← Chapters

အခန်း ၁၅၀၂

Vol. 104 Ch. 1502

အခန်း ၁၅၀၂

Vol. 104 Ch. 1502

အခန်း (၁၅၀၂) နွေးထွေးသော အခိုက်အတန့်လေး။

ကျွင်းရှောင်ယောက်၊ ကျန်းစန်းယီနှင့် ကျန်းလော့လီတို့ သုံးဦးသား အေးအေးလူလူ စကားပြောဆိုနေကြသည်။

နွေးထွေးသော အခိုက်အတန့်တစ်ခု ဖြစ်၏။

ကျွင်းရှောင်ယောက်က ကြီးမားသော အဖြစ်အပျက်များကို တစ်ခုမှ မဟပေ။

အင်မော်တယ်တံခါး အကြောင်း၊ မှောင်မိုက်သော ကပ်ဘေးအကြောင်း သို့မဟုတ် ယဇ်ဆရာသခင်များ အကြောင်းကို သူ ဘာတစ်ခုမှ မပြောခဲ့ပါ။

ကျန်းစန်းယီ၊ ကျန်းလော့လီတို့နှင့်အတူ သာမန်အိမ်တွင်းရေး ကိစ္စရပ်များကိုသာ စကားစမြည် ပြောဆိုနေခဲ့ခြင်း ဖြစ်သည်။

ဥပမာအားဖြင့် ကျွင်းမိသားစုတွင် နောက်ထပ် ပါရမီရှင် မျိုးဆက်သစ်များ ဘယ်နှစ်ယောက် ထွက်ပေါ်လာသည် ဆိုခြင်းမျိုး...

ထို့ပြင် စေ့စပ်ပွဲအတွက် စားပွဲဝိုင်း ဘယ်၍ဘယ်မျှ ပြင်ဆင်ရမည်...၊ အင်အားစု ဘယ်နှစ်ခုကို ဧည့်ခံရမည် စသည်တို့ကိုလည်း ပြောဆိုကြသည်။

ကျွင်းရှောင်ယောက်က ထိုအချိန်ကျလျှင် သူ စိတ်လှုပ်ရှားနေပါက ဘယ်လိုလုပ်ရမလဲဟုပင် ဟာသလုပ် ပြောဆိုနေသေးသည်။

ကျန်းစန်းယီမှာမူ ပြုံးလျက် ကျွင်းရှောင်ယောက်ကို ချစ်ခင်မြတ်နိုးစွာ စိုက်ကြည့်နေမိသည်။

"ဘာဖြစ်လို့လဲ... ကျွန်တော်မျက်နှာမှာ တစ်ခုခု ပေနေလို့လား"

ကျန်းစန်းယီ၏ နွေးထွေးသော မျက်ဝန်းများကို ကြည့်ရင်း ကျွင်းရှောင်ယောက်က မေးလိုက်သည်။

"ရှောင်ယောက်... အပြင်လူတွေရဲ့ အမြင်မှာ မင်းက မထိတွေ့နိုင်တဲ့ နတ်ဘုရားတစ်ပါးလိုပါပဲ"

"ဒါပေမဲ့ အခု အစ်မတို့ရှေ့မှာတော့ ဒီလောက်တောင် ချစ်ဖို့ကောင်းတဲ့ အမူအရာမျိုး ရှိနေတယ်"

"ချစ်ဖို့ကောင်းတယ်... ဟုတ်လား"

ကျွင်းရှောင်ယောက်က ခဏမျှ ဆွံ့အသွားရသည်။

"ဟုတ်တယ်လေ... ပုံမှန်ဆိုရင် အေးစက်စက်ပဲ နေတတ်တဲ့ ကိုကိုရှောင်ယောက်က အရမ်းဆွဲဆောင်မှု ရှိတာမှန်ပေမဲ့..."

"အခုလို ကိုကိုရှောင်ယောက်မျိုးကိုလည်း လော့လီက တကယ် သဘောကျပါတယ်"

ကျန်းလော့လီက သူမ၏ ပါးလေးကို လက်ညှိုးနှင့် တို့ထိထားရင်း ချစ်စဖွယ် အမူအရာလေးဖြင့် ဆိုလိုက်သည်။

သူသည် လွန်ခဲ့သောဘဝက အင်မော်တယ်နယ်မြေကြီးကို ကယ်တင်ခဲ့ဖူး၍လား မသိ...

ယခုဘဝတွင် ဤကဲ့သို့ ပြည့်စုံလွန်းသော ခင်ပွန်းလောင်းမျိုးနှင့် ဆုံတွေ့ရလေသည်။

ကျွင်းရှောင်ယောက်၏ ချစ်စဖွယ်ကောင်းသော ဤဘက်ခြမ်းကို သူတို့သာ မြင်တွေ့ခွင့် ရကြသည်။

ဒါက လောကကြီးအပေါ် အေးစက်ခက်ထန်နေသော ပုံစံမျိုး လုံးဝ မဟုတ်ပေ။

"ထားပါလေ... မင်းတို့ ပျော်နေရင် ပြီးတာပါပဲ"

ကျွင်းရှောင်ယောက်က ခေါင်းယမ်းပြီး ပြုံးလိုက်မိသည်။

အပြင်လူများ၏ အမြင်မှာ သူက ကျွင်းမိသားစု၏ နတ်ဘုရားသားတော်၊ ကျွင်းဧကရာဇ်ခုံရုံး၏ အရှင်သခင်ဖြစ်ပြီး သက်ရှိအားလုံး၏ အထက်မှာ ရှိနေသူ ဖြစ်သည်။

သို့သော်လည်း ဤအမျိုးသမီးနှစ်ဦး၏ ရှေ့မှာတော့ သူက သူတို့ အလွန်ချစ်မြတ်နိုးရသော အမျိုးသားတစ်ဦးသာ...

ချိုမြိန်သော အခိုက်အတန့်အပြီးတွင်...

ကျန်းလော့လီက မျက်တောင်တဖျတ်ဖျတ်ခတ်လျက် ပြောလိုက်သည်။

"ကိုကိုရှောင်ယောက်နဲ့ မမစန်းယီတို့ ဆက်ပြောကြဦးနော်၊ လော့လီ အရင်သွားပြီး လေ့ကျင့်တော့မယ်"

ထိုသို့ပြောပြီးနောက် ကျန်းလော့လီက ခပ်သွက်သွက်လေး ပြေးထွက်သွား၏။

သူက သူတို့နှစ်ဦးတည်း ရှိနေစေရန် တမင် အချိန်ပေးလိုက်ခြင်း ဖြစ်သည်။

နောက်ဆုံးတွင်၊ ကျန်းလော့လီက ကျွင်းရှောင်ယောက်နှင့်အတူ ကောင်းကင်ကိုးပါးတွင် အချိန်အတော်ကြာ ရှိနေခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် ယခု အချိန်ကို ကျန်းစန်းယီအတွက် ချန်ထားပေးလိုက်ခြင်းပင်။

"လော့လီက တကယ်ကို အလိုက်သိလွန်းလို့ သနားဖို့တောင် ကောင်းပါတယ်"

ကျန်းစန်းယီက သက်ပြင်းချလိုက်သည်။

ကျန်းလော့လီနှင့် ယှဉ်လျှင် သူက နောက်မှ ရောက်လာသူ ဖြစ်သည်။

သူနှင့် ကျန်းလော့လီကြားမှ စိတ်ဝမ်းကွဲမှုများ အားလုံး ပြေလည်သွားပြီ ဖြစ်သော်လည်း...

ယခုအခါမျိုးတွင် သူက ကျန်းလော့လီအတွက် စိတ်မကောင်း ဖြစ်နေမိသေးသည်။

"စိတ်မပူပါနဲ့၊ အဲဒီကောင်မလေးက အလိုက်သိတတ်ပေမဲ့ တကယ်လည်း ကြီးပြင်းလာပြီ။ အရင်လို ခေါင်းမာတတ်တဲ့ ကျောက်စိမ်းရတနာလေး မဟုတ်တော့ဘူး"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

ကျန်းစန်းယီက သူမ၏ ကျောက်စိမ်းကဲ့သို့ ချောမွေ့သော လက်ကလေးကို ကျွင်းရှောင်ယောက်၏ လက်ဖဝါးပေါ်သို့ ရုတ်တရက် တင်လိုက်သည်။

"ရှောင်ယောက်... အစ်မကို ကတိပေးပါ"

"ဘာကိုလဲ"

ကျန်းစန်းယီက ရုတ်တရက် လေးနက်သော မျက်နှာထားမျိုး ပြလာသဖြင့် ကျွင်းရှောင်ယောက် အံ့သြသွားမိသည်။

"အနာဂတ်မှာ ဘာတွေပဲ ဖြစ်လာပါစေ... လော့လီကို ဘယ်တော့မှ စိတ်ပျက်အောင် မလုပ်ပါနဲ့။ ဒီဘဝမှာ သူ့ကို ကောင်းကောင်း စောင့်ရှောက်ပေးပါ"

ကျန်းစန်းယီက ပြောသည်။

"ဒါက ဘယ်လိုစကားမျိုးလဲ...၊ မင်းလည်း ဒီမှာ ရှိနေဦးမှာပဲ မဟုတ်ဘူးလား"

ကျွင်းရှောင်ယောက်က မေးလိုက်၏။ ကျန်းစန်းယီမှာ ပုံမှန်မဟုတ်ဘူးဟု သူ ခံစားရသည်။

"ဘာပဲဖြစ်ဖြစ်... အစ်မကို ကတိပေးပါ"

ကျန်းစန်းယီက အခိုင်အမာ ပြောနေဆဲပင်။

"ကောင်းပါပြီ... ကျွန်တော် ကတိပေးတယ်"

ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်သည်။

ကျန်းစန်းယီက ပြုံးလိုက်လေသည်။

သူက ကျွင်းရှောင်ယောက်အနီးသို့ နီးကပ်စွာ တိုးကပ်လိုက်ပြီး သူမ၏ ခေါင်းလေးကို သူ၏ ရင်ခွင်ထဲသို့ မှီထားလိုက်သည်။

ကျွင်းရှောင်ယောက်၏ နှလုံးခုန်သံကို ငြိမ်သက်စွာ နားထောင်နေမိလေသည်။

"ရှောင်ယောက်... မင်းရဲ့ နှလုံးခုန်သံက လူကို အရမ်း အေးချမ်းစေတာပဲ"

ကျန်းစန်းယီက ပြောလိုက်သည်။

"ဟုတ်လား... ဒါဆိုရင် နေ့တိုင်း လာမှီထားတော့လေ" ကျွင်းရှောင်ယောက် ပြုံးလိုက်၏။

'တကယ်လို့ အခွင့်အရေးသာ ရှိဦးမယ်ဆိုရင်ပေါ့ကွယ်...'

ကျန်းစန်းယီက သူ့ရင်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်လေသည်။

ထို့နောက် သူက ညင်သာစွာ ဆိုလိုက်သည်။

"ရှောင်ယောက်... ဘယ်လို ပုံစံမျိုးနဲ့ပဲ ဖြစ်ဖြစ်၊ မင်းရဲ့ နှလုံးသားနဲ့ အနီးဆုံးနေရာမှာပဲ အစ်မ အမြဲ ရှိနေမှာပါ"

ကျွင်းရှောင်ယောက်က ဘာမှ ပြန်မပြောတော့ပါ။

သူက ခေါင်းငုံ့ကာ ကျန်းစန်းယီ၏ နှုတ်ခမ်းဖူးကို နမ်းရှိုက်လိုက်သည်။

အပိုစကားလုံးများ ထပ်ပြောနေရန် မလိုတော့ဘဲ တိတ်ဆိတ်သော ချိုမြိန်မှုအတွင်းဝယ် စီးမျောသွားလေတော့သည်။

...........

နူးညံ့စွာ ယုယမှုများ အပြီးတွင်...

ကျွင်းရှောင်ယောက်က တိတ်တဆိတ် လေ့ကျင့်ရန် ပြင်ဆင်လိုက်သည်။

စေ့စပ်ပွဲ မတိုင်မီ အချိန်အတွင်း 'ကံကြမ္မာကျင့်စဥ်ငယ်'ကို လေ့ကျင့်‌ချင်‌သေးသည်။

ဤကျင့်စဉ်မှ ထိုအချိန်ကျလျှင် သူ၏ အထူးဝှက်ဖဲတစ်ခု ဖြစ်လာနိုင်သည်။

"မမစန်းယီ... ကျွန်တော် အရင်သွားပြီး လေ့ကျင့်လိုက်ဦးမယ်"

ကျွင်းရှောင်ယောက်က နှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့သည်။

ကျွင်းရှောင်ယောက်၏ ကျောပြင်ကို စိုက်ကြည့်ရင်း ကျန်းစန်းယီ၏ မျက်ဝန်း၌ စာနာစိတ်များဖြင့် ပြည့်နှက်နေလေသည်။

စေ့စပ်ပွဲအတွက် အချိန်သိပ်မကျန်တော့ပေ။

သို့တိုင်၊ ကျွင်းရှောင်ယောက်က အနားယူရန် အချိန်မရှိဘဲ ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်နေရသည်။

ကျွင်းရှောင်ယောက်မှာ မည်မျှ ဖိအားများနေသည်ကို တွေ့နိုင်ပေသည်။

'ရှောင်ယောက်... မင်း တစ်ယောက်တည်း တိုက်ခိုက်နေရတာ မဟုတ်ပါဘူး။ ငါ ဒီလောက်ထိ ကြိုးစားကျင့်ကြံနေတာက တစ်နေ့မှာ မင်းရဲ့ဘေးမှာ ရပ်တည်ပြီး မင်းအတွက် အရာအားလုံးကို မျှဝေခံစားပေးနိုင်ဖို့ပါ'

'နောက်ပြီးတော့ ငါ သေချာပေါက် လုပ်နိုင်မှာပါ'

ကျန်းစန်းယီ၏ မျက်ဝန်းများတွင် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ပေါ်လာခဲ့သည်။

.............

နောက်ပိုင်း အချိန်များတွင်...

ကျွင်းရှောင်ယောက်က ကံကြမ္မာကျင့်စဥ်ငယ်ကို သီးသန့် လေ့ကျင့်နေခဲ့သည်။

စေ့စပ်ပွဲ ကျင်းပမည့် နေ့ရက်မှာလည်း တစ်ရက်ထက်တစ်ရက် နီးကပ်လာခဲ့ပြီ။

၎င်းမှာ အင်မော်တယ်နယ်မြေကြီး၌ အစည်ကားဆုံးသော ပွဲတစ်ခုဟု ဆိုရမည်။

ရေတွက်၍မရနိုင်သော အင်အားစုများကလည်း တန်ဖိုးကြီး လက်ဆောင်များနှင့်အတူ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးသို့ ထွက်ခွာရန် အဆင်သင့် ဖြစ်နေကြပြီ။

သင်္ဘောအုပ်စုများ၊ ရထားလုံးတန်းများနှင့် ရှေးဟောင်း သားရဲကြီးများက ရှားပါးလက်ဆောင်များကို သယ်ဆောင်လျက် ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးသို့ အပြေးအလွှား လာနေကြသည်။

ခဏအတွင်းမှာပင် အင်မော်တယ်နယ်မြေတစ်ခုလုံးက သက်ဝင်လှုပ်ရှားပြီး စည်ကားသိုက်မြိုက်နေတော့သည်။

သို့သော်...

ကျင့်ကြံသူ အများစုမှာမူ မသိကြသေးပေ။

ဤကဲ့သို့ စည်ကားနေသော မြင်ကွင်းအောက်၌ မကြုံစဖူးသော မုန်တိုင်းကြီးတစ်ခု ချဉ်းကပ်လာနေပြီ ဖြစ်သည်။

..........

မျက်တောင်တစ်ခတ်အတွင်း လအနည်းငယ် ကုန်လွန်သွားခဲ့သည်။

ကျွင်းရှောင်ယောက်၏ စေ့စပ်ပွဲနေ့မှာလည်း နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ။

ဤနေ့တွင် မရေမတွက်နိုင်သော ရထားလုံးများနှင့် မြင်းတပ်ဖွဲ့များက ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီး၏ ဟွမ်ပြည်နယ်သို့ မောင်းနှင်လာကြသည်။

မူလက ဟွမ်ပြည်နယ်သည် အလွန်ကျယ်ဝန်းလှသော်လည်း...

ယခုအခါ ဟွမ်ပြည်နယ်၏ ကောင်းကင်ယံ တစ်ခုလုံးမှာ ပျံသန်းနေသော ရထားလုံးများ၊ မြင်းများဖြင့် ဖုံးလွှမ်းသွားခဲ့ပြီ။

လူသွားလူလာ ရှုပ်လွန်းသဖြင့် နေရောင်ခြည်ပင် မြေပြင်ပေါ်သို့ မကျရောက်နိုင်လောက်အောင် ဖြစ်ရသည်။

"ဒီလို စည်ကားတဲ့ မြင်ကွင်းမျိုးက နှစ်ပေါင်းများစွာအတွင်း တွေ့ရဖို့မလွယ်ဘူး"

"ဒါတောင် ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ရဲ့ စေ့စပ်ပွဲပဲ ရှိသေးတာနော်... တကယ့် မင်္ဂလာဆောင်ဆိုရင် ဘယ်လောက်တောင် ဖြစ်လိမ့်မလဲ။ တစ်လောကလုံးက ပျော်ပွဲကျင်းပကြမလားတောင် မသိဘူး"

ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေရှိ ဒေသခံ ကျင့်ကြံသူအချို့မှာ ဤမြင်ကွင်းကို ကြည့်ရင်း အံ့သြနေကြသည်။

ထို့ထက် ပို၍ အံ့သြစရာ ကောင်းသည်မှာ...

ထိုအဖွဲ့များထဲတွင် ဝေးလံသော နယ်မြေကြီးများမှ အင်မော်တယ်အင်အားစုများ ပါဝင်နေကြခြင်း ဖြစ်သည်။

ထို့ပြင် ရိုးရိုးလေး လာရောက်ဂုဏ်ပြုခြင်း မဟုတ်ပေ။

အချို့သော အင်မော်တယ်အင်အားစုများက ပိုမို လေးနက်စေရန်အတွက် ဧကရာဇ်တစ်ပိုင်းများကိုပင် ဦးဆောင်စေကာ လက်ဆောင်များ ပေးပို့ခဲ့ကြသည်။

"ဘုရားရေ... ကျုပ်တစ်သက်တာမှာ မြင်ဖူးသမျှ ဧကရာဇ်တစ်ပိုင်း အရေအတွက်ထက်တောင် ဒီနေ့ တစ်ရက်တည်း မြင်ရတာက ပိုများနေပြီ"

ကျင့်ကြံသူအချို့ မှင်တက်သွားကြသည်။

ဧကရာဇ်တစ်ပိုင်း ဆိုသည်မှာ ဧကရာဇ်ကြီးများကဲ့သို့ ရှားပါးသည် မဟုတ်သော်လည်း နေရာတကာ တွေ့နိုင်သော သူမျိုး မဟုတ်ပေ။

နောက်ဆုံးတွင် ၎င်းမှာ ကျွင်းရှောင်ယောက်၏ စေ့စပ်ပွဲကို ဂုဏ်ပြုရန်အတွက်သာ ဖြစ်သည်။

ယခုတော့ အင်မော်တယ်အင်အားစုများစွာက ဧကရာဇ်တစ်ပိုင်းအချို့ကို အသီးသီး စေလွှတ်ခဲ့ကြပြီ။

ဒါက အံ့ဩစရာကောင်းလှသည်။

ဟွမ်ပြည်နယ်ရှိ ကျွင်းမိသားစုဘက်တွင်မူ အနီရောင်မီးအိမ်များနှင့် မီးရှူးမီးပန်းများက ကောင်းကင်အနှံ့ ရှိနေသည်။

စားပွဲတက်ရန် လာရောက်သော အင်အားစုများက ကောင်းကင်ယံ၌ ပြည့်နှက်နေပြီး လူအုပ်ကြီးမှာ အလွန်ပင် များပြားလှ၏။

ကောင်းကင်နှင့် မြေပြင်ပေါ်၌ ဆိုင်းငံ့ထားသော စားပွဲဝိုင်းပေါင်း သောင်းနှင့်ချီ ရှိနေသော်လည်း ဤမျှများပြားသော လူအုပ်ကြီးကို နေရာချထားရန် ခက်ခဲနေသေးသည်။

"ဒါက ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေ တစ်ခုလုံးရဲ့ အင်အားစုအကုန် ရောက်လာကြတာလား"

တစ်စုံတစ်ယောက်က ကြောင်တက်တက်ဖြင့် မေးလိုက်သည်။

အကယ်၍၊ တစ်စုံတစ်ယောက်က တာအိုကို သက်သေပြုပြီး ဧကရာဇ်ဖြစ်လာ၍ ပွဲတော် ကျင်းပလျှင်ပင် ဤမျှ လူများလိမ့်မည် မဟုတ်ပေ။

ကျွင်းမိသားစုမှ ပါရမီရှင် အချို့သည်လည်း အလုပ်များနေသည်။

ပုံမှန်အားဖြင့် သူတို့သည် အပြင်လောကတွင် မောက်မာသော ပါရမီရှင်များ ဖြစ်ကြသော်လည်း...

ယခုမူ သူတို့အားလုံး ဧည့်ခံပွဲ၌ ကူညီပေးနေကြပြီ။

"ဟားဟားဟား... ဒီနေ့မှာ တကယ်ကို ပျော်စရာ ကောင်းတာပဲ"

ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောမှ ပါရမီရှင်များလည်း လာရောက် ကူညီပေးကြသည်။

ကျွင်းပေါင်လီ၊ လီချင်းအာ၊ ကျွင်းလန်ရှီနှင့် အခြားသူများ ပေါ်လာကြ၏။

ယခုအခါ ပင်မမျိုးရိုး နှင့် လျှို့ဝှက်မျိုးရိုးဟူ၍ မခွဲခြားတော့ခြင်းမှာ ကျွင်းရှောင်ယောက်၏ ကျေးဇူးကြောင့်ပင်။

ထို့ပြင် ကျွင်းပေါင်လီ၏ အချစ်ရေး ပြည့်စုံသွားခြင်းမှာလည်း ကျွင်းရှောင်ယောက်ကြောင့် ဖြစ်သည်။

ထို့ကြောင့် သူနှင့် လီချင်းအာတို့က ကျွင်းရှောင်ယောက်အတွက် စိတ်ပါလက်ပါ ကူညီပေးခဲ့ကြလေသည်။

ကျန်းမိသားစုဘက်ကမူ ပြောနေစရာပင် မလိုတော့ပါ။

မိသားစုဝင်များ ဖြစ်ကြသည့် အားလျော်စွာ သူတို့က ရောက်ရှိနေကြပြီး ဖြစ်သည်။

All Chapters