုအခါ အဆင့်တစ်ဆယ်ကျော်၊ နှစ်ဆယ်ဝန်းကျင်ရှိသော သူတို့ကဲ့သို့ ပါရမီရှင်များပင်လျှင် ထိပ်ဆုံးဆယ်ဦးစာရင်းထဲသို့ ရောက်ရှိသွားနိုင်ခြေ ရှိနေချေပြီ။

ကျွင်းရှောင်ယောက်က ကောင်းကင်ကိုးပါးရှိ တားမြစ်နယ်မြေများမှ မျိုးဆက်သစ်များကို လက်တစ်ဖက်တည်းဖြင့် ချေမှုန်းပစ်ခဲ့သည်နှင့်ပင် တူလှသည်။

၎င်းက အမှန်တကယ် မှင်တက်ဖွယ်ရာ ကောင်းပေသည်။

"တကယ်လို့ လော့လီသာ တံခါးပိတ်ကျင့်ကြံခြင်းကနေ ထွက်လာရင် ဘယ်လောက်တောင် အံ့ဩဝမ်းသာသွားမလဲ မသိဘူး"

ယွင်ထျန်းမေက သက်ပြင်းချရင်း ဆိုလိုက်သည်။

တစ်ချိန်တည်းမှာပင် သူမ၏ မျက်ဝန်းများ၌ အားကျရိပ်များလည်း ယှက်သန်းနေလေသည်။

"ထျန်းမေကတော့ စိတ်ကူးယဉ်ပြန်ပြီ ထင်တယ်"

လျိုချုံးယန်က ပြုံးစစဖြင့် စနောက်လိုက်သည်။

ယွင်ထျန်းမေက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း အေးစက်စွာ ပြောလိုက်၏။

"ဒါက ရှင်နဲ့ မဆိုင်ပါဘူး"

"ဟင်း... ကျွန်မက ကျွင်းသခင်လေးကို ဆွဲဆောင်ဖို့ ကြံစည်ထားသေးတာ။ ဒါပေမဲ့ သူက ကောင်းကင်ကိုးပါးရဲ့ နံပါတ်တစ်အလှလေး သက်ရှည်ခြင်းနတ်ဘုရားမကိုတောင် သတ်ပစ်ခဲ့တာဆိုတော့ တို့အတွက် မျှော်လင့်ချက် မရှိတော့ဘူး ထင်ပါရဲ့လေ"

လျိုချုံးယန်က ပခုံးတွန့်ရင်း ပြောလိုက်လေသည်။

ထိုစဉ် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"ဟိုမှာ... အဲဒီသခင်လေး ထပ်ရောက်လာပြီ"

"ဟင်... အဲဒီ သားရဲဂူရဲ့ ဘုရင်ငယ်လေးပါးက တကယ်ပဲ ရထားဆွဲတဲ့ တိရစ္ဆာန်တွေ ဖြစ်သွားကြတာလား"

ရှန်းလင် နယ်မြေတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ရှန်းလင်တွင် အမျိုးသမီးကျင့်ကြံသူ အများအပြားရှိ၏။

ကျွင်းရှောင်ယောက်၏ ရောက်ရှိလာမှုမှာ ကြီးမားသော တုန်လှုပ်မှုကို ဖြစ်ပေါ်စေခဲ့သည်။

ထို့ပြင်၊ ယခုတစ်ကြိမ်မှာ ယခင်အကြိမ်နှင့် ကွာခြားလွန်းလှသည်။

ယခင်က ကျွင်းရှောင်ယောက်၏ ခွန်အားကို သံသယဖြစ်ခဲ့ကြသော်လည်း...

ယခုမူ ထိုအမျိုးသမီးတို့၏ မျက်ဝန်းများ၌ အံ့သြစူးစမ်းမှုထက် နှစ်သက်မှု၊ အားကျမှုများကသာ ပြည့်နှက်နေချေပြီ။

ကျွင်းရှောင်ယောက်က ကောင်းကင်ကိုးပါးရှိ လူငယ်မျိုးဆက်တို့၏ ဒဏ္ဍာရီတစ်ခု အမှန်တကယ် ဖြစ်လာခဲ့ပြီ မဟုတ်ပါလော။

ယခုအခါ ကျွင်းရှောင်ယောက်နှင့် ပဋိပက္ခဖြစ်ခဲ့ဖူးသော ချုံးရှောင်မျိုးနွယ်စုပင်လျှင် ကျွင်းရှောင်ယောက်ကို ရန်စရန် မဝံ့ရဲကြတော့ပေ။

ယွင်‌ထျန်းမေနှင့် လျိုချုံးယန်တို့လည်း အပြေးအလွှား ရောက်ရှိလာကြသည်။

"ကျွင်းသခင်လေး... ရောက်လာပြီပဲ"

ယွင်ထျန်းမေက ပြုံးပြလိုက်သည်။

"ကျွင်းသခင်လေးက အိပ်မက်ကမ္ဘာကနေ ပြန်လာခဲ့တာလား"

လျိုချုံးယန်ကလည်း စူးစမ်းချင်စိတ်ဖြင့် မေးမြန်းလိုက်၏။

ကျွင်းရှောင်ယောက်နှင့် အိပ်မက်ကမ္ဘာမှ ထိုပုဂ္ဂိုလ်ကြီးတို့ကြား၌ မည်သို့သော ပတ်သက်မှုရှိနေသနည်းဟု သူ သိချင်နေသည်။

ကျွင်းရှောင်ယောက်ကမူ ရှင်းပြနေရန် ပျင်းရိနေသဖြင့် တိုက်ရိုက်ပင် မေးလိုက်သည်။

"လော့လီက ကျင့်ကြံခြင်းကနေ ထွက်မလာသေးဘူးလား"

"မထွက်လာသေးဘူး၊ ဒါပေမဲ့ မကြာခင် ထွက်လာတော့မှာပါ"

ယွင်ထျန်းမေက ပြောသည်။

"ကောင်းပြီ... ကျုပ် ဒီမှာပဲ သူ့ကို စောင့်နေမယ်"

"ကျွင်းသခင်လေးက ဘာကိုဆိုလိုတာလဲ..."

ယွင်ထျန်းမေက အနည်းငယ် အံ့ဩသွားသည်။

"သူ့ကို အင်မော်တယ်နယ်မြေကြီးကို ပြန်ခေါ်သွားပြီး စေ့စပ်ပွဲလုပ်ရမယ်လေ"

ကျွင်းရှောင်ယောက်၏ စကားသံ ထွက်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး ခေတ္တမျှ တိတ်ဆိတ်သွားသည်။

ထို့နောက် အံ့အားသင့်စွာဖြင့် တစ်ယောက်တစ်ပေါက် အော်သံများ ထွက်ပေါ်လာတော့သည်။

ရှန်းလင်မှ အမျိုးသမီးကျင့်ကြံသူတို့မှာ ကျွင်းရှောင်ယောက် ဤနေရာသို့ လာရောက်ရခြင်း အကြောင်းရင်းက ဤကိစ္စဖြစ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြချေ။

ယွင်ထျန်းမေမှာလည်း မှင်တက်သွားရပြီး သူမ၏ မျက်ဝန်းများမှ အားကျစိတ်များကို ဖုံးကွယ်ထား၍ မရနိုင်တော့ပါ။

"ဒါဆိုရင်တော့ ကျွင်းသခင်လေးနဲ့‌ လော့လီအတွက် ဂုဏ်ယူပါတယ်"

ယွင်ထျန်းမေက ပြုံးလျက် ပြောလိုက်သည်။

သူ့အနေဖြင့် အားကျမိသော်လည်း အားကျရုံသာ တတ်နိုင်ပေသည်။

တစ်ဖက်တွင်မူ၊ လျိုချုံးယန်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း နောက်သလိုလို အတည်လိုလို‌ ပြောလိုက်သည်။

"ကျွင်းသခင်လေးက တကယ်ပဲ ရိုးသားတာပဲ။ ဒါနဲ့... တစ်ယောက်ယူရင် နှစ်ယောက်အပိုလက်ဆောင်ဆိုပြီး တို့နှစ်ယောက်လုံးကိုပါ တစ်ခါတည်း ခေါ်သွားပါလား"

ကျွင်းရှောင်ယောက်ကမူ ပြုံးရုံသာ ပြုံးနေပြီး ဘာမျှ ပြန်မပြောတော့ပေ။

အကယ်၍ သူသာ ထိုသို့ အမှန်တကယ် လုပ်ဆောင်လိုက်မည်ဆိုပါက ကျန်းလော့လီဆိုသော ဒေါသအိုးလေး ပေါက်ကွဲသွားမည်မှာ သေချာသည်။

ထို့ပြင်၊ ကျွင်းရှောင်ယောက်ကလည်း ထိုကဲ့သို့ စည်းမဲ့ကမ်းမဲ့သူမျိုး မဟုတ်ပေ။

ထို့နောက် ဒေါ်လေးရွှမ်လည်း ရောက်ရှိလာခဲ့သည်။

ကျွင်းရှောင်ယောက်၏ ရည်ရွယ်ချက်ကို သိရှိသွားသောအခါ သူမ၏ မျက်နှာထက်တွင် အနည်းငယ် ခက်ခဲဟန် ပေါ်လာသည်။

"လော့လီက အခုဆိုရင် ရှန်းလင်ရဲ့ ပင်မရတနာဖြစ်တဲ့ ဟွင်းယွမ်ရွှေခွက်ရဲ့ အရှင်သခင် ဖြစ်နေပါပြီ..."

"ဘာလဲ... ရှန်းလင်က ဒါကို တားဆီးချင်တာလား။ ဒါဆိုရင် အကျိုးဆက်ကို ခင်ဗျားတို့ တောင့်ခံနိုင်မှာ မဟုတ်ဘူးနော်"

ကျွင်းရှောင်ယောက်က လေသံအေးအေးဖြင့် ပြောလိုက်၏။

အသက် တားမြစ်နယ်မြေတစ်ခုကို သာမန်ကာလျှံကာ ခြိမ်းခြောက်လိုက်ခြင်းမှာ ကျွင်းရှောင်ယောက်အတွက် အထူးအဆန်း မဟုတ်တော့ပေ။

ထို့ပြင်၊ သူ၏ လက်ရှိ အနေအထားက ကောင်းကင်ကိုးပါးသို့ စတင်ရောက်ရှိစအချိန်ကကဲ့သို့ မဟုတ်တော့ပါ။

ဓားသင်္ချိုင်းနှင့် ခွန်းလွန်းတောင်တို့အပြင် သူ၏နောက်ကွယ်၌ ကောင်းကင်ကိုးပါး၏ နံပါတ်တစ် အကြမ်းဆုံးပုဂ္ဂိုလ်ကြီးလည်း ရှိနေနိုင်ခြေရှိသည် မဟုတ်ပါလော။

ထို့ကြောင့် ရှန်းလင်အနေဖြင့် ကျွင်းရှောင်ယောက်နှင့် ပဋိပက္ခဖြစ်ရလောက်အောင် မိုက်မဲလိမ့်မည် မဟုတ်ပေ။

"ဒီလိုမဟုတ်ပါဘူး... လော့လီအနေနဲ့ နောက်ပိုင်းမှာ ရှန်းလင်ကို ပြန်လာနိုင်ဖို့ပဲ မျှော်လင့်တာပါ"

ဒေါ်လေးရွှမ်က ကမန်းကတန်း ငြင်းဆိုလိုက်သည်။

"ဒါကတော့ သူ့သဘောပါပဲ၊ လော့လီရဲ့ ဆုံးဖြတ်ချက်ကို ကျုပ် မကန့်သတ်ပါဘူး"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

ဤသို့ဖြင့် တစ်လခန့် ထပ်မံ ကြာမြင့်သွားခဲ့ပြီ။

ကျန်းလော့လီလည်း နောက်ဆုံးတွင် ကျင့်ကြံခြင်းမှ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

ပန်းရောင်ဝတ်စုံရှည်နှင့် အပြာနုရောင် မျက်နှာဖုံးပုဝါကို ဆင်မြန်းထားသော သူမ၏ အလှမှာ နှင်းတောထဲမှ နတ်မိမယ်လေးတစ်ပါးကဲ့သို့ပင် စင်ကြယ်၍ လှပသည်။

တောက်ပသော မျက်ဝန်းအစုံ၊ ဖြောင့်စင်းသော နှာတံလေးနှင့် ချယ်ရီသီးကဲ့သို့ နူးညံ့သော နှုတ်ခမ်းလွှာတို့မှာ တစ်ချက်ကြည့်ရုံဖြင့် မေ့ပျောက်နိုင်ဖွယ် မရှိချေ။

ပြုံးလိုက်တိုင်း ပေါ်လာတတ်သော ပါးချိုင့်ကလေးများ၊ သွားတက်လေးများနှင့် ရွရွလေး စည်းနှောင်ထားသော ဆံပင်ပုံစံလေးကြောင့်လည်း သူ့အား ပို၍ပင် ချစ်စရာကောင်းစေသည်။

ကျန်းလော့လီက ကျင့်ကြံခြင်းမှ ထွက်လာသည်နှင့် ပြုံးရွှင်သော မျက်နှာထားဖြင့် ရပ်နေသော ဝတ်စုံဖြူဝတ် လူငယ်လေးကို မြင်တွေ့လိုက်ရသည်။

"ကိုကိုရှောင်ယောက်..."

ကျန်းလော့လီက တောက်ပစွာ ပြုံးလိုက်သည်။

သူမ၏ လပြည့်ဝန်းကဲ့သို့ မျက်ဝန်းလေးများမှာ ဝင်းလက်သွား၏။

သူက ယွင်ထျန်းမေ၊ လျိုချုံးယန်နှင့် အခြားသော ကျင့်ကြံသူများ၏ အားကျသော အကြည့်များကြားမှပင် ကျွင်းရှောင်ယောက်၏ ရင်ခွင်အတွင်းသို့ တိုက်ရိုက် တိုးဝင်လိုက်တော့သည်။

"လော့လီ...၊ မင်း တကယ် ကြိုးစားခဲ့တာပဲ"

ကျန်းလော့လီ၏ အရှိန်အဝါကို ခံစားမိသောအခါ ကျွင်းရှောင်ယောက်ပင် အနည်းငယ် အံ့သြသွားရသည်။

ယခုအခါ၊ သူ၏ ကျင့်ကြံမှုက ကောင်းကင်အဓိပတိငယ် ကြီးမားသော ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေပြီ။

နောက်ဆုံးအခေါက်က ကျန်းလော့လီနှင့် အတူကျင့်ကြံခဲ့ချိန်က...

ကျန်းလော့လီ၏ ကျင့်ကြံမှုမှာ ကောင်းကင်အဓိပတိငယ်အဆင့်သို့ ရောက်ကာစပင် ရှိသေးသည်။

သို့သော်လည်း ကျန်းလော့လီ၏ ခန္ဓာကိုယ်မှာ သဘာဝ စွမ်းအင်များကို စုပ်ယူရာ၌ ထူးခြားသော အစွမ်းရှိခြင်းနှင့် ဟွမ်ယွမ်ရွှေခွက်၏ အကူအညီကြောင့် ဤမျှ မြန်ဆန်နေခြင်းမှာ အံ့ဩစရာတော့ မဟုတ်ပါ။

ကျွင်းရှောင်ယောက်၏ ချီးကျူးမှုကို ကြားလိုက်ရသောအခါ ကျန်းလော့လီ၏ ရင်ထဲ၌ ပျားရည်လောင်းကဲ့သို့ ချိုမြိန်သွားရသည်။

သူ၏ ကြိုးစားမှုများကို ကျွင်းရှောင်ယောက် မြင်တွေ့သွားခဲ့ပြီ မဟုတ်ပါလော။

"ဒါနဲ့... ကိုကိုရှောင်ယောက်က လော့လီဆီကို လာတာက..."

ကျန်းလော့လီက တစ်စုံတစ်ခုကို သတိရသွားမိပြီး ရင်ခုန်သံများ မြန်ဆန်လာရသည်။

"မင်းကို အင်မော်တယ်နယ်မြေကို ပြန်ခေါ်သွားတော့မယ်လေ။ ကိုယ်တို့ စေ့စပ်ပွဲလုပ်ရမယ်"

ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းလော့လီမှာ ခေတ္တမျှ မှင်တက်သွားရသည်။

ထို့နောက်တွင်မူ၊ သူမ၏ ဖန်သားကဲ့သို့ ကြည်လင်သော မျက်ဝန်းအစုံ၌ မျက်ရည်များ ဝဲတက်လာပြီး ပုလဲလုံးလေးများကဲ့သို့ စီးကျလာတော့သည်။

"အို... ဒီကောင်မလေးနှယ် ဘာဖြစ်လို့ ငိုနေရတာလဲ"

ကျွင်းရှောင်ယောက်က ပြုံးလျက် သူမ၏ မျက်ရည်များကို သုတ်ပေးလိုက်သည်။

"မဟုတ်ပါဘူး... လော့လီက... လော့လီ အရမ်းဝမ်းသာလို့ပါ..."

ကျန်း‌လော့လီမှာ ဝမ်းသာပီတိမျက်ရည်များ ကျဆင်းနေမိသည်။

ကျွင်းရှောင်ယောက်၏ အသက်ဆယ်နှစ်ပြည့် မွေးနေ့ပွဲတွင် ရှောင်ယောက်ကို စတင်မြင်တွေ့ခဲ့ရစဉ်ကပင်...

ဤလူသားကိုသာ သူ၏ ဘဝတစ်ခုလုံး ပုံအပ်ရန် ဆုံးဖြတ်ခဲ့မိသည်။

သူက ကျွင်းရှောင်ယောက်၏ ဇနီးဖြစ်လာစေရမည်ဟုပင် ကြွေးကြော်ခဲ့ဖူးပေသည်။

ယခုအခါ အချိန်များ ကုန်လွန်ခဲ့ပြီးနောက်...

ထိုနေ့ရက်မှာ နောက်ဆုံးတွင် နီးကပ်လာခဲ့ပြီ။

All Chapters