အခန်း ၁၄၉၆
Vol. 103 Ch. 1496
အခန်း ( ၁၄၉၆ ) စေ့စပ်ပွဲအခမ်းအနားကို ကြေညာခြင်း။
"ရှောင်ယောက်... ဒီအရာက အရမ်းတန်ဖိုးကြီးလွန်းတယ်၊ မင်းကိုယ်တိုင်အတွက်ပဲ သိမ်းထားလိုက်ပါ"
ကျွင်းမိသားစု ဘိုးဘေးများက ပြောကြသည်။
ဤအရာမှာ သူတို့အတွက် အလွန်အကျိုးရှိသည်မှာ မှန်သော်လည်း ကျွင်းရှောင်ယောက်က ကျွင်းမိသားစု၏ အနာဂတ်ပင်။
ကျွင်းမိသားစု၏ စီကွမ် ပါရမီရှင်များ၏ မျက်ဝန်းများ၌ လိုလားတောင့်တမှုများ ရှိနေသော်လည်း...
ကျွင်းရှောင်ယောက် တကယ်လိုအပ်ပါက သူတို့သည် ကျွင်းရှောင်ယောက်၏ အရင်းအမြစ်များကို လုယူကြလိမ့်မည် မဟုတ်ပါ။
"အားလုံး စိတ်မပူကြပါနဲ့၊ ကျွန်တော့်မှာ ရှိပါသေးတယ်"
ကျွင်းရှောင်ယောက်က ပြုံးလျက် ပြောလိုက်သည်။
သူ၏ အင်မော်တယ်စိမ့်စမ်းမှာ ဤအထူးအဆင့် အင်မော်တယ်သွေးကြောထက်ပင် ပို၍ အဆင့်မြင့်သည်။
အင်မော်တယ်ဓာတ်စွမ်းအင်များစွာ ပိုမိုပါဝင်နေ၏။
ကျွင်းရှောင်ယောက်အနေဖြင့် အကောင်းဆုံးအရာများကို မိမိအတွက်သာ သိမ်းဆည်းထားလိုခြင်း မဟုတ်ပေ။
သူကိုယ်တိုင်က ပိုမိုအစွမ်းထက်လာမှသာ ကျွင်းမိသားစုနှင့် မိမိဘေးနားရှိ လူများကို ပိုမိုကောင်းမွန်စွာ ကာကွယ်ပေးနိုင်မည် မဟုတ်ပါလော။
"ရှောင်ယောက်က ဒီလိုပြောမှတော့ လက်ခံလိုက်ကြတာပေါ့"
"ဘာပဲဖြစ်ဖြစ် လှုပ်ခတ်မှုတွေက လာတော့မှာဆိုတော့ ဒီအင်မော်တယ်ဓာတ်စွမ်းအင်တွေနဲ့ဆိုရင် ငါတို့ ကျွင်းမိသားစုရဲ့ မျိုးဆက်သစ်တွေလည်း အလျင်အမြန် ကြီးထွားလာနိုင်မှာပါ"
အဋ္ဌမမြောက်ဘိုးဘေး ကျွင်းထျန်းမင်က ဆိုလိုက်သည်။
ကပ်ဘေးအကြောင်း ပြောလိုက်သောအခါ ရောက်ရှိနေသူအားလုံး ခေတ္တမျှ တိတ်ဆိတ်သွားကြသည်။
ယခင်အချိန်များက ကျွင်းမိသားစုမှာ မည်သည့်ထိခိုက်မှုမျှ မရှိခဲ့သော်လည်း...
ယခုတစ်ကြိမ်မှာ အင်မော်တယ်နယ်မြေ တစ်ခုလုံးကို လွှမ်းမိုးမည့် ကပ်ဘေးဒုက္ခကြီးပင်။
ဤတစ်ကြိမ်တွင် မည်သို့သော အပြောင်းအလဲများ ရှိလာမည်ကို မည်သူမျှ မခန့်မှန်းနိုင်ပါ။
လေထုမှာ အနည်းငယ် လေးလံသွားပုံရသဖြင့် ကျန်းရို့က ဝင်ထိန်းလိုက်သည်။
"ရှောင်ယောက်... မင်းက လော့လီကိုပါ ခေါ်လာတာဆိုတော့ ကြေညာစရာ သတင်းကောင်းတစ်ခုခုများ မရှိဘူးလား"
ကျွင်းရှောင်ယောက်၏ မိခင်ဖြစ်သူ ကျန်းရို့မှာ ကျွင်းရှောင်ယောက်အတွက် အမြဲတမ်း ပူပန်နေရသူ ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ဘေးတွင် မိန်းလှလေးများ ဝိုင်းဝိုင်းလည်နေသော်လည်း...
ဘဝ၏ အရေးကြီးသော ကိစ္စရပ်များသို့ ရောက်လျှင် ကျွင်းရှောင်ယောက်က အမြဲတမ်း အချိန်ဆွဲနေတတ်သည်။
ကျင့်ကြံသူများအတွက် လက်ထပ်ပွဲရက်မှာ ထိုမျှ အရေးမကြီးပေ။
သို့သော်လည်း မိဘတစ်ဦးအနေဖြင့်မူ မိမိသားသမီးများကို အရေးကြီးသော ဘဝမှတ်တိုင်တစ်ခုသို့ အမြန်ဆုံး ရောက်ရှိစေချင်ကြသည်မှာ ဓမ္မတာပင် ဖြစ်သည်။
ကျွင်းရှောင်ယောက်က ပြုံးစစဖြင့် ပြောလေသည်။
"ဒါနဲ့... အားလုံးကို ကြေညာစရာ တစ်ခုရှိပါသေးတယ်။ ကျွန်တော် စေ့စပ်ပွဲ အခမ်းအနားတစ်ခု ကျင်းပဖို့ ဆုံးဖြတ်လိုက်ပြီ"
ကျွင်းရှောင်ယောက်၏ စကားသံကြောင့် လေထုမှာ ရုတ်တရက် အသက်ဝင်သွားသည်။
"ရှောင်ယောက်... ဒါက တကယ်ကို ဝမ်းသာစရာ သတင်းကောင်းပဲ"
ကျန်းရို့၊ ကျွင်းကျန်းထျန်းနှင့် အခြားသူများလည်း ရယ်မောလိုက်ကြတော့သည်။
"ကောင်းတယ်... ကောင်းတယ်... ကျုပ်တို့ ကျွင်းမိသားစုနဲ့ ကျန်းမိသားစုက မျိုးဆက် အဆက်ဆက် လက်ထပ်ထိမ်းမြားလာခဲ့ကြတာ...၊ အခုတော့ ပိုပြီးတော့တောင် ရင်းနှီးသွားကြပြီပေါ့"
ကျွင်းထျန်းမင်နှင့် အခြားသော ဘိုးဘေးများလည်း ရယ်မောကြကုန်သည်။
"ဒီစေ့စပ်ပွဲကတော့ ခမ်းနားထည်ဝါနေရမယ်"
ဘိုးဘေးဆယ့်ရှစ်က ဝမ်းသာအားရ ဆိုသည်။
ကျွင်းမိသားစု၏ အနာဂတ်မဏ္ဍိုင်ဖြစ်သော ကျွင်းရှောင်ယောက်၏ စေ့စပ်ပွဲက အင်မော်တယ်နယ်မြေတစ်ခုလုံးကို တုန်လှုပ်စေမည်မှာ အသေအချာပင်။
ယခင်က ကျွင်းရှောင်ယောက်သည် စေ့စပ်ပွဲကျင်းပရန် ဆိုဖူးသော်လည်း အချိန်အတိအကျ မရှိခဲ့ပေ။
ယခုမူ ကျွင်းရှောင်ယောက်က အတည်ပြုလိုက်ပြီ ဖြစ်သည်။
သူသည် ထပ်မံနှောင့်နှေးနေပါက အခွင့်အရေးရရန် ခက်ခဲသွားမည်ကို စိုးရိမ်မိပေသည်။
ကပ်ဘေးကြီးက ကျွင်းရှောင်ယောက်၏ ရင်ထဲဝယ် အမြဲတမ်း ဖိအားတစ်ခု ဖြစ်နေသည်။
အကယ်၍ ထပ်မံနှောင့်နှေးနေပါက ထိုအမျိုးသမီးနှစ်ဦးမှာ မည်မျှကြာအောင် ထပ်မံစောင့်ဆိုင်းရမည်ကို မသိနိုင်ချေ။
မှန်သည်၊ အချို့က ပျော်ရွှင်နေကြသော်လည်း အချို့ကမူ ဝမ်းနည်းနေကြလေသည်။
ကျွင်းရှောင်ယောက်က စေ့စပ်ပွဲကျင်းပမည်ဖြစ်သဖြင့် ဆွေမျိုးမိတ်သင်္ဂဟများမှာ ပျော်ရွှင်နေကြသော်လည်း အမျိုးသမီးများစွာအတွက်မူ ၎င်းမှာ ဝမ်းနည်းစရာ သတင်းပင် ဖြစ်လိမ့်မည်။
၎င်းမှာ မိမိတို့ အလွန်ရူးသွပ်ရသော အနုပညာရှင်တစ်ဦး လက်ထပ်တော့မည်ဟု ကြားသိရသော ပရိသတ်များ၏ ခံစားချက်နှင့် ဆင်တူလှပေသည်။
ထိုနေရာရှိ ကျွင်းမူလန်၊ ကျွင်းရွယ်ဟွမ်၊ ကျွင်းလင်းလုံနှင့် ကျွင်းရင်အာတို့ကဲ့သို့ အမျိုးသမီးများမှာ ကျန်းလော့လီအတွက် ဝမ်းသာပေးနေကြသော်လည်း...
သူတို့၏ ရင်ထဲ၌မူ ဖော်ပြ၍မရသော ဝမ်းနည်းမှုလေးများ ရှိနေကြသည်။
သူတို့၏ အပျိုရွယ်ဘဝ ကုန်ဆုံးသွားသကဲ့သို့ပင်။
ထို့ပြင်၊ ဤသည်မှာ အစိတ်အပိုင်းတစ်ခုမျှသာ ရှိသေးသည်။
ကျွင်းဧကရာဇ်ခုံရုံး၌ ကျင့်ကြံနေသူများလည်း ရှိနေဆဲ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ၊ ဤသတင်းမှာ ကြီးမားသော တုံ့ပြန်မှုများကို ဖြစ်ပေါ်စေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
သို့သော်လည်း ၎င်းမှာ စေ့စပ်ပွဲမျှသာဖြစ်ပြီး မင်္ဂလာပွဲ မဟုတ်သေးပါ။
၎င်းက အမျိုးသမီးနှစ်ဦးအတွက် အထောက်အထားနှင့် ကတိကဝတ်တစ်ခုကို ဦးစွာပေးအပ်လိုက်ခြင်းသာ ဖြစ်သည်။
ကျန်းလော့လီမှာတော့ ယခုအချိန်တွင် ပျော်ရွှင်လွန်းသဖြင့် ပြုံးရွှင်နေတော့သည်။
စကားစမြည် ပြောဆိုပြီးနောက် ကျွင်းရှောင်ယောက်က ဘိုးဘေးများ နားခိုရာမြေ၏ အနက်ရှိုင်းဆုံးနေရာသို့ သွားရောက်ခဲ့သည်။
ထိုနေရာ၏ အနက်ရှိုင်းဆုံးအရပ်တွင် ကစဉ့်ကလျား စွမ်းအင်များဖြင့် ပြည့်နှက်နေ၏။
၎င်းက ထိတ်လန့်ဖွယ်ရာ ကောင်းလှကာ စကြဝဠာသစ်တစ်ခု လည်ပတ်နေသကဲ့သို့ပင်။
"ဖေဖေ ပြန်လာပြီ... ဝေး"
နူးညံ့ချိုသာသော အသံလေးတစ်ခု ထွက်ပေါ်လာပြီးနောက် ပုံရိပ်ကလေးတစ်ခုက သူ၏ ရင်ခွင်ထဲသို့ ပြေးဝင်လာတော့သည်။
ထိုပုံရိပ်က ငွေရောင်ဆံနွယ်လေးများ၊ ဖြူဝင်းနုနယ်သော ပါးဖောင်းဖောင်းလေးနှင့် ကြွေရုပ်ကလေးတစ်ရုပ်ကဲ့သို့ ချစ်စရာကောင်းလှသည်။
ဒါက ရှောင်ချမ်ရွယ်မှတပါး အခြားမဟုတ်ပေ။
"ဖေဖေ နံပါတ်တစ် ပြန်လာပြီ"
ရှောင်ချမ်ရွယ်က ဝမ်းသာအားရ ဆိုသည်။
"နံပါတ်တစ်လား"
ကျွင်းရှောင်ယောက် ခေါင်းလှည့်ကြည့်လိုက်သည်။
သူ၏ ရှေ့မှောက်တွင် ကစဉ့်ကလျားအငွေ့အသက်များနှင့် အတိုင်းအဆမရှိသော အရှိန်အဝါများ ထွက်ပေါ်လာသည်။
ထို့နောက် ဝတ်စုံဖြူ ဝတ်ဆင်ထားပြီး တုနှိုင်းမဲ့ ပုံရိပ်တစ်ခုက လက်နှစ်ဖက်ကို နောက်ပစ်လျက် ထွက်ပေါ်လာ၏။
၎င်းမှာ ကျွင်းရှောင်ယောက်၏ ကစဉ့်ကလျားခန္ဓာပင်။
ကျွင်းရှောင်ယောက်၏ မြင့်မြတ်ခန္ဓာက ကောင်းကင်ကိုးပါးသို့ သွားရောက်ခဲ့သော်လည်း ကစဉ့်ကလျားခန္ဓာမှာမူ ကျွင်းမိသားစု၏ ဘိုးဘေးမြေ၌ အမြဲကျင့်ကြံနေခဲ့သည်။
ယခုအခါ ကစဉ့်ကလျားခန္ဓာ၏ ခွန်အားမှာလည်း ထိတ်လန့်ဖွယ်ရာ တိုးတက်လာသည်။
သူ၏ အဆင့်မှာ မြင့်မြတ်ခန္ဓာကဲ့သို့ပင် ဆန်းကြယ်ကောင်းကင်အဓိပတိနယ်ပယ်၏ ကြီးမားသော ပြည့်စုံခြင်းသို့ ရောက်ရှိနေပြီ။
၎င်းမှာ 'ချီတစ်ခုကို သုံးခုပြောင်းလဲခြင်း'အတတ်၏ ကောင်းကင်ကို ဆန့်ကျင်သော အစွမ်းပင် ဖြစ်သည်။
မှန်ပေသည်၊ အထွတ်အထိပ်အဆင့်များသို့ အဆင့်တက်ရန် ကြိုးစားသောအခါ ခက်ခဲမှုမှာ အဆပေါင်း ထောင်ချီ၍ တိုးလာမည် ဖြစ်သည်။
ဥပမာအားဖြင့် နတ်ဖန်ဆင်းခြင်းအဓိပတိမှ ဧကရာဇ်တစ်ပိုင်းသို့...
ကပ်ဘေးကိုးပါး ဧကရာဇ်တစ်ပိုင်းမှ ဧကရာဇ်နယ်ပယ်သို့...
ကျွင်းဝူဟွေ့က အလွန်ထူးချွန်သော်လည်း တာအိုကို သက်သေမပြုနိုင်သေးခြင်းမှာ ဤအကြောင်းကြောင့်ပင် ဖြစ်သည်။
ချီတစ်ခုကို သုံးခုပြောင်းခြင်းဖြင့် တာအိုကို သက်သေပြုရန်မှာ ခက်ခဲလွန်းပေသည်။
သို့သော်လည်း အောင်မြင်သွားပါက သူ၏ ခွန်အားမှာ မှန်းဆ၍မရနိုင်လောက်အောင် ဖြစ်လာမည်သာ ဖြစ်သည်။
"ဖေဖေ နံပါတ်တစ်၊ ဖေဖေ နံပါတ်နှစ်"
ရှောင်ချမ်ရွယ်က မြင့်မြတ်ခန္ဓာကို တစ်လှည့်၊ ကစဉ့်ကလျားခန္ဓာကို တစ်လှည့် ကြည့်နေမိသည်။
"ဒီ ကောင်းကင်ကိုးပါး ခရီးစဉ်မှာ ရိတ်သိမ်းမှုတွေက မဆိုးဘူးပဲ"
ကစဉ့်ကလျားခန္ဓာက ဆိုသည်။
သူတို့၏ အတွေးအမြင်များမှာ တစ်ခုတည်း ဖြစ်သဖြင့် ကျွင်းရှောင်ယောက်က စကားပြောဆိုနေရန် မလိုပေ။
သို့သော်လည်း ဒါက လူသားသဘာဝလို ခံစားရစေသည်။
"ဒါက ဘာမှ မဟုတ်သေးပါဘူး၊ လာတော့မဲ့ ကပ်ဘေးကြီးနဲ့ယှဉ်ရင် ငါတို့ခွန်အားက မလုံလောက်သေးဘူး"
မြင့်မြတ်ခန္ဓာက ပြောလိုက်သည်။
"ဒါပေမဲ့ ဝှက်ဖဲတွေကတော့ အကုန်ချထားပြီးပါပြီ။ အချိန်တန်ရင် ကောင်းကင်ကိုးပါး တားမြစ်နယ်မြေတွေအတွက် အံ့သြစရာတွေ ယူဆောင်လာပေးလိမ့်မယ်"
ကစဉ့်ကလျားခန္ဓာက ခပ်ပြုံးပြုံး ပြောလိုက်၏။
"ပြီးတော့ သူ့ရဲ့ သမိုင်းကြောင်းက..."
မြင့်မြတ်ခန္ဓာက ရှောင်ချမ်ရွယ်ကို ကြည့်လိုက်သည်။
"အင်း... သူနဲ့ အတူရှိနေတဲ့ အချိန်အတွင်းမှာ ငါလည်း အဲဒီလို ဖြစ်နိုင်ခြေရှိတယ်လို့ ခံစားမိတယ်"
ကစဉ့်ကလျားခန္ဓာက ဆိုသည်။
ဖခင်နှစ်ဦး၏ စကားပြောဆိုမှုကို ရှောင်ချမ်ရွယ်က အပြစ်ကင်းစင်စွာဖြင့် မျက်တောင်လေးများ ခတ်လျက် ကြောင်ကြည့်နေလေသည်။
သူ၏ ဖခင်နှစ်ဦး ဘာတွေ ပြောနေကြသည်ကို သူ မသိရှိရှာပေ။
"ဒါနဲ့... မင်း သိထားသင့်တဲ့ နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်။ ငါက နောက်ထပ် ကစဉ့်ကလျား အပြောင်းအလဲတစ်ခုကို ခံစားမိတယ်"
ကစဉ့်ကလျားခန္ဓာက ပြောသည်။
"ဒါက မွေးရာပါ ကစဉ့်ကလျားခန္ဓာလား။ ဒီလောက်ကြာအောင် စောင့်ခဲ့ရပြီးမှ နောက်ဆုံးတော့ သူလည်း မအောင့်နိုင်တော့ဘဲ မွေးဖွားလာတော့မှာပေါ့"
"ကပ်ဘေးကြီးအတွင်းမှာ ပေါ်လာနိုင်တဲ့ အခွင့်အလမ်းတွေကို သူလည်း လက်လွတ်မခံချင်ဘူး ထင်တယ်"
မြင့်မြတ်ခန္ဓာက လှောင်ပြုံး ပြုံးလိုက်သည်။
ကစဉ့်ကလျားခန္ဓာ ခံစားမိလိုက်သည်မှာ ကစဉ့်ကလျားတံခါးဝယ် အိပ်စက်နေသော လျှို့ဝှက်ဆန်းကြယ်သည့် ကစဉ့်ကလျားခန္ဓာပင် ဖြစ်သည်။
အတိတ်က သူ၏ ကျော်ကြားမှုမှာ လက်ရှိ ကျွင်းရှောင်ယောက်နှင့် တိဟောက်ထျန်းတို့ထက် မလျော့ပါးပေ။
၎င်းက မွေးရာပါ ကစဉ့်ကလျားခန္ဓာပင် ဖြစ်သည်။
သူက တစ်ခါမျှ ပေါ်ထွက်လာခြင်း မရှိသေးသဖြင့်သာ တဖြည်းဖြည်း မေ့ပျောက်ခံထားရခြင်း ဖြစ်ပေသည်။
ယခုမူ ကျွင်းရှောင်ယောက်၏ ကစဉ့်ကလျားခန္ဓာက ထိုမွေးရာပါ ကစဉ့်ကလျားခန္ဓာ၏ လှုပ်ရှားမှုကို ခံစားမိလိုက်ပြီ ဖြစ်သည်။
၎င်းမှာ ထိုခန္ဓာပိုင်ရှင်က မကြာမီ ပေါ်ထွက်လာတော့မည့် နိမိတ်တစ်ခုပင်။
"ငါ့ရဲ့ 'ကစဉ့်ကလျား ကြာပန်းစိမ်းခန္ဓာ' က ပိုအစွမ်းထက်မလား ဒါမှမဟုတ် မွေးရာပါ ကစဉ့်ကလျားခန္ဓာက ပိုအစွမ်းထက်မလားဆိုတာ သိချင်မိတယ်"
ကစဉ့်ကလျားခန္ဓာက ပြုံးလျက် ပြောလိုက်သည်။
"ဒါဆိုရင်လည်း သူ တံခါးလာခေါက်တာကို စောင့်နေရုံပေါ့။ အဲဒီအပြင် တိဟောက်ထျန်းလည်း လှုပ်ရှားမှုလေးတွေ လုပ်လာဦးမှာ သေချာတယ်။ သူက အရှုံးကို အလွယ်တကူ လက်ခံမယ့်သူ မဟုတ်ဘူးလေ"
ထို့နောက် မြင့်မြတ်ခန္ဓာက ရှေ့သို့ လှမ်းတက်လိုက်ပြီး ကစဉ့်ကလျားခန္ဓာနှင့် တိုက်ရိုက်ပင် ပေါင်းစည်းသွားသည်။
"ဝုန်း"
အတိုင်းအဆမရှိ ထိတ်လန့်ဖွယ်ရာ အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။
ဘိုးဘေးမြေတစ်ခုလုံးကိုပင် လွှမ်းမိုးသွား၏။
ကျွင်းရှောင်ယောက်၏ ခန္ဓာနှစ်ခုက တစ်ခုတည်း ပြန်ဖြစ်သွားပြီးနောက် သူ၏ အရှိန်အဝါဖိအားကြောင့် လေဟာနယ်မှာ တုန်ခါလာတော့သည်။
"ဒါဆိုရင် သူတို့ ငါ့တံခါးဆီကို လာရောက်ကြပါစေ။ ငါနဲ့ တစ်ခေတ်တည်းမှာ ရှိနေရတာ ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းလဲဆိုတာကို သူတို့ကို သိစေမယ်"