အခန်း ၁၄၉၄
Vol. 103 Ch. 1494
အခန်း ( ၁၄၉၄ ) ရှန်းလင်သို့ သတိပေးခြင်း။
၎င်းက စေ့စပ်ပွဲမျှသာဖြစ်ပြီး အမှန်တကယ် လက်ထပ်ထိမ်းမြားခြင်း မဟုတ်သေးပါ။
သို့သော်လည်း ကျန်းလော့လီအတွက်မူ ကျွင်းရှောင်ယောက်မှ ပေးအပ်သော အလေးအနက်ဆုံး ကတိတစ်ခုပင် ဖြစ်သည်။
သူမ၏ စောင့်စားခဲ့ရမှုများမှာ အချည်းနှီး မဖြစ်ခဲ့ပေ။
ကျန်းလော့လီက သူမ၏ ပျော်ရွှင်မှုများကို ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ချေ။
သူက ကျွင်းရှောင်ယောက်ကို တင်းကျပ်စွာ ဖက်ထားမိသည်။
ကျွင်းရှောင်ယောက်လည်း သက်ပြင်းတစ်ချက်ကို ခပ်တိုးတိုးလေး ချမိလိုက်သည်။
လွန်ခဲ့သော နှစ်များအတွင်း သူသည် ကျင့်ကြံခြင်း၌သာ အာရုံစိုက်ခဲ့ပြီး နေရာအနှံ့ လှည့်လည်နေခဲ့သည်။
သင်္ချိုင်းကမ္ဘာ၊ ဧကရာဇ်လမ်း၊ တိုင်းတစ်ပါးနှင့် ကောင်းကင်ကိုးပါးအထိ...
တစ်ခုပြီးတစ်ခု သူ ရောက်ရှိခဲ့သော်လည်း သူ၏ နောက်ကွယ်၌ အမြဲစောင့်မျှော်နေသူများကိုမူ သူ သတိမမူမိခဲ့ပေ။
သူတို့အတွက် တာဝန်မကျေခဲ့ပါ။
ထို့ကြောင့် ဤစေ့စပ်ပွဲမှာ အကောင်းဆုံးသော ကတိစကားပင် ဖြစ်သည်။
အတန်ကြာမှ၊ ကျန်းလော့လီ၏ စိတ်အစဉ်မှာ တည်ငြိမ်သွားခဲ့လေသည်။
"လာပါ... ကိုယ် မင်းကို ပြန်ခေါ်သွားမယ်"
ကျွင်းရှောင်ယောက်က ကျန်းလော့လီ၏ ကျောက်စိမ်းကဲ့သို့ ဖြူဝင်းသော လက်ကလေးကို ဆွဲကိုင်လိုက်သည်။
ထိုအချိန်တွင်၊ ရှန်းလင်၏ မျိုးရိုးသုံးစုစလုံးမှ လူများအားလုံး ရောက်ရှိနေကြပြီ။
ကျွင်းရှောင်ယောက်နှင့် ပဋိပက္ခ အနည်းငယ်ရှိခဲ့ဖူးသော ချုံးရှောင်မျိုးနွယ်ပင်လျှင်...
ယခုအခါ မျက်နှာပျက်ပျက်ဖြင့် ကျွင်းရှောင်ယောက်မှ ကျန်းလော့လီကို ခေါ်ဆောင်သွားသည်ကို ငေးကြည့်နေရုံသာ တတ်နိုင်သည်။
သူတို့က ကျွင်းရှောင်ယောက်ကို ရန်စရန် မဝံ့ရဲကြတော့ပေ။
ဟွင်းယွမ်ရွှေခွက်မှာမူ ရှန်းလင်၌သာ ကျန်ရစ်ခဲ့ရသည်။
ကျန်းလော့လီက ၎င်း၏ အရှင်သခင်ဖြစ်သော်လည်း ယခုအချိန်၌ ယူဆောင်သွားရန် မဖြစ်နိုင်သေးပေ။
ကျွင်းရှောင်ယောက်ကမူ ဤကဲ့သို့သော ကိစ္စအသေးအမွှားများကို ဂရုမစိုက်တော့ပါ။
သူက ရှန်းလင်ရှိ လူအားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး လေသံအေးအေးဖြင့် ပြောလိုက်သည်။
"ကျုပ်ရဲ့ လျော့လီကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီကျေးဇူးကို ကျုပ် မှတ်သားထားမှာပါ။ ဒါပေမဲ့... ခင်ဗျားတို့ နားလည်ထားဖို့ တစ်ခုရှိတယ်"
"အကယ်၍ နောက်ပိုင်းမှာ တကယ်ပဲ ကပ်ဘေးလှိုင်းကြီးစတင်လာခဲ့ရင် ရှန်းလင်အနေနဲ့ အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
"လော့လီရဲ့ မျက်နှာကို ထောက်ထားပြီး ကျုပ်အနေနဲ့ ရှန်းလင်နဲ့ လုံးဝမျက်နှာပျက်ရတဲ့အထိ မဖြစ်ချင်ဘူး။ နှုတ်ဆက်ပါတယ်"
ကျွင်းရှောင်ယောက်က စကားဆုံးသည်နှင့် ကျန်းလော့လီကို ခေါ်ဆောင်ကာ ထွက်ခွာခဲ့သည်။
သူက ရှန်းလင်ကို စေတနာဖြင့် သတိပေးခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ရှန်းလင်သည်လည်း အခြားသော အသက်တားမြစ်နယ်မြေများကဲ့သို့ သုတ်သင်ရှင်းလင်းခြင်း၌ ပါဝင်လာမည်ဆိုပါက သူသည် ညှာတာနေလိမ့်မည် မဟုတ်ပေ။
ကျွင်းရှောင်ယောက်က ရှန်းလင်မှ လုံးဝ ထွက်ခွာသွားပြီးမှသာ ချုံးရှောင်မျိုးနွယ်မှ ပါရမီရှင်တစ်ဦးက ဒေါသတကြီးဖြင့် ပြောဆိုလိုက်သည်။
"ချီးပဲ၊ ဂုဏ်သိက္ခာရှိတဲ့ ရှန်းလင်လို တားမြစ်နယ်မြေက ဒီကောင်လေးရဲ့ ခြိမ်းခြောက်တာကို ခံလိုက်ရတယ်"
ကျန်းလော့လီကို အမြဲ စောင့်ရှောက်ပေးခဲ့သော ပိရှောင်းမျိုးနွယ်မှ ဒေါ်လေးရွှမ်ကမူ လှောင်ပြုံး ပြုံးလိုက်ရင်း ပြောလိုက်၏။
"ကျွင်းရှောင်ယောက် ဒီမှာရှိတုန်းကတော့ ရှင်တို့ ဘာဖြစ်လို့ ဒေါသမထွက်ခဲ့ကြတာလဲ။ အခုတော့ သူခိုးပြေးမှ ထိုးကွင်းထဆိုသလို ဖြစ်နေပြီ"
ချုံးရှောင်မျိုးနွယ်မှ လူများမှာ မျက်နှာပျက်သွားကြသည်။
ကျွင်းရှောင်ယောက် ရှိနေစဉ်တွင် သူတို့က မည်သို့ဝံ့ရဲကြမည်နည်း။
...........
အခြားတစ်ဖက်တွင်မူ ကျွင်းရှောင်ယောက်နှင့် ကျန်းလော့လီတို့က သားရဲဘုရင်ငယ်လေးပါးဆွဲသော ရထားလုံးကို စီးနင်းကာ ကြယ်ကောင်းကင်ယံထက်၌ ခရီးနှင်နေကြသည်။
ရထားဆွဲနေရသော တောက်ဝမ်နှင့် အခြားသူများကို ကြည့်ရင်း ကျန်းလော့လီမှာ ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်နေမိ၏။
သူမ ကောင်းကင်ကိုးပါးသို့ စတင်ရောက်ရှိစအချိန်က ယွင်ထျန်းမေသည် ကောင်းကင်ကိုးပါး၏ ပါရမီရှင်များအကြောင်း ရှင်းပြခဲ့ဖူးသည်။
သားရဲဂူ၏ ဘုရင်လေးပါးမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း၊ အထူးသဖြင့် နံပါတ်တစ်ဖြစ်သော တောက်ဝမ်က အလွန်ပင် ရက်စက်လှသဖြင့် ဘယ်သောအခါမျှ ရန်မစသင့်ကြောင်း စသည်ဖြင့်...
ယခုမူ ထိုသူများမှာ သူတို့အတွက် ရထားဆွဲပေးရသော နွားနှင့်မြင်းများကဲ့သို့ ဖြစ်နေချေပြီ။
ဤခံစားချက်မှာ အမှန်တကယ်ပင် ဆန်းကြယ်လှသည်။
ကျန်းလော့လီက ကျွင်းရှောင်ယောက်ကို ရွှန်းရွှန်းစားစား ကြည့်လိုက်မိလေသည်။
"ဘာဖြစ်လို့လဲ"
ကျွင်းရှောင်ယောက်က ပြုံးလျက် မေးလိုက်သည်။
"ကိုကို ရှောင်ယောက်က အတော်ဆုံးပဲ"
ကျန်းလော့လီက ကျွင်းရှောင်ယောက်၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်၏။
ဤမျှ ပြည့်စုံလွန်းသော အမျိုးသားတစ်ဦးနှင့် ဆုံတွေ့ခွင့်ရခြင်းမှာ သူမအတွက် မည်မျှ ကံကောင်းလှသနည်း။
ကျွင်းရှောင်ယောက် ခေါင်းခါယမ်းပြီး ပြုံးလိုက်မိသည်။
ယခုအချိန်တွင်၊ သူက အင်မော်တယ်နယ်မြေကြီးသို့ တိုက်ရိုက် မပြန်သေးပါ။
သွားစရာ နေရာတစ်ခု ကျန်ရှိနေသည်။
၎င်းမှာ ဆေးဝိညာဉ်တောင်ပင်။
ကျွင်းရှောင်ယောက်က ဆေးဝိညာဉ်တောင်မှ ဗောဓိကျစ်နှင့် အခြားသူများကို အင်မော်တယ်နယ်မြေကြီးသို့ ခေါ်ဆောင်သွားမည်ဟု ကတိပေးခဲ့ဖူးသည်။
သူက ပေးထားသော ကတိအတိုင်းဖြစ်အောင် လုပ်ဆောင်တတ်သူ ဖြစ်၏။
ယခုအခါ သူက ထိုသို့လုပ်ဆောင်ရန် အစွမ်းအစလည်း ရှိနေချေပြီ။
မကြာမီပင်၊ ကျွင်းရှောင်ယောက်က ဆေးဝိညာဉ်တောင်သို့ ရောက်ရှိလာခဲ့သည်။
သူ ရောက်လာသည်နှင့် ဗောဓိကျစ်နှင့် အခြားသူများက ကြိုတင်သိရှိနေကြပြီး တောင်ရှေ့၌ ဆီးကြိုကြ၏။
"မိတ်ဆွေလေး ရှောင်ယောက်၊ ရောက်လာပြီပဲ"
ဗောဓိကျစ်က နှုတ်ဆက်လိုက်သည်။
"သခင်လေး"
ဆေးဝိညာဉ်တောင်မှ ဆေးမျိုးနွယ်ဝင် မိန်းကလေးဖြစ်သူ ယောက်အာကလည်း ဝမ်းသာအားရ ပြေးလာ၏။
ဂျင်ဆင်းကလေးနှင့် အခြားသော ဆေးမျိုးနွယ်ဝင်များလည်း စုရုံးရောက်ရှိလာကြတော့သည်။
"မိတ်ဆွေလေး ရှောင်ယောက်... အခုဆိုရင် မိတ်ဆွေလေးရဲ့ နာမည်က ကောင်းကင်ကိုးပါးမှာ မိုးကြိုးထစ်ချုန်းသံလို ဟိန်းနေတာပဲ။ ကျုပ်တို့ ဆေးဝိညာဉ်တောင်လို သတင်းအမှောင်ကျတဲ့ နေရာမှာတောင် မိတ်ဆွေလေးရဲ့ သတင်းတွေကို ခဏခဏ ကြားနေရတယ်"
ကျွင်းရှောင်ယောက်ကို ကြည့်ရင်း ဗောဓိကျစ်မှာ အံ့ဩလွန်း၍ မည်သို့ချီးကျူးရမည်မှန်းပင် မသိတော့ပေ။
ကျွင်းရှောင်ယောက် ကောင်းကင်ကိုးပါးသို့ စတင်ရောက်ရှိစဉ်က ပထမဆုံး လက်ခံဆုံတွေ့ခဲ့သူမှာ ဆေးဝိညာဉ်တောင် ဖြစ်သည်။
ထိုစဉ်က ဗောဓိကျစ်မှ ကျွင်းရှောင်ယောက်အပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့ခြင်းမှာ...
ကျွင်းရှောင်ယောက်၏ စိတ်ရင်းမှန်မှုကို မြင်တွေ့ခဲ့သောကြောင့်ဖြစ်သလို သူက ကျွင်းမိသားစုဝင် ဖြစ်နေသောကြောင့်လည်း ပါဝင်သည်။
သူ၏ ဝေဝါးသော မှတ်ဉာဏ်များအရ 'ကျွင်း' ဟူသော နာမည်မှာ ကောင်းကင်ဘုံကိုပင် တုန်လှုပ်စေနိုင်သည် မဟုတ်ပါလော။
ထို့ကြောင့်သာ သူက ဆေးဝိညာဉ်တောင်၏ ကံကြမ္မာကို ကျွင်းရှောင်ယောက်အပေါ် ပုံအပ်ခဲ့ခြင်း ဖြစ်သည်။
အမှန်အတိုင်းဆိုရလျှင်၊ ကျွင်းရှောင်ယောက်ကဲ့သို့ အင်မော်တယ်နယ်မြေမှ လာသူတစ်ဦးအနေဖြင့် အကျော်အမော်များ စုဝေးရာ ကောင်းကင်ကိုးပါး၌ ဤမျှ ကြီးမားသော ဂယက်ထအောင် လုပ်နိုင်လိမ့်မည်ဟု သူ အစပိုင်းက ထင်မှတ်မထားခဲ့ပေ။
သို့သော်လည်း နောက်ပိုင်းတွင် ကြားသိရသော သတင်းများမှာ တုန်လှုပ်စရာကောင်းလှသည်။
ကျွင်းရှောင်ယောက်က ပါရမီရှင်အားလုံးကို ချေမှုန်းလိုက်ခြင်း...
တားမြစ်နယ်မြေများပင်လျှင် သူ့ကို မထိပါးဝံ့တော့ခြင်း စသည်ဖြင့်...
ထို့ကြောင့် ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူဖြစ်သော ဗောဓိကျစ်သည်ပင် ကျွင်းရှောင်ယောက်ကို အမှန်တကယ် လေးစားလာမိတော့သည်။
ဗောဓိကျစ်က မိုက်မဲသူ မဟုတ်ပေ။
ကျွင်းရှောင်ယောက်နောက်သို့ လိုက်ပါခွင့်ရခြင်းမှာ မယုံနိုင်စရာ အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း သူနားလည်သည်။
"ကျွန်တော် အရင်က ပေးခဲ့တဲ့ ကတိအတိုင်း ခင်ဗျားတို့ကို အင်မော်တယ်နယ်မြေကြီးကို ခေါ်သွားဖို့ လာတာပါ"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"ဟားဟားဟား... ဒါကတော့ အကောင်းဆုံးပေါ့။ ကျုပ်တို့ ဆေးဝိညာဉ်တောင်က မိတ်ဆွေလေး ရှောင်ယောက်နောက်ကို လိုက်ပါမယ်"
ဗောဓိကျစ်က ဝမ်းသာအားရ ဆိုလေသည်။
သူသည် ကျွင်းရှောင်ယောက်က သူတို့ ဆေးမျိုးနွယ်ဝင်များကို ထားရစ်ခဲ့မည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
ယခုတော့ စိတ်အေးရပြီ။
"အရမ်းကောင်းတာပဲ"
ယောက်အာနှင့် အခြားသူများလည်း ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
ဤဆေးမျိုးနွယ်ဝင်များမှာ နှစ်ပေါင်းများစွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး အမြဲတမ်း ထိတ်လန့်ကြောက်ရွံ့စွာ နေထိုင်ခဲ့ရသူများ ဖြစ်သည်။
ယခုမူ သူတို့က စိတ်အေးချမ်းသာစွာ နားခိုနိုင်ကြတော့မည်။
ထို့နောက် ဗောဓိကျစ်က ဆေးဝိညာဉ်တောင်တစ်ခုလုံးကို ယူဆောင်ရန် ပြင်ဆင်သည်။
တောင်တစ်ခုလုံးမှာ သိမ့်သိမ့်တုန်ခါသွား၏။
၎င်းက သိုလှောင်ခြင်း မှော်ရတနာတစ်ခုနှင့် ဆင်တူသည်။
ဆေးမျိုးနွယ်ဝင်အားလုံး တောင်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် ဆေးဝိညာဉ်တောင်က သေးငယ်သွားကာ ဗောဓိကျစ်၏ လက်ဝါးထက်သို့ ရောက်ရှိသွားတော့သည်။
ထို့နောက် ကျွင်းရှောင်ယောက်၊ ကျန်းလော့လီနှင့် ဗောဓိကျစ်တို့က ကောင်းကင်တံတားရေဝဲရှိရာသို့ ထွက်ခွာခဲ့ကြသည်။
ရဲ့ကူချန်မှာမူ ဓားသင်္ချိုင်း၌ ဆက်လက်ကျင့်ကြံနေခဲ့သည်။
အားကျိုးမှာလည်း ခွန်းလွန်းတောင်၌ ယာယီကျန်ရစ်ခဲ့၏။
နတ်ဆိုးဧကရီလေးနှင့် ရန်ယုမန်မှာလည်း အိပ်မက်ကမ္ဘာ၌ ကျန်ရစ်ခဲ့ချေပြီ။
ထို့ကြောင့် ကျွင်းရှောင်ယောက်တို့ သုံးဦးသာ ပြန်လာခဲ့ကြခြင်း ဖြစ်သည်။
မကြာမီ၊ ကျွင်းရှောင်ယောက်တို့က ကောင်းကင်တံတားရေဝဲသို့ ရောက်ရှိလာခဲ့ကြသည်။
ကျွင်းရှောင်ယောက်က ကောင်းကင်ကိုးပါးကို တစ်ချက်ပြန်ကြည့်ရင်း သက်ပြင်းချလိုက်လေသည်။
သူ ကောင်းကင်ကိုးပါး၌ နေထိုင်ခဲ့သော အချိန်မှာ မကြာလှသော်လည်း အချိန်အတော်ကြာ ကုန်လွန်သွားခဲ့သည့်အလား ခံစားခဲ့ရသည်။
သူက ကောင်းကင်ကိုးပါးသို့ မေးခွန်းများစွာဖြင့် ရောက်လာခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ တစ်စိတ်တစ်ပိုင်း အဖြေရရှိခဲ့ပြီ။
သို့သော်လည်း အဖြေများမှာ ရက်စက်လွန်းလှသည်။
အင်မော်တယ်တံခါး၊ ယဇ်ဆရာသခင် ငါးဦး၊ ယဇ်ပူဇော်ခြင်း အခမ်းအနား၊ အင်မော်တယ် ယဇ်ပလ္လင်၊ သက်ရှိအားလုံးကို ယဇ်ပူဇော်ခြင်း...
ဆိုးရွား ရက်စက်သော သမိုင်းက ထပ်တလဲလဲ ဖြစ်ခဲ့သည်။
ဧကရာဇ်ကြီးများနှင့် လူသားမျိုးနွယ်၏ မြင့်မြတ်ခန္ဓာပိုင်ရှင်များမှာ ဤအရာကို တားဆီးရန် ကြိုးစားခဲ့ကြသော်လည်း လုံးဝအမြစ်ပြတ်အောင် မလုပ်ဆောင်နိုင်ခဲ့ကြပေ။
ကျွင်းရှောင်ယောက်က သူတော်စင်တစ်ဦး မဟုတ်သလို လောကကြီးကို ကယ်တင်ရန်လည်း စိတ်မကူးမိပါ။
သူ သိလိုသည်မှာ အဘယ်ကြောင့် အင်မော်တယ်တံခါးက အင်မော်တယ်နယ်မြေမှ သက်ရှိအားလုံးကို ယဇ်ပူဇော်ရန် လိုအပ်သနည်း။
ရှေးဟောင်းမြင့်မြတ်ခန္ဓာ မျိုးဆက်များမှာ အဘယ်ကြောင့် ဤဘေးဒုက္ခကို ငြိမ်းအေးစေရန် တာဝန်ယူကြရသနည်း။
တိဟောက်ထျန်း၏ အစီအစဉ်နှင့် သက်ရှည်ကျွန်းမှ ပထမယဇ်ဆရာသခင်မှာ မည်သူနည်း။
ဤလျှို့ဝှက်ချက်များအားလုံးမှာတော့ အင်မော်တယ်တံခါး ဆင်းသက်လာပြီး သုတ်သင်ရှင်းလင်းမှုကြီး စတင်ချိန်မှသာ အဖြေပေါ်လာဖွယ်ရှိသည်။
'ဘာပဲဖြစ်ဖြစ်... ကိုယ်တိုင်နဲ့ ကိုယ့်ဘေးနားက လူတွေရဲ့ စွမ်းအားကို မြှင့်တင်ထားရမယ်။ ဒါက အရေးကြီးဆုံးအရာပဲ'
ကျွင်းရှောင်ယောက်က အကြည့်ကို လွှဲလိုက်ပြီး ကောင်းကင်တံတား ရေဝဲအတွင်းသို့ လှမ်းဝင်ကာ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေသို့ ဦးတည်လိုက်တော့သည်။